ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Wednesday, November 27, 2024

လူမျိုးပျောက်လုနီး ဖြစ်နေသော ရှမ်းနီ (ခေါ်) တိုင်းလိုင်လူမျိုးများ

 

ရှမ်းနီ (ခေါ်) တိုင်းလိုင်လူမျိုးများသည် ရှမ်းလူမျိုးတစ်မျိုးဖြစ်ပြီး၊ မြန်မာပြည် အထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ ဟုမ္မလင်းနှင့် သောင်သွပ်ဒေသ၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ၊ ဖားကန့်၊ စသည့်ဒေသများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။ ရှမ်းစကားကို ပြောကြဆဲဖြစ်ပြီး၊ ယခုအခါတွင် စကားပြော တိမ်ကောစပြုလာပြီဖြစ်သည်။ ယဉ်ကျေးမှုအားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်အတော်နီးစပ်သည်။ ယခင်ကကိုယ်ပိုင်စာပေရှိခဲ့ကြပြီး အင်းတော်ကြီးသမိုင်းစသည်တိုကို ရှမ်းနီဘာသာဖြင့်ရေးသားခဲ့ကြသည်။ ယခုအခါတွင်လေ့လာသူမရှိသလောက်နည်းပါးလာသဖြင့် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ လူမျိုးအားဖြင့်လည်း ရှမ်းနီဘာသာစကားကိုပြောဆိုခြင်းနည်းပါးလာသဖြင့် လူမျိုးပျောက်လုပြီဖြစ်သည်။
တောတောင်ရေမြေ အများစုမှာ ရှမ်းနာမည်များ ဖြစ်လေ့ရှိပြီး၊ ကာလရွေ့လျော၍ မြန်မာသံပေါက်နေ သောဒေသများ ဖြစ်သည်။ ထိုဒေသ ရှမ်းတို၏ ရိုးရာ အစားအစာများမှာ ပေါင်းတင်း၊ ခေါပုပ်၊ ငါးချဉ်၊ ညောင်ချဉ်၊ မုန့်ညင်းပေါင်း၊ မုန်ညင်းလှော်၊ မုန့်ညင်းချဉ်၊ မြစ်ရေစိမ်၊ မြစ်ချဉ်၊ မှိချဉ် စသည့် ဒေသထွက် အစား အစာများဖြစ်သည်။

Link: https://www.facebook.com/61554005278768/posts/pfbid02HmSBKLvZ13W43b5oMSGhDv7J3TQCzfY6viTNWVJAQJJMCYM3gkKex2w6J8juQuMMl/

Sunday, March 24, 2024

"မိုးတား၊ မိုးညှင်း ဆက်နွယ်မှုနှင့် ဘီလူးမြို့ရာဇဝင်အကြောင်း"

 

"မိုးတား၊ မိုးညှင်း ဆက်နွယ်မှုနှင့် ဘီလူးမြို့ရာဇဝင်အကြောင်း"
***************************
မိုးတားကြီးရွာ(ကသာ) တစ်ဝိုက်နယ်မြေဒေသတွင်
ယခင်က ရှမ်းလူမျိုးများ အခြေချ နေထိုင်ခဲ့သည်။
မိုးတား ကို ရှမ်းလို " မိန်းတိုင်း(Mai Tai )ရှမ်းမြို့" ဟု
ခေါ်ဆိုသည်။

AD 1320 ခန့် အချိန်ကာလက
ဝန်းသိုမြို့ (ဝိန်းဆေ) မှ စေလွှတ်ခဲ့သော ရှမ်းစစ်သည်
တစ်စုသည် မိုးညှင်း (မိန်းယန်း)သျို့ အပြင်း ချီတက်လာသည်။ ထိုရှမ်းစစ်သည်တို့သည် ထမံသီ ရှမ်းနွယ်များ ဖြစ်ကြသည်။
မိုးညှင်း တွင် ထိုအခါက ရှမ်းစော်ဘွားများ
အချင်းချင်း စစ်ပြုနေချိန်ဖြစ်သည်။

ထိုရှမ်းစစ်သည်တို့သည် စစ်မပွားလို၍ မိုးမိတ်(မိန်းမစ်)ဒေသသို့
ဆင်းလာခဲ့ပြန်သည်။

မိုးညှင်း(မိန်းယန်း) မှ စုန်ဆင်းလာသော ရှမ်းစစ်သည်တစ်စုကို
ပုဂံမင်း က တိုက်ထုတ်သော် မအောင်ပေ။
စစ်ရေးစစ်ရာ အထူးကျွမ်းကျင်သော ရှမ်းစစ်သည်များဖြစ်ကြောင်း
သမိုင်းမှတ်တမ်းများ က ဆိုပါသည်။

အထောက်တော်အရ မိုးမိတ်အရပ်တွင်လည်း စစ်မက်ဖြစ်ပွား
နေသည်။သို့ဖြစ်၍ ရောက်ရာအရပ်တွင် အခြေချနေထိုင်ရန်
ပြင်ဆင်ရာ ယခု မိုးတားကြီး အရပ်ဒေသကို ရွေးခဲ့ကြ၏။

မိုးတား ဒေသသည် ပုဂံမင်း ပိုင်နက် နှင့် နယ်စပ် ဖြစ်၍
ပုဂံမင်းက အကြိမ်ကြိမ် လာရောက် တိုက်ခိုက်သည်။
သို့သော် ရှမ်းစစ်သည်တို့က ထမံသီ ရှမ်းအတတ်တို့ဖြင့်
ကျားဆိုးဟန်ဆောင်ကာ တိုက်ခိုက်သည်က တစ်ကြောင်း၊
ရှမ်းအတတ်ကဲ ၍ မြို့ရွာ ပျောက်သွားသည်က တစ်ကြောင်း
ကြောင့် မနှိမ်နှင်းနိုင်ဘဲ ရှိသည်။

အနော်ရထာမင်း နန်းတက်လာချိန်မှ ထိုရှမ်းစစ်သည်တို့သည်
ရပ်ရွာ အေးချမ်းစိမ့်ငှါ
ပုဂံနယ်ပယ်အောက်ခံ သို့ ဝင်ရောက်ခဲ့သည်။
အနီရောင် ခေါင်းပေါင်း နှင့်ရှမ်းစစ်သည်တို့သည်
တရုတ်ရန် ၊ ယွန်းရှမ်းရန် တို့ကို
ရွပ်ရွပ်ချွံချွံ တွန်းလှန် တိုက်ထုတ် ကာကွယ်ပေးခဲ့ကြောင်း၊
စစ်မှု ထမ်းဖက် ( ကတူး လူမျိုး) များနှင့် အေးချမ်းစွာ
အတူ ယှဉ်တွဲ နေထိုင်ခဲ့ကြောင်း ကင်းတပ်မြို့များ သမိုင်းတွင်
မှတ်တမ်း တင်ခဲ့ပါသည်။

ဤသို့ စစ်ရေးစစ်ရာ အရ မဟာဗျူဟာ ကျသော နယ်ပယ်ကို
ကင်းတပ်မြို့ တည်ခဲ့ရာ မိုးတားကင်းတပ်ဦးမြို့ ဖြစ်လာခဲ့ပါသည်။
ရှမ်းအခေါ် မိန်းတိုင်း(Mai Tai)ကို ဗမာ လို မိုးတား ဟု
ခေါ်ဆိုသုံးနှုန်း ခဲ့ဟန် တူပါသည်။

မိုးတား ၊Mai Tai (မိန်းတိုင်း )ဒေသသည်
ဘီလူးမြို့ ( မိုးညှင်း )ရာဇဝင် နှင့် ဆက်စပ်နေပါသည်။

မိုးတား(မိန်းတိုင်း)နှင့် မိုးညှင်းမြို့(မိန်းယန်း)သည် ရှေးက
တစ်ဆက်တည်း ဟုဆိုသည်။
ဘီလူးမြို့ ရာဇဝင်ထဲက ဘီလူးမသည်
ကုမ္မာရ မင်းသား နောက်သို့ လိုက်ရင်း ကုမ္မာရမင်းသားက
တောင်ဂမုန်း ချခဲ့ရာမှ မိုးတားကြီးနယ် နှင့် မိုးညှင်းနယ် သည်
တောင်များ ခြားခဲ့သည်ဟု ဆိုသည်။

ထိုမှ ဆက်၍
ကုမ္မာရမင်းသား ပြေးပြန်ရာ ဟဲနား ရွာ
(ဟဲနွမ်- ရှမ်းအခေါ်)အရပ်တွင် ခရီးတစ်ထောက် နား၏။
ထိုရွာတွင်မင်းသား၏ ရှမ်းအဆက်အနွယ်ကျန်ခဲ့သည်ဟုဆိုသည်။

(ဟဲနား ရွာသူ ရှမ်းပျိုဖြူချောများ ရှိပါသည် ) စကားချပ်

ထိုမှတစ်ဆင့် မိန်းတိုင်း (မိုးတား) အရပ်သို့ ရောက်လာသည်။
မိုးတားကြီးရွာတွင် ရှေးက ရှမ်းအတတ် ကဲသည် ဟု ဆိုသည်။
ဘီလူးမ မတွေ့စိမ်ငှါ ရှမ်းအတတ်ဖြင့် ကုမ္မာရ မင်းသားကို
ဖွက်ပေးခဲ့သည်။

ဝွိုက်ခေါ့ (ရှမ်းအခေါ် ) ယခင် ဝက်ခေါက်ရွာ ၊ယခု ရွှေခေါက်
ရွာတွင် ကုမ္မာရ မင်းသား က ဘီလူးမကြီး ဆီမှ
ယူဆောင်ခဲ့သော မျက်လုံးတော်များကို မြှုပ်နှံခဲ့သည် ဆို၏။
ဘီလူးမ ကျိန်စာဆိုခဲ့သော နေရာလည်း ဖြစ်သည်။

ထိုမှ တစ်ဆင့် နမ့်စမ်း ရွာ (နမ့်ဆန်-ရှမ်းအခေါ် )တွင်
ပုန်းအောင်းပြန်သည်။ဤတွင် ဘီလူးမ၏ လက်မှ လွတ်မြောက်ရန် အိုင်ဂမုန်း တစ်ခု ချခဲ့ရသည်ဟု ဆိုသည်။

ဤသည်မှာ ဘီလူးမြို့ရာဇဝင်သမိုင်းကြောင်းနှင့်ပတ်သက်နေသော
ရွာ သမိုင်းအကြောင်းအရာများ ဖြစ်ပါသည်။

မှတ်တိုင်ရွာ သည် နယ်ခြား ရွာ ကလေး ဖြစ်သည်။
ရှေးခေတ်က မိုးညှင်း ၊မိုးကောင်း ယွန်းရှမ်းမောရှမ်း ရန်ကို
ကာကွယ်ရန် မိုးတား ကင်းတပ်မြို့ကို တည်ရင်း နယ်မြေပိုင်းခြား
ကြရာ နယ်ခြား မှတ်တိုင်ရွာကလေး မှ ကောက်ကွေ့ချောင်း တစ်ဖက် အထိသည် ပုဂံမင်း (ဗမာ ) ပိုင်နယ်ဖြစ်သည်။

မံလွှဲ ရွာ(မံလွိုင်- ရှမ်းအခေါ်)သည် ရှမ်းကင်းတပ်ရွာ ဖြစ်သည်။ မံလွှဲရွာမှ အနောက်ဘက်တကြောသည်
မိုးညှင်းမင်းတရားကြီး(ရှမ်း)၏ပိုင်နက် ဖြစ်၍
အရှေ့ဘက်တကြော သည် ပုဂံမင်း ပိုင်နက် ဖြစ်ခဲ့သည်။
ထို မံလွှဲ ရွာအနား က မံပုံဘုရား သည် သမိုင်းဝင်ဘုရား
ဖြစ်ပါသည်။
" အထက် မံပုံ ၊ အောက် ရွှေတဂုံ "စကား ရှိပါသည်။
ဘုရား ရှင် ခြေရာတော်အစစ်များ ချထားခဲ့ရာ နေရာ ဖြစ်သည်။

နောင်ပင်ရွာ ၊ဆင်ကူး ရွာ တို့သည် ရှေးစစ်သည်တို့ ကင်းစခန်း
ချရာ နေရာများ ဖြစ်သည်။
ဆင်တပ်၊ မြင်းတပ် တို့ နေရာယူကြသည်။
သို့ဖြစ်၍ ထိုရွာများတွင် မြင်းမွေး၊ မြင်းစီးသော အလေ့သည်
ယနေ့ထိတိုင် ရှိဆဲဖြစ်သည်။

နမ့်စမ်းရွာ နှင့်ဆူးပုတ်ကုန်းရွာ တွင် ရှေးစစ်သည် အမှုထမ်း
(ကတူး လူမျိုး )တို့သည် ရွာတည်၍ အခြေချ နေထိုင်ဖြစ်ခဲ့ကြသည် ။

မံလွိုင် တောင်ကြော မှ စီးဆင်းလာသော ရေချောင်းကို
မိုးညှင်း မင်းတရားကြီးချောင်း ဟု ပင် ခေါ်ဆိုပါသည်။
မိုးညှင်းမင်းတရားကြီး ချောင်းသည်
ကျွန်းပင်၊ ဟဲနား ၊ မိုးတား ၊ နောင်ပင် ရွာ တစ်လျှောက်
ဖြတ်သန်း စီးဆင်းသည်။
ယခင်က ချောင်းရေသည် နွေရာသီတွင် ဆင်တစ်ရပ် မြုပ်သည်အထိ ရှိသည်ဟု ဆိုသည်။
ယခု တော့ ရွာ၏အားကိုးအားထားရာ ချောင်းကလေးသည်
နွေရာသီ အခါတွင်တိမ်ကောလေပြီ။

မိုးတားမှ မိုးတားကြီးဟု အမည် ပြောင်းလဲ လာရခြင်းသည် ဧရာဝတီ မြစ်ကမ်းဘေးမှ မိုးတားလေး ရွာ တည်ရှိခြင်းနှင့် ဆက်စပ်နေပါသည်။
ယခင်က ထိုဧရာဝတီ မြစ်ကမ်းဘေးတွင် မိုးတားလေးရွာ
မရှိသေး။
မြေနု (မဲဇလီ )ရွာ သာ ရှိသေးသည်။
မိုးတားလေးရွာ နေရာ ကို
အလည်ရွာ၊ တချို့က ပင်လယ်တိန်ဟု ခေါ်ကြသည်။
ကုန်စည် ကုန်ရောင်း ကောင်းသဖြင့် ရွာတည်
ကြသော်လည်း ကမ်းပါးတိုက်စားပြိုသည်။
သို့ဖြစ်၍ ရှေးခတ်က ဘုရင်မင်းမြတ်တို့၏ စစ်အောင်မြေ ဖြစ်သော မိုးတားကြီး ရွာ၏ မြေကို မိုးတားမြို့ဝန်ထံတွင်ခွင့်ပန်ယူ၍ကျဲဖြန်းကာ ရွာတည်ကြည့်သော် အောင်၏။

ထိုရွာကို မိုးတားဟုပင် ခေါ်ဆိုပြန်၏။ နောင်တွင် ပြသနာဖြစ်မည် ကဲ၍ မြို့ဝန်က မိုးတားကြီး ၊ မိုးတားလေး ဟု ခွဲခြား
သတ်မှတ် ခဲ့ပါသည်။

ရှေးက မိုးတားအရပ်တွင်
ထမံ ကျား များ ကြီးစိုးသည်ဟုလည်းဆိုသည်။
ထမံသီရှမ်းလူမျိုး(လူစင်စစ်မှ ကျားအဖြစ် ပြောင်းနိုင်သော)
များသည် မိုးတား အရပ်ကို စောင့်ရှောက်ကြသည်။
ကျားဟိန်းသံ ကြားရလျှင် ရွာအတွက် ဘေးအန္တရာယ် ရှိကြောင်း
မှတ်သားရပါသည်။

ဤ သည်မှာ ရှေးသမိုင်းအကြောင်းအရာ များပင်ဖြစ်ပါသည်။

မိုးညှင်းရှမ်းမင်း နှင့် သုံးကြိမ် စစ်ပြုရင်း
မိုးတားမြို့ကျိုးခဲ့ရသည်ဟု ဆိုသည်။

" ကြီး သုံးကြီး ဆုံ ၊ မြို့ပျက်သုံ" ဟူသော
တဘောင် ဆိုရိုးစကားလည်း ရှိခဲ့ပါသည်။

မြို့ပျက်ပြီးနောက် မိုးညှင်းမင်းတရားကြီး နှင့်အတူ မိန်းယမ်းသို့
ရှမ်းစစ်သည်နွယ်များ ပြန်လည် လိုက်ပါသွားကြသည်။

တချို့က မိုးတား အရပ်တွင် ကျန်ရစ်ခဲ့ကြသည်။

ရှေးက ရှမ်းလူမျိုး၊ ရှမ်းစကားပြောလျှင်
အဖိ အရိုက် ခံရသည်ကြောင့် မိမိကိုယ်ကို ရှမ်းဗမာ ဟုသာ
ခေါ်ဆို၍ ဗမာ စကားသာ ပြောဆိုခဲ့ကြရသည်။
သို့သော် ရှမ်း မျိုး ပြတ်မည်စိုး၍ မိမိတို့၏ မြေးမြစ် နာမည်တွင်
"နန်း ၊ စီ ၊ စော ၊ စိုင်း " ရှမ်း အသုံးတို့ကို ထည့်သွင်း၍
အမည်ပေးခဲ့ကြပါသည်။
ယခုချိန်ထိ မိုးညှင်း ရှမ်းအမျိုးနှင့် မိုးတား ရှမ်းအမျိုးတို့သည်
လူမှုရေး အဆက်အသွယ် မပြတ်ခဲ့ကြပေ။

ယခုအခါ မိုးတားကြီးရွာတွင်
ကတူး ၊ ရှမ်း ၊ဗမာ၊ ကချင် တိုင်းရင်းသား ပေါင်းစုံ
လယ်ယာ လုပ်ငန်း လုပ်ကိုင်ကြရင်း
အေးချမ်းစွာအတူ ယှဉ်တွဲ နေထိုင်လျက်ရှိပါသည်။

(ဓားလင်းကင့် ၊ မားလေ့ ကင်ခေါက် ၊ မား ကျင်ခေါင် မယ်)
စသည့်အသုံးအနှုန်းများသည် ရှမ်းစကား မှ ဆင်းသက်လာကြောင်း၊
ရှမ်းဖက်ခွက် ပြုလုပ်၍ ရိုးရာနတ်တို့ကို ပူဇော်ပသသော
ရှမ်းဓလေ့ ရိုးရာ များရှိသေးကြောင်းတို့ကို
ရေးသား ဖော်ပြရင်းဖြင့် ..............................

Original Post - https://www.facebook.com/photo/?fbid=813616344120575&set=pcb.813616417453901 

Friday, March 8, 2024

ဒေါက်တာသန်းထွန်းရဲ့ မြန်မာပြည်ထဲက ရှမ်းဒေသများ

 


ဒေါက်တာသန်းထွန်းရဲ့ မြန်မာပြည်ထဲက သျှမ်းဒေသများ
==========================
ရှေးကျလွန်း မကကျတဲ့ ခေတ်ကာလ တွေအတွက် အက္ခရာတင်ပြီး ကမ္ဗည်းကျောက်စာ ဆိုတာမျိုးတွေ မရှိလို ရှေးဟောင်း သုတေသန (Archaeology) ကိုပဲ အားကိုးရပါတယ်။ သိပ်စောတဲ့အကြိုသမိုင်း (Prehistory)၊ အရုပ်စာ(Hieroglyph) လို မှတ်တမ်းတစ်မျိုးရှိတဲ့ အကြိုသမိုင်း (Protohistory) ခေတ်တွေ လွန်ပြီးမှ သမိုင်း(History)ခေတ်ကိုရောက်ပါတယ်။
အထောက်အထားရှိတဲ့ တကယ့်အဖြစ် အပျက်ကိုပဲ သုံးသပ်ဆင်ခြင် မြဲဖြစ်လို့ သမိုင်း၀င် (Historicity) ဆိုတဲ့ဝေါဟာရ အသုံးအနှုန်း ပေါ်လာတယ်။
အကြောင်းအရာဆစ်ခု၊ ပုဂ္ဂိုလ်တစ်ဦး၊ မော်ကွန်းမှတ်တိုင် တစ်တိုင်ဟာ သမိုင်း၀င်ဖြစ်တယ်ဆိုရင် တက်စစ်မှန်တယ်လို့ စိတ်ချပါဆိုတဲ့ အာမခံ ချက်ရှိတယ်။ သမိုင်းပညာရှင်ဆိုတာကိုလည်း ဖြစ်ရပ်တွေကို ရက်စွဲစဉ်ပြီး မှတ်တမ်းတင်တာလောက် လုပ်တဲ့လူ မဟုတ်ဘူးဆိုတာ ခွဲခြားသိသင့်ပါတယ်။
နန်းတွင်း ထူးခြားတဲ့ ကိစ္စတွေလို နေ့စဉ်မှတ်သားရတဲ့ နေ့စဉ်မှတ် ပုရပိုက်ရှိတယ်။ (တာ၀န်ယူပြီး ရေးသူဟာ သံတောဆင့်တစ်ဦး ဖြစ်မယ်ထင်တယ်။) သမိုင်းပညာရှင်က နေ့စဉ်မှတ်သူနဲ့ လုံး၀မတူပါ။ သမိုင်းရေး သူတိုင်းမှာ ရည်မှန်းချက် တစ်ခုတော့ ရှိစမြဲဖြစ်တယ်။ ဘယ်သမိုင်းကို ဘယ်လိုရေးတယ်လို့ စစ်ဆေးတာဟာ သမိုင်းရဲ့ သမိုင်း (Historiography) ဖြစ်တယ်။
သမိုင်း (History) နဲ့နေ့စဉ်မှတ် (Chronology) ကွဲလွဲခြားနားပုံကို ဥရောပစာပေမှာ ခရစ်တစ်ဆယ့်ခြောက် ရာစုနှစ်ကပဲ သိသာနေပါပြီ။
မြန်မာနိုင်ငံမှာဆိုရင် နောက်ဆုံးဘုရင့် အမိန့်တော်နဲ့ ပြုစုတဲ့ မဟာရာဇ၀င်တော်ကြီး (မှန်နန်း) ကိုနေ့စဉ်မှတ် အဆင့်ပဲရှိတယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေရဲ့ အဆက်အနွယ်ကို သိပ်ပြီး ပြည့်စုံအောင်ဖော်ပြဖို့ကြိုးစားတယ်၊ ပြီးတော့ ဘယ်ဘုရင်ရဲ့ ကောင်းမှုဟာ ဘာတွေဖြစ်တယ်လို့ ဖော်ပြတယ်။
အဲဒါလောက်ဆိုရင် အားလုံးကျေနပ်ကြတယ်။ ဒါကြောင့် ရာဇာ၀င်ဟာ မင်းဆက်ကိုပဲပြောမယ်၊ မင်းတစ်ပါးစီ သာသနာ့ဒါယကာ ဖြစ်ကြောင်းပြောမယ်။ ဒီနှစ်ချက်ဟာ ရာဇာ၀င်ကျမ်းရဲ့ ပဓာနတာ၀န်ဖြစ်တယ်လို့တောင် အချုပ်စကားပြောနိုင်ပါတယ်။
အထောက်အထားမရှိဘဲ သမိုင်းမဖြစ်ဘူး ဆိုတဲ့စကားရှိတယ်။ မြန်မာရာဇ၀င်ကို ရှေးကရေးခဲ့တဲ့ ရှင်မဟာသီလဝံသ ရေး ရာဇ၀င်ကျော်၊ ဦးကုလားရေး မဟာရာဇ၀င်၊ ပုဂံရာဇ၀င်သစ်၊ ဦးထွန်းညိုရေး ရာဇ၀င်သစ် (မှန်နန်း) မရာဟာရာဇ၀င်တော်ကြီး အဲ့ဒါတွေ ရှိခဲ့တယ်၊ အားလုံးဟာ နေ့စဉ်မှတ် (Chronology) အဆင့်ပဲရှိတယ်။
ရှေးဟောင်း သုတေသနဌာနက တူးဖော်ပေးလို့ မြန်မာရှေးမြို့ဟောင်းတချို့ ရဲ့ ရက်စွဲကို ဖော်ထုတ်နိုင်ပါတယ်။ မြို့ရိုးနဲ့ နံရံတွေကို တောင်မြောက်တန်းတဲ့ နေရာမှာ သံလိုက်အိမ်မြှောင် (Magnetic Compass)က ညွန်တဲ့မြောက် ဘက်ကို တစ်ဆယ့်သုံး ဒီဂရီအထိ တိမ်းစောင်းနေရင် ဒီအုတ်တံတိုင်းနံရံ တည်ဆောက်တဲ့ ရာစုနှစ်ကို တွက်ယူလို့ရပါတယ်။ (‌ဒေါက်တာသန်းထွန်း)
လန်ဒန်နဲ့ ပါရီမြို့ ဟောင်းတွေရဲ့ နံရံတိမ်းစောင်းပုံ လေ့လာနည်းကို မှီပြီး မြန်မာမြို့ ဟောင်းတွေရဲ့ နံရံ တိမ်းစောင်းပုံကိုတွက်ယူတာ ဖြစ်ပါတယ်။ ဒီလိုတွက်ယူတဲ့အခါ အတိအကျ ရက်စွဲမရပေမယ့် ရာစုနှစ်လောက် အရက်စွဲအကြမ်းရပါတယ်။
မိုင်းမော ( ကူမဲအနီး ) ၂- ရာစုနှစ် ဘီစီ
ပိဿနိုး (တောင်တွင်းကြီးအနီး) ၁- ရာစုနှစ် အေဒီ
ဟံလင်း (၀က်လက်အနီး) ၃- ရာစုနှစ် အေဒီ
သရေခေတ္တရာ (ပြည်အနီး) ၄- ရာစုနှစ် အေဒီ
ဝေသာလီ (မြောင်ဦးအနီး) ၈- ရာစုနှစ် အေဒီ
ပုဂံ ၁၁- ရာစုနှစ် အေဒီ
အ၀ကို ၂၆ ဇန်နဝါရီ ၁၃၆၅ ကတည်ထောင်ပြီးတဲ့နောက် မြန်မာသမိုင်း အားလုံးကို ငါသိပြီပဲလို့ ထင်တဲ့လူများပါတယ်။ အဲဒီလို အခါကစပြီး ရေဆိပ်၊ မြစ်ဆိပ်၊ သဘောင်္ဆိပ်၊ ပင်လယ်ဆိပ် တော်တော်များများပေါ်ထွန်းလာပါတယ်။
မြန်မာမြေပြန့်ကို မြန်မာတွေ ရောက်မလာမီကပဲ တခြားလူမျိုးတွေ ရောက်ရှိနေပြီ ဆိုတာကိုတော့ မေ့လို မဖြစ်ပါဘူး၊ မြို့ ရွာတွေဟာလည်း အားလုံးမြန်မာတွေ တည်ခဲ့တဲ့မြို့ ရွာတွေ မဟုတ်ပါ။ ဒါကိုထင်ရှားအောင် သာဓကပြရရင် ကျောက်ဆည်နယ်က မြန်မာတွေ စတင်နေထိုင်ခဲ့တဲ့ တစ်ဆယ့်စ်ရွာရဲ့ နယ်တွေကို စစ်ဆေးကြည့်နိုင်ပါတယ်။
ရွာနာမည် စာလုံးပေါင်းကိုလည်း ကျောက်စာပါ အတိုင်းရေးထားပါတယ်။
ပင်လယ်၊ ပ္လဉ်မနာ၊မ္လစ်သာ၊ ရငုန်၊ မြင်ခုံတိုင်၊ ပနန်၊ တမုတ်၊ သင်တောင်၊ မက္ခရာ၊ တပ္လက်သာနဲ့ ခံလှူ၊ ပေါင်းတစ်ဆယ့်တစ်ရွာဖြစ်ပါတယ်။
ပင်လယ်ဆိုတဲ့ နာမည်က သျှမ်း၊ ခလှူကမွန်၊ ပ္လဉ်မနာ၊ ရငုန်၊ ပနန်၊ မက္ခရာ နဲ့ တပ္လက်သာ ဆိုတာ ‌တွေက မြန်မာနာမည် မဟုတ်ပါ၊ မြန်မာနာမည်ဆိုရင် မ္လစ်သာ၊ မြင်ခုံတိုင်၊ တမုတ်နဲ့ သင်တောင် တို့တွေပဲရှိတယ်။ မြို့ ရွာနာမည်ကို မွန်စာရင်း၊ သျှမ်းစားရင်း လုပ်ကြည့်တဲ့အခါ ဘယ်လူမျိုး ဘယ်ဒေသမှာ စတင်နေထိုင်သွားတယ်လို့ အကြမ်းဖျင်း သိနိုင်ပါတယ်။
**သျှမ်းရွာအမည်စာရင်း** ( သျှမ်းပြည်က နာမည်တွေမပါ)
ကလေး - ရောင်း၀ယ်ရေး ကောင်းတဲ့စျေး
ကဗွက် - သံစျေး
ကသာ - စည်ကားတဲ့စျေး
ကောလင်း - တောင်ကတုံး
ကောင်းစင် - ဆင်တောင်
ကောင်းတုံ - တောင်ကြီးတောင်
ခန္တီး - ရွှေမြေ
ခမ်းပတ် - ရွှေထွက်
ချင်းတွင်း - သံကြေး
စကာ - မြို့စျေး
စကု - စုံတွဲမြို့
စကိုင်း (စစ်ကိုင်း)- ရေစီးသန်မြစ်
စလေ - ရောင်း၀ယ်ကောင်းတဲ့မြို့
စလင်း - စတင်ရှင်းလင်းတဲ့မြိ့
စဉ့်ကူ - မြင်းခြေနင်းကွင်းလုပ်တဲ့မြို့
စုံးမြို့ - စုံးအမျည်ရှိ သျှမ်းမျိုးတူစုကို စွဲပြီးခေါ်
တကောင်း - အခွန်အကောက်တောင်းရာဌန
တကုံ - ပုဇွန်ကူးတို့
တဇင် - ဆင်ကူးတို့
တပိန် - မျှော့ကူးတို့
တပွင့် - မြစ်ဆုံကူးတို့
တလ - ကောင်းတဲ့ကူးတို့
တွံတေး - ချဉ်သီးကူးတို့
ထား၀ယ် - ကူးခတ်ရတဲ့ကူးတို့
ပဆုပ် - တော၀င်လမ်း
ပတိန် - ချေဟောက်တဲ့တော
ပဒန် - ကြဖတော
ပင်လယ် - လွင်ပြင်ကျယ် ရေပြင်ကျယ်
ပင်းဒယ - စွယ်တော်ပင်လွင်ပြင်
ပျဉ်းမနား - ဖန်ခါးပင်လွင်ပြင်
ဖားကန့် - ကျောက်ဖျာမိုး
ဗန်းမော် - အိုးရွာ
ဗန်းမောက် - ပန်းရွာ
ဗဟင်း - ကျောက်တော
မလည် - မြင်းစာကျက်မြေ
မော်ကယ် - ဆားတွင်း
မော်တုံ - ကြေးတွင်း
မော်လူး - သတ္တူတူးယူတဲ့လိုဏ်
မော်လိုက် - အစမ်းတွင်း
မန်စီ - စိမ့်မြေရွာ
မန္တလေး - တောင်ငယ်လေး
မန်လီ - ကောင်းတဲ့ရွာ
၀န်းသို - ကျားမြို့
၀ိုင်းမော် - အိုးထိန်းမြို့
သီဟတော - ငုတ်လေး/ ငါး
သောင်သွတ် - အ၀ အ၀င် မြစ်ကြီးကိုစီး၀င်ရာအ၀
ဟုမ္မလင်း - ပိန္နဲပင်ရိပ်
နာမည်ကို သိရုံနဲ့ ရွာတည်ထောင်တဲ့ သမိုင်းကို သိဖို့မလွယ်ပါ၊ ဒါပေမဲ့ ဘယ်လိုမျိုးတည်ထောင်သွား မယ် ထင်ရတယ်၊ တခု ဘယ်သူတွေဆက်နေသလဲ ဆိုတာတော့ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ကုလားနာမည်ရှိတဲ့ မြို့ ရွာဆိုရင် ဗုဒ္ဓ၀င်ထဲက ယူမှည့်တာဖြစ်မယ်။ ကုလားတွေလာပြီး မြို့တည်တော့ သိပ်မဖြစ်နိုင်ဘူး လို့ပဲ ပြောချင်ပါတယ်။
အလောင်း မင်းတရားလက်ထက် မွန်မြို့ ရွာနာမည်တွေကို မြန်မာနာမည်ပေးတဲ့အခါ မြန်အောင်၊ ရန်ကုန်ဆို သလိုပေါ်လာခဲ့ပါတယ်။
ရှေးအခါက မြန်မာရာဇာ၀င် ကျမ်းတွေ ရေးခဲ့ကြတဲ့ ရည်ရွယ်ချက်ကို စစ်ဆေးကြည့်ပါ။ ပထမ မဟာရာဇ၀င်တော်ကြီး (အလွယ်ခေါ် မှန်နန်း) ကို ဘာကြောင့် ရေးသလဲမေးရင် ရှင်ဘုရင် ခိုင်းလို့ ဆိုတဲ့အဖြေကို ချက်ခြင်းဖြေနိုင်ပါသည်။
မြန်မာတွေ မြန်မာနိုင်ငံ အလယ်ပိုင်းကို မလာရောက်ခင်က ဘယ်မှာနေခဲ့ကြသလဲလို့ မေးရင် အမေးသာရှိမယ်၊ အဖြေမပေါ်ဘူး။
ဘာပြုလို့လဲဆိုတော့ ခိုင်ခိုင်မာမာပြောစရာ သာဓကအထောက်အထားမရှိလို့ပါပဲ၊ မှန်းဆကြည့်ပါဆိုရင် တရုတ်နိုင်ငံ အနောက်မြောက်တောင့် ဖြစ်ကောင်းရဲ့ လို့ပြောမယ်။ အရင်အနှစ် လေးထောင် (၂၀၀၀ ဘီစီ) ကတောင် ဘက်ကို တဖြည်းဖြညး တရွေ့ရွေ့ ပြောင်းရွေ့လာကြမယ်။
မြန်မာနိုင်ငံအတွင်းကို ရောက်လာပြီး အတည်အမြဲနေကြတော့မယ် ဆိုတော့ မွန်လူမျိုး၊ ပျူလူမျိုးတွေနဲ့ တွေ့ကြတယ်။ ဒီလူတွေက အိန္ဒိယ ဓလေ့ကို တော်တော်များများ လက်ခံကျင့်သုံး နေကြပြီးဖြစ်လို့ ဗြဟ္မဏဝါဒ၊ ဗုဒ္ဓဝါဒတွေကို တတ်ကျွမ်းပြီးသားဖြစ်တယ်။ မြန်မာတွေက ၁၀ ရာစုနှစ်လောက်မှ အများအပြား ဗုဒ္ဓ သာသနာ၀င်ဖြစ်လာစရာရှိပါသည်။ အိန္ဒိယ အရင်းခံဖြစ်တဲ့ အက္ခရာတွ သုံးပြီး စာရေးနည်းကို၁၁ ရာစုနှစ်လောက်မှပဲ တတ်မြောက်လာကြပါပြီ၊ စာနေရးနည်းတတ်တာနဲ့ အနိရုဒ (1044- 1177) နိုင်ငံချဲ့တဲ့ ကာလနဲ့ ထပ်တူလောက်ဖြစ်မယ်လို့ မှန်းဆပါသည်။
သမိုင်းဆိုသည်မှာ ရှိရှိသမျှ၊ ဖြစ်ဖြစ်ခဲ့သမျှ အလူ့အတွ့ အကြုံများကို စုစည်းပြီး မှတ်တမ်း တင်ထားခြင်း ဖြစ်သည်။ အတိတ်ဖြစ်ရပ် များကို မှတ်တမ်းတင်ပြီး သဘောအဓိပ္ဗာယ် ကောက်ချက်ယူသည်။ ဖြစ်စဉ်အရှည်ကြီးထဲက သဘောအဓိပ္ပါယ်များ ကောက်ယူခြင်းပင်ဖြစ်သည်။
သမိုင်းတွင် ကောင်းခဲ့ ဆိုးခဲ့သည်များရှိပြီး အဘယ်ကြောင့် ကောင်းသည် ဆိုးသည် သဘောအဓိပ္ပါယ်၊ သဘောသမ္ဘာ ရှိသင့်သည်။ အနည်းဆုံးအားဖြင့် ကိစ္စတစ်ခုကို လုပ်သည့်အခါ မည်သသည်ကို အခြေခံပြီး မည်သည့်စိကူးဖြင့် လုပ်သည့်အခါမျိုးတွင် သဘောသမ္ဘာရှိသင့်သည်။
စာရေးဆရာက သမိုင်းအချက်အလက်များကို ရှာရာတွင် ဘာကြောင့်ဖြစ်သလဲ ဘယ်လိုဖြစ်သလဲ၊ ဘယ်လိုရလဒ်ရှိသလဲဆိုသည့် အချက်များကို သိရှိခြင်းအားဖြင့် မ အ နိုင်၊ မညံ့နိုင်၊ အညာမခံရ နိုင်ဟု ဆိုထားသည်။
ထုတ်နုတ် - မြန်မာသမိုင်း နိဒါန်း
- ဒေါက်တာသန်းထွန်း

ဟုမ္မလင်း ဒေသသမိုင်းအကျဉ်း

 


ဟုမ္မလင်းမြို့နယ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀)ခန့်က ဥရုမြစ်ဖျားအရှေ့ဘက် မိုးညှင်းနယ်များမှ ခန္တီးရှမ်း လူမျိုးနွယ်စုများ (ခန္တီးလုံရှမ်းများ)သည် လည်းကောင်း၊ ကောလင်း၊ ဝန်းသိုနှင့် ကသာဒေသတို့မှ အဟုန်ရှမ်းမျိုးနွယ်စုများ သည်လည်းကောင်း၊ ဥရုမြစ်ဖျားမှ ရေကြည်ရာ မြက်နုရာရှာဖွေရင်း ပြောင်းရွှေ့နေထိုင်လာရာမှ မြို့တည်ထောင် အခြေပြုခဲ့သည်ဟု ဆိုစမှတ်ပြုခဲ့ကြသည်။ ဟုမ္မလင်းဆိုသည်မှာ "ဟုမ်း" သည် "ညောင်ပင်" ဟု အဓိပ္ပါယ်ရပါသည်။ "မလင်း"မှာ "ပိန်နဲ"ဟု အဓိပ္ပါယ်ရပါသည်။ ဟုမ္မလင်းမြို့သည် "ညောင်ပင်၊ ပိန်နဲပင်များပေါက်သည့် ညောင်ပိန်နဲမြို့"ဟု အဓိပ္ပါယ်ရပါသည်။ တဖန်ထမန်လူမျိုး၊ ကဒူးကနန်း လူမျိုးတို့သည် လည်းကောင်း၊ အနောက်ရိုးမတောင်တန်းရှိ နာဂလူမျိုးတို့သည် လည်းကောင်း၊ ဟုမ္မလင်းမြို့နယ် အတွင်းသို့ ပြောင်းရွှေ့ နေထိုင်လာကြကြောင်း တွေ့ရှိရပါသည်။ ဟုမ္မလင်းမြို့၌ ရုံးထိုင်သည့် ပထမဦးဆုံး နယ်ပိုင်ဝန်ထောက်မှာ ရခိုင်လူမျိုး ဦးမြတ်ထွန်းအောင် ဖြစ်ပါသည်။ ဟုမ္မလင်းမြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၂-၁၂-၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၁၀၃/ ၁၇/ စိတ်၁ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
ဟုမ္မလင်းမြို့နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ပိုင်းတွင် တည်ရှိ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အတွင်း တည်ရှိပါသည်။ ဟုမ္မလင်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၄၁၈' နှင့် ၂၅၃၅' ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄၃၀' နှင့် ၉၆၁၄' ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၄၃၂၆.၄၄၈) စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှအနောက်သို့ (၈၆) မိုင်ရှိပြီး တောင်မှမြောက်သို့ (၈၄)မိုင် ရှည်လျားပါသည်။
မြို့နယ်၏ အရှေ့ဘက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တို့နှင့် ထိစပ်လျက် ရှိပါသည်။ အနောက်ဘက်တွင် ချင်းပြည်နယ်၊ တမူးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ လေရှီးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ ဟုမ္မလင်းမြို့နယ်၏ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် ထိစပ်လျက်ရှိပြီး ထိစပ်မိုင်မှာ (၁၅)မိုင် ဖြစ်ပါသည်။
ဟုမ္မလင်းမြို့နယ်သည် တောင်ကုန်းတောင်တန်း အနည်းငယ်ရှိပြီး လွင်ပြင်ဒေသဖြစ်ကာ မြို့နယ်ဧရိယာ (၇ဝ%)ကျော် သစ်တောများ တည်ရှိပါသည်။ ထင်ရှားမြစ်ချောင်းမှာ ချင်းတွင်းမြစ်၊ ဥရုမြစ်တို့ဖြစ်ပြီး မြစ်လက်တက်/ ချောင်းလက်တက်များ ပေါများစွာ တည်ရှိ စီးဆင်းလျက် ရှိပါသည်။
ဟုမ္မလင်းမြို့နယ်သည် မြစ်ချောင်းများ ပေါများသော ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသောမြစ်မှာ ချင်းတွင်းမြစ်နှင့် ဥရုမြစ်တို့ ဖြစ်ပါသည်။ ချင်းတွင်းမြစ်သည် မြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ ဥရုမြစ်သည် အရှေ့မြောက်မှ အနောက်တောင်သို့ စီးဆင်းလျက် ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်ပါသည်။ ဒေသအတွင်းရှိ ရေအရင်းအမြစ်အားလုံးမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်များ အသုံးပြုနိုင်ပါသည်။ ချင်းတွင်းမြစ်မှာ နွေရာသီတွင် ရေအနက် (၂.၅၆)ပေခန့်သာရှိ၍ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနပိုင် သင်္ဘောများ သွားလာနိုင်ခြင်း မရှိဘဲ ပုဂ္ဂလိကပိုင် ရေယာဉ်များသာ သွားလာလျက် ရှိပါသည်။ ဥရုမြစ်အတွင်း၌ နွေရာသီတွင် ရေအနက် (၁.၇၇)ပေသာ ရှိသည့်အတွက် စက်တပ်ရေယာဉ်ငယ်များသာ မောင်းနှင်သွားလာလျက် ရှိပါသည်။
ဟုမ္မလင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် (၄၃ဝ)ပေအထက်တွင် တည်ရှိပြီး အမြင့်ဆုံးတောင်မှာ တောင်သုံးလုံးဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် (၅၇ဝဝ)ပေဖြစ်၍ မြို့နယ်၏အနိမ့်ဆုံးဒေသမှာ ကျွန်းကုန်းရွာနှင့် တောင်ပေါ်ဆည်တော်ရွာတို့ ဖြစ်ပါသည်။

Wednesday, January 17, 2024

#ဒေသတစ်ခုတည်းဖြစ်တဲ့ လူမျိုးစု သုံမျိုးကြား ငြိမ်းချမ်းခြင်းကို ထိန်းသိမ်းစေလိုတယ် ကတူး/ကနန်း/ရှမ်းနီ ရှမ်းနီနှင့် ကတူး ညီအစ်ကို ဆက်ဆံရေး

 

ဝန်သိုစော်ဘွား ဆွေတော်မျိုးတော်များ

#ဒေသတစ်ခုတည်းဖြစ်တဲ့ လူမျိုးစု သုံမျိုးကြား
ငြိမ်းချမ်းခြင်းကို ထိန်းသိမ်းစေလိုတယ် ကတူး/ကနန်း/ရှမ်းနီ
ရှမ်းနီနှင့် ကတူး ညီအစ်ကို ဆက်ဆံရေး
၁။ ပဒေသရာဇ်ခေတ် နောက်ခံသမိုင်းကြောင်း
ကျနော်တို့ ကတူးနှင့် ရှမ်းနီဆိုတာ ရှေးရှင်ဘုရင်တွေလက်ထက်ကတည်းက အတူ လက်တွဲနေထိုင်လာခဲ့ကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။ လက်ရှိ ကျနော်တို့ ကတူး၊ ကနန်း၊ ရှမ်းတွေရဲ့ ဗန်းမောက်၊ အင်းတော်၊ ပင်လည်ဘူး စတဲ့ဒေသတွေဟာ အင်းဝခေတ်မှာ အင်းဝဘုရင်တွေရဲ့ လက်အောက်ခံအဖြစ် တည်ရှိခဲ့သလို တစ်ခါတလေမှာလည်း မိုးညှင်းမင်း တရားကြီးရဲ့လက်အောက်ခံနယ်မြေအဖြစ် တည်ရှိခဲ့တာမျိုး တွေ့ရပါတယ်။ ဒီထက်စောတဲ့ ကာလတွေမှာလည်း မောရှမ်း၊ ရှမ်းနီတွေနှင့် ကတူးတွေဟာ မြန်မာပြည်မြောက်ပိုင်းတစ်ဝှမ်းမှာ တစ်ခါတလေ သူ့အစုနှင့်သူ၊ တစ်ခါတလေ တစ်မြို့တစ်ရွာတည်း အတူတကွ မှီတင်းနေထိုင်ခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ ဥပမာ အခု တကောင်းမြို့ဟောင်းကို အချို့က ရှမ်းမြို့လို့ ဆိုကြသလို အချို့လည်း ကတူးတွေ ကြီးစိုးခဲ့တဲ့မြို့လို့ ဆိုကြတယ်။ တကယ်တမ်းမှာ အတူနေထိုင်ခဲ့ကြတာမျိုးလည်း ဖြစ်နိုင်တယ်။ "မြန်မာအစ တကောင်းက"၊ "တကောင်းသည် ပျူမြို့" စတာတွေဟာလည်း ဒီသဘောပဲ ရှိလိမ့်မယ်။ သေချာတာကတော့ ရှမ်းနီနှင့် ကတူးတွေဟာ ယနေ့ချိန်အထိ မြန်မာပြည်မြောက်ပိုင်း မြေပြန့်ဒေသမှာပဲ အဓိက နေထိုင်ကြတာ တွေ့ရတယ်။ ကိုလိုနီခေတ် သန်းခေါင်စာရင်းတွေအရ မြန်မာပြည်မြောက်ပိုင်းမှာ ဗမာလူဦးရေဟာ ရှေးယခင်တုန်းက အခုလောက်ထိ များပြားခြင်း မရှိပါဘူး။ နောက်ပိုင်းမှာ ရှမ်းနီနှင့် ကတူး နှစ်မျိုးလုံးဟာ ဗမာစကားရဲ့ ဝါးမြိုမှုကို အလူးအလဲ ခံခဲ့ရတယ်။ ဒါကြောင့် မြောက်ပိုင်းဒေသက ဗမာဆိုသူအများအပြားဟာ ရှမ်းနီစကား မတတ်တဲ့ ရှမ်းနီတွေ၊ ကတူးစကား မတတ်တဲ့ ကတူးတွေကနေ မျိုးဆက် တစ်ဆက် နှစ်ဆက်လောက် ကူးပြောင်းလာရင်း မူလအသွင်အပြင် ပျောက်ဆုံးသွားသူတွေပဲ ဖြစ်ဖို့ များပါတယ်။ တကယ်တမ်းမှာ အောင်နိုင်သူတွေ ရေးခဲ့တဲ့ ရှေးရာဇဝင်တွေမှာတောင် မြောက်ပိုင်းဒေသက မြို့ရွာအများစုကို ရှမ်းမြို့ရွာတွေအဖြစ်ပဲ ဖော်ပြကြပါတယ်။ အဲဒီခေတ်က ကတူးတွေကိုလည်း ရှမ်းမျိုးနွယ်တစ်ခုအဖြစ် အလွယ်မှတ်ယူခဲ့ကြတယ်။ ဥပမာအနေနဲ့ လူမျိုး ၁၀၁ ပါးစာရင်းမှာ ကတူးကို ရှမ်းမျိုး ၃၀ ထဲ ဖော်ပြထားတာ တွေ့ရတယ်။ အဲဒီခေတ်က ဘာသာစကားမျိုးရိုးကို အခြေခံပြီး လူမျိုးစု သရုပ်ခွဲတဲ့ ပညာရပ်လည်း မရှိတဲ့အတွက် ယဉ်ကျေးမှု တူညီပြီး တစ်နေရာတည်းမှာ အတူတကွ မှီတင်းနေထိုင်ကြတဲ့ ရှမ်းနီနှင့် ကတူးကို အုပ်စုတစ်ခုတည်းအဖြစ် ရှေးပညာရှင်တွေက သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကတူးလူမျိုးတွေဟာ ပုဂံခေတ်အစောပိုင်းကာလမှာ မြန်မာနိုင်ငံအလယ်ပိုင်း မြေတူး၊ ဒီပဲယင်း၊ ပုဂံ စတဲ့ဒေသတွေမှာ အခြေချနေထိုင်ခဲ့ရာကနေ အခြေအနေအရပ်ရပ်ကြောင့် အခု လက်ရှိ ပင်လည်ဘူးဒေသကို ပြောင်းရွှေ့လာပြီးတော့ ကွန်း ၉ ကွန်းကို စတင်တည်ထောင်ခဲ့ ကြပါတယ်။ အဲဒီနောက်မှာ မော်ခွင် ၄ ရွာကို အခြေတည်ပြီး မော် ၁၀ ရွာကို တည်ထောင်ကြပါတယ်။ အဲဒီဒေသကို ဆားတောမော်တိတ်ကြီး ဒါမှမဟုတ် ပထမမော်တိတ်လို့ ခေါ်ပါ တယ်။ ကတူးတွေဟာ ပထမမော်တိတ်ဒေသမှာ လူဦးရေ တိုးပွါးလာတဲ့အခါ နယ်မြေတိုးချဲ့ဖို့ လိုအပ်လာပါတယ်။ မြန်မာ့သမိုင်းတစ်လျှောက် ရာဇဝင်ကျမ်းအစောင်စောင်ကို ပြန်လှန် လေ့လာကြည့်မယ်ဆိုရင် အများအားဖြင့် နယ်မြေချဲ့ထွင်တဲ့အခါ လက်နက်စွဲကိုင် တိုက်ခိုက်ပြီး ချဲ့ထွင်ကြတာကိုပဲ တွေ့ရပါတယ်။ ဒါမှမဟုတ် အင်အားသုံးပြီး အတင်းအဓမ္မ နယ်မြေလုယူ တာမျိုးကိုသာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ထူးထူးခြားခြားပဲ။ အခု ပင်လည်ဘူးဘက်က ပထမမော်တိတ်ဒေသမှာ လူဦးရေတိုးပွါးလာတဲ့ ကတူးလူမျိုးတွေဟာ လုပ်ကိုင်စားသောက်နေထိုင်ဖို့အတွက် ရှမ်းလူမျိုးတွေဆီက နယ်မြေအချို့ကို ငွေကြေးနှင့် တန်ရာတန်ကြေးပေးပြီး ဝယ်ယူခဲ့ကြတာ တွေ့ရပါတယ်။ အဲဒီလို ပထမဝယ်ယူခဲ့တဲ့နယ်မြေကတော့ အခု ဗန်းမောက်ဘက်က ကတူးကျေးရွာနယ်မြေတွေပဲ ဖြစ်ပါတယ်။ အဲဒါကို ကတူးတွေက ဒုတိယမော်တိတ်လို့ ခေါ်ပါတယ်။ တစ်ခါ ကတူးတွေဟာ ဒုတိယမော်တိတ်မှာ လူဦးရေ ပြန်လည်တိုးပွါးလာတဲ့အခါ ရှမ်းတွေဆီကပဲ နယ်မြေတချို့ ထပ်ပြီးဝယ်ယူခဲ့ကြပါတယ်။ အဲဒါကတော့ တတိယမော်တိတ်လို့ခေါ်တဲ့ အခု အင်းတော်ဘက်က ကတူးကျေးရွာနယ်မြေတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ဒါကိုကြည့်ခြင်းအားဖြင့် ကတူးနှင့် ရှမ်းနီတို့ရဲ့ ဆက်ဆံရေး အခြေအနေကို မှန်းဆကြည့်နိုင်တယ်။ ကတူးလူမျိုးတွေဟာ လုပ်ကိုင်စားသောက်နေထိုင်ဖို့ နယ်မြေချဲ့ထွင်လိုတဲ့အခါ အများသူငါလို လက်နက်စွဲကိုင်တိုက်ခိုက်ခြင်း မပြုဘဲ ညီအစ်ကိုလို ချစ်ကြည်ရင်းနီးမှုရှိတဲ့ ရှမ်းတွေဆီကပဲ တန်ရာတန်ကြေးပေးပြီး နယ်မြေဝယ်ယူခဲ့ကြတာဟာ ရှမ်းနီနှင့် ကတူးကြားက အင်မတန်ချစ်စရာကောင်းတဲ့ သမိုင်းဖြစ်ရပ်မှန် မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ သက်သေအထောက်အထားအဖြစ် နယ်မြေဝယ်ယူမှုမှတ်တမ်း ပေစာ ပုရပိုက်အချို့ကိုလည်း ကျနော်တို့ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ကတူးနှင့် ရှမ်းနီဆိုတာ မြန်မာ့သမိုင်းမှာ ရှားရှားပါးပါးဆိုသလို အင်မတန်ချစ်စရာကောင်းတဲ့ သမိုင်းနောက်ခံနှင့်အတူ တည်ရှိခဲ့ကြတဲ့လူမျိုး ၂ ခု ဖြစ်ပါတယ်။ ဒါဟာ ပဒေသရာဇ်ခေတ် ကတူးလူမျိုးနှင့် ရှမ်းနီလူမျိုးတွေရဲ့ ချစ်ကြည်ရေးနောက်ခံသမိုင်းကြောင်း ဖြစ်ပါတယ်။
၂။ ၁၉ ရာစုနောက်ပိုင်း ကတူးနှင့် ရှမ်းနီ နောက်ခံသမိုင်း
မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပိုက်တဲ့အခါ ပထမဆုံး ခုခံတော်လှန်ခဲ့တဲ့ ဝန်းသိုစော်ဘွားဦးအောင်မြတ်ရဲ့ တပ်ဖွဲ့ထဲမှာ ဒေသခံ ရှမ်းနီလူမျိုးတွေနှင့်အတူ ကတူး၊ ကနန်း လူမျိုးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အဲဒီအကြောင်းကို မောင်ကျော်ရှင်းရဲ့ စာပေဗိမာန်စာမူ ဆုရစာအုပ်ဖြစ်တဲ့ "ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်" ဆိုတဲ့စာအုပ်မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။
လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ပြည်နယ်​တွေ ခွဲဝေသတ်မှတ် တဲ့အခါ ညီအစ်ကို ရှမ်းနီတွေရော ကျနော်တို့ ကတူးကနန်းတွေပါ နယ်မြေမရခဲ့ကြပါဘူး။ အင်္ဂလိပ်ခေတ် သန်းခေါင်စာရင်းထဲက လူဦးရေနှိုင်းယှဉ်ချက်အရ ရှမ်းနီတွေဟာ ပြည်နယ် ရနိုင်တဲ့ လူဦးရေအချိုးအစားရှိသလို ကျနော်တို့ကတူးတွေဟာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်နိုင်တဲ့ လူဦးရေအချိုးအစား ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကတူးနှင့် ရှမ်းနီ ၂ ဦးလုံး နယ်မြေမရခဲ့ကြပါဘူး။ ဒါဟာလည်း တိုက်တိုက်ဆိုင်ဆိုင် တူညီမှုတစ်ခု ဖြစ်ပါတယ်။ ဒီလိုနဲ့ ရှမ်းနီတွေဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းတစ်လျှောက်မှာ ပြည်နယ်ရရှိရေးအတွက် တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်လာခဲ့ကြတယ်။ ကျနော့်အထင် ၁၉၅၀ ခုနှစ်ဝန်းကျင်ကတည်းက ဖြစ်မယ် ထင်ပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ၁၉၇၂၊ ၁၉၉၄၊ ၁၉၉၅ စတဲ့ ခုနှစ်တွေတုန်းက အမျိုးသားညီလာခံမှတ်တမ်းတွေ၊ စာနယ်ဇင်းမှတ်တမ်းတွေအရ ရှမ်းနီပြည်နယ်ရရှိရေး ဆောင်ရွက်ချက် အထောက်အထားတွေကိုတော့ ကျနော်တို့ လေ့လာသိရှိထားပါတယ်။ မှတ်တမ်းအချက်အလက်တွေကို ဒီမှာ မပြောတော့ပါဘူး။
ဒီနေရာမှာ ထူးခြားတာက ရှမ်းနီတွေဟာ ပြည်နယ်တောင်းဆိုတဲ့နေရာမှာ တိုင်းလိုင်(ရှမ်းနီ)၊ တိုင်းခန္တီး၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဖွန်း၊ တိုင်းကတူးနှင့် တိုင်းကနန်း ဆိုပြီး မြောက်ပိုင်းနေ မြေပြန့်ရှမ်းမျိုးနွယ်စု ၇ ခုကို ဖော်ပြထားပါတယ်။ အဲဒီ မျိုးနွယ်စု ၇ ခုကို ကိုယ်စားပြုပြီး ပြည်နယ်တစ်ခု သတ်မှတ်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီတော့ ရှမ်းနီတွေဟာ ပြည်နယ်တောင်းဆိုတဲ့အခါမှာလည်း မြောက်ပိုင်းနေ မြေပြန့်ရှမ်းမျိုးနွယ်စု ၇ ခုထဲမှာ တိုင်းကတူးနှင့် တိုင်းကနန်းဆိုပြီး ကတူး ကနန်းကို ထည့်သွင်းထားတာဟာ ညီအစ်ကို ဆက်ဆံရေးလို့ ယူဆရပါတယ်။ ဒါဟာ ရှမ်းနီလူမျိုးတွေက ကတူးကနန်းလူမျိုးတွေကို ညီအစ်ကိုအရင်းလို သဘောထားတယ်ဆိုတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ မနုဿဗေဒနှင့် ဘာသာဗေဒအရ ကတူး၊ ကနန်းနှင့် ရှမ်းနီလူမျိုးတို့ ဆက်စပ်ပုံအကြောင်းကိုတော့ နောက်မှ သီးခြားထပ်ပြောပါမယ်။
နောက်ပြီးတော့ ၁၉၉၀ ခုနှစ် ကာလတုန်းကလည်း "တောင်သူလယ်သမား ကဒူး၊ ကနန်းနှင့် ရှမ်းအမျိုးသားသွေးစည်းညီညွတ်ရေးဒီမိုကရေစီအဖွဲ့ချုပ်" ဆိုတဲ့ ပါတီတစ်ခုကို တည်ထောင်ပြီး ကတူး၊ ကနန်းနှင့် ရှမ်းတွေဟာ နိုင်ငံရေးမှာ လက်တွဲခဲ့ကြဖူးပါတယ်။ ကျနော့်အထင် ဒီလို လူမျိုးသုံးခု ပူးပေါင်းပြီး ပါတီတစ်ခု တည်ထောင်တာမျိုးဟာ မြန်မာနိုင်ငံမှာ ပထမဆုံးနှင့် နောက်ဆုံး ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ၁၉ ရာစုနောက်ပိုင်း အင်္ဂလိပ်တော်လှန်ရေးခေတ် ဝန်းသိုစော်ဘွား ဦးအောင်မြတ်လက်ထက်ကစပြီး လွတ်လပ်ရေးရပြီးခေတ်တစ်လျှောက် ရှမ်းနီနှင့် ကတူး ကနန်းလူမျိုးတွေဟာ နိုင်ငံရေးမှာ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ကြတာ တွေ့ရပါတယ်။
၃။ ရှမ်းနီနှင့် ကတူး ဘာသာစကားမျိုးရိုး
မနုဿဗေဒအရ ရှမ်းနီ၊ ကတူး၊ ကနန်း၊ ဗမာအပါအဝင် မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားအားလုံးဟာ မွန်ဂိုလွိုက်အနွယ်ဝင် မျိုးနွယ်တူ ညီအစ်ကိုတွေချည်းပဲ ဖြစ်ပါတယ်။ ဘာသာဗေဒအရဆိုရင်တော့ မြန်မာနိုင်ငံမှာ တိဗက်တိုဘာမင်၊ ရှမ်းတရုတ်၊ မွန်ခမာနှင့် အင်ဒိုအာရိယာန်ဆိုပြီး အုပ်စု ၄ စု ရှိတဲ့အနက်မှာ ကတူးတွေက တိဗက်တိုဘာမင်အုပ်စုမှာ ပါဝင်ပြီး ရှမ်းနီကတော့ ရှမ်းတရုတ်အုပ်စုမှာ ပါဝင်ပါတယ်။
ကတူးနှင့် ရှမ်းနီဟာ ဘာသာစကားမျိုးရိုး မတူပေမယ့် -
(၁) မှီတင်းနေထိုင်ရာ မြို့ရွာဒေသတွေ တူညီကြတယ်။
(၂) ကတူးစကားထဲမှာ ရှမ်းနီဝေါဟာရအချို့ကို မွေးစားအသုံးပြုထားတာမျိုး တွေ့ရတယ်။ ကတူးတွေဟာ ရှမ်းတွေရဲ့ ကိန်းဂဏန်းအရေအတွက်စနစ်ကို အခုချိန်အထိ သုံးစွဲနေကြဆဲ ဖြစ်တယ်။
(၃) ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေလည်း တစ်ထပ်တည်းနီးပါး တူညီကြတယ်။ ဒါဟာ ဘာသာတရား တူညီမှုကြောင့်လည်း ဖြစ်နိုင်တယ်။
(၄) အချက်အပြုတ် အစားအသောက်တွေလည်း တစ်ထပ်တည်းနီးပါး တူညီကြတယ်။
အနှစ်ချုပ် ပြောရရင် ကတူးတွေဟာ ဘာသာစကားမျိုးရိုးအားဖြင့်ဆိုရင် ဗမာ၊ ကချင်၊ ချင်း စတဲ့လူမျိုးတွေနဲ့ အုပ်စုတူပြီးတော့ ယဉ်ကျေးမှုဓလေ့စရိုက်အားဖြင့်ဆိုရင် ရှမ်းနီတွေနဲ့ အုပ်စုတူပါတယ်။
ကတူးသန်းနိုင်
(အလွတ်တန်း သုတေသီ)
၁၀၊ ဇန်နဝါရီ ၂၀၂၂
မှတ်ချက်။ နိုင်ငံရေးအစွဲ၊ လူမျိုးရေးအစွဲများ မပါဘဲ ဖတ်ရှုစေလိုပါတယ်။

တောင်ကြီးရောက်ရင် သွားသင့်တဲ့ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ ဂူဗိမာန်

 

ဝန်သိုစော်ဘွား ဆွေတော်မျိုးတော်များ

တောင်ကြီးရောက်ရင် သွားသင့်တဲ့ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ ဂူဗိမာန်
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ ဂူဗိမာန် / ညီညီသူ / ဧရာဝတီ
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ဟာ သီပေါမင်းလက်ထက်မှာ ဝန်းသိုစော်ဘွားအဖြစ် ခန့်အပ်ခံခဲ့ရသူ တယောက်ပါ။ ဝန်းသိုစော်ဘွား အဖြစ် ခန့်အပ်ခံရချိန်မှာတော့ ဦးအောင်မြတ်ရဲ့အသက်က ၂၁ နှစ်သာ ရှိပါသေးတယ်။
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ကို ၁၂၂၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် တနင်္ဂနွေနေ့၊ ဝန်းသိုမြို့မှာမွေးဖွားခဲ့ပါတယ်။ ဖခင်ကတော့ ဝန်းသိုစစ်ကဲကြီး ဦးရွှေသားနဲ့ မိခင်ကတော့ ဒေါ်ဒွေးဖြူ (ခ) သုဝဏ္ဏကာယဒေဝီဖြစ်ပြီး မွေးချင်း မောင် နှမပေါင်း ၇ ယောက် ရှိပါတယ်။
ငယ်စဉ်အရွယ်တုန်းကတော့ ရတနာပုံ နေပြည်တော်ကြီးမှာ ပညာသင်ကြားခဲ့ပါတယ်။ တရားဥပဒေနဲ့ အုပ်ချုပ်ရေး ပညာရပ်တွေကို ကင်းဝန်မင်းကြီးဆီမှာ သင်ကြားခဲ့ပါတယ်။ ဝန်းသိုစော်ဘွားအဖြစ် ခန့်အပ်ခြင်း မခံရခင်တုန်းကတော့ သီပေါမင်းကြီးထံမှာ ကွမ်းရေကိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၂ ရက်နေ့မှာတော့ သီပေါမင်းကြီးက ဝန်းသိုစော်ဘွားအဖြစ် ခန့်အပ်ခဲ့ပြီး “မဟာဝံသ သီရိဇေယသိုဟုံဘွား” ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ စော်ဘွားဖြစ်လာပြီးတဲ့ နောက်မှာတော့ ဝန်းသို နယ်တဝိုက်မှာ ထကြွ သောင်းကျန်းသူတွေကို သီပေါမင်း အမိန့်အရ နှိမ်နင်းနိုင်ခဲ့တဲ့အတွက် သီပေါမင်းက ဒုတိယအကြိမ်အဖြစ် “မောရိယ မဟာဝံသ သီရိသုဓမ္မရာဇာသိုဟုံဘွား” ဘွဲ့ကို ထပ်မံချီးမြှင့်ခဲ့ပြန်ပါတယ်။
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ဟာ ၁၂၄၅ ခုနှစ်မှာ ရှမ်းပြည်တောင်ပိုင်းက စံကားစော်ဘွားကြီး စဝ်ခွန်နဲရဲ့ တတိယသမီးတော် ဖြစ်တဲ့ မှန်နန်းအပျိုတော် စဝ်နန်းရွှေချီနဲ့ လက်ထပ် ထိမ်းမြှားခဲ့ပြီး သား ၅ ယောက်၊ သမီး ၂ ယောက် ထွန်းကားခဲ့ပါတယ်။
အင်္ဂလိပ် မြန်မာ တတိယစစ်ပွဲအပြီး သီပေါမင်း ပါတော်မူပြီးနောက် ဝန်းသိုစော်ဘွားကြီးဟာ အင်္ဂလိပ်တွေရဲ့ သြဇာကိုမခံယူဘဲ ဝန်းသို၊ ကောလင်း၊ မိုးကောင်း၊ မိုးညှင်းနဲ့ ပင်လယ်ဘူးဒေသတွေကနေ အင်္ဂလိပ်တွေကို ပုန်ကန်ဆန့်ကျင်ခဲ့ပါတယ်။
၁၂၅၂ ခုနှစ် တပေါင်းလဆန်း ၁၄ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ကောလင်းတိုက်ပွဲမှာလည်း ဝန်းသိုစော်ဘွားကြီးတို့က အင်္ဂလိပ်တွေကို အနိုင်ရခဲ့သလို ၁၂၅၂ ခုနှစ် တပေါင်းလပြည့်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်ကြမ်း တိုက်ပွဲမှာလည်း အနိုင်ရခဲ့ပါတယ်။
ကနဦးပိုင်းမှာ အနိုင်ရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်ရဲ့တပ်တွေက အရှုံးတွေကိုသာ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဝန်းစော်ဘွားကြီး တရုတ်နယ်စပ်တွေမှာ ၃၁ နှစ်လောက်ကြာအောင် ပုန်းအောင်း နေထိုင်ခဲ့ရပါတယ်။
၁၂၈၃ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်နေ့မှာတော့ ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်ရဲ့ ဖိတ်ခေါ်မှုကြောင့် မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။ ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်ဆိုသူဟာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ ကြင်ယာတော်ဖြစ်တဲ့ စဝ်နန်းရွှေချီနဲ့ ဦးလေး တော်စပ်သူလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်ပြီး နောက်ပိုင်းမှာတော့ ရှမ်းပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့၊ ဟော်ကုန်းရပ်က သထုံဟော်မှာ နေထိုင်ခဲ့ပါတယ်။
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ဟာ ဗုဒ္ဓဘာသာကို အထူးသက်ဝင် ယုံကြည်သူဖြစ်သလို ဥပုသ်သီတင်း လည်း အမြဲစောင့်ထိန်းသူ တယောက်ပါ။ ဝန်းသိုစော်ဘွားကြီးတည်ထားခဲ့တဲ့ စေတီကျောင်းကန်တွေကတော့ ဝန်းသိုမြို့မှာဆို ဟော်တော်ဦးစေတီ၊ မဟာမှန်ကျောင်း၊ မဟာဗောဓိကျောင်း၊ ခန္တီးကျောင်းတိုက်တို့ဖြစ်ပြီး တောင်ကြီးမြို့မှာဆိုရင်လည်း အောင်မြေသာစည်ကျောင်းဝန်းအတွင်း ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း မြန်မာအစိုးရက စော်ဘွားကြီးရဲ့ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ကိုလေးစားတဲ့အနေနဲ့ လစဉ် ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့ပါတယ်။ ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်ဟာ ၁၃၂၆ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် (၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့) မှာ တောင်ကြီးမြို့၊ ဟော်ကုန်းရပ်က သထုံဟော်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၁၀၃ နှစ် ရှိခဲ့ပါပြီ။
နိုင်ငံတော်အစိုးရက ဝန်းသိုစော်ဘွားကြီးကွယ်လွန်ချိန်မှာ နိုင်ငံတော်ဈာပနအဖြစ်ကျင်းပနိုင်ဖို့အတွက် စီစဉ်ပေးခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ရုပ်ကလာပ်ကိုတော့ တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ ရပ်တော်မူကုန်း မြောက်ဘက်အရပ်မှာ ဂူသွင်း သြင်္ဂိုဟ်ခဲ့ပါတယ်။
စော်ဘွားကြီးရဲ့ ဂူဗိမာန်ကိုတော့ တောင်ကြီးမြို့မှာရှိတဲ့ သားသမီး၊ မြေး၊ မြစ်တွေက ထိန်းသိမ်းထားခဲ့ပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာတော့ Living Green Earth Network (ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်) က စတင်ပြုပြင်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှာ ပြီးစီးခဲ့ပါတယ်။
ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်ဟာ လူသေပေမယ့် သမိုင်းမသေတဲ့ လူတယောက်ပါ။ ဒါကြောင့်လည်း တောင်ကြီးမြို့ကို ရောက်တဲ့အခါ ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်ရဲ့ ဂူဗိမာန်ကို အလေးအမြတ်ပြုဖို့ သွား ရောက်သင့်ပါတယ်။
ကိုးကား – ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ် ဂူဗိမာန်ပါ အချက်အလက်များ
 

နမ့်ခမ်း မြို့ က ကျားဖြူ ရုပ်ထု

 

နမ့်ခမ်း မြို့ က ကျားဖြူ ရုပ်ထု
ဝန်းသို မြို့ တည်ခဲ့တဲ့ ကျားဖြူ လားလို့ မေးကြည့်တော့ ဟုတ်တယ်လို့ ဒေသခံ ပြောပြလို့ သိရတယ်
ရှမ်းလို ဝိစ်ဆေ တဲ့

Credit- Ko Moe Gyi (Wuntho)

Original Link - https://www.facebook.com/100004050474136/posts/pfbid02x5o1WJGywnLV8npaZXf2AM9WSQeU7kDFCTZV9WGVpnec41wgeJsYwsBfr4vZLrPVl/?app=fbl

မြန်မာပြည်​မြောက်ပိုင်းက ​​ရေညှိ​ပေါင်း

 


မြန်မာပြည်​မြောက်ပိုင်းက ​​ရေညှိ​ပေါင်း
၃ ဇန်နဝါရီ ၂၀၂၄
မြန်မာပြည်​မြောက်ပိုင်း က ပင်မဌာ​နေ တိုင်းရင်းသား​တွေဖြစ်ကြတဲ့ ရှမ်းနီ၊ ကတူး၊ ကနန်း နဲ့ ရှမ်းပန်း ကတူး​စတဲ့ လူမျိုးတွေရဲ့​ဒေသအစားအစာ ​​ရေညှိ​ပေါင်းဖြစ်ပါတယ်။
အခုမြင်တွေ့ရတဲ့ဓါတ်ပုံ​တွေက​တော့ ရှမ်းနီ​ဒေသ မိုးညှင်းနယ်က ​ဘီလူးမြို့​စျေးမှာ ​​​ရောင်းနေကြတဲ့ ​​ရေညှိ​တွေနဲ့ အုန်းစံဆိုင်ရွာအနီး ​ကျောက်ဖြူ​ချောင်းထဲ ကျောက်တုံး ကျောက်ခဲ​တွေမှာ ကပ်ညှိ​နေတဲ့ ​​​ရေညှိတွေကို ခွာယူ​ ရရှိလို့ သန့်စင်ပြီးတဲ့​နောက် ​ရေညှိ​ပေါင်းရတဲ့အထိ အ​​ခြေအ​နေကို ​အနီးစပ်ဆုံးဖော်ပြထားတာပါ။
အုန်းစံဆိုင်ရွာအနီး ပတ်ဝန်းကျင်က တော​တောင် စိမ့်စမ်း ​ချောင်းဖျား တ​လျှောက်မှာ သန့်ရှင်းတဲ့ ​ရေညှိ​တွေကို ခွာယူ နေတာဖြစ်ပါတယ်။
ရှမ်းနီ​ဒေသ မိုးညှင်းနယ် ဘီလူးမြို့ အနီး အုန်းစံဆီုင်ရွာ နားကတော​​တောင် စိမ့်စမ်း လျှို​မြှောင်​တွေကြားက​နေ စီးချင်းလာတဲ့ ​ချောင်းဖျားက ရတဲ့ ​​ရေညှိနဲ့ အင်း​တော်ကြီး ​နမ့်မွန်း ဘက်က​ရေညှိ​တွေက ပိုစား​ကောင်းတယ်လို့ ဌာ​နေသား​တွေက ဆိုပါတယ်။
အုန်းစံဆိုင်ရွာ ​မြောက်ဘက်က နမ့်ဟန်ဟိုင်န်း ​ဒေသအ​ခေါ် ကျောက်ဖြူ​ချောင်းနဲ့ နမ့်မွန်းမြို့က ​ဟွေလုံ - ​ချောင်ကြီး ​တွေက ရရှိတဲ့ ​​ရေညှိ​တွေဟာပိုပြီးနူးညံ့သလို အရသာလည်းရှိတယ်လို့ နာမည်ကြီးပါတယ်။
​ရေညှိ​ပေါင်းကို ရှမ်းနီစကားနဲ့ ​​ခေါ်ရင် အနီးစပ်ဆုံးဗမာလို အသံထွက်က " ​တောကိုင်းနိင်န် " ဖြစ်ပါတယ်။
ရရှိလာတဲ့ ​​​ရေညှိ​တွေကို ​သန်းစင်​အောင် ရေနဲ့ ​​ဆေးရပါတယ်။ ဇကာနဲ့စစ်လို့ အကြိမ်ကြိမ်​ဆေးပြီး သန့်စင်သွားတဲ့ ​​ရေညှိတွေကို ဓါးနဲ့ စဥ်းရပါတယ်။
​ရေညှိ​ပေါင်းဖို့ဟင်းခတ်အ​မွှေးအကြိုင် အဆာပလာ ​တွေကို လည်း တဆက်တည်း စီစဥ်ထားရတာပါ။
ခရမ်းချဥ်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ နံနံမြိတ်၊ ရှမ်းနံနံ စတာ​တွေကိုပါးပါးလှီးထားရသလို ဂျင်းနဲ့ ကြက်သွန်ဖြူကို​ထောင်းထားရပါတယ်။
ပြင်ဆင်ထားတဲ့အဆာပလာ​တွေကို ဓါးနဲ့ ​စဥ်းထားတဲ့ ​​​ရေညှိ​တွေအပါအဝင် ငါးပိအနည်းငယ်၊ ဆီ၊ ဆား၊ အချိုမှုန့် ဒါမှမဟုတ်အရသာမှုန့်၊ မှုန့်နှစ် စတာ​တွေ နဲ့ သင့်​တော်သလို
​ရောထည့်ပြီး ရိုးရာ ဗျက်၊ စတီးဇလုံ၊ ဒန်ဇလုံ ​တခုခုမှာ သမအောင်နယ်ရပါတယ်။
ပြီးရင် ​အဆာ​တွေနဲ့ ​​ရောနယ်ထားတဲ့ ​​​ရေညှိ​တွေကို နေလှန်း ထားတဲ့ ငှက်​ပျောဖက် ဒါမှမဟုတ် မီးကင်ထားတဲ့ ငှက်​ပျောဖက်ထဲထည့်ပြီး မများလွန်း မနည်းလွန်းတဲ့ အ​နေ​တော်အထုပ်​တွေ ရ​အောင်ထုပ်ရတာပါ။
အဲဒီ​နောက် ထင်းမီးဖို​ပေါ်က ​ပေါင်း​​ချောင်းနဲ့ နာရီဝက် သာသာ​လောက်​ကြာ​အောင် ပေါင်းပြီးရင် အနံ့အရသာ နဲ့ ပြည့်စုံတဲ့ ​​​​ရေညှိ​ပေါင်းရပြီဖြစ်ပါတယ်။
​ရေညှိကို ထမင်းပူပူနဲ့ တွဲဖက်စား​လေ့ရှိကြပါတယ်။ အသည်း ​ကို ​ကောင်းမွန်​​စေပြီး ကျန်းမာ​ရေးအတွက်လည်း အ​ထောက်အကူပြုပါတယ်။
ရေညှိ​ပေါင်းကို ​အေးမြတဲ့ ဆောင်းကာလမှသာ စားရ​လေ့ရှိပါတယ်။
မိုးအကုန် ​ဆောင်းအကူး တန်​ဆောင်မုန်းလက​နေ တ​ပေါင်း တန်ခူး အထိ စားရ​တတ်ပါတယ်။
အခုအချိန်က​တော့ အများဆုံး စားရတဲ့ ကာလဖြစ်ပါတယ်။
မြန်မာပြည်​မြောက်ပိုင်းသား​တွေဖြစ်ကြတဲ့ ရှမ်းနီ၊ ကတူး၊
ကနန်း နဲ့ ရှမ်းပန်း ကတူး​စတဲ့ လူမျိုး​တွေရဲ့ ထမင်းစားပွဲဝိုင်းမှာ​ ​ဆောင်းကာလ​ရောက်တိုင်း ​အခုလို အရသာရှိပြီး သဘာဝက​ပေးတဲ့ ဟင်းလျာ ရေညှိ​ပေါင်းကို ​အစဥ်အမြဲ တွေ့မြင်​နေရမှာဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၂)

 

သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၂)

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၃

ရေးသားသူ --- Maha Sila Veravang

ပစ္စုပ္ပန်ကာလတွင် ရှမ်းနီတိုင်းရင်းသားများဟု ထင်ရှားလာမည့် တိုင်း-တရုတ်ဘာသာစကား ပြောသည့် ရှမ်းလူမျိုး တို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းမှ အထက်မြန်မာပြည်သို့ ဝင်ရောက် အခြေချနေထိုင်သည့်ကာလ သည် ပုဂံခေတ်မတိုင်မီ ကာလကပင် စတင်နေပြီဟု ဆိုနိုင်သည်။

ဤအဆိုနှင့် ပတ်သက်၍ ထင်ရှားသည့် အထောက်အထားများကို

၁။ စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းများ

၂။ ခေတ်ပြိုင်မှတ်တမ်းများ

၃။ မြေပေါ်မြေအောက် အထောက်အထားများတွင် ထင်ရှားစွာ တွေ့မြင်ရပေသည်။

ဤအပိုင်းတွင်း စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းများကို အခြေခံ၍ ရှမ်းနီတိုင်းရင်းသားများ၏ အထက်မြန်မာပြည်သို့ ဝင်ရောက် အခြေချနေထိုင်သည့် ကာလများနှင့် မြို့ပြ နိုင်ငံငယ်များ တည်ထောင်သည့် ကာလများကို ဆန်းစစ်တင်ပြသွားပါမည်။

စစ်တမ်းများကို လေ့လာကြည့်လျှင် မြန်မာနှစ် ၁၁၂၆ ခု(အေဒီ ၁၇၆၄)နှင့် မြန်မာနှစ် ၁၁၄၅ ခု(အေဒီ ၁၇၈၃) နှစ် တွင် အထက်ချင်းတွင်းနယ်နှင့် ကဘော်နယ် အပါအဝင် သောင်သွပ်ရှမ်းပြည်ကို အုပ်ချုပ်သည့် စော်ဘွားကြီး နှစ်ပါးနှင့် အမတ်တို့ ရေးသားဆက်သွင်းသည့် စစ်တမ်း(၂)စောင်တွင် ရှမ်းနီဟု ထင်ရှားလာမည့် ရှမ်းတိုင်းရင်းသား တို့၏ မြို့ရွာတည်ထောင်မှု မှတ်တမ်းကို တွေ့နိုင်ပါသည်။

စစ်တမ်းတွင် ပါဝင်သည့် အချက်များနှင့် ပတ်သက်၍ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာတိုးလှက “ဘုရား မပွင့်မီ နှစ်ပေါင်း ၃၀၀ ကျော်(ဘီစီ ၈၀၀)လောက်ကတည်းက လူနေအိမ်ခြေများ ရှိနေပြီဖြစ်ကြောင်းနှင့် မြို့ကိုမူ မဇ္စျိမ ဒေသ ရာဇဂြိုလ်တွင် အဇာတသတ်စိုးစံစဥ် တည်ထောင်ခဲ့ကြောင်း ဆိုလေသည်။ မူလမြို့အမည်မှာ ရှမ်းဘာသာ ဖြင့် စဲကော်(စီးကော်)ဟု ခေါ်ဆို၍ စတင်စိုးစံသော စော်ဘွားမှာ သိုဟိုဘွား(သိုဟုံဘွား)ဖြစ်လေသည်။ မြေမြို့ အဝန်းတာ ၃၀၀ (၉၀၀)နှင့် တံခါး(၉)ရပ် ရှိပါသည်” ဟူ၍ ချင်းတွင်းမြစ်သာ မူးဧရာစာအုပ်တွင် ဖော်ပြပါသည်။

သောင်သွပ်မြို့တည် ကာလကိုလည်း မူလစစ်တမ်းတွင် “သောင်သွပ်မြို့သည် ဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူ သည်နောက်၊ ရာဇဂြိုလ်ပြည်ကို အဇာတသတ် မင်းပြုသည်၊ မြေမြို့ အဝန်းတာ ၉၀၀ တည်၍၊ ရှမ်းဘာသာ စဲကော်မြို့ သမုတ်ပြီးလျှင် သိုဟုံဘွား စားသည်” ဟု ဖော်ပြထားပါသည်။

မူလစစ်တမ်းပါ ဝေါဟာရများကို လေ့လာ ကြည့်သည့်အခါတွင် စဲကော်(စီးကော်)ဆိုသည်မှာ ရှမ်းဝေါဟာရ “စေကော်- မြို့တော်သစ်”ဟု အဓိပ္ပာယ်ရပါသည်။ စစ်တမ်းပါ သိုဟိုဘွား (သိုဟုံဘွား) ဆိုသည်မှာ ရှမ်းဝေါဟာရ အားဖြင့် “ဆေဟုမ်ဖှ- ကောင်းကင်ကို စိုးမိုးသည့် ကျားမင်း”ဟု၍ အဓိပ္ပာယ်ရသဖြင့် သောင်သွပ်မြို့ကို ကျား အိမ်တော် မျိုးရိုးက စတင်တည်ထောင် အုပ်ချုပ်နေသည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။

ထိုစစ်တမ်းအရ ရှမ်းနီဖြစ်လာမည့် ရှမ်းတိုင်းရင်းများသည် ဘုရားရှင် မပွင့်မီ ဘီစီ ၈၀၀ ခန့်ကပင် လက်ရှိအထက် ချင်းတွင်းနယ်နှင့် ကဘော်နယ်သို့ စတင်ရောက်ရှိ နေထိုင်လာခဲ့ကြပြီး ၎င်းတို့၏ မြို့ပြနိုင်ငံ ထူထောင်မှုသည် ဘုရားရှင် ပရိနိဗ္ဗာန်ပြုအပြီး အိန္ဒိယနိုင်ငံတွင် အဇာတသတ်မင်း စိုးစံသည့် ကာလနှင့်တွက်လျှင် ဘီစီ ၅၄၄ တွင် စတင်နေပြီဟု သုံးသပ်နိုင်ပါသည်။

သောင်သွပ်စစ်တမ်းနှင့် တွဲဖက်လေ့လာရမည့် စစ်တမ်းတစ်စောင်သည် မြန်မာနှစ် ၁၁၂၆ ခု(အေဒီ ၁၇၆၄) တွင် ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာ ကဘော်နယ်၊ ခမ်းပတ်ဒေသကို အုပ်ချုပ်သည့် ခမ်းပတ်စော်ဘွား စဝ်ခမ်း ဆက် သွင်းသည့် စစ်တမ်းဖြစ်သည်။

ထိုစစ်တမ်းတွင်- “သာသနာတော်သက္ကရာဇ် ၉၂ တွင် ပန်ယူ၊ ပန်ဝမြို့သမုတ် တည်ထောင်ပါသည်။.....ရှမ်းဘာသာ ရွှေကို ခန်း၊ ပတ်ကို ပတီခေါ်ဝေါ်နှင့်အညီ မင်္ဂလာခန်းပတ်မြို့သမုတ် တွင်ပါသည်”ဟူ၍ ဖော်ပြထားသည်ကို တွေ့ရသည်။

စစ်တမ်းပါ ခန်းဆိုသည်မှာ ရှမ်းဝေါဟာရ “ခန်း-ခမ်း- ရွှေ”ဖြစ်ပြီး ပတ်ဆိုသည်မှာ ရှမ်းဝေါဟာရ “ပတ်- ပယင်း (သို့မဟုတ်) ပယင်းပုတီး” ဟု အဓိပ္ပာယ်ရပါသည်။

ထို့ကြောင့် ခမ်းပတ်ဆိုသည်မှာ ရှမ်းဘာသာအားဖြင့် ရွှေပယင်းပုတီးမြို့ဟု အဓိပ္ပာယ်ရပါသည်။ ထိုဒေသကို ရှမ်းနီ တိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားများ လာရောက်၍ မြို့ရွာ တည်ထောင်သည့် ကာလသည် စစ်တမ်းပါ သာသနာနှစ်အရ ဘီစီ ၄၅၂ ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။

အထက်ပါ စစ်တမ်းများနှင့် ဆက်စပ် လေ့လာသင့်သည့် စစ်တမ်းသည် မိုးညှင်းစစ်တမ်း ဖြစ်သည်။ ထိုစစ်တမ်း တွင် မိုးညှင်းမြို့ကို တည်ထောင်သည့်နှစ်ကို- “သာသနာတော်နှစ် ၇၃ ခု၊ ကဆုန်လပြည့်ကျော် ၃ လ ရက် ၅ နေ့(ကြာသပတေး) (ဘီစီ၄၇၁) နံနက် ၄ ချက်တီးကျော် ၂ မောင်းတွင် မိုးညှင်းမြို့ကို ‌သောင်းခမ်းကျော်တည် သည်”ဟူ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ The Royal Orders of Burma, A.D.1598-1648,Vol.1 တွင် တွေ့ရပါသည်။

စစ်တမ်းပါ မိုးညှင်းမြို့တည်မင်း၏ အမည်မှာ ရှမ်းဘာသာအရ “သောင်းခမ်းကျော်- တောက်ဝ် ခမ်းကျောက်ဝ်> ရွှေရတနာအစိုးရသည့် ဓားသခင်” ဟု အဓိပ္ပာယ်ရသဖြင့် မိုးညှင်းကို တည်ထောင်သော ရှမ်းမင်းရိုးသည် တောက်ဝ် ဟုခေါ်သော ဓားအိမ်တော်မျိုးရိုးက ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။

ထို့အပြင် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားများသည် မိုးညှင်းမြို့ကို တည်ထောင်သည့် ကာလသည် စစ်တမ်းပါ သာသနာနှစ်အရ ဘီစီ ၄၇၁ ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။

ခိုင်မာသည့် စစ်တမ်းများကို အားဖြည့်ပေးနိုင်သည့် မှတ်တမ်းများမှာ ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းဆိုင်ရာ မှတ်တမ်းများဖြစ်သည်။ ထိုမှတ်တမ်းများသည်လည်း လူမျိုးများ၏ ဆင်းသက်ပြန့်ပွားလာပုံကို ဆက်စပ်၍ လေ့လာနိုင်သော မှတ်တမ်းများ ဖြစ်ပါသည်။

ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားများ၏ အထက်မြန်မာပြည်အတွင်း ဝင်ရောက်လာချိန်နှင့် မြို့ရွာ တည်ထောင်မှု မှတ်တမ်းများသည် ဘုရားသမိုင်းပြုစုသူတို့၏ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှု၊ သာသနာ သမိုင်းနှင့် ဆက်စပ်ဖော်ပြမှု၊ သဘာဝလွန် တန်ခိုးရှင်များ(နတ်၊ နဂါးစသည်)ကို တွဲဖက်ဖော်ပြမှုများအရ သူ့ချည်း သက်သက် လေ့လာလျှင် ပြည့်စုံသည့် အကိုးအကားရရှိရန် မလွယ်လှပါ။

သို့သော် ခိုင်မာသည့် စစ်တမ်းများနှင့် ဆက်စပ်လေ့လာပါက ပြည့်စုံသည့် အကိုးအကား အထောက်များဖြစ်နိုင် သည့် မှတ်တမ်းကောင်းများ ဖြစ်ပါသည်။ ဤသည်ကို အင်းတော်ကြီး အတ္ထုပ္ပတ္တိနှင့် ရွှေမဉ္ဇူဘုရားသမိုင်း၊ ဗန်းမော် မြို့ ရွှေကျီးနားနှင့် သိမ်တော်ကြီးဘုရားသမိုင်း စသည့် မှတ်တမ်းများက သက်သေထူနေပါသည်။

အင်းတော်ကြီး အတ္ထုပ္ပတ္တိနှင့် ရွှေမဉ္ဇူဘုရားသမိုင်းတွင် သဘာဝလွန် တန်ခိုးရှင်များဖြစ်သည့် နတ်များ၊ နဂါးများ၏ အကြောင်းအရာများ၊ မြို့၏စည်ကားမှု သဘောကို သိသာစေရန် အလွန်အကြူး ဖော်ပြထားသည့် အိမ်ခြေ အရေ အတွက်များကို ပယ်နုတ်၍ သမိုင်းသုတေသနအားဖြင့် လေ့လာလျှင် လက်ရှိအင်းတော်ကြီး ရေပြင်ရှိရာ နေရာ သည် ရှေးယခင်ကာလက မြို့တစ်မြို့ရှိခဲ့သည်ကို အခိုင်အမာ သိရှိနိုင်ပေသည်။

ဤသို့ အခိုင်အမာ သိရှိနိုင်ခြင်းမှာ ဘုရားသမိုင်းမှတ်တမ်းပါ- “သာသနာတော်သက္ကရာဇ် ၂၆၄ ခုနှစ်တွင် ဥတ္တရစော ဖြူမင်းသည် အိမ်ခြေကိုးသန်းရှိ ဥတ္တရဌာနီစည်ခမ်းမြို့ တည်သောနှစ်ဖြစ်သည် ”ဟူသော အချက်အလက်အရ ဖြစ်ပါသည်။

ဤမှတ်တမ်းပါ သာသနာနှစ်အရ ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားတို့သည် ဘီစီ ၂၇၉ ကာလတွင် အင်းတော်ကြီးဒေသ၌ မြို့ပြတည်ထောင်၍ နေထိုင်နေပြီဟု သုံးသပ်နိုင်ပေသည်။

မှတ်တမ်းပါ မြို့၏ အမည်ဖြစ်သည့် စည်ခမ်းဟူသော ဝေါဟာရသည် ရှမ်းဘာသာအားဖြင့် “စေခမ်း-ရွှေမြို့တော်” ဟု အဓိပ္ပာယ်ရနေခြင်းကလည်း ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားတို့ တည်ထောင်သွား သည့် မြို့တော်ဖြစ်ခြင်းကို ဘာသာစကားရှုထောင့်က သက်သေခံနေပေသည်ဟု သုံးသပ်နိုင်ပါသည်။

ဗန်းမော်မြို့ ရွှေကျီးနားနှင့် သိမ်တော်ကြီး ဘုရားသမိုင်းတွင် ဗန်းမော်မြို့၏ သမိုင်းအစကို စမ္ပာနဂိုရ်မြို့ဟောင်းနှင့် ဆက်စပ်၍ ဖော်ပြသည်။ စမ္ပာနဂိုရ်မြို့ပြနိုင်ငံ၏ ရှေးဦးမင်းတို့သည် အိန္ဒိယမှလာသည့် မင်းများဖြစ်၍ ဘွဲ့မည်များ သည် စမ္ပေရ၊ ဗြဟ္မကုမာရ၊ ဝိလာသ စသည့် ပါဠိအမည်များ ဖြစ်နေသည်ကို တွေ့ရှိရသည်။

သို့သော် ထိုမင်းများ အုပ်ချုပ်ရာဒေသရှိ ဒေသခံများကိုမူ ရှမ်းများအဖြစ် ဖော်ပြသည်ကို တွေ့ရသည်။

အထူးသဖြင့် ဗြဟ္မကုမာရမင်း၏ သားမက်တော်သည် အိုက်ခေါတော် အမည်ရှိ ရှမ်းလူမျိုး ဖြစ်ကြောင်းကို ဖော်ပြ ထားသည်ကို တွေ့ရသည်။ အိုက်ခေါတော်သည် ဗြဟ္မကုမာရမင်း၏ သမီးတော်နှင့် လက်ဆက်၍ စမ္ပာနဂိုရ်မြို့ကို အုပ်ချုပ်သည့် မင်းအဖြစ်ကိုရရှိကြောင်း ဖော်ပြထားသည်ကလည်း အိန္ဒိယကလာသည့် မင်းမျိုးရိုးသည် များစွာ အင်အား မကောင်းလှဘဲ ဒေသခံရှမ်းများကို အဓိကအားပြုခဲ့ရပြီးနောက် ရှမ်းလူမျိုးများကပင် ဆက်လက် အုပ်ချုပ် မင်းလုပ်ခဲ့ကြသည်ဟု သုံးသပ်နိုင်ပေသည်။

အိုက်ခေါတော်မင်း၏ မြေးတော် ဝိလာသမင်းသည် စမ္ပနဂိုရ်မြို့ပြနိုင်ငံကို အုပ်ချုပ်ချိန်မှာ သာသနာတော် သက္ကရာဇ် ၂၀၀ ကျော်ကာလဟု ဘုရားသမိုင်းတွင် ဖော်ပြထားရာ ဘီစီ ၂၉၃ ကာလဖြစ်ရာ ဤကာလတွင် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားတို့သည် ဗန်းမော်နယ်တွင် အင်အားကောင်းစွာ အခြေချ နေထိုင်နေပြီဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။

အဆိုပါ စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီ သမိုင်းများကို တိုက်ဆိုင်စစ်ဆေးရန် ရှမ်းသမိုင်း မှတ်တမ်းများ ကို ဆက်လက် လေ့ရာရာတွင် မိုးမိတ်ရာဇဝင်တော် သစ်ကျမ်းနှင့် ဇမ္ဗူ့ဒီပဥဆောင်းကျမ်းတို့တွင် ဆက်စပ်သည့် သမိုင်းမှတ်တမ်းများ ပါရှိသည်ကို တွေ့ရပါသည်။

ထို့အတူ ကုန်းဘောင်မင်းဆက် ရာဇဝင်တော် ကျမ်းတွင်လည်း ဆက်စပ်သည့် သမိုင်းမှတ်တမ်းများ ပါရှိသည်ကို တွေ့ရပါသည်။

အထူးသဖြင့် မိုးညှင်း၊ မိုးကောင်း၊ ကလေး၊ သောင်သွပ်၊ ဝန်းသိုတို့တွင် အုပ်ချုပ်သည့် ရှမ်းမင်းရိုးတို့၏ ဇစ်မြစ်ကို အဆိုပါသမိုင်း မှတ်တမ်းများက ဖော်ပြကြသည်ကို တွေ့ရပေသည်။

ထိုမှတ်တမ်းများကလည်း ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်း တိုင်းရင်းသားများသည် ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်း၊ ကဘော်ချိုင့် ဝှမ်းဒေသ၊ ကချင်ပြည်နယ် အတွင်းရှိ သံလမ်းရိုးနှင့် ဧရာဝတီမြစ်ရိုး ဒေသများတွင် ခရစ်တော်မပေါ်မီကာလ ကတည်းက မြို့ရွာတည်ထောင်၍ နေထိုင် ခဲ့ကြသည်ကို ဖော်ပြထားပေသည်။

ထို့ကြောင့် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများ သည် ခရစ်‌တော်မပေါ်မီ ကာလကပင် ယဥ်ကျေးမှုမြင့်မားသည့် လူမျိုးကြီးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင် ခဲ့ပြီဟု သုံးသပ်ရပေသည်။

ဤစစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီ သမိုင်းများအရ ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများ၏ အထက်မြန်မာပြည်သို့ ဝင်ရောက်အခြေချ နေထိုင်မှုနှင့် မြို့ပြ နိုင်ငံငယ်များ တည်ထောင်အုပ်ချုပ်မှုသည် ဘီစီ ၈၀၀-၂၇၀ အတွင်း ကာလဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။

ဘီစီ ၈၀၀ ခန့်တွင် အဆိုပါ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများသည် ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်းနှင့် ကဘော်ချိုင်းဝှမ်းဒေသသို့ ဝင်ရောက်နေထိုင်လာခဲ့ကြသည်ကို သောင်သွပ် စစ်တမ်းအရ သိရှိနိုင် ပေသည်။

ဘီစီ ၈၀၀ ခန့်က စတင်အခြေချ နေထိုင်ခဲ့ကြသည့် တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်း တိုင်းရင်းသား များသည် (၂၅၆)နှစ်အကြာ ဘီစီ ၅၄၄ တွင် သောင်သွပ်မြို့ပြနိုင်ငံကို ထူထောင် နိုင်ခဲ့ကြသည်ဟု သုံးသပ်နိုင်ပါသည်။

ထို့နောက် ပိုမို အင်အားတောင့်တင်းလာသဖြင့် (၉၂)နှစ်အကြာတွင် ခမ်းပတ်မြို့ပြနိုင်ငံကို ဆက်လက် ထူထောင် နိုင်ခဲ့သည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။

ရှမ်းနီတိုင်းရင်းသားများဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများသည် ချင်းတွင်း မြစ်ဝှမ်းအထက်ပိုင်းနှင့် ကဘော်ချိုင့်ဝှမ်းဒေသတွင်ပင် ဘီစီ၅၄၄တွင် သောင်သွပ်မြို့ပြနိုင်ငံကို တည်ထောင်ခဲ့ ကြပြီဆိုလျှင် ကချင်ပြည်နယ်အတွင်းရှိ ဒေသများတွင်လည်း ထိုကာလလောက်ကစ၍ ပြန့်နှံ့ နေထိုင်ကြလိမ့်မည် ဟု ဆက်စပ်ယူဆနိုင်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ ပြန့်နှံ့စွာ နေထိုင်လာခဲ့ ခြင်းကြောင့် ဘီစီ ၄၇၁ တွင် မိုးညှင်းမြို့ပြနိုင်ငံကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ မိုးညှင်းမြို့ပြနိုင်ငံကို ထူထောင်အပြီး နှစ်ပေါင်း (၁၇၈) နှစ် အကြာ ဘီစီ ၂၉၃ တွင် စမ္ပာနဂိုရ်မြို့ပြနိုင်ငံကို ဗန်းမော်နယ်တွင် လည်းကောင်း၊ နှစ်ပေါင်း(၁၉၂)အကြာ ဘီစီ ၂၇၉ တွင် စည်ခမ်းမြို့ပြ နိုင်ငံကိုလည်းကောင်း အင်းတော်ကြီးဒေသတွင်လည်းကောင်း ဆက်လက် ထူထောင်နိုင်ခဲ့ သည်ဟု သုံးသပ်နိုင်ပေသည်။

ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် အဆိုပါ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသား များ၏ ဆင်းသက်ပြန့်ပွားလာသည့် သမိုင်းစဥ်တွင် အိန္ဒိယနှင့် ပတ်သက်သော အကြောင်းအရာအချို့ကို ခေတ်ပြိုင် မှတ်တမ်းသဘောမျိုးဖြင့် ထည့်သွင်းဖော်ပြလေ့ရှိသည်ကို စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းများ တွင် တွေ့ရှိရသည်။

ဤအချက်သည် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် အဆိုပါ တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်းတိုင်းရင်းသားများနှင့် အိန္ဒိနိုင်ငံအတွင်းရှိ မြို့ပြနိုင်ငံများအကြားတွင် လူမှုစီးပွားဆိုင်ရာ ဆက်စပ်မှုများ ရှိနေ သည်ကို ဖော်ပြနေပေသည်။

အထူးသဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စာပေအပိုင်းတွင် မိမိတို့ထက် များစွာဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သော မဇ္ဈိမတိုင်းခေါ် အိန္ဒိယနိုင်ငံအတွင်းရှိ မြို့ပြနိုင်ငံသားများကို ဆရာတင်ခဲ့ရလိမ့်မည်ဟုလည်း သုံးသပ်ရ ပေသည်။

တစ်ခါတစ်ရံတွင် အိန္ဒိယကလာသည့် လူမျိုးများက အုပ်ချုပ်သူအနေဖြင့် လာရောက်အုပ်ချုပ်မှု ရှိခဲ့ပြီး ၎င်းမင်းဆက်ကို ဒေသခံ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများက ဆက်ခံ အုပ်ချုပ်သည် ဟူ၍လည်း သုံးသပ်နိုင်ပါသေးသည်။

ဤအချက်အလက်များနှင့် ပတ်သက်၍မူ ခေတ်ပြိုင် မှတ်တမ်းများနှင့် မြေပေါ်မြေအောက် အထောက် အထားများကို ဖော်ပြမည့်အခန်းတွင် ဆက်လက် ဖော်ပြသွားပါမည်။

ဤအပိုင်းကို ခြုံငုံ၍သုံးသပ်ရလျှင် ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်းဒေသများ၊ ကဘော်ချိုင်းဝှမ်းဒေသများ၊ ကချင်ပြည်နယ်အတွင်းရှိ သံလမ်းရိုးနှင့် ဧရာဝတီမြစ်ရိုး ဒေသများတွင် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာကြမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများသည် ခရစ်တော်မပေါ်မီ ကာလကပင် အင်အား ကြီးမားစွာ ပြန့်နှံ့နေထိုင်နေသည်သာမက မြို့ပြနိုင်ငံများပါ ထူထောင်နိုင်သည်အထိ ယဥ်ကျေးမှုမြင့်မားနေပြီဟူ၍ သုံးသပ်တင်ပြလိုက်ရပါသည်။ ။


✨လေ့လာသူ မမြင်ဖူးသူတို့ သိမ်းထားနိုင်ရန်၊မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်😇
All rights and credits go to rightful owner.

https://cnimyanmar.com/.../opinoin/16564-2023-08-14-11-32-46

Original Link -  https://www.facebook.com/photo/?fbid=422396840111134&set=a.422392610111557

သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ (အပိုင်း-၁)

 

သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ (အပိုင်း-၁)
CNI Article
မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သော တိုင်းပြည် ဖြစ်သည့်တိုင် ရှမ်းနီတိုင်းရင်း သားများကိုတော့ သိရှိခြင်း နည်းလှသည်။

ရှမ်းနီတိုင်းရင်းသားများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ချင်းတွင်းမြစ်ဝှမ်းတွင် နေထိုင်ကြသည့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုကြီး ဖြစ်သည်။

ထိုဒေသများသို့ ရှမ်းနီတိုင်းရင်းသားများ အခြေချနေထိုင်ခဲ့ကြသည်မှာ နှစ်ကာလများစွာ ကြာရှည်ခဲ့ပြီ ဖြစ်သည်။

သမိုင်းကြောင်း တစ်လျှောက်တွင် မြို့၊ ရွာ တည်ထောင်၍ စတင်နေထိုင်ခဲ့ကြရာမှ အစပြု၍ မြို့ပြနိုင်ငံ ငယ်များ ထူထောင်ခြင်း၊ မြို့ပြနိုင်ငံငယ်များစုပေါင်း၍ နိုင်ငံကြီးတစ်ခုအဖြစ် ထူထောင်ခြင်း စသည့် အကောင်း လောကဓံများဖြင့် စံစားခဲ့ရသကဲ့သို့ လက်အောက်ခံ ပဏ္ဏာဆက် ပြည်ထောင်များအဖြစ် ကျရောက်ခြင်း၊ အခြား သော ပြည်ထောင်များအတွင်း သွတ်သွင်း၍ နယ်မြေများဆုံးရှုံးရခြင်းဆိုသော အဆိုးလောကဓံများလည်း ခံစားခဲ့ရသည့် လူမျိုးဟု ဆို၍လည်း ရနိုင်ပါသည်။

အဆိုပါ ရှမ်းနီတိုင်းရင်းသားများနှင့် ပတ်သက်သည့် သမိုင်းမှတ်တမ်းများကို ဖော်ထုတ်၍ သုတေသနပြု ရာတွင် ရှေးဟောင်းရှမ်းစာဖြင့် ရေးသားထားသည့် ပုရပိုက်များ၊ ရှေးဟောင်း တရုတ်နန်းတွင်း မှတ်တမ်းများ၊ မြန်မာ့သမိုင်း ဆိုင်ရာ မှတ်တမ်းများနှင့် အင်္ဂလိပ်ခေတ် မှတ်တမ်းများကို အခြေခံ၍ လေ့လာမှသာ ပြည့်စုံနိုင်မည် ဖြစ်သည်။

ထို့ကြောင့် သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားတို့၏ အကြောင်းကို လေ့လာ ဖော်ထုတ်ရာတွင် အခြေခံ ဖြစ်သည့် အမည်နာမဆိုင်ရာ ဖွင့်ဆိုမှုများကစ၍ ကြိုးစားဖော်ထုတ်တင်ပြလိုပါသည်။

မြန်မာဘာသာစကားဖြင့် “ရှမ်း”ဟု ရည်ညွှန်းခေါ်ဆိုခြင်းခံရသည့် တိုင်းရင်းသားမျိုး နွယ်စုကြီးသည် မိမိ ကိုယ်ကိုယ် “TAI- တိုင်း”ဟူ၍လည်းကောင်း၊ “DAI- ဒိုင်”ဟူ၍လည်းကောင်း၊ “THAI-ထိုင်း”ဟူ၍လည်း ကောင်း အသီးသီး ခေါ်ဆိုကြပါသည်။

ရှမ်းတိုင်းရင်းသားတို့၏ နေထိုင်ပျံ့နှံ့ရာ ဒေသများကို လေ့လာကြည့်ရာတွင် တရုတ်ပြည် အနောက် တောင်ပိုင်း၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီယား၊ မြန်မာနှင့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်း အာသံ၊ အရူနာ ချာပရာဒေ့ရှ်ပြည်နယ်တို့တွင် နေထိုင်လျက်ရှိကြသည်ကို တွေ့ရပါသည်။

ဆရာစိုင်းအောင်ထွန်း၏ History of the Shan State(From Its Origins to 1962)ကျမ်းတွင် “ရှမ်း တိုင်းရင်းသားများကို ၎င်းတို့၏ ဝတ်စားဆင်ယင်မှု အရောင်များ၊ သွားအရောင်များ၊ မင်ကြောင် ထိုးထားသည့် အ‌ရောင်များ အရ ရည်ညွှန်းခေါ်ဆိုသည့် အမည်အမျိုးမျိုးဖြင့် လူသိများသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့နေထိုင်ရာ ချောင်းများ၊ မြစ်များ၊ အင်းအိုင်များ၊ သစ်တောများ၊ လွင်ပြင်များ၊ တောင်ကုန်းတောင်တန်းများ၊ ချိုင့်ဝှမ်းဒေသများ၏ အမည်များဖြင့် ရည်ညွှန်း ခေါ်ဝေါ်ကြသည်” ဟူ၍ ဖော်ပြထားပါသည်။

ထိုဖော်ပြချက်အရ တိုင်းနိုင်း၊ တိုင်းဒိုင်း၊ တိုင်းလိုင်၊ တိုင်းခန္တီး၊ တိုင်းနေ၊ တိုင်းမာဝ်း စသည့် ရှမ်းမျိုးနွယ်စု အမည်များသည် ဝတ်စားဆင်ယင်မှုအရ၊ နေထိုင်ရာဒေသ၊ ရေ၊ မြေအရ ရည်ညွှန်းခေါ်ဆိုကြခြင်း ဖြစ်ကြောင်းကို လေ့လာ သိရှိရပါသည်။

ထို့အပြင် ရှမ်းမျိုးနွယ်စုကြီးတွင် အထက်ပါ ရည်ညွှန်းချက်များအရ မျိုးနွယ်စုခွဲများ ရှိနေသော်လည်း ၎င်းမျိုးနွယ်စုခွဲများကို မည်သည့်လူမျိုး ဖြစ်သနည်းဟု မေးကြည့်ပါလျှင် “TAI- တိုင်း”၊ “DAI- ဒိုင်”၊ “THAI-ထိုင်း” ဟူ၍လည်းကောင်း၊ “ KUN TAI- ကွန်းတိုင်း”၊ “KUN DAI- ကွန်းဒိုင်”၊ “HKUN THAI-ခွန်ထိုင်း”ဟူ၍လည်းကောင်း တူညီစွာ ဖြေဆိုကြသည်ကိုလည်း တွေ့ရမည် ဖြစ်ပါသည်။

ထိုနေရာတွင် “TAI- တိုင်း”၊ “DAI- ဒိုင်”၊ “THAI-ထိုင်း”တို့၏ အဓိပ္ပာယ်ကို သိရှိရန် လိုအပ်ပါသည်။

ဆရာတော်အရှင်သုခမိန္ဒ(တန့်ယန်း)၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများကျမ်း တွင် “TAI- တိုင်း”၊ “DAI- ဒိုင်”၊ “THAI-ထိုင်း” တို့၏ အဓိပ္ပာယ်ကို “ယဥ်ကျေးမှု ထွန်းကားသောလူ(Social Man)၊ နိုင်ငံသား(Native)၊ လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်း” ဟူ၍ ဖော်ပြထားပါသည်။

ဆရာတော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် မြေပြင်ကွင်းဆင်း လေ့လာချက်များနှင့် များစွာကိုက်ညီမှု ရှိသည်ကို တွေ့ရသည်။

ဥပမာအားဖြင့်- ရှမ်းစကားတွင် မိုးကောင်းက ရှမ်းလူမျိုး၊ ဟုမ္မလင်းက ရှမ်းလူမျိုးဟူ၍ လူကို အရပ်ဒေသနှင့် တွဲဖက်၍ ရည်ညွှန်းခေါ်ဆိုသည့်အခါ “TAI MONG KWANG, TAI HOMALIN” ဟူ၍ ခေါ်ဝေါ်ကြသည်ကို တွေ့ရပါ သည်။

ထို့အပြင် ရှမ်းတိုင်းရင်းသားများ၏ ရှေးမှတ်တမ်းများတွင် နိုင်ငံသားဟု ညွှန်းဆို ခေါ်ဝေါ်လိုသည့်အခါ နိုင်ငံအမည် နှင့် တွဲဖက်၍ မိုင်းမောနိုင်ငံသားကို “TAI MONG MAO”၊ မိုးညှင်းနိုင်ငံ သားကို “TAI MONG YANG”၊ ဇင်းမယ် (ချင်းမိုင်)နိုင်ငံသားကို “TAI CHIANG MAI”ဟူ၍ ခေါ်ဝေါ်ကြသည်ကို တွေ့ရပါသည်။

သို့ဖြစ်၍ “TAI- တိုင်း”၊ “DAI- ဒိုင်”၊ “THAI-ထိုင်း”တို့သည် ရှမ်းတိုင်းရင်းသားများက မိမိကိုယ်ကိုယ် ရည်ညွှန်း ခေါ်ဝေါ်သည့် အမည်ဖြစ်ပြီး “ရှမ်း”ဆိုသည်မှာ အခြားလူမျိုးများက ရှမ်းတိုင်းရင်းသားများကို ခေါ်ဝေါ်သည့် အမည်ဖြစ်သည်ဟု နားလည်ရမည် ဖြစ်ပါသည်။

“ရှမ်း”ဟူသော အမည်သည် အခြားလူမျိုးများ ခေါ်ဝေါ်သည့် စကားဟုဆိုလျှင် မည်သည့် ဘာသာစကား ရင်းမြစ် က ဆင်းသက်လာသည်ကို ဆက်လက်လေ့လာရန် လိုအပ်မည်ဖြစ်ပါသည်။

ဤတွင် ဆရာတော်ဦးခေမိန္ဒက မိုးမိတ် ရာဇဝင်တော်သစ်ကျမ်းတွင် “သာမိ ဣဿရိယ တီတိ သာမ။ သာမိ- အရှင်သခင်အဖြစ်ဖြင့်၊ ဣဿရိယ- အစိုးရတတ်၏။ ဣတိတသ္မာ- ထို့ကြောင့်၊ သာမိ- သာမိမည်၏” ဟူ၍ ဝိဂြိုလ်ပြု၍ ဖွင့်ဆိုပြထားပါသည်။

ထိုဖွင့်ဆိုချက်အရ ဆရာတော်သည် ရှမ်းဆိုသည်မှာ အရှင်သခင်အဖြစ် အုပ်ချုပ်တတ်သည့် ယဉ်ကျေးမှု အဆင့် အတန်း မြင့်မားမှုရှိသော လူမျိုးကြီးဖြစ်သည်ကို ပါဠိဘာသာဖြင့် ဖွင့်ဆိုပြခြင်း ဖြစ်ပါသည်။

ဤဖွင့်ဆိုချက်သည် ရှမ်းတိုင်းရင်းသားတို့၏ နန်စောနိုင်ငံ(NAN CHAO)၊ မိုင်းမောနိုင်ငံ(MONG MAO)တို့အပြင် မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ဗန်းမော်၊ ကလေး၊ သောင်သွပ်၊ ဝန်းသို၊ သိန္နီ၊ အုန်းပေါင်(သီပေါ)၊ ညောင်ရွှေ၊ မိုးနဲ၊ မိုးဗြဲ၊ ကျိုင်းတုံ စသည့် ပြည်ထောင်ငယ်များ တည်ထောင်အုပ်ချုပ် စိုးမိုးခဲ့ခြင်းကို ဖော်ညွှန်းနိုင်ပေသည်။

ထိုသာမဆိုသည့် ပါဠိစကားကနေ “အသမ ၊ သျာမ၊ သျံ၊ သျှမ်၊ သျှမ်း” စသဖြင့် အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။

ပုဂံခေတ် ကျောက်စာများတွင် “သျံ”ဟူ၍ ရေးထိုးခဲ့သည်ကို တွေ့ရပြီး ကုန်းဘောင်ခေတ်၊ စိန္တကျော်သူဦးသြ၏ ကဝိလက္ခဏသတ်ပုံကျမ်းတွင် “ကျိုင်းတောင်း၊ ကျိုင်းတုံ၊ မြို့မိုင်းလုံ၊ မော်တုံရှမ်းတို့ကျေး။ ရှမ်းမင်းဇလုံ၊ ရဲးရည်ယုံ၊ တိတ္ထုံ နေ့မရွေး” ဟူသော ဖော်ပြချက်အရ ကုန်းဘောင်ခေတ်ကစ၍ မျက်မှောက်ခေတ်တိုင် ရှမ်းဟု ပြောင်းလဲ၍ ရေးသား လာခဲ့သည်ကို တွေ့ရှိရသည်။

သို့ဖြစ်၍ ရှမ်းဟူသော စကားသည် သာမိဆိုသည့် ပါဠိဘာသာစကားမှ ပြောင်းလဲ ခေါ်ဆိုလာသည့် ဝေါဟာရဖြစ်၍ အခြားသော လူမျိုးများက ရှမ်းတိုင်းရင်းသားများကို ခေါ်ဆိုသည့် အမည်ဖြစ်သည်ဟု ဆိုနိုင်ပါ သည်။

မြန်မာအဘိဓာန်တွင်မူ ရှမ်းဟူသည့် ဝေါဟာရကို “ထိုင်းတရုတ်အုပ်စုဝင် ဘာသာစကား တစ်မျိုးကို ပြောဆို သော မြန်မာတိုင်းရင်းသားတစ်မျိုး။ (ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းတွင်းမြစ် အထက်ပိုင်း ဒေသတို့တွင် အများအား ဖြင့် နေထိုင်သည်။)”ဟူ၍ ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။

မြန်မာအဘိဓာန်၏ ဖွင့်ဆိုချက်တွင် ဘာသာစကားအုပ်စုနှင့် နေထိုင်ရာဒေသကို အခြေခံ၍ ဖွင့်ဆိုထားခြင်း ဖြစ်ပါ သည်။ ရှမ်းတိုင်းရင်းသား မျိုးနွယ်စုကြီးသည် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ပညာရှင်များ၏ လေ့လာချက်အရ ထိုင်း- တရုတ်အုပ်စုဝင် ဘာသာစကားကို ပြောဆိုကြသဖြင့် ရေးသားသည့် စာပေပုံသဏ္ဌာန်ချင်း မတူညီစေကာမူ ပြော ဆိုသည့် ဘာသာစကားမှာ အများအားဖြင့် တူညီကြောင်း တွေ့ရှိရသည်။

ဥပမာ- အခြေခံစားသောက်မှုဆိုင်ရာ ဝေါဟာရများ၊ ရေတွက်မှုဆိုင်ရာ ဝေါဟာရများ၊ နေထိုင်မှုနှင့် ဝတ်စား ဆင်ယင်မှုဆိုင်ရာ ဝေါဟာရများသည် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများအကြားတွင် ကွဲပြားမှု မရှိလှသည်ကို တွေ့ရပါသည်။
မိမိအနေဖြင့် မြန်မာအဘိဓာန်ပါ နေထိုင်ရာဒေသကို အခြေခံထားသည့် ဖွင့်ဆိုချက်အရ ကချင်ပြည်နယ် နှင့် ချင်းတွင်းမြစ် အထက်ပိုင်းဒေသတို့တွင် အများအားဖြင့် နေထိုင်သည့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများထဲမှ ရှမ်းနီတိုင်းရင်းသား မျိုးနွယ်စုကြီး၏ အကြောင်းကို အထူးပြုတင်ပြလိုပါသည်။

ရှမ်းနီတိုင်းရင်းသား မျိုးနွယ်စုကြီးသည် အထက်က ပညာရှင်များ ဖော်ပြထားသည့် အချက်များနှင့် ကိုက်ညီသည့် ထိုင်း-တရုတ် ဘာသာစကား ပြောဆိုသည့် ရှမ်းတိုင်းရင်းသား အစုဝင်ပင် ဖြစ်ပါသည်။

မြန်မာစကားဖြင့် “ရှမ်းနီ”ဟု ရည်ညွှန်း ခေါ်ဆိုသော်လည်း ၎င်းတို့သည် နေထိုင်ရာ ဒေသကိုလိုက်၍ မိမိ ကိုယ်ကိုယ် “TAI NENG- တိုင်းနိုင်း၊ “TAI DENG- တိုင်းဒိုင်း”၊ “TAI LENG- တိုင်းလိုင်”ဟု ဗျည်းသံပြောင်းလဲ၍ ခေါ်ဆိုကြသည်ကို တွေ့ရပါသည်။

ယေဘုယျအားဖြင့် ချင်းတွင်းမြစ်ဝှမ်းအထက်ပိုင်း ဖောင်းပြင်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်၊ ပင်လည်ဘူး မြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကောလင်းမြို့နယ်၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ အင်းတော်မြို့နယ်တို့တွင် “TAI DENG - တိုင်းဒိုင်း”ဟူ၍လည်းကောင်း၊ ချင်းတွင်းမြစ်ဝှမ်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ် အပါအဝင် ကချင် ပြည်နယ် ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုးကောင်းမြို့နယ်၊ ကာမိုင်းနယ် နှင့် ဟိုပင်နယ်တို့တွင် “TAI NENG- တိုင်းနိုင်း”ဟူ၍လည်းကောင်း၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော် မြို့နယ်၊ မံစီမြို့နယ်၊ မိုးမောက်မြို့နယ်တို့တွင် “TAI LENG- တိုင်းလိုင်”ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်ကို တွေ့ ရမည် ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေကာမူ “NENG- နိုင်း”၊ “DENG- ဒိုင်း”၊ “LENG- လိုင်”တို့သည် “အနီရောင်”ကိုသာ ရည်ညွှန်း ခေါ်ဆိုခြင်းဖြစ်၍ ၎င်းအမည်အားလုံးမှာ ရှမ်းနီတိုင်းရင်းသား မျိုးနွယ်စုဝင်များကိုသာ ညွှန်းဆိုသည်ဟု ဆိုနိုင်ပါသည်။

ရှမ်းနီတိုင်းရင်းသားများသည် ယေဘုယျအားဖြင့် ဗမာဆန်သော ရှမ်းလူမျိုးများဖြစ်သည်။ ဗမာဆန်သည့် ဓလေ့များရှိသည်ဟု ဆိုသော်လည်း မြေပြင်ကွင်းဆင်း သုတေသနပြုရာတွင် ထိုအချက်များသည် အပေါ်ယံအမြင် လောက်သာရှိသည်ကို တွေ့ရှိပါသည်။

အတွင်းကျကျ လေ့လာရာတွင် ရှမ်းနီတိုင်းရင်းသားတို့၏ နေထိုင်မှုစနစ်သည် “ယီ၊ စိန်၊ ဝမ်၊ လီ”စသည့် တရုတ်လူမျိုးတို့၏ မျိုးရိုးအမည်ထားသည့် စနစ်နှင့် တူညီသော စနစ်မျိုးရှိသည်ကို တွေ့ရပေသည်။ မျိုးရိုးစနစ် တွင် အဆင့်အတန်းအရ မျိုးရိုးအမည်ရှိသကဲ့သို့၊ နေထိုင်ရာ ဒေသအရနှင့် အလုပ်အကိုင်အရလည်း မျိုးရိုးအမည် ရှိပေသည်။

ထိုမျိုးရိုး အမည်များသည် အိမ်တွင်ထားရှိသည့် ခေါင်တိုင်စင်နတ် (ဘိုးဘေးဆိုင်ရာနတ်)နှင့် ထပ်တူ ဖြစ်သည်ကို တွေ့ရပါသည်။

ဒေသချင်းကွာလှမ်း၍ တစ်ဦးနှင့်တစ်ဦး မသိရလောက်အောင် ဖြစ်နေစေကာမူ ခေါင်တိုင်စင်နတ် (ဘိုးဘေးဆိုင်ရာနတ်)ကို ပသပုံချင်း တူညီပါက အမျိုးအရင်းဟု သတ်မှတ်သည့် စနစ်သည် ယခုတိုင်ပင် ခိုင်မာစွာ တည်ရှိနေသေးသည်။

ထိုခေါင်တိုင်စင်နတ်(ဘိုးဘေးဆိုင်ရာနတ်) အား ပသသည့်ပုံစံကိုကြည့်၍ ၎င်းအိမ်ရှိ လူများ၏ မျိုးရိုးသည် မည်သည့် အရပ်ဒေသ(သို့မဟုတ်) ရှေးကရှိခဲ့သည့် မည်သည့် ရှမ်းပြည်ထောင်က ဆင်းသက်လာသည်ကိုပင် အလွယ်တကူ သိရှိနိုင်သည်အထိ အတိအကျ ဖော်ထုတ်နိုင်ပေသည်။

ရှမ်းနီတိုင်းရင်းသားတို့၏ မျိုးရိုးအမည်ကို လေ့လာရာတွင် တော်ဝင်မင်းမျိုးမင်းနွယ်နှင့် အုပ်ချုပ်ရေးအရ

၁။ HEIN KHAM- ဟိန်းခမ်း(ရွှေအိမ်တော်မျိုးရိုး)

၂။ HEIN HSAO- ဟိန်းဆေ(ကျားအိမ်တော်မျိုးရိုး)

၃။ HEIN TAO- ဟိန်းတောက်ဝ်(ဓားအိမ်တော်မျိုးရိုး) ဟူ၍ (၃)မျိုး တွေ့ရပါသည်။

ထို(၃)မျိုးကို အုပ်ချုပ်သည့် မင်းဆက်များ၊ အုပ်ချုပ်ရေးတွင် အရေးပါသည့် မြို့စားများ၊ စစ်သူကြီးများနှင့် အမတ် များ၏ ကျန်ရှိနေသော မျိုးဆက်များက ထိန်းသိမ်းနေသေးသည့် ခေါင်တိုင်စင်(ဘိုးဘေးဆိုင်ရာနတ်)တွင် တွေ့ရ ပါသည်။

အုပ်ချုပ်ခံလူတန်းစားတွင်

၁။ HEIN SET- ဟိန်းဆက် (မြေရှင်လူတန်းစားမျိုးရိုး)

၂။ HEIN MAN NEU- ဟိန်းမန်ညု (လက်ပံပင်ပေါက်ရာ မြေပြန်တွင်နေသည့် မျိုးရိုး)

၃။ HEIN MAN NOI- ဟိန်းမန်နွိုင်း(တောင်ကုန်း၊ တောင်တန်းတွင် နေသည့်မျိုးရိုး)

၄။ HEIN YAR YU- ဟိန်းယာယူ(ဆေးဝါးစိုက်ပျိုးဖော်စပ်သည့် မျိုးရိုး)

၅။ HEIN SAR KHAM- ဟိန်းဆာခမ်း(ရွှေရှာဖွေတူးဖော်သည့် မျိုးရိုး)

၆။ HEIN NAM HTAP- ဟိန်းနမ့်တပ်(မြစ်ဖျား၊ ချောင်းဖျားတွင် နေထိုင်သည့် မျိုးရိုး)

၇။ HEIN MAN HSAI- ဟိန်းမန်ဆိုင်း(အင်းတော်ကြီးဒေသက ထွက်ခွာလာသည့် ထမံသီမျိုးရိုး)

၈။ HEIN TAO KAN- ဟိန်းတောင်ကန့် (တောင်ကင်းဒေသတွင် နေထိုင်သည့်မျိုးရိုး)

၉။ HEIN HAI NEAO- ဟိန်းဟိုင်းနေ(ဟဲနုဒေသတွင် နေထိုင်သည့်မျိုးရိုး)

၁၀။ HEIN HPAR- ဟိန်းဖာ(စစ်သည်မျိုးရိုး)

၁၁။ HEIN HPON- ဟိန်းဖွန်(စစ်သည်မျိုးရိုး) ဟူ၍ ခေါင်တိုင်စင်(ဘိုးဘေးဆိုင်ရာနတ်)မျိုးရိုး (၁၂)မျိုးမျှ တွေ့ရပါသည်။

အဆိုပါ မျိုးရိုးအားလုံးတွင် လိုက်နာရသည့် မိသားစုဆိုင်ရာ စည်းမျဉ်းများလည်း ရှိပါသည်။ တစ်မျိုးနှင့်တစ်မျိုး သားပေးသမီးယူလျက် ဆွေမျိုးတော်စပ်ကြရာတွင် လိုက်နာရသည့် စည်းမျဉ်းများလည်း ရှိသကဲ့သို့ အမည်ပေး စနစ်နှင့် ဆွေမျိုးစပ် ဝေါဟာရတို့မှာလည်း အခိုင်အမာရှိ နေသေးသည်။

ယခုတင်ပြချက်သည် အပိုင်း(၁)ဖြစ်သည့်အတွက် ထပ်မံတင်ပြမည့် အပိုင်း(၂)တွင် ရှမ်းနီတိုင်းရင်းသားတို့သည် လက်ရှိစစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း (ချင်းတွင်း မြစ်ဝှမ်းဒေသများ)၊ ကလေးကဘော်ဒေသများ၊ ကချင် ပြည်နယ်အတွင်းရှိ ဒေသများနှင့် ရှမ်းပြည် မြောက်ပိုင်းရှိ မိုးမိတ်၊ မဘိန်းဒေသများသို့ မည်သို့ဝင်ရောက် အခြေချလာခဲ့ကြသည်ကို သမိုင်းမှတ်တမ်းများနှင့် တွဲဖက်လေ့လာ၍ တင်ပြသွားပါမည်။

✨လေ့လာသူ မမြင်ဖူးသူတို့ သိမ်းထားနိုင်ရန်၊မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်😇
All rights and credits go to rightful owner.

https://cnimyanmar.com/.../opinoin

 Original Link-https://www.facebook.com/photo/?fbid=422392716778213&set=a.422392610111557

Tuesday, January 16, 2024

"ဘယ်သူတွေက သျှမ်းနီတွေလည်း"

 


"ဘယ်သူတွေက သျှမ်းနီတွေလည်း"
_________________________
ဘယ်သူတွေကသျှမ်းနီတွေလည်း သျှမ်းနီတွေက ဘယ်မှာနေလည်း
သျှမ်းနီတွေကို ဘယ်သူသိလည်း သျှမ်းနီတွေကို ဘယ်သူချစ်သလဲ ..
မပြောမပြီး မတီးမမြည်ဆိုရိုးစကားအတိုင်း ပြောရပေမည် တိုင်းလိုင် ( ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ပါတီ ပေါ်ပေါက်လာမှ ဟာ... သျှမ်းနီဆိုပါလား ဒါဆိုရင် သျှမ်းဖြူ ၊သျှမ်းနက်ဆိုတာရော ရှိသေလားဟု?? မေးလားသော သမိုင်းမသိ မလေ့လာသော အချို့သောတိုင်းရင်းသားများ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့များ ခင်ဗျာ သျှမ်းနီ၊ သျှမ်းဖြူ ၊ သျှမ်းနက် တကယ်ရှိသည်။ သိချင်ရင်ဒီမှာသွားဖတ် - *@*
ကျနော်တင်ပြလိုတာက သျှမ်းနီကိုချစ်ကြတဲ့ သျှမ်းခေါင်းဆောင်များဟာ မြန်မာနိုင်ငံမပေါ်ပေါက်ခင်ထဲက ရှိခဲ့တာပါ ယခုလည်းရှိတယ် နောက်လဲရှိနေဦးမယ် သျှမ်းနီချစ်တဲ့ သျှမ်းများဖြစ်နိုင်ကြပါစေ.
၁၉၇၂ နိုင်ငံတော် သမ္မတထံ တင်သွင်းခဲ့သော စာတမ်း သျှမ်းနီအမျိုးသား ဘိုးကျော်ဟိန်း (ကွယ်လွန်) အိုးတန်းရပ် မိုးကောင်းမြို့ တိုင်းလိုင်ခေါ်သျှမ်းနီ အမျိုးသားနယ်မြေဖြစ်သော Part Two (ခေါ်) ဘုရင်ခံက အုပ်ချုပ်ရေးသီးသန့်ထားရှိသော နယ်မြေများ The Shan States specified in Notification No.41, dated 5th October, 1922, of the Political Department of the Government of Burma, as amended by any subsequent notification made before the commencement or this Act other than the Federated Shan State. ဖက်ဒရယ် သျှမ်းပြည်ထောင်စုတွင် ထည့်သွင်းခြင်းမပြုသည့် သျှမ်းစော်ဘွား နယ်ဖြစ်သော သောင်သွတ်နယ်၊ ဆင်းကလိန်ခန္တီးနယ်၊ ခန္တီးလုံနယ်တို့ဖြစ်သည်။ (ယခုလက်ရှိ စစ်ကိုင်းတိုင်း မြောက်ပိုင်းတွင် စုစည်းပါ၀င်သည်။) ကချင်ပြည်နယ်တွင်း ဗန်းမော်ခရိုင်၊ မြစ်နားခရိုင်၊ ကသာခရိုင်နဲ့၊ ၀န်းသိုစော်ဘွားပိုင်နယ်မြေများအား ကျွန်ပ်တို့ တိုင်းလိုင် သျှမ်းနီများအား ကိုယ်ပိုင်အုပ်ခွင့် နယ်မြေများအဖြစ်ပေးရန် တင်ပြအပ်သည်။
တိုင်းရင်းသား လူမျိုးတမျိုးလို့ သတ်မှတ်ခြင်း မခံခဲ့ရသူများမှာတော့ ပင်လုံရဲ့ အနက်အဓိပ္ဗါယ်ဟာ ဘာလဲတော့မသိ....
ကျနော်သိတာက...
ဦးစောထွန်းရင် (ကွယ်လွန်) သည် ၁၉၄၇ ခုနှစ်တွင် အတည် ပြုပြဌာန်း ခဲ့သော နိုင်ငံတော် ဖွဲ့စည်းပုံ မှုကြမ်း ရေးဆွဲစဉ် ကာလက ကချင်ပြည်နယ် အစိုးရအဖွဲ့၀င် တိုင်းလျဲန် (ရှမ်းနီ) အမျိုးသား တဦးဖြစ်ပါသည်။ ၁၉၇၄ ခုဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မရှင် အဖွဲ့၀င် တဦးလည်းဖြစ်ပါသည်။ ၎င်း ပုပုဂ္ဂိုလ်သည် လူမျိုးတမျိုဟု သတ်မှတ်ခေါ်ဆိုနိုင်သည့် အမျိုးသား လက္ခဏများ ဖြစ်သော ပြောဆိုသည့် စကား ကိုယ်းကွယ်သည့် ဘာသာ၊ ရိုးရာစာပေ ယဉ်ကျေးမှု၊ နေထိုင်ရာ တဆက်တည်းသော နယ်မြေ၊ တူညီသော သမိုင်းအစဉ်အလာ၊ တူညီသော အခြေခံစည်းပွားရေး၊ စသည့်အချက်များနှင့် ပြည့်စုံသော အထက်မြန်မာနိုင်ငံ ဧရာ၀တီနှင့် သလ္လာ၀တီ (ချင်းတွင်း) မြစ်ရိုး မြေပြန့်ဒေသရှိ သျှမ်းအမျိုးအ နွယ်များ၏ နယ်မြေကိုစုစည်း၍ ပြည်ထောင်စု အဖွဲ့၀င် မြေလပ်သျှမ်းပြည်နယ် (တိုင်းလျဲန်ပြည်နယ်) သတ်မှတ်ဖွဲ့စည်းပေးရန် ဖွဲ့စည်းပုံ အခြေခံဥပေဒေ ရေးဆွဲရေး ကော်မရှင်သို့ ၂၄-၂-၇၂ ရက်နေ့စွဲပါ စာတမ်းဖြင့် တရား၀င်အဆိုပြု တင်ပြခဲ့ သူဖြစ်ပါသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဦးထွန်းရင်အား နိုင်ငံတော် သစ္စာဖေါက် ကျူးလွန်သည်ဟု ၆-၁-၇၆ ရက်နေ့တွင် မန္တလေးအရှေ့တောင်တရား သူကြီးရုံးမှ စီရင်ဆုံး ဖြတ်၍ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်းခံခဲ့ရပါသည်။ အကျယ်တ၀င့် နောက်မှ တင်ဆက်မည်။
တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင်ရဒေသ လျဉ်းသော အကြံပြုချက် စာတမ်းများတင်ပြ ( မြန်မာ့အလင်း သတင်းစား ၁-၄-၉၅ ကျွန်တော်ကတော့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအချုပ် သီပေါမြို့နယ်မှ ကိုယ်စားလှယ် ဦးခွန်ထွန်းဦး ဖြစ်ပါတယ်။ အခုကျတော် ဆွေးနွေးအကြံပြုမယ့် အချက်တွေဟာ သဘာ၀တရားနဲ့ ဆီလှော်မှုရှိစေခြင်း။ ဒေသရှိသက်ဆိုင်ရာ ပြည်သူအတွင်း ညီညွတ်မှု နားလည်မှုရှိစေခြင်း။ ပြည်ထောင်စုကြီးရဲ့ စည်းလုံးညီညွတ်မှုကို အထောက်အကူပြုနိုင်ခြင်း။ ပြည်ထောင်စုကြီးအတွက် အထောက်ကူပြုနိုင်မယ့် အခြေခံကောင်းများ ရရှိစေခြင်းစတဲ့ အချက်တွေကိုအခြေခံပြီး ဆွေးနွေးခြင်းဖြစ်ကြောင်း ဦးစွာပြောလိုပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တိုင်းသို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသနှင့် စပ်လျဉ်းပြီး ကျွန်တော်ပြ လိုပါတယ်။ တိုင်းလိုင်အနွယ်၀င် သျှမ်းမျိုးနွယ်စုများ ဖြစ်ကြတဲ့ တိုင်းနေ၊ တိုင်းမော၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းဖွန်း၊ တိုင်းကဒူး၊ တိုင်းကနန်းစတဲ့ တိုင်းရင်းသား လူမျိုးများ အတွက်ဖြစ်ပါတယ်။ ပြည်ထောင်စု နိုင်ငံကြီး မပေါ်ခင်တည်းက သမိုင်းအစဉ်အလာကောင်းနဲ့ နေထိုင်လာခဲ့ကြတဲ့ ဒေသခံ ပင်မတိုင်းရင်းသား တွေဖြစ် ပါတယ်။ နိုင်ငံသမိုင်းမှတ်တမ်းမှာ လူမျိုးနာမည် အမျိုးမျိုးပြောင်းကာ မှတ်သားခြင်းကြောင့်သာ မှေးမှိန်နေရတဲ့ လူမျိုးကြီးတစ်မျိုးဖြစ်ပါတယ်။
-တိုင်းလိုင်တွေဟာ အများနည်းတူ ပြည်ထောင်စုဖွား ပင်ရင်းတိုင်းရင်းသားများဖြစ်ကြတဲ့အတွက် ညီလာခံညီလာခံလုပ်ငန်း ကော်မတီ ဥက္ကကြီး ရှင်းလင်းသွားသလိုပဲ မိမိတို့ရဲ့ ညီအစ်ကိုတော် တိုင်းရင်းသားများ ရသင့်ရထိုက်တဲ့ အခွင့်ရေးတွေကို အမြန်ရရှိအောင် ဆောင်ရွက်ပေးဖို့ ဆိုတဲ့ရည်ရွယ်ချက် အကောင်အထည်ဖော်မှုမျိုးမျှော်လင့် စောင့်စားနေကြမှာပါ လွတ်လပ်ရေး သက်တမ်းနှင့်အမျှ တောင့်တ စောင့်ဆိုင်း ခဲ့ရတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဆီကို လမ်းဖွင့်ပေးခဲ့မယ်ဆိုရင် တိုင်းလိုင်အုပ်စု၀င် လူမျိုးနွယ်စု အားလုံးတို့ဟာ အများနည်းတူ ကြည်နူး၀မ်းသာလာရမှာပါ၊
- တိုင်းရင်းသား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း ပိုမိုကျစ်လစ် ခိုင်မာစေမှာဖြစ်ပါတယ်။
-ထို့ကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များဖြစ်ကြတဲ့ ရွှေကူ၊ မန်စီ၊ မိုးမောက်၊ ဗန်းမော်၊ မြစ်ကြီးနား၊ ဝုိင်းမော်၊ ကားမိုင်း၊ တနိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ ခမ်းတီး၊ ဟုမ္မလင်း၊ တမှုး၊ ဖောင်းပြင်၊ မော်လိုက်၊ ပင်လယ်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ကော်လင်း၊ ၀န်းသို၊ ထီးချိုင့်တို့တွင် နေထိုင်ကြတဲ့ ဆန္ဒခံယူပြီး တိုင်းလိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ဒေသ သတ်မှတ်ပေးနိုင်ရန် တင်ပြလိုက်ရပါတယ်။
-ကျွန်တော်ကတော့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းစိုးညွန့် ဖြစ်ပါတယ် အခြေခံ ဥပဒေကို ရေးဆွဲတဲ့နေရာမှာ လျစ်လျူရှု ခံထားရတဲ့ လူမျိုးစုကြီးများ အရေးကိစ္စရှိခဲ့သည် အခုပါနဲ့ပါဆိုရင် အဲ့ဒီလူမျိုးအတွက် သုံးကြိမ်သုံးခါ ဖြစ်သွားနိုင်ဖွယ်ရှိနေတယ်လို့ သတိချပ်မိနိုင်ဖို့တင်ပြလိုပါတယ်။ ဒါကြောင့် လက်ရှိ အခြေခံ ဥပဒေမှာ ၁၉၄၇။ ၁၉၇၄ များမှာလိုပဲ တင်ပြတောင်းဆိုမှုတွေရှိပါလျက်နဲ့ လျစ်လျူရှု ခံရခြင်းမျိုးထပ်မဖြစ်ရလေအောင် အထူးစဉ်းစားပြီး အဲ့ဒီလူမျိုးတွေရဲ့ အရေးအတွက် ပါ၀င် ရေးဆွဲပေး သွားဖို့ အထူးလိုအပ်ပါတယ်။ အဲ့ဒီလူမျိုးများကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ် အောက်ပိုင်း တွေမှာ ပျံ့နှံ့နေထိုင်ကျတဲ့ တိုင်းလိုင်၊ တိုင်းနေ၊ တိုင်းမောဝ်၊ တိုင်းဆာ၊ တိုင်းခမ်းတီး၊ တိုင်းကဒူး၊ တိုင်းကနန်း၊ တိုင်းခွမ်းစတဲ့ တိုင်းလိုင်အနွယ်၀င်တို့ ကိစ္စပဲဖြစ်ပါတယ်။
တိုင်းလိုင်လူမျိုးတို့ဟာ ကချင်မဟုတ်သူများ (Non- Kachin) အဖြစ်နဲ့သာ သတ်မှတ်ခံရကာ အမည်ပျောက် လူမျိုးအဖြစ် အဖျောက်ခံရ ကာနှစ်နာရတဲ့ လူမျိုးနွယ်စု၊ လူမျိုးများစု ဖြစ်နေရပါတယ်။ အလားတူပဲ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် မီးရထား သံလမ်း ရိုးတလျှောက်တွေမှာ သျှမ်းဗမာလူမျိုးအဖြစ်နဲ့သာ သိရှိကြပြီး ပင်ရင်းတိုင်းလိုင်လူမျိုး အမည်ရင်းဟာ မေးမှိန်နေခဲ့ရပါတယ်။ ဒါပေမဲ့မည်သည့် အရပ်မှာနေပါစေ တိုင်းလိုင်ဟာတိုင်းလိုင်လူမျိုးပဲဖြစ်ပါတယ်။ ဒါကြောင့် အနှစ် ၄၀ ကျော်မက လျစ်လျူ ရှုထားခြင်း ခံကြရတဲ့ ဒီတိုင်းလိုင်နဲ့ တိုင်းအနွယ်၀င်များတို့ အရေးအတွက် ဒီတတိယအကြိမ် အခြေခံ ဥပဒေ ရေးဆွဲရေးအတွက် အခြေခံမှုများချမှတ်တဲ့နေရာမှာ အခြွင်းချန် ထားမိဖို့ အထူးအရေးကြီး လှပါတယ်။ ဒီမျိုးနွယ်စုတို့ဟာ ပြည်ထောင်စု အဖွဲ့၀င် ပြည်နယ်များ အဆင့်ထိ ရရှိသင့်တဲ့ အခြေခံလက္ခဏာများ အပြည့်စုံ ရှိခဲ့ပြီး ဖြစ်ရုံမက ပြည်ထောင်စုပေါ်လဲ အမြဲသစ္စာရှိရှိ စောင့်သိရိုသေ ကာကွယ်လာကြတဲ့အတွက် နယ်မြေများ သတ်မှတ်ပေးဖို့ ရှိလာပါက တိုင်းရင်းသားတကာ့ တိုင်းရင်းသားထဲမှာ တိုင်းလိုင်များဟာ ပထမဦးဆုံး မှာ ထားရှိပြီး စဉ်းစား သတ်မှတ်ပေးရမည်သာဖြစ်သင့်ကြောင်း အလေးနက်ထားတင်ပြလိုပါတယ်။
-တိုင်းလိုင် ကိုယ်ပိုင်လုပ်ချုပ်ခွင့်ရ ဒေသမှာ ဗန်မော်ခရိုင်ရှိ ဗန်မော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူမြို့နယ် များအတွင်းရှိ မြေပြန့်ဒေသများအားလုံး၊ မြစ်ကြီးနား ခရိုင်အတွင်းရှိ မြစ်နား၊ ဝုိင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ကားမိုင်း၊ မိုင်းခွမ်းခေါ် တနိုင်းရှိ မြေပြန့်ဒေသများအားလုံး၊ ၀န်းသိုစော်ဘွားပိုင် နယ်မြေများဖြစ်ကြတဲ့ ကသာခရိုင်အတွင်းရှိ ကသာ၊ အင်းတော်၊ ထီးချိုင့်၊ ဗန်းမောက်၊ ကော်လင်း၊ ၀န်းသို၊ ပင်လယ်ဘူးမြို့နယ်များ၊ ကလေးခရိုင်ရှိ ကလေး၊ ဖောင်းပြင်၊ တမှုး၊ ကလေး၀၊ မော်လိုက်၊ မိန်းကန်းနယ်များကို လည်းကောင်း၊ ဆင်းကလိန်၊ ခန္တီးစော်ဘွား နယ်များဖြစ်တဲ့ ခန္တီးခရိုင်ရှိ ခန္တီး၊ ဟုမ္မလင်း၊ နမ့်ယွန်း နယ်များကိုလည်းကောင်း တိုင်းလိုင် ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသအတွင်းသို့ ထည့်သွင်း သတ်မှတ်ပေးပါရန် လူသိရှင်ကြား တတိယမ္ဗိ အလေးအနက်ထားပြီး အကြံပြုတင်ရပါတယ်။
ကျွန်တော်ကတော့ သျှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၃)မှ ကိုယ်စားလှယ် ဦးစိုင်းနောင့်ဖြစ်ပါတယ်။
-ကျွန်တော်အနေနဲ့ ကျွန်တော်တို့ သျှမ်းပြည်နယ် အထူးဒေသ (၃)မှ ဒေသခံပြည်သူများနှင့် ညှိနိုင်းပြီး ၎င်းတို့၏ ဆန္ဒသဘောထားနှင့် အညီတင်ပြသွားမှာဖြစ်ပါတယ်။ သဘာပတိကြီးခင်ဗျား= တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်ရရှိပြီးသည့် တိုင်းရင်းသားလူမျိုးများမှအပ ဆိုတဲ့ အခြေခံမှုမရှိသင့်ပဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရရှိပြီးသော တိုင်းရင်းသား လူမျိုးတမျိုးသည် အခြားတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် တစ်ခုခုတွင် လျော်ကန် သင့်မြတ်သည့် လူဦးရေရှိပြီး နယ်မြေ တစ်ဆက်တည်းတွင် စုစုစည်းစည်း နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများကို (ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများ) ပေးသင့်ပါသည်။ ဒါမှပဲ အခြားတိုင်းဒေသကြီး ပြည်နယ်များတွင် ရှိနေသော တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် ရရှိပြီးသော လူမျိုးစုများဟာ မိမိမျိုးနွယ်စုများ ကဲ့သို့သော အခွင့်အရေးများ ရရှိနိုင်မှာဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်ထဲရှိ မျိုးနွယ်စုများသာ အခွင့်ရေးရရှိပြီး တနိုင်ငံထဲနေ ညီအကိုဖြစ်လင့်ကစား အခွင့်အရေး ဆုံးရှုံးနေမယ်ဆိုရင် သဘာ၀မကျတဲ့အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုယ်ပင် ထိခိုက်နိုင်ပါတယ်။
ဥပမာ- စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ် အောက်ပိုင်းဒေသများမှာ စုစည်းနေထိုင်ကြတဲ့ တိုင်းလျှန်း၊ တိုင်းနေ၊ တိုင်းဆာ၊ တိုင်းခမ်းတီး၊ တိုင်းကတူး၊ တိုင်းကနန်း၊ တိုင်းခွမ်းစတဲ့ သျှမ်းမျိုးနွယ်၀င် များကိုလည်း သင့်လျော်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု များသတ်မှတ်ပေးရန် တောင်းဆိုတင်ပြလာပါက အဲ့ဒီသျှမ်းမျိုးနွယ်၀င်များဟာ ယခု ကျွန်တော်တို့ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း) သို့မဟုတ် (ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု) ပေးသင့်တဲ့ လူမျိုးစုများရဲ့ အင်္ဂါရပ်နဲ့လည်း ညီနေပါတယ်။
-သူတို့ဟာလျော်ကန်သင့်မြတ်တဲ့ လူဦးရေရှိပြီး နယ်မြေ တစ်ဆက် တစ်စပ်တည်းတွင် စုစုစည်းစည်း နေထိုင်ကြတဲ့ မျိုးနွယ်စုများ ဖြစ်ပါတယ်။ သူတို့ဟာ ဒီကနေမှ မိမိမျိုးနွယ်စုအပေါ် မိမိကိုယ်တိုင် စိမံလိုတဲ့ ဆန္ဒရှိခဲ့သာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ဗြိတိသျှတို့ အုပ်စိုးစဉ်က တိုင်းလျှန် အမျိုးသားတို့ နေထိုင်တဲ့ နယ်မြေကို (၁၉၃၅) ခုနှစ် မြန်နိုင်ငံ စီရင်အုပ်ချုပ်မှု ဥပဒေဇယား (၂) အပိုင်းဒေသ အဖြစ်သတ်မှတ်ခဲ့ပြီး ကချင်တောင်တန်း ဒေသမှာ ဇယား (၁)တွင် ပါ၀င်ကြောင်းတွေ့ရပါတယ်။
-ပင်လုံညီလာခံမှာ ယင်း အပိုင်း (၂) အပါ၀င် ဗန်းမောနှင့် မြစ်ကြီးနားခရိုင် နယ်မြေများကို ကချင်ပြည်နယ်အဖြစ် ပါ၀င်ထည့်သွင်း သတ်မှတ်ဖို့ တောင်းဆိုချက် များဟာ (၁၉၃၅) ခုနှစ် ဥပဒေနဲ့ အံမ၀င် ဖြစ်တာကြောင့် ပင်လုံညီလာခံ ပျက်လုနီးပါး ရောက်သွားသည်အထိ ဖြစ်သွားခဲ့တာ သိရပါတယ်။
အကြောင်းရင်းကတော့ … ဗိုလ်ချုပ်အောင်ဆန်းက ဒေသ (၂) ဟာ ကချင်လူမျိုးတွေရဲ့ ဒေသမဟုတ်၊ တိုင်းလျှန်တို့ရဲ့ ဒေသသာဖြစ်တဲ့ အတွက်ကြောင့် သဘောလုံး၀မတူဘဲ ရန်ကုန်သို့ ပြန်ရန်ပင် စီစဉ်ခဲ့ကြောင်းသိရပါတယ်။
- (၂၁- ၄- ၄၇) ရက်နေ့မှာ ဗန်မော်ခရိုင် မြေပြန့်ဒေသမှ ရွေးချယ်စေလွှတ်လိုက်တဲ့ ဦးဘိုးထီ၊ ဦးစောရီ၊ ဦးဘဆင်တို့က တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ ကိုသွားရောက် တွေ့ဆုံပြီး သူတို့ရဲ့ ဆန္ဒသဘောထားကို တင်ပြခဲ့ကြပါတယ်။ အသင့်ရေးထားတဲ့ စာတမ်းကိုလည်း စုံစမ်းရေး အဖွဲ့ ဥက္ကဌထံ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
-သူတို့ရဲ့ထွက်ဆိုချက်စာတမ်းမှာ ဗန်မော်ရှိ လူထုနဲ့ ကျေးရွာ (၂၂)ရွာကို ပေါင်းပြီး အစည်းဝေ တရပ် ပြုလုပ်ခဲ့ကြောင်း၊ အစည်းအစေးမှာ ဖွဲ့စည်းတည်ဆောက်မည့် ကချင်ပြည်နယ် သစ်ထဲသို့ ဗန်းမော်နှင့် မြစ်ကြီးနားခရိုင် မြေပြန့်ဒေသ ထည့်သွင်းဖို့အတွက် ဗြိတိသျှ အာဏာပိုင် တို့ရဲ့ လျှို့ဝှက် ဆောင်ရွက်ချက်ကို ရှုတ်ချတယ်လို့ ဆုံးဖြတ်ကြောင်း၊ ကချင်ပြည်နယ်သစ် ဖွဲ့စည်းပေးဖို့ မြေပြန့် ဒေသများကို ဖဲ့ပေးရမယ်ဆိုတဲ့ အဆိုပြုချက် မှန်သမျှကို မိမိတို့လက်ခံမည် မဟုတ်ကြောင်း၊ သဘောတူနိုင်မည် မဟုတ်ကြောင်း ထွက်ဆိုဖော်ပြထားတာကို တွေ့ရပါတယ်။
အဲ့ဒီဆုံးဖြတ်ချက်စာတမ်းကို ဦးဘိုးထီ၊ ဦးစောရီ၊ ဦးဘအောင်၊ ဦးဘဆင်တို့က လက်မှတ်ရေးထိုး တင်ပြခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ ၁၉၄၇ ခုနှစ် စက်တင် ဘာလ (၂၄)ရက်နေ့ မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၆) ကိုအောက်ပါအတိုင်း ပြဌာန်း အတည်ပြုခဲ့ပါတယ်။
- မြစ်ကြီးနားနှင့် ဗန်မောခရိုင် များဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့၀င် တစ်ခုအဖြစ် ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စုအဖွဲ့၀င်ကို ဤမှနောင်အဖို့ ကချင်ပြည်နယ်ဟု ခေါ်တွင် မည်လို့ ဖြစ်လာတဲ့ အတွက် တိုင်းလျှန် လူမျိုးများဟာ အခွင့်ရေး ဆုံးရှုံးနစ်နာခဲ့ရပါတယ်။
(မှတ်ချက် - အထက်ပါ သျှမ်းမျိုးချစ် ပုဂ္ဂိုများ၏ ညီလာခံ တင်သွင်းခဲ့သော အချက်များသည်။ မြန်မာ့အလင်း သတင်းစာပါ စားလုံးများကို ရှမ်း/ သျှမ်းလို့ရေး သည်မှလွဲ၍ ကျန်အားလုံး မှုရင်းစာသား များဖြစ်သည်။)
ယခု တိုင်းလိုင် သျှမ်းနီမြေပုံသည်လည်း သတင်းစာပါ မြေပုံသာဖြစ်သည်။
နောင်တခေတ် သျှမ်းလူငယ် ယင်းသျှမ်း ခေါင်းဆောင်ကြီးများလို အမျိုးသားရေး အတွက် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်နိုင်ကြပါစေ။
** စာရေးသူကိုယ်တိုင်တွေ့ဆုံမြေးမြန်းချက်... ( (၆၆)နှစ်မြောက် သျှမ်းပြည်နယ်နေ့ အခမ်းအနားပြီး ၈ရက် ဖေဖော်ဝါရီ ၂၀၁၂ ) RCSS/ SSA ဒုတိယ ဗိုလ်ချုပ်ကြီးယွတ်စစ် လွယ်တိုင်းလျန်ဌာနချုပ် **- ဟိုပေါင်လုံခါ့ ( ဥက္ကဌကြီး ခင်ဗျား သျှမ်းပါတီ နှစ်ခုရှိရာ အခုသျှမ်းနီပါတီပါ တိုးလာတဲ့အတွက် သုံးပါတီဖြစ်လာတယ် ဒါကို ဘယ်လိုမြင်ပါသလဲ ခင်ဗျာ **- သျှမ်းပါတီသုံးခုစလုံးကို ကျနော်တို့ အားပေးပါတယ် အခုကသူတို့က စတင်ပြီးတော့ ပါတီတွေတည်ထောင်လာတဲ့အချိန်ဖြစ်တယ် ဒီကြားထဲမှာ သျှမ်းပါတီတွေ အချင်းချင်းအမြင်သဘောထားမကွဲလွဲကြဖို့ အတိုက်အခံမဖြစ်ကြဖို့တော့ ကျနော်တို့ အကြံပြုထားပါတယ် ဒီမိုကရေစီနည်းလမ်းပေါ်မှာပဲ ပါတီတွေလုပ်ဆောင်သွားကြဖို့ ကျနော်အကြံပြုတာရှိပါတယ်။
**- ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက သျှမ်းတွေအတွက်ရော စဉ်းစားထားတာတွေရှိလား ခင်ဗျာ **- ကျနော်တို့ ပြည်ထောင်စု အတွက်တွေးတယ် ဒါကြောင့်မို့ ကျနော်တို့ အားလုံးအတွက် တွေးတယ် ဒါကြောင့်မို့နေရာတိုင်းမှာရှိတဲ့ သျှမ်းတွေအတွက်တွေးတယ် ဟုပြောဆိုခဲ့ပါသည်။
** စာရေးသူကိုယ်တိုင်တွေ့ဆုံမြေးမြန်းချက်... ယာန်ဆိုသောသျှမ်းသမိုင်း စာအုပ်ကိုရေးသား ပြုစုသူ သျှမ်းသမိုင်း သုတေသီ - မယ်ခူးခေးရှဲန် ချင်းမိုင် (၂၅ ရက် အောက်တိုဘာလ ၂၀၁၂ ) **- မယ်ခူးခါ့ အခု သျှမ်းနီတွေ ပါတီထောင်ကြပြီ မယ်ခူးဘယ်လိုမြင်ပါသလဲ **- အေးကောင်းတယ် သျှမ်းတွေအများကြီးရှိတဲ့နေရာက ပါတီထောင်တာပဲ ကောင်းတယ် တခြားကရင်ပြည်နယ် မွန်ပြည်နယ်
ဖြူး၊ မုံရွာဘက်က သျှမ်းတွေရော ခေါ်ပေးပါ။ အေး သျှမ်းပါတီတွေ သုံးပါတီပဲရှိရှိ သျှမ်းအရေးဆိုရင် အသံတသံထဲထွက်ဖို့လိုတယ် လွှတ်တော်မှာ တပါတီထဲကပဲ သျှမ်းအရေးပြောမယ်ဆိုရင် တသံပဲထွက်မယ် သျှမ်းသုံးပါတီက ပြောမယ်ဆိုရင် အသံသုံးသံထွက်မယ် ပါတီတွေညီဖို့လိုတယ် ဟုပြောသည်။
**- မယ်ခူးခါ့ အခု သျှမ်းနီတွေက နောက်လုပ်ပေးမဲ့ မှတ်ပုံတင်မှာ လူမျိုးကို သျှမ်းနီ ဆိုတာ ထဲ့ပေးပို့ တောင်းဆိုနေတယ် ဟုပြောရာတွင် မယ်ခူးက **- အေးသိတယ်ဟုဆိုကာ အတန်ငယ် ငြိမ်သက်ပြီး မျက်ရည်ဝဲကာ ကိုယ်ကိုတိုင် သျှမ်းဖြစ်ရဲ့သားနဲ့ ငါတို့ ကို သျှမ်းဖြစ်ဖို့ပေးပါ ငါတို့ဟာသျှမ်းတွေပါလို့ ပြန်တောင်းနေရသာလောက် ၀န်းနည်းကျေကွဲစရာဘယ်ဟာရှိလည်း အဲ့့ဒီလောက်နားကျည်းစရာလည်း ကောင်းတာရော ဘာရှိဦးမလဲဟု ပြောဆိုသည်။
အထက်ပါ သျှမ်းအမျိုးသားရေး ခေါင်းဆောင်ကြီးများက အများထင်သလို သျှမ်းနီတွေဟာ သျှမ်းကခွဲ ထွက်တာမဟုတ်ပဲ မိမိရပိုင်ခွင့်အရေးများကို ဆုံးရှုံးနေလို့ တောင်းကြကြောင်းကို ရင်ထဲကရော အသည်းကပါ လက်ခံပြီး သျှမ်းနီချစ်တဲ့ ခေါင်းဆောင်ကြီးများဖြစ်သလို့ သျှမ်းနီချစ်တဲ့ သျှမ်းခေါင်းဆောင် သစ်များလည်း ပေါ်ထွက်လာဦးမယ်လို့ ယုံကြည်ကြောင်း ပြောရင်း
အားလုံးကိုလေးစားလျှက် -- " ကျားပေါက် "