ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Wednesday, January 22, 2025

သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၄)

 


CNI Article 

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၇

ရေးသားသူ-Maha Sila Virawang  

ရှမ်းနီတိုင်းရင်းသားများ၏ မိုးကောင်းမြို့ပြနိုင်ငံသည် နန်စောအင်ပါယာ၏ လက်အောက်ခံ ပဏ္ဏာဆက် နိုင်ငံဖြစ် သည့် မိုင်းမောနိုင်ငံက လာရောက်သော မင်းဆက်၏ ထူထောင်မှုဖြင့် စတင်ခဲ့ပုံနှင့် မိုးကောင်းမြို့ပြနိုင်ငံကို တည် ထောင်ရာတွင် နန်စော အင်ပါယာ၏ အထောက်အပံ့ ပါဝင်ခဲ့ပုံကို ယခင်တစ်ပတ်က သုံးသပ်တင်ပြခဲ့ပါသည်။ 

ထို့အပြင် လက်ရှိ အထက်မြန်မာနိုင်ငံဟုဆိုသော ဒေသများတွင် အချိန်တိုကာလအတွင်း ညီနောင်မြို့ပြ နိုင်ငံများ ကို  ထူထောင်နိုင်ခြင်းသည် ခရစ်တော်မပေါ်မီ ကာလကတည်းက ရောက်ရှိပြီး မြို့/ရွာ တည်ထောင်လျက် နေထိုင်လျက် ရှိကြသည့် တိုင်း-တရုတ် ဘာသာစကားပြော ရှမ်းမျိုးနွယ်စုကြီးနှင့် အခြေခံ လူမှုစီးပွားအင်အား ပူးပေါင်းနိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်ကိုလည်း သုံးသပ်တင်ပြခဲ့ပါသည်။ 

ထိုသို့ နန်စောအင်ပါယာ၏ အကူအညီဖြင့် ရောက်လာခဲ့ကြသည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုမှ ဒုတိယအုပ်စုနှင့် ခရစ်တော်မပေါ်မီ ကတည်းက ရောက်ရှိနေသော တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်းမျိုးနွယ်စုမှ ပထမအုပ်စုတို့၏ ပေါင်းစည်းနိုင်ခြင်းသည် နယ်ပယ်သစ်များ ထပ်မံချဲ့ထွင်နိုင်ရန် အခြေခံ အကြောင်းတရားတစ်ရပ် ဖြစ်လာသည်ဟူ၍ပါ သုံးသပ်နိုင်ပေသည်။ 

ဤသုံးသပ်ချက်များကို ပို၍ခိုင်မာစေသည်မှာ နန်စောအင်ပါယာ၏ လက်ရှိအထက်မြန်မာပြည်ဟု ဆိုသောဒေသ များသို့ တိုက်ရိုက်ချီတက် သိမ်းသွင်းလာနိုင်ခြင်း၊ နန်စောအင်ပါယာ၏ လက်အောက်ခံ ပဏ္ဏာဆက် နိုင်ငံဖြစ်သည့် မိုင်းမောနိုင်ငံက မိုးကောင်းမြို့ပြနိုင်ငံသို့ မင်းဆက်မပြတ်စေရန်  ထပ်မံစေလွှတ်ခြင်းနှင့် နန်စော အင်ပါယာ ပြုတ်ကျပြီးနောက် ထပ်မံပေါ်ပေါက်လာသည့် တာ့လီအင်ပါယာ လက်ထက်အထိတိုင် မိုးကောင်းမြို့ပြနိုင်ငံကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် မြို့တော်သစ်ကို ထပ်မံထူထောင်စေခြင်းဆိုသည့် အချက်များကြောင့် ဖြစ်ပါသည်။ 

ဤအချက်များနှင့် ပတ်သက်၍ ရှင်းလင်းစွာ သိမြင်နိုင်စေရန် နန်စောအင်ပါယာ စတင်ပုံနှင့် အထက်မြန်မာနိုင်ငံ ဖြစ်လာမည့် ဒေသများသို့ နန်စောအင်ပါယာက သိမ်းသွင်းခဲ့သည်များကို ဦးစွာဖော်ပြပါမည်။

ထိုသို့ ဖော်ပြမှသာ နန်စောအင်ပါယာနှင့် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာ စကားပြောသည့် ရှမ်းမျိုးနွယ်စုများ၏ ဆက်စပ်မှုကို ပေါ်လွင်စွာ သိမြင်နိုင်မည် ဖြစ်ပါသည်။ 

ရှမ်းသမိုင်း သုတေသနပညာရှင် ဆရာစိုင်းခမ်းမိုင်း၏ သုတေသနစာတမ်း ပေါင်းချုပ်ဖြစ်သည့် “Selected Writings of Sai Kham Mong, Volume I” တွင် နန်စောနိုင်ငံကို အေဒီ ၆၄၉ ခုတွင် နန်စောမင်းစီနုလို (Sinulo- Sihanara)က တည်ထောင်ကြောင်း ဖော်ပြထားပါသည်။ 

ရှမ်းနီအမျိုးသားနေ့ တက်ရောက်လာသော ရှမ်းနီတိုင်းရင်းသားတစ်ဦးကိုတွေ့ရစဉ်

သို့သော် စီနုလိုမင်း လက်ထက်တွင် မိုင်းဆေ စဝ်(Moung Mong- Tse/Mong- She- Chao)မြို့ပြနိုင်ငံကို သာ အုပ်ချုပ်နိုင်ပြီး ကျန်(၅)နိုင်ငံနှင့် ပူးပေါင်း၍ စုပေါင်း အုပ်ချုပ်သည့်စနစ်(ဂဏစနစ်)ဖြင့် အုပ်ချုပ်ကာ လွတ် လပ်သည့် ပြည်ထောင်စုစနစ်ပုံစံဖြင့် စတင်ခဲ့ ဟန်ရှိသည်။ 

ထိုသို့ စုပေါင်းအုပ်ချုပ်သည့် စနစ်ကိုလည်း စီနုလိုမင်းသည် မိုင်းဆေစဝ်(Moung Mong- Tse/Mong- She- Chao) တွင် နန်းတက်အပြီး အေဒီ ၆၅၀ ခုတွင် စတင် ဖော်ဆောင်ခဲ့ဟန် တူပါသည်။ 

ဤအချက်ကို ရှမ်းသမိုင်းပညာရှင် ဆရာစိုင်းအောင်ထွန်း၏ “History of The Shan State: From Its Origins To 196”တွင် “In AD650 the Ai Lao rulers united and organized six Chao states into one powerful confederated state name Nan- Chao.” ဟူ၍ ဖော်ပြထားပါသည်။

ထိုသို့ ဆရာဖော်ပြထားသည့် Ai Lao ဆိုသည်မှာ နန်စောမင်းရိုးသည် ယခင်က ရှိခဲ့သည့် Ai Lao နိုင်ငံ (အေဒီ ၄၇-၂၂၅)က ဆင်းသက်လာမှုကို ညွှန်းဆိုထားခြင်း ဖြစ်ပါသည်။ 

ထိုနန်စော(၆)နိုင်ငံသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်း တည်ရှိခဲ့ပြီး

1. Muong Mong-Sui                     > Mong- Hi- Chao

2. Muong Ia-Tse                     > Che- Chai- Chao

3. Muong Lang-Kong                     > Chien- Lang- Chao

4. Muong Theng-Tsieng                 > Teng- Shan- Chao

 5. Muong Tse-Lang                     > Shi- Lang- Chao

6. Muong Mong-Tse (Muong Sae or Muong Nong-Sae)     > Mong- She- Chao ဟူ၍ ခေါ်ဆိုသည်ဟု လာအို သမိုင်းပညာရှင် Maha Sila Viravong ၏ “HISTORY OF LAO”သမိုင်းမှတ်တမ်းနှင့် ဆရာစိုင်းအောင်ထွန်း၏  “History of The Shan State: From Its Origins To 196”ကျမ်းတွင် ဖော်ပြထားပါသည်။ 

နန်စော၏ ကနဦးကာလတွင် အဆိုပါ(၆)နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရင်း တန်အင်ပါယာ (တရုတ် နိုင်ငံ)၊ တိဗက်နိုင်ငံတို့နှင့်သာ ဆက်ဆံရေး ထူထောင်နိုင်ဦးမည်ဟု သုံးသပ်ပါသည်။ 

ရှေးယခင်က ရှမ်းနီတိုင်းရင်းသားများ၏ လူနေမှုပုံစံကိုတွေ့ရစဉ်

လက်ရှိ အထက်မြန်မာပြည် ဖြစ်လာမည့် ဒေသများကို သိမ်းသွင်းရန် အတွက်ကိုမူ စီနုလိုမင်း၏ မြစ်တော် ဖီလော်ကော်မင်း(Pi- Lo- Ko)လက်ထက်အထိ ပြင်ဆင်နိုင်သေးဟန် မတူပါ။ အဘယ့်ကြောင့်ဆိုသော် ဖီလော် ကော်မင်း (Pi- Lo- Ko)မင်း လက်ထက် ရောက်သည့် အခါမှသာ မိုင်းဆေစဝ်(Moung Mong- Tse> Mong- She- Chao)မြို့ပြနိုင်ငံနှင့် ကျန်(၅) နိုင်ငံကို ပူးပေါင်း၍ နန်စောအင်ပါယာအဖြစ် စတင်ဖွဲ့စည်းနိုင်သောကြောင့် ဖြစ်ပါ သည်။ 

ဤသည်ကို ဆရာဝေါင်းမိန်းခမ်း၏ “နန်စော ကျောက်စာဘာသာပြန် ဆောင်းပါး”၊ ဆရာစိုင်းအောင်ထွန်း၏  “History of The Shan State: From Its Origins To 196”ကျမ်းနှင့် ဆရာတော် အရှင်သုခမိန္ဒ(တန့်ယန်း)၏ M.A ဘွဲ့ယူ ကျမ်းဖြစ်သည့် “ရှမ်းတိုင်း ရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓ‌လေ့ထုံးစံများ”စာအုပ်တွင် တစ်ညီတစ် ညွတ်တည်း ဖော်ပြထားပါသည်။

စီနုလိုမင်း၏ တီတော်ဖြစ်သော နန်စောမင်း ခိုလိုဖုန်းသည် အေဒီ ၇၄၈ ခုတွင် နန်စောအင်ပါယာ၏ မင်းဖြစ် လာ ကြောင်းနှင့် ထိုမင်းသည် နန်ချောင်ခေတ်တွင် ထူးချွန်ထက်မြက်၍ အင်အားကြီးမားကြောင်းကို ဆရာတော် အရှင် သုခမိန္ဒ(တန့်ယန်း)၏ M.A ဘွဲ့ယူကျမ်းဖြစ်သည့် “ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓ‌လေ့ ထုံးစံ များ” စာအုပ်နှင့် ဆရာစိုင်းခမ်းမိုင်း၏ “Selected Writings of Sai Kham Mong, Volume I” တို့တွင် တူညီစွာ ဖော်ပြထားသည်ကို တွေ့ရသည်။

G.E.HARVEY ၏ “History of Burma”စာအုပ်တွင် ထိုမင်းလက်ထက် အေဒီ ၇၅၄ ခု၌ နန်ချောင်အင်ပါယာသည် ဧရာဝတီမြစ် အထက်ပိုင်းဒေသရှိ မျိုးနွယ်စုများကို သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ 

ဤဖော်ပြချက်နှင့် ပတ်သက်၍ နန်စောမင်းခိုလိုဖုန်း၏ အေဒီ၇၅၆ ခုတွင် ရေးထိုးထားသည့် ကျောက်စာပါ မှတ်တမ်းတွင်-

“ဤတွင်ရွှင်ချွန်(尋傳) ဟူသော ဒေသရှိလေသည်။ ထိုနေရာသည် ယခုအခါတွင် ထွက်ကုန်ပေါများပြီး မြေဆီ မြေဩဇာကောင်းကာ လူသူများ ချမ်းသာကြွယ်ဝနေသည်။ ထိုဒေသမှ  တောင်ဖက်လားသော် ဘော်ဟိုင်း(渤海)သို့ ရောက်ပြီး၊ အနောက်ဖက်သို့လားသော် တာ့ချင်(大秦)သို့ ရောက်သည်။ လောကကို ဖန်ဆင်းချိန် ကာလက စ၍ ထိုနေရာသည် ယဥ်ကျေးမှု မထွန်းကားသေးပေ။ ရှီဟွမ်(羲皇)ခေတ်ပြီး ကတည်းမှစ၍ ယနေ့တိုင် စစ်သည် လက်နက်ချပ်ဝတ်များ မပေါများ(မရှိ)ခဲ့ချေ။ စဝ်(詔နန်စောဘုရင်)မှ သူတို့အား အဆင့်မြင့်သော ဝတ်စားဆင် ယဥ်မှု၊ ယဥ်ကျေးသော အမူအကျင့်များနှင့် ထုံးတမ်းစဥ်လာများ ရှိလာစေရန် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် ဆန္ဒရှိခဲ့လေသည်။ ဇန့်ဖူဇုံးနန်းစံ ဒသမနှစ်မြောက်၏ ဆောင်းရာသီတွင် ဘုရင်သည် နန်းတွင်းအခြံအရံများနှင့် အတူ စစ်သည်တော် အပေါင်းတို့နှင့်တကွ တောအုပ်များကိုဖြတ်ကာ လှေနှင့်တံတားများကို တည်ဆောက်ခဲ့လေ သည်။ ဂုဏ်အရှိန်အဝါကိုသိစေရန် စစ်အင်အားကိုပြကာ ဉာဏ်အလင်းရစေရန် စာပေပညာများ ပြလေသည်။”  ဟူ၍ ရေးထိုးထားကြောင်းကို ဆရာဝေါင်းမိန်းခမ်း၏ “နန်စော ကျောက်စာဘာသာပြန်ဆောင်းပါး”တွင် တွေ့ရသည်။

ဤကျောက်စာပါ မှတ်တမ်းနှင့် “History of Burma”စာအုပ်ကို နှိုင်းယှဥ်လေ့လာရာတွင် အဖြစ်အပျက် များမှာ ထပ်တူညီနေသည်ဟု သုံးသပ်နိုင်ပါသည်။ 

ကျောက်စာတွင် ဖော်ပြထားသည့် ရွှင်ချွန်(尋傳)ဒေသ ဆိုသည်မှာ အထက်မြန်မာပြည်ရှိ ဧရာဝတီမြစ်၏ အရှေ့ပိုင်း ဒေသကြီးဖြစ်ရာ နန်စောမင်းသည် သူ၏စစ်တပ်ကြီးနှင့်အတူ  အေဒီ ၇၅၄ ခုတွင် ၎င်းဒေသအား ကိုယ်တိုင် ဝင်ရောက်သိမ်းပိုက်ကြောင်း သုံးသပ်နိုင်ပေသည်။

ထို့အတူ နန်စောအင်ပါယာသုံး စာပေ၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများသည် ဤကာလကစ၍ အထက် မြန်မာပြည်တွင် ပို၍ထွန်းကားလာမည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။ 

သို့ဖြစ်လျှင် အထက်မြန်မာပြည်၊ ဧရာဝတီမြစ်ဝှမ်းတွင် ခရစ်တော်မပေါ်မီ ကာလကတည်းက ရောက်ရှိ၍ မြို့ပြနိုင်ငံငယ်များ တည်ထောင်နေသော ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြော သည့် ရှမ်းမျိုးနွယ်စုတို့သည် အေဒီ ၇၅၄ ခုတွင် နန်စောအင်ပါယာနှင့် တိုက်ရိုက် ထိတွေ့ရကြောင်းကိုပါ သုံးသပ် သိမြင်နိုင်ပေသည်။ 

နန်စောအင်ပါယာနှင့် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်း မျိုးနွယ်စုတို့ တိုက်ရိုက် ထိတွေ့ဆက်ဆံသည်ဟု ဆိုရခြင်းမှာ အေဒီ ၇၅၄ ခု မတိုင်မီကာလ အေဒီ ၇၂၂ ခုတွင်ပင် နန်စောအင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဖြစ်သော မိုင်းမောနိုင်ငံကလာသည့် မင်းရိုးသည် မိုးကောင်းမြို့ပြနိုင်ငံကို ထူထောင်ခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ထိုသို့ မိုးကောင်းမြို့ပြနိုင်ငံကို ထူထောင်စဉ်ကာလက နန်စောအင်ပါယာနှင့် ဆက်ဆံရာတွင် မိုင်းမော နိုင်ငံကတဆင့် ဆက်ဆံရသော်လည်း နန်စောမင်း ခိုလိုဖုန်း ကိုယ်တိုင် ဦးဆောင်၍ ဧရာဝတီမြစ် အရှေ့ပိုင်းဒေသ ကြီးသို့ ဝင်ရောက်သိမ်းပိုက်လာသည့် အခါတွင်မူ မိုးကောင်းမြို့ပြနိုင်ငံသည် နန်စော အင်ပါယာနှင့် တိုက်ရိုက် ဆက်ဆံသည့် အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးမည်ဟု သုံးသပ်ရပေသည်။

ထို့အတူ အင်ပါယာအတွက် အခွန်ဘဏ္ဍာနှင့် စစ်သည်အင်အား ဖြည့်ဆည်းနိုင်မည့် မိုးကောင်းမြို့ပြနိုင်ငံ အပေါ် နန်စောမင်းတို့မှာ အုပ်ချုပ်ရေး တည်မြဲစေရန်အတွက် အထူးဂရုပြုကြလိမ့်မည်ဟု သုံးသပ်ရပေသည်။

ထို့ကြောင့် မိုးကောင်းမြို့ပြနိုင်ငံတွင် မင်းဆက်ပြတ်သည့်အခါ မူလမင်းရိုးဖြစ်သည့် မိုင်းမောမင်းရိုးကို ဆက်လက် ခန့်ထားအုပ်ချုပ်စေခဲ့သည်ကို ရှမ်းသမိုင်းမှတ်တမ်းတစ်ခုဖြစ်သည့် အုန်းဘောင်မင်းဆက် ရာဇဝင်တွင် ဖော်ပြထားပါသည်။ 

လာမည့်တစ်ပတ်တွင် နန်စောအင်ပါယာသည် မိုးကောင်းမြို့ပြနိုင်ငံ၏အားဖြင့် မြန်မာပြည်အလယ်ပိုင်း ဖြစ်လာမည့်ဒေသများရှိ ပျူမြို့များကို တိုက်ခိုက်သိမ်းသွင်းခဲ့ပုံကို သမိုင်းအထောက်အထားများနှင့် တင်ပြသွားပါမည်။ 

ထို့အပြင် နန်စောအင်ပါယာ ပြုတ်ကျပြီးနောက် ထပ်မံထူထောင်သော တာလီအင်ပါယာ လက်အောက် တွင် မိုးကောင်းမြို့ပြနိုင်ငံကို ထပ်မံထူထောင်ပုံနှင့် အုပ်ချုပ်သည့်မင်းရိုး အပြောင်းအလဲဖြစ်ပုံတို့ကို သမိုင်း အထောက်အထားများနှင့် သုံးသပ်တင်ပြသွားပါမည်။ 

ရှမ်းနီအမျိုးသားနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းရှင်းပြထားစဉ်

Maha Sila Virawang  

ကျမ်းကိုး-

၁။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့်ဓ‌လေ့ထုံးစံများ။ ၂၀၁၃။ သာသနာတော် ထွန်းကာပြန့်ပွားရေးဦးစီးဌာန။ ရန်ကုန်။ 

၂။ ဝေါင်းမိန်းခမ်း၊ နန်စောကျောက်စာ ဘာသာပြန်ဆောင်းပါး။ 

3. Carmaen Eva Marseille, Shan-Ni Grammar and Processes of Linguistic Change, Leiden University, 2019.

4. G.E.HARVEY, HISTORY OF BURMA; From the Earliest Time to 10 March 1824, The Beginning of the English Conquest, FRANK CASS & CO. LTD, 1967.

5. Sai Aung Tun, History of The Shan State: From Its Origins To 1962, Silkworm Books, Illustrated edition, January7,2009.

6.  Sai Kham Mong, Selected Writings of Sai Kham Mong, Volume-1, Tri Awards Co., Ltd, 2023. 

ဆက်စပ်လေ့လာသည့် မှတ်တမ်းများ-

၁။ ၁။ ခင်သိန်း၊ ‌ဒေါ်(ပါမောက္ခ၊ မြန်မာစာဌာန)။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်။ မြစ်ကြီးနားတက္ကသိုလ်။ www.Shanyoma.org.

၂။ ပါတောင်ဆရာတော်၏ ပုရပိုက်မှတ်တမ်း။

3. Pu Loi Hom Hom and Pu Loi Tun, THE FOUNDING OF MONG KAWNG, www.Shanyoma.org.

4. Scott.J.George, GAZETTEER OF UPPER BURAM AND THE SHAN STATE, PART-I, VOL-I, Superintendent, Government Printing Press, 1900. 

 Original Article Link: https://cnimyanmar.com/index.php/article-2/opinoin/16864-2023-08-26-10-31-55

သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၃)

 


၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၀

ရေးသားသူ- Maha Sila Virawang   

ပြီးခဲ့သည့်အပတ်က ရှမ်းနီတိုင်းရင်းသားများ၏ ဘိုးဘေးများဖြစ်ကြသော တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်းမျိုးနွယ်စုများ၏ အထက်မြန်မာပြည်တွင် မြို့ပြနိုင်ငံ တည်ထောင်မှုများသည် ခရစ်တော်မပေါ်မီ ကာလကပင် စတင်နေခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိချက်များကို ဖော်ပြခဲ့ပါသည်။

ထိုကဲ့သို့ မြို့ပြနိုင်ငံငယ်များ ထူထောင်ကာ အခြေချ နေထိုင်လာခဲ့ခြင်းသည် ခရစ်တော် ပေါ်ထွန်းပြီးနောက်တွင် ပေါ်ပေါက်လာမည့် လက်နက် နိုင်ငံတော်ကြီးများအတွက် အခြေခံအင်အားစုကောင်းများ ဖြစ်လာခဲ့ပါသည်။

တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုများ၏ ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် အသွင်သဏ္ဍာန် အားဖြင့် တူညီသော မြို့ပြနိုင်ငံကြီးများနှင့် ပေါင်းစုထားသည့် ပြည်ထောင်စုစနစ်သည် လက်ရှိ ရှမ်းနီတိုင်းရင်းသား များ နေထိုင်သော အထက်မြန်မာပြည်ရှိ မြို့ပြနိုင်ငံကြီးများ၊ အထူးသဖြင့် မိုးကောင်းမြို့ပြနိုင်ငံကို အခြေခံလျက် ထွန်းကားလာခဲ့သည်။

ဤသည်ကို ခေတ်ပြိုင်သမိုင်း မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေး ဖော်ထုတ်ကာ တင်ပြသွားပါမည်။

ပထမဆုံး တင်ပြလိုသည်မှာ ရှမ်းနီတိုင်းရင်းသားများ၏ ဘိုးဘေးများဖြစ်သော တိုင်း-တရုတ် ဘာသာစကားပြော သည့် ရှမ်းမျိုးနွယ်စုများ တည်ထောင်သည့် မိုးကောင်းမြို့ပြနိုင်ငံအကြောင်း ဖြစ်ပါသည်။

ဤမှတ်တမ်းသည် ပါတောင်းဆရာတော်၏ ပုရပိုက်မှတ်တမ်းမှ ထုတ်နုတ် ရရှိသည်ဟု ဆိုပါသည်။

မိုးကောင်းမြို့ တည်နေရာကိုတွေ့ရစဉ်

ပုရပိုက်မှတ်တမ်းအရ “မိုးကောင်းမြို့ကို ကောဇာသက္ကရာဇ် ၈၄ ခု(အေဒီ ၇၂၂)တွင် နောင်တော်ကြီး စဝ်အိုက်က လည်းကောင်း၊ မိုးညှင်းမြို့ကို ကောဇာသက္ကရာဇ် ၈၅ ခု(အေဒီ ၇၂၃)တွင် ညီတော်အလတ် စဝ်ညီကလည်းကောင်း၊

အင်းတော်ကြီးအနီးရှိ မိုးပင်းမြို့ကို ကောဇာသက္ကရာဇ် ၈၆ ခု(၇၂၄)တွင် အငယ်ဆုံးညီတော် စဝ်ဆမ်ကလည်း ကောင်းအသီးသီး တည်‌ထောင်အုပ်စိုးကြောင်း ဖော်ပြထားပါသည်။

ဤညီနောင်(၃)ပါး၏ မျိုးရိုးကို လေ့လာရာတွင် မိုင်းမောစော်ဘွား၏ သားတော်(၃)ပါးဟု ပုရပိုက်တွင် ဖော်ပြထား ကြောင်း လေ့လာသိရှိရသည်။

ပုရပိုက်ပါ မှတ်တမ်းအရ ဆက်လက် သိရှိရသည်မှာ “မိုးပင်းမြို့တည်မင်း စဝ်ဆမ်သည် စဝ်ဆမ်လုံခူးမိန်းဘွဲ့ကို ခံယူကြောင်း၊ အင်းတော်ကြီးနယ်နှင့် ကျောက်စိမ်းတွင်း နယ်မြေများကို စုပေါင်းလျက် မိုးပင်းနယ်မြေ၊ ငွန်စင်းနယ် မြေ၊ စည်ခမ်းနယ်မြေ၊ မောက်တောင်း နယ်မြေဟူ၍ နယ်ပယ်(၄)ရပ် ဖွဲ့စည်းကာ အုပ်ချုပ်ကြောင်း၊ မိုးကောင်း တည်မင်း စဝ်အိုက် ကွယ်လွန်ရာတွင် မိုးပင်းမြို့တည်မင်း စဝ်ဆမ်သည် ဖာတင်စန့်တင်းမိန်းဘွဲ့ဖြင့် မိုးကောင်းမြို့ ပြကို အုပ်ချုပ်ကြောင်း”ဟူ၍ ဖြစ်ပါသည်။

ဤမှတ်တမ်းနှင့် ပတ်သက်၍ Carmaen Eva Marseille ပြုစုသည့် “Shan-Ni Grammar and Processes of Linguistic Change” ဟူသော မဟာဘွဲ့ယူကျမ်းတွင်လည်း ဆက်စပ်ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ဒုတိယ တွေ့ရှိရသည့် မိုးကောင်း မြို့ပြနိုင်ငံ၏ သမိုင်းမှတ်တမ်းသည် နှုတ်ပြော သမိုင်းမျိုးဖြစ်၍ ဒဏ္ဍာရီ ဆန်နေပါသည်။

သို့သော် ထိုဒဏ္ဍာရီ ဆန်နေသည့် နှုတ်ပြောသမိုင်းကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင် ပြည်နယ်အတွင်း နေထိုင်ကြသော ရှမ်းနီတိုင်းရင်းသားများသာမက အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်နှင့် အရူနာချာ ပရာဒေ့ရှ် ပြည်နယ်တွင် နေထိုင်ကြသည့် ဖာကေရှမ်းမျိုးနွယ်စုနှင့် ခမ်းယန်းရှမ်းမျိုးနွယ်စုများကပါ ထပ်တူထပ်မျှ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ပြောကြားနေကြခြင်းမှာ ထူးခြားပါသည်။

မိုးညှင်းမြို့ အ၀င်ကိုတွေ့ရစဉ်

ထိုနှုတ်ပြော သမိုင်းကို ဗြိတိသျှအစိုးရ အရာရှိဖြစ်သူ J.George Scott မှတ်တမ်းတင် ရေးသားသည့် “GAZETTEER OF UPPER BURMA AND THE SHAN STATE PART- I, VOL - I”နှင့် ရှမ်းသမိုင်းပညာရှင် Pu Loi Hom နှင့် Pu Loi Tun တို့ ပူးတွဲရေးသားထားသည့် “THE FOUNDING OF MONG KAWNG” သမိုင်းသုတေသန ဆောင်းပါးတွင် ထည့်သွင်း၍ ဖော်ပြထားပါသည်။

ထို့နောက် အဆိုပါ နှုတ်ပြောသမိုင်းအရ မိုးကောင်းကို တည်ထောင်သူမှာ ဆေကော်ဖမင်းဖြစ်၍ ခမည်း တော် ကျားဖြူမင်းနှင့် မယ်တော် စဝ်နန်းလှ(ဝါ)စောလှတို့က ဖွားမြင်သည့် သားတော်ကြီး ဖြစ်ပါသည်။

သူသည် မိုးညှင်းတည်မင်း ဆေကျန်ဖ၊ မိုးမိတ်တည်မင်း ဆေငံဖ၊ ဝန်းသိုမင်း ဆေဟွမ်ဖ တို့နှင့် ညီတော် နောင်တော်အရင်း တော်စပ်သူဖြစ်သည်။  ၎င်းတို့ကို မြို့ပြနိုင်ငံ တည်ထောင်သည့် မင်းများ ဖြစ်လာစေရန် အဓိက ကူညီထောက်ပံ့သူမှာ မယ်တော် စဝ်နန်းလှ၏ ခမည်းတော်ဖြစ်သော ဘိုးတော်ဥတည်ဘွားမင်း ဖြစ်သည်။

ထို့အပြင် ခမည်းတော် ကျားဖြူမင်း၏ အကူအညီကိုလည်း ရယူခဲ့ရသည်ဟု နှုတ်ပြောသမိုင်းတွင် ဖော်ပြထားပါ သည်။ ဤတွင် ဗြိတိသျှအစိုးရ အရာရှိဖြစ်သူ J.George Scott မှတ်တမ်းတင်ရေးသားသည့်  “GAZETTEER OF UPPER BURMA AND THE SHAN STATE PART- I, VOL - I”၌ ဆေကော်ဖှမင်းသည် မိုးကောင်းကို သက္ကရာဇ် ၃၀၀ ခု(အေဒီ ၉၃၈)တွင် တည်ထောင်ကြောင်း ဖော်ပြထားပါသည်။

မိုးကောင်းမြို့ပြနိုင်ငံနှင့် ပတ်သက်၍ တတိယတွေ့ရရှိရသည့် မှတ်တမ်း(၃)စောင်ကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ထိုမှတ်တမ်း(၃)စောင်မှာ ဇမ္ဗူ့ဒီပ ဦးဆောင်းကျမ်း၊ မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းနှင့် အုန်း ဘောင်မင်းဆက် ရာဇဝင်တော်ကျမ်းတို့ ဖြစ်ပါသည်။

ဇမ္ဗူ့ဒီပဦးဆောင်းကျမ်းနှင့် မိုးမိတ်ရာဇဝင် တော်သစ်ကျမ်းများအရ မိုးကောင်းမြို့သည် အေဒီ ၉၉၁ ခုတွင် တည်ရှိ နေပြီဖြစ်ပြီး “ကျိုင်းဟုံရွှေနန်းရှင်သည် သားတော်ဖြစ်သူ ဆေဟိုင်းဖကို မိုးကောင်းမြို့အား အုပ်ချုပ်ရန် ပေးအပ် သည်”ဟူ၍ ဖော်ပြထားပါသည်။

ခန္တီးစော်ဘွားကို သမိုင်းမှတ်တိုင်ကိုတွေ့ရစဉ်

အုန်းဘောင်မင်းဆက် ရာဇဝင်တွင်မူ “မိုင်းမောမြို့ပြနိုင်ငံ၏ မင်းဖြစ်သူ ခွန်လူး၏ သားတော်ဖြစ်သော ခွန်ခမ်း ထွန်းသည် မိုးကောင်းကို အုပ်ချုပ်ရကြောင်း” ဖော်ပြထားသည်ကို တွေ့ရပါသည်။

မိုးကောင်းမြို့ပြနိုင်ငံနှင့် ပတ်သက်သည့် သမိုင်းမှတ်တမ်းများကို သုံးသပ်ရလျှင် မိုးကောင်းကို အစောဆုံး တည် ထောင် အုပ်ချုပ်သည့်မင်းဖြစ်သူ စဝ်အိုက်သည် မိုင်းမောမြို့ပြနိုင်ငံက လာရောက်သည့် မင်းဖြစ်သည်ကို တွေ့ရှိရ သည်။

ထို့ကြောင့် မိုင်းမောမြို့ပြ နိုင်ငံနှင့်ပတ်သက်၍ ရှမ်းသမိုင်းမှတ်တမ်းများကို လေ့လာကြည့်သည့်အခါ (၃)မြို့ရှိနေ ပြီး ပထမမြို့ပြသည် ရွှေလီမြစ်ဝှမ်းဒေသ၊ မိုးမိတ်နယ်အတွင်း တည်ရှိ၍ ကျိုင်းမော(Keng Mao)ဟု အမည်တွင် ပါသည်။

ထိုမြို့ပြနိုင်ငံကို မဟာသက္ကရာဇ် ၉၅ ခု(ဘီစီ ၅၉၄)တွင် မဟာဝုန့်အမည်ရသော ရှမ်းမင်းက တည်ထောင်ကြောင်း၊ အဆိုပါမြို့ပြနိုင်ငံသည် မောရှမ်းကိုးပြည်ထောင် စတင်ဖြစ်ထွန်းရာ ရှေးဟောင်းမြို့ကြီး ဖြစ်ကြောင်းကို မိုးမိတ် ရာဇဝင်တော်သစ်ကျမ်းတွင် ဖော်ပြထားသည်။

ထိုမြို့နှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနဌာန၏ မြေပြင်ကွင်းဆင်း သုတေသနပြုခြင်း မရှိသေးသည့် အတွက် မြေပေါ်မြေအောက် အ‌ထောက်အထားရရှိရန် ခက်ခဲပြီး မြို့သက်တမ်းကို သတ်မှတ်ရန် အတိအကျ မဆိုနိုင်သေးပါ။

သို့သော် ရှမ်းသမိုင်း မှတ်တမ်းကျမ်း တစ်စောင်ဖြစ်သည့် မိုးမိတ်ရာဇဝင် တော်သစ်ကျမ်းတွင်မူ ဆရာတော် ဦးခေမိန္ဒက ပြည့်စုံစွာ ဖော်ထုတ် မှတ်တမ်းတင် ထားနိုင်သည်ကို တွေ့ရှိရသဖြင့် လည်းကောင်း၊ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုတို့၏ မြန်မာပြည်အတွင်း ဝင်ရောက် အခြေချနေထိုင်မှုသည် ဘီစီ ၈၀၀ လောက်က စတင်နေသည်ကို စစ်တမ်းများတွင် တွေ့ရှိရသဖြင့်လည်းကောင်း ကျိုင်းမောမြို့ပြနိုင်ငံသည် ဘီစီ ၅၉၄ ခုတွင် တည်ရှိနေပြီဟူသော မှတ်တမ်းမှာ ယေဘုယျအားဖြင့် ဖြစ်လောက်စရာရှိကြောင်း သုံးသပ်ရပါသည်။

ဒုတိယမြို့ပြသည် ရွှေလီမြစ်ဝှမ်းဒေသ၊ မူဆယ်-နမ့်ခမ်းနယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီနယ်တို့ ထိစပ်ရာ နေရာတွင် တည်ရှိပါသည်။

ရှမ်းနီ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရစဉ်

ဆရာတော်အရှင်သုခမိန္ဒ(တန့်ယန်း)၏ M.A ဘွဲ့ယူကျမ်းဖြစ်သည့် “ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှု နှင့် ဓ‌လေ့ထုံးစံများ” စာအုပ်တွင် ရွှေလီမြစ်ဝှမ်းရှိ မိုင်းမောမြို့ပြနိုင်ငံသည် နန်စော အင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံ ငယ်ဖြစ်နေပြီး အေဒီ ၇၆၄ ခုတွင် နန်စောမင်းခိုလိုဖုန်း၏ သားမက်တော် ခွန်တောင်းခမ်းက အုပ်ချုပ်နေကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

မြေပြင် အထောက်အထားများကို လေ့လာရာတွင်လည်း ပြန်လည်ပြင်ဆင်ထားသည့် လက်ကျန်မြို့ရိုးနှင့် မြို့ တံခါး တစ်ပေါက်မှာ ယခုတိုင် ရှိနေသေးသည်ကို တွေ့ရပါသည်။

ဤမိုင်းမောမြို့ပြနိုင်ငံသည် နန်စော အင်ပါယာခေတ်တွင် ပေါ်ထွန်းလာသည့် မြို့ပြနိုင်ငံဖြစ်၍ ကျိုင်းမောမြို့ပြ နိုင်ငံထက် ကာလအားဖြင့် များစွာနောက်ကျသည်ဟု သုံးသပ်နိုင်ပါသည်။

သို့သော် ယခုခေတ် ရှမ်းတိုင်းရင်းသား အများစု၏ သမိုင်းကြောင်းများနှင့် အများအားဖြင့် ဆက်စပ်နေ သည့် မိုင်းမော ဆေမင်းဆက်တို့မှာ ဤမြို့ပြနိုင်ငံက ပေါ်ထွန်းလာခြင်းဖြစ်သည်ကို လေ့လာသိရှိရပါသည်။

တတိယမြို့ပြသည် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းမော- ဝိန်းကျွမ်မြို့ဟောင်း ဖြစ်သည်ကို တွေ့ရသည်။

မိုင်းမော-ဝိန်းကျွမ်း မြို့ဟောင်းမြေပုံကို လေ့လာကြည့်သည့်အခါ မြို့ဟောင်းရာသည် မြို့ပြနိုင်ငံ တည်ထောင် ရလောက်အောင် မကြီးမားဘဲ ခံတပ်မြို့ငယ်ပုံစံကိုသာ တွေ့ရသည်။

ထိုခံတပ်ငယ်နှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနဌာန၏ မြေပြင်တူးဖော် တွေ့ရှိချက်များ၊ မြေပေါ် မြေအောက် အထောက်အထားများ မရှိသေးဘဲနှင့် မိုင်းမောမြို့ဟောင်းဟု ယတိပြတ် သုံးသပ်နိုင်ရန်လည်း ခက်ခဲ ပါသည်။

အဆိုပါ ခံတပ်မြို့ငယ်၏ အမည်ကို လေ့လာရာတွင် ဒေသခံ ရှမ်းနီတိုင်းရင်းသားတို့၏ အခေါ်အရ မိုင်းမော-ဝိန်းကျွမ်ဟူသော ပူးတွဲအမည်ဖြစ်နေရာ အများသိသည့် မိုင်းမောကို ခေတ္တထား၍ ဝိန်းကျွမ်ဟူသည်ကို အနက်ဖော်ကြည့်ရာတွင် “ဝိန်းသည် ရှမ်းနီဘာသာ စကားအရ မြို့ငယ်ဖြစ်ပြီး ကျွမ်-စွမ်ဆိုသည်မှာ ရှမ်းနီ ဘာသာ စကားအရ နယ်ခြားမြေ၊ နယ်ခြားစခန်း” ဖြစ်သည်ကို တွေ့ရှိရသည်။

အများအားဖြင့် ကျွမ်-စွမ်ဆိုသည့် နယ်မြေများကို အုပ်ချုပ်သူသည် ထမုံအဆင့်ရှိသည့် စစ်ဘက်ဆိုင်ရာ အရာရှိ ဖြစ်သည်ကိုလည်း သိရှိရပေသည်။ သို့ဖြစ်၍ မိုင်းမော-ဝိန်းကျွမ်သည် မိုင်းမောမြို့ပြ နိုင်ငံ၏ နယ်ခြားစခန်း (ဝါ)နယ်ခြားခံတပ်မြို့ငယ်သာ ဖြစ်မည်ဟု သုံးသပ်ရပါသည်။

ဤမိုင်းမောမြို့(၃)မြို့ကို လေ့လာ၍ မိုးကောင်းတည်မင်း စဝ်အိုက်သည် မည်သည့် မိုင်းမောမြို့က လာ ရောက်သော မင်းရိုးဖြစ်သည်ကို ဆန်းစစ်ကြည်ရာတွင် ပထမအဖြစ်နိုင်ဆုံးမှာ မိုးမိတ်နယ်အတွင်း တည်ရှိသည့် ကျိုင်းမော(Keng Mao)မြို့ပြနိုင်ငံမှ လာရောက်ခြင်း ဖြစ်ပါသည်။

ဒုတိယအဖြစ်နိုင်ဆုံးမှာ  ရွှေလီမြစ်ဝှမ်းဒေသ၊ မူဆယ်-နမ့်ခမ်းနယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီနယ်တို့ ထိစပ် ရာ နေရာရှိ မိုင်းမောမြို့ပြနိုင်ငံမှ လာရောက်ခြင်း ဖြစ်ပါသည်။

မိမိလေ့လာမှုအရ သုံးသပ်ရလျှင် ကျိုင်းမောမြို့ပြနိုင်ငံက လာရောက်သည့်မင်းရိုးဟု ပြောနိုင်ဖို့ မိုးကောင်း မြို့ပြနိုင်ငံ ထူထောင်ချိန်နှင့် ကျိုင်းမောမြို့ပြနိုင်ငံ တည်ရှိချိန်သည် ခေတ်ကာလကွာဟလွန်းခြင်း၊ ကျိုင်းမောမြို့ သည် မိုးကောင်းမြို့ပြနိုင်ငံကို တည်ထောင်ချိန်အထိ ဆက်လက် တည်ရှိနေခြင်း ရှိ/မရှိကို မသိနိုင်ခြင်းတို့ကြောင့် မိုးကောင်းမြို့တည်မင်း စဝ်အိုက်ကို ကျိုင်းမောမြို့ပြနိုင်ငံမှ လာရောက်သည်ဟု ဆိုနိုင်ရန် ခက်ခဲပါသည်။

ဒုတိယ အဖြစ်နိုင်ဆုံးဖြစ်သည့် ရွှေလီမြစ်ဝှမ်းဒေသ၊ မူဆယ်-နမ့်ခမ်းနယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီနယ်တို့ ထိစပ်ရာ နေရာရှိ မိုင်းမောမြို့ပြနိုင်ငံမှ လာရောက်သည့် မင်းရိုးဟု သုံးသပ်လျှင်မူ များစွာဖြစ်နိုင်စရာ ရှိပါသည်။

အဘယ့်ကြောင့်ဆိုသော် မိုးကောင်းမြို့ပြ နိုင်ငံထူထောင်ချိန်တွင် မိုင်းမောမြို့ပြ နိုင်ငံသည် တည်ရှိပြီး ဖြစ်သောကြောင့် ဖြစ်သည်။

ထို့အပြင် မိုင်းမောမြို့ပြနိုင်ငံသည် နန်စောအင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဖြစ်သဖြင့် မောမင်း၏ သားတော်ဖြစ်သော စဝ်အိုက်သည် နန်စောအင်ပါယာ၏ အထောက်အပံ့ဖြင့်  မြို့သစ်၊ ပြည်သစ် ထူထောင်ရန် ထွက်ခွာလာသည့် မိုင်းမောမင်းရိုးဖြစ်သည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။

မိုးကောင်းမြို့တည်မင်း စဝ်အိုက်သည် မိုင်းမော-ဝိန်းကျွမ်က လာရောက်သည်မှာ မဖြစ်နိုင်ကြောင်း သုံးသပ်ရမိသည်။  

ရှမ်းနီ အမျိုးသမီးများကို တွေ့ရစဉ်

အထက်ပါ မှတ်တမ်းများကို ခြုံငုံသုံးသပ်ရပါက ရှမ်းနီတိုင်းရင်းသားတို့၏ ဘိုးဘေးများဖြစ်သော တိုင်း- တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုတို့သည် အေဒီ ၇၂၂ ခုတွင် မိုးကောင်းမြို့ပြနိုင်ငံကို အင်အား ကောင်းစွာ စတင်ထူထောင်နိုင်ပြီ ဖြစ်သည်။

ထူထောင်သည့် မင်းရိုးသည် နန်စောအင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဖြစ်သော မိုင်းမောမြို့ပြနိုင်ငံက လာရောက်သည့် မင်းရိုးဖြစ်၍ မိုးကောင်းကို ထူထောင်ခြင်း၏ နောက်ကွယ်တွင် နန်စော အင်ပါယာ၏ အားပေးကူညီမှုများစွာ ရှိခဲ့မည်ဖြစ်သည်။

ထို့အပြင် မိုးကောင်းမြို့ပြနိုင်ငံကို အင်အားကြီးမားစွာ ထူထောင်နိုင်ခြင်းသည် ခရစ်တော် မပေါ်မီကစ၍ အထက်မြန်မာပြည်တွင် ကြိုတင်ရောက်ရှိနေသော တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုများ၏ အခြေခံလူမှုစီးပွား အင်အားတို့ဖြင့် ပေါင်းစည်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ညီနောင်(၃)ဦးတို့သည် မိုးကောင်း၊ မိုးညှင်းနှင့် မိုးပင်းကို တစ်နေရာနှင့်တစ်နေရာ အလှမ်းမကွာသော နေရာများတွင် ထူထောင်ကြခြင်းကလည်း စည်းလုံးညီညွတ်သည့် အင်အားဖြင့် နယ်ပယ်သစ်များကို ထပ်မံ ချဲ့ထွင်နိုင်ရန်နှင့် အပြန်အလှန် အကူအညီပေးနိုင်ရန် များစွာ အထောက်အပံ့ ဖြစ်စေပါသည်။

နောက်လာမည့် အပတ်တွင်မူ မိုးကောင်းမြို့ပြနိုင်ငံကို ကျားအိမ်တော်ရှင်မင်းရိုးတို့ ထပ်မံထူထောင်ကြ ခြင်း၊ မိုင်းမောမင်းရိုးတို့ ထပ်မံလာရောက် အုပ်ချုပ်ခြင်းနှင့်  နန်စောအင်ပါယာ၏ အထက်မြန်မာပြည်ကို သိမ်း သွင်း အုပ်ချုပ်နိုင်ခြင်းသည် မိုးကောင်းမြို့ပြနိုင်ငံအတွက် အင်အားကြီးမား၍ နယ်ပယ်သစ်များ ထူထောင်သိမ်း သွင်း အုပ်ချုပ်နိုင်သည်အထိ အထောက်အပံ့ကောင်း ဖြစ်စေခဲ့ပုံကို ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။

ကျမ်းကိုး-

၁။ ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက်။ တောင်ကြီးမြို့။

၂။ ဂျေအက်စ်ဖာနီဗဲလ်၊ ‌ဒေါက်တာ(သတိုးသီရိသုဓမ္မ)နှင့် ‌ဒေါက်တာဖေမောင်တင်။ ဇမ္ဗူ့ဒီပဦးဆောင်းကျမ်း။ ၁၉၆၀။ စာပေဗိမာန်ပုံနှိပ်တိုက်။ ရန်ကုန်။

၃။ မှူး၊ ဦး(တောင်ပိုင်မြို့ဝန်)။ အုန်းဘောင်မင်းဆက်ရာဇဝင်တော်။ www.Shanyoma.org.

၄။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့်ဓ‌လေ့ထုံးစံများ။ ၂၀၁၃။ သာသနာတော် ထွန်းကာပြန့်ပွားရေးဦးစီးဌာန။ ရန်ကုန်။

၅။ သုဇန၊ ဘဒ္ဒန္တ(ခန္တီးဆရာတော်)။ ဗျဂ္ဃနဂရ(ခေါ်) ဝန်းသိုရာဇဝင်သစ်။ ၁၉၉၇။ ကမ္ဘာလုံးစာပေ။ ရန်ကုန်။

  1. Carmaen Eva Marseille, Shan-Ni Grammar and Processes of Linguistic Change, Leiden University, 2019.
  2. Pu Loi Hom Hom and Pu Loi Tun, THE FOUNDING OF MONG KAWNG, www.Shanyoma.org.
  3. Scott.J.George, GAZETTEER OF UPPER BURAM AND THE SHAN STATE, PART-I, VOL-I, Superintendent, Government Printing Press, 1900.

ဆက်စပ်လေ့လာသည့် မှတ်တမ်းများ-

၁။ ခင်သိန်း၊ ‌ဒေါ်(ပါမောက္ခ၊ မြန်မာစာဌာန)။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်။ မြစ်ကြီးနားတက္ကသိုလ်။ www.Shanyoma.org.

၂။ ပါတောင်ဆရာတော်၏ ပုရပိုက်မှတ်တမ်း။ 

၃။ G.E.HARVEY, HISTORY OF BURMA; From the Earliest Time to 10 March 1824, The Beginning of the English Conquest, FRANK CASS & CO. LTD, 1967.

၄။  Sai Kham Mong, Selected Writings of Sai Kham Mong, Volume-1, Tri Awards Co., Ltd, 2023. 

Original Article Link: https://cnimyanmar.com/index.php/article-2/opinoin/16701-2023-08-19-18-06-18

သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၂)

 


၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၄
 
ရေးသားသူ --- Maha Sila Veravang
 
ပစ္စုပ္ပန်ကာလတွင် ရှမ်းနီတိုင်းရင်းသားများဟု ထင်ရှားလာမည့် တိုင်း-တရုတ်ဘာသာစကား ပြောသည့် ရှမ်းလူမျိုး တို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းမှ အထက်မြန်မာပြည်သို့ ဝင်ရောက် အခြေချနေထိုင်သည့်ကာလ သည် ပုဂံခေတ်မတိုင်မီ ကာလကပင် စတင်နေပြီဟု ဆိုနိုင်သည်။
 
ဤအဆိုနှင့် ပတ်သက်၍ ထင်ရှားသည့် အထောက်အထားများကို 
 
၁။ စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းများ
 

၂။ ခေတ်ပြိုင်မှတ်တမ်းများ 

 
၃။ မြေပေါ်မြေအောက် အထောက်အထားများတွင် ထင်ရှားစွာ တွေ့မြင်ရပေသည်။ 
 
ဤအပိုင်းတွင်း စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းများကို အခြေခံ၍ ရှမ်းနီတိုင်းရင်းသားများ၏ အထက်မြန်မာပြည်သို့ ဝင်ရောက် အခြေချနေထိုင်သည့် ကာလများနှင့် မြို့ပြ နိုင်ငံငယ်များ တည်ထောင်သည့် ကာလများကို ဆန်းစစ်တင်ပြသွားပါမည်။
 
စစ်တမ်းများကို လေ့လာကြည့်လျှင် မြန်မာနှစ် ၁၁၂၆ ခု(အေဒီ ၁၇၆၄)နှင့် မြန်မာနှစ် ၁၁၄၅ ခု(အေဒီ ၁၇၈၃) နှစ် တွင် အထက်ချင်းတွင်းနယ်နှင့် ကဘော်နယ် အပါအဝင် သောင်သွပ်ရှမ်းပြည်ကို အုပ်ချုပ်သည့်  စော်ဘွားကြီး နှစ်ပါးနှင့် အမတ်တို့  ရေးသားဆက်သွင်းသည့် စစ်တမ်း(၂)စောင်တွင် ရှမ်းနီဟု ထင်ရှားလာမည့် ရှမ်းတိုင်းရင်းသား တို့၏ မြို့ရွာတည်ထောင်မှု မှတ်တမ်းကို တွေ့နိုင်ပါသည်။
 
စစ်တမ်းတွင် ပါဝင်သည့် အချက်များနှင့် ပတ်သက်၍ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာတိုးလှက “ဘုရား မပွင့်မီ နှစ်ပေါင်း ၃၀၀ ကျော်(ဘီစီ ၈၀၀)လောက်ကတည်းက လူနေအိမ်ခြေများ ရှိနေပြီဖြစ်ကြောင်းနှင့် မြို့ကိုမူ မဇ္စျိမ ဒေသ ရာဇဂြိုလ်တွင် အဇာတသတ်စိုးစံစဥ် တည်ထောင်ခဲ့ကြောင်း ဆိုလေသည်။ မူလမြို့အမည်မှာ ရှမ်းဘာသာ ဖြင့် စဲကော်(စီးကော်)ဟု ခေါ်ဆို၍ စတင်စိုးစံသော စော်ဘွားမှာ သိုဟိုဘွား(သိုဟုံဘွား)ဖြစ်လေသည်။ မြေမြို့ အဝန်းတာ ၃၀၀ (၉၀၀)နှင့် တံခါး(၉)ရပ် ရှိပါသည်”  ဟူ၍ ချင်းတွင်းမြစ်သာ မူးဧရာစာအုပ်တွင် ဖော်ပြပါသည်။ 
 
 
ရှမ်းနီဘုရင် သိုဟုံဘွားကိုတွေ့ရစဉ်
 
သောင်သွပ်မြို့တည် ကာလကိုလည်း မူလစစ်တမ်းတွင် “သောင်သွပ်မြို့သည် ဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူ သည်နောက်၊ ရာဇဂြိုလ်ပြည်ကို အဇာတသတ် မင်းပြုသည်၊ မြေမြို့ အဝန်းတာ ၉၀၀ တည်၍၊ ရှမ်းဘာသာ စဲကော်မြို့ သမုတ်ပြီးလျှင် သိုဟုံဘွား စားသည်” ဟု ဖော်ပြထားပါသည်။ 
 
မူလစစ်တမ်းပါ ဝေါဟာရများကို လေ့လာ ကြည့်သည့်အခါတွင် စဲကော်(စီးကော်)ဆိုသည်မှာ ရှမ်းဝေါဟာရ “စေကော်- မြို့တော်သစ်”ဟု အဓိပ္ပာယ်ရပါသည်။ စစ်တမ်းပါ သိုဟိုဘွား (သိုဟုံဘွား) ဆိုသည်မှာ ရှမ်းဝေါဟာရ အားဖြင့် “ဆေဟုမ်ဖှ- ကောင်းကင်ကို စိုးမိုးသည့် ကျားမင်း”ဟု၍ အဓိပ္ပာယ်ရသဖြင့် သောင်သွပ်မြို့ကို  ကျား အိမ်တော် မျိုးရိုးက စတင်တည်ထောင် အုပ်ချုပ်နေသည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။ 
 
ထိုစစ်တမ်းအရ ရှမ်းနီဖြစ်လာမည့် ရှမ်းတိုင်းရင်းများသည် ဘုရားရှင် မပွင့်မီ ဘီစီ ၈၀၀ ခန့်ကပင် လက်ရှိအထက် ချင်းတွင်းနယ်နှင့် ကဘော်နယ်သို့ စတင်ရောက်ရှိ နေထိုင်လာခဲ့ကြပြီး ၎င်းတို့၏ မြို့ပြနိုင်ငံ ထူထောင်မှုသည် ဘုရားရှင် ပရိနိဗ္ဗာန်ပြုအပြီး အိန္ဒိယနိုင်ငံတွင် အဇာတသတ်မင်း စိုးစံသည့် ကာလနှင့်တွက်လျှင် ဘီစီ ၅၄၄ တွင် စတင်နေပြီဟု သုံးသပ်နိုင်ပါသည်။
 
သောင်သွပ်စစ်တမ်းနှင့် တွဲဖက်လေ့လာရမည့် စစ်တမ်းတစ်စောင်သည် မြန်မာနှစ် ၁၁၂၆ ခု(အေဒီ ၁၇၆၄) တွင် ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာ ကဘော်နယ်၊ ခမ်းပတ်ဒေသကို အုပ်ချုပ်သည့် ခမ်းပတ်စော်ဘွား စဝ်ခမ်း ဆက် သွင်းသည့် စစ်တမ်းဖြစ်သည်။ 
 
ထိုစစ်တမ်းတွင်- “သာသနာတော်သက္ကရာဇ် ၉၂ တွင် ပန်ယူ၊ ပန်ဝမြို့သမုတ် တည်ထောင်ပါသည်။.....ရှမ်းဘာသာ ရွှေကို ခန်း၊ ပတ်ကို ပတီခေါ်ဝေါ်နှင့်အညီ မင်္ဂလာခန်းပတ်မြို့သမုတ် တွင်ပါသည်”ဟူ၍ ဖော်ပြထားသည်ကို တွေ့ရသည်။ 
 
စစ်တမ်းပါ ခန်းဆိုသည်မှာ ရှမ်းဝေါဟာရ “ခန်း-ခမ်း- ရွှေ”ဖြစ်ပြီး ပတ်ဆိုသည်မှာ ရှမ်းဝေါဟာရ “ပတ်- ပယင်း (သို့မဟုတ်) ပယင်းပုတီး” ဟု အဓိပ္ပာယ်ရပါသည်။
 
ထို့ကြောင့် ခမ်းပတ်ဆိုသည်မှာ ရှမ်းဘာသာအားဖြင့် ရွှေပယင်းပုတီးမြို့ဟု အဓိပ္ပာယ်ရပါသည်။ ထိုဒေသကို ရှမ်းနီ တိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားများ လာရောက်၍ မြို့ရွာ တည်ထောင်သည့် ကာလသည် စစ်တမ်းပါ သာသနာနှစ်အရ ဘီစီ ၄၅၂ ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။
 
အထက်ပါ စစ်တမ်းများနှင့် ဆက်စပ် လေ့လာသင့်သည့် စစ်တမ်းသည် မိုးညှင်းစစ်တမ်း ဖြစ်သည်။ ထိုစစ်တမ်း တွင် မိုးညှင်းမြို့ကို တည်ထောင်သည့်နှစ်ကို- “သာသနာတော်နှစ် ၇၃ ခု၊ ကဆုန်လပြည့်ကျော် ၃ လ ရက် ၅ နေ့(ကြာသပတေး) (ဘီစီ၄၇၁) နံနက် ၄ ချက်တီးကျော် ၂ မောင်းတွင် မိုးညှင်းမြို့ကို ‌သောင်းခမ်းကျော်တည် သည်”ဟူ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ The Royal Orders of Burma, A.D.1598-1648,Vol.1 တွင် တွေ့ရပါသည်။ 
 
စစ်တမ်းပါ မိုးညှင်းမြို့တည်မင်း၏ အမည်မှာ ရှမ်းဘာသာအရ “သောင်းခမ်းကျော်- တောက်ဝ် ခမ်းကျောက်ဝ်> ရွှေရတနာအစိုးရသည့် ဓားသခင်” ဟု အဓိပ္ပာယ်ရသဖြင့် မိုးညှင်းကို တည်ထောင်သော ရှမ်းမင်းရိုးသည် တောက်ဝ် ဟုခေါ်သော ဓားအိမ်တော်မျိုးရိုးက ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ 
 
ထို့အပြင် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားများသည် မိုးညှင်းမြို့ကို တည်ထောင်သည့် ကာလသည် စစ်တမ်းပါ သာသနာနှစ်အရ ဘီစီ ၄၇၁ ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ 
 
ခိုင်မာသည့် စစ်တမ်းများကို အားဖြည့်ပေးနိုင်သည့် မှတ်တမ်းများမှာ ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းဆိုင်ရာ မှတ်တမ်းများဖြစ်သည်။ ထိုမှတ်တမ်းများသည်လည်း လူမျိုးများ၏ ဆင်းသက်ပြန့်ပွားလာပုံကို ဆက်စပ်၍ လေ့လာနိုင်သော မှတ်တမ်းများ ဖြစ်ပါသည်။ 
 
 
မိုးကောင်းမြို့ကိုတွေ့ရစဉ်
 
ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားများ၏ အထက်မြန်မာပြည်အတွင်း ဝင်ရောက်လာချိန်နှင့် မြို့ရွာ တည်ထောင်မှု မှတ်တမ်းများသည် ဘုရားသမိုင်းပြုစုသူတို့၏ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှု၊ သာသနာ သမိုင်းနှင့် ဆက်စပ်ဖော်ပြမှု၊ သဘာဝလွန် တန်ခိုးရှင်များ(နတ်၊ နဂါးစသည်)ကို တွဲဖက်ဖော်ပြမှုများအရ သူ့ချည်း သက်သက် လေ့လာလျှင် ပြည့်စုံသည့် အကိုးအကားရရှိရန် မလွယ်လှပါ။
 
သို့သော် ခိုင်မာသည့် စစ်တမ်းများနှင့် ဆက်စပ်လေ့လာပါက ပြည့်စုံသည့် အကိုးအကား အထောက်များဖြစ်နိုင် သည့် မှတ်တမ်းကောင်းများ ဖြစ်ပါသည်။ ဤသည်ကို အင်းတော်ကြီး အတ္ထုပ္ပတ္တိနှင့် ရွှေမဉ္ဇူဘုရားသမိုင်း၊ ဗန်းမော် မြို့ ရွှေကျီးနားနှင့် သိမ်တော်ကြီးဘုရားသမိုင်း စသည့် မှတ်တမ်းများက သက်သေထူနေပါသည်။ 
 
အင်းတော်ကြီး အတ္ထုပ္ပတ္တိနှင့် ရွှေမဉ္ဇူဘုရားသမိုင်းတွင် သဘာဝလွန် တန်ခိုးရှင်များဖြစ်သည့် နတ်များ၊ နဂါးများ၏ အကြောင်းအရာများ၊ မြို့၏စည်ကားမှု သဘောကို သိသာစေရန် အလွန်အကြူး ဖော်ပြထားသည့် အိမ်ခြေ အရေ အတွက်များကို ပယ်နုတ်၍ သမိုင်းသုတေသနအားဖြင့် လေ့လာလျှင် လက်ရှိအင်းတော်ကြီး ရေပြင်ရှိရာ နေရာ သည် ရှေးယခင်ကာလက မြို့တစ်မြို့ရှိခဲ့သည်ကို အခိုင်အမာ သိရှိနိုင်ပေသည်။
 
ဤသို့ အခိုင်အမာ သိရှိနိုင်ခြင်းမှာ ဘုရားသမိုင်းမှတ်တမ်းပါ- “သာသနာတော်သက္ကရာဇ် ၂၆၄ ခုနှစ်တွင် ဥတ္တရစော ဖြူမင်းသည် အိမ်ခြေကိုးသန်းရှိ ဥတ္တရဌာနီစည်ခမ်းမြို့ တည်သောနှစ်ဖြစ်သည် ”ဟူသော အချက်အလက်အရ ဖြစ်ပါသည်။ 
 
ဤမှတ်တမ်းပါ သာသနာနှစ်အရ ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားတို့သည် ဘီစီ ၂၇၉ ကာလတွင် အင်းတော်ကြီးဒေသ၌ မြို့ပြတည်ထောင်၍ နေထိုင်နေပြီဟု သုံးသပ်နိုင်ပေသည်။
 
မှတ်တမ်းပါ မြို့၏ အမည်ဖြစ်သည့်  စည်ခမ်းဟူသော ဝေါဟာရသည် ရှမ်းဘာသာအားဖြင့် “စေခမ်း-ရွှေမြို့တော်” ဟု အဓိပ္ပာယ်ရနေခြင်းကလည်း ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားတို့ တည်ထောင်သွား သည့် မြို့တော်ဖြစ်ခြင်းကို ဘာသာစကားရှုထောင့်က သက်သေခံနေပေသည်ဟု သုံးသပ်နိုင်ပါသည်။ 
 
ဗန်းမော်မြို့ ရွှေကျီးနားနှင့် သိမ်တော်ကြီး ဘုရားသမိုင်းတွင် ဗန်းမော်မြို့၏ သမိုင်းအစကို စမ္ပာနဂိုရ်မြို့ဟောင်းနှင့် ဆက်စပ်၍ ဖော်ပြသည်။ စမ္ပာနဂိုရ်မြို့ပြနိုင်ငံ၏ ရှေးဦးမင်းတို့သည် အိန္ဒိယမှလာသည့် မင်းများဖြစ်၍ ဘွဲ့မည်များ သည် စမ္ပေရ၊ ဗြဟ္မကုမာရ၊ ဝိလာသ စသည့် ပါဠိအမည်များ ဖြစ်နေသည်ကို တွေ့ရှိရသည်။ 
 
သို့သော် ထိုမင်းများ အုပ်ချုပ်ရာဒေသရှိ ဒေသခံများကိုမူ ရှမ်းများအဖြစ် ဖော်ပြသည်ကို တွေ့ရသည်။ 
 
အထူးသဖြင့် ဗြဟ္မကုမာရမင်း၏ သားမက်တော်သည် အိုက်ခေါတော် အမည်ရှိ ရှမ်းလူမျိုး ဖြစ်ကြောင်းကို ဖော်ပြ ထားသည်ကို တွေ့ရသည်။ အိုက်ခေါတော်သည် ဗြဟ္မကုမာရမင်း၏ သမီးတော်နှင့် လက်ဆက်၍ စမ္ပာနဂိုရ်မြို့ကို အုပ်ချုပ်သည့် မင်းအဖြစ်ကိုရရှိကြောင်း ဖော်ပြထားသည်ကလည်း အိန္ဒိယကလာသည့် မင်းမျိုးရိုးသည် များစွာ အင်အား မကောင်းလှဘဲ ဒေသခံရှမ်းများကို အဓိကအားပြုခဲ့ရပြီးနောက် ရှမ်းလူမျိုးများကပင် ဆက်လက် အုပ်ချုပ် မင်းလုပ်ခဲ့ကြသည်ဟု သုံးသပ်နိုင်ပေသည်။ 
 
အိုက်ခေါတော်မင်း၏ မြေးတော် ဝိလာသမင်းသည် စမ္ပနဂိုရ်မြို့ပြနိုင်ငံကို အုပ်ချုပ်ချိန်မှာ  သာသနာတော် သက္ကရာဇ် ၂၀၀ ကျော်ကာလဟု ဘုရားသမိုင်းတွင် ဖော်ပြထားရာ ဘီစီ ၂၉၃ ကာလဖြစ်ရာ ဤကာလတွင် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားတို့သည် ဗန်းမော်နယ်တွင် အင်အားကောင်းစွာ အခြေချ နေထိုင်နေပြီဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ 
 
အဆိုပါ စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီ သမိုင်းများကို တိုက်ဆိုင်စစ်ဆေးရန် ရှမ်းသမိုင်း မှတ်တမ်းများ ကို ဆက်လက် လေ့ရာရာတွင် မိုးမိတ်ရာဇဝင်တော် သစ်ကျမ်းနှင့် ဇမ္ဗူ့ဒီပဥဆောင်းကျမ်းတို့တွင် ဆက်စပ်သည့် သမိုင်းမှတ်တမ်းများ ပါရှိသည်ကို တွေ့ရပါသည်။ 
 
ထို့အတူ ကုန်းဘောင်မင်းဆက် ရာဇဝင်တော် ကျမ်းတွင်လည်း ဆက်စပ်သည့် သမိုင်းမှတ်တမ်းများ ပါရှိသည်ကို တွေ့ရပါသည်။ 
 
အထူးသဖြင့် မိုးညှင်း၊ မိုးကောင်း၊ ကလေး၊ သောင်သွပ်၊ ဝန်းသိုတို့တွင် အုပ်ချုပ်သည့် ရှမ်းမင်းရိုးတို့၏ ဇစ်မြစ်ကို အဆိုပါသမိုင်း မှတ်တမ်းများက ဖော်ပြကြသည်ကို တွေ့ရပေသည်။ 
 
 
ရှမ်းနီဘုရင်နဲ့ စစ်သူကြီးများ စစ်တိုက်ထွက်ရန်သွားစဉ်
 
ထိုမှတ်တမ်းများကလည်း ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်း တိုင်းရင်းသားများသည် ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်း၊ ကဘော်ချိုင့် ဝှမ်းဒေသ၊ ကချင်ပြည်နယ် အတွင်းရှိ သံလမ်းရိုးနှင့် ဧရာဝတီမြစ်ရိုး ဒေသများတွင် ခရစ်တော်မပေါ်မီကာလ ကတည်းက မြို့ရွာတည်ထောင်၍ နေထိုင် ခဲ့ကြသည်ကို ဖော်ပြထားပေသည်။ 
 
ထို့ကြောင့် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများ သည် ခရစ်‌တော်မပေါ်မီ ကာလကပင် ယဥ်ကျေးမှုမြင့်မားသည့် လူမျိုးကြီးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင် ခဲ့ပြီဟု သုံးသပ်ရပေသည်။
 
ဤစစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီ သမိုင်းများအရ ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများ၏ အထက်မြန်မာပြည်သို့ ဝင်ရောက်အခြေချ နေထိုင်မှုနှင့် မြို့ပြ နိုင်ငံငယ်များ တည်ထောင်အုပ်ချုပ်မှုသည် ဘီစီ ၈၀၀-၂၇၀ အတွင်း ကာလဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။
 
ဘီစီ ၈၀၀ ခန့်တွင် အဆိုပါ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများသည် ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်းနှင့် ကဘော်ချိုင်းဝှမ်းဒေသသို့ ဝင်ရောက်နေထိုင်လာခဲ့ကြသည်ကို သောင်သွပ် စစ်တမ်းအရ သိရှိနိုင် ပေသည်။ 
 
ဘီစီ ၈၀၀ ခန့်က စတင်အခြေချ နေထိုင်ခဲ့ကြသည့် တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်း တိုင်းရင်းသား များသည် (၂၅၆)နှစ်အကြာ ဘီစီ ၅၄၄ တွင် သောင်သွပ်မြို့ပြနိုင်ငံကို ထူထောင် နိုင်ခဲ့ကြသည်ဟု သုံးသပ်နိုင်ပါသည်။ 
 
ထို့နောက် ပိုမို အင်အားတောင့်တင်းလာသဖြင့် (၉၂)နှစ်အကြာတွင် ခမ်းပတ်မြို့ပြနိုင်ငံကို ဆက်လက် ထူထောင် နိုင်ခဲ့သည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။
 
ရှမ်းနီတိုင်းရင်းသားများဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများသည် ချင်းတွင်း မြစ်ဝှမ်းအထက်ပိုင်းနှင့် ကဘော်ချိုင့်ဝှမ်းဒေသတွင်ပင် ဘီစီ၅၄၄တွင် သောင်သွပ်မြို့ပြနိုင်ငံကို တည်ထောင်ခဲ့ ကြပြီဆိုလျှင် ကချင်ပြည်နယ်အတွင်းရှိ ဒေသများတွင်လည်း ထိုကာလလောက်ကစ၍ ပြန့်နှံ့ နေထိုင်ကြလိမ့်မည် ဟု ဆက်စပ်ယူဆနိုင်ပါသည်။ 
 
အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ ပြန့်နှံ့စွာ နေထိုင်လာခဲ့ ခြင်းကြောင့်   ဘီစီ ၄၇၁ တွင် မိုးညှင်းမြို့ပြနိုင်ငံကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ မိုးညှင်းမြို့ပြနိုင်ငံကို ထူထောင်အပြီး နှစ်ပေါင်း (၁၇၈) နှစ် အကြာ ဘီစီ ၂၉၃ တွင် စမ္ပာနဂိုရ်မြို့ပြနိုင်ငံကို ဗန်းမော်နယ်တွင် လည်းကောင်း၊ နှစ်ပေါင်း(၁၉၂)အကြာ ဘီစီ ၂၇၉ တွင် စည်ခမ်းမြို့ပြ နိုင်ငံကိုလည်းကောင်း အင်းတော်ကြီးဒေသတွင်လည်းကောင်း ဆက်လက် ထူထောင်နိုင်ခဲ့ သည်ဟု သုံးသပ်နိုင်ပေသည်။ 
 
ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် အဆိုပါ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသား များ၏ ဆင်းသက်ပြန့်ပွားလာသည့် သမိုင်းစဥ်တွင် အိန္ဒိယနှင့် ပတ်သက်သော အကြောင်းအရာအချို့ကို ခေတ်ပြိုင် မှတ်တမ်းသဘောမျိုးဖြင့် ထည့်သွင်းဖော်ပြလေ့ရှိသည်ကို စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းများ တွင် တွေ့ရှိရသည်။
 
ဤအချက်သည် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် အဆိုပါ တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်းတိုင်းရင်းသားများနှင့် အိန္ဒိနိုင်ငံအတွင်းရှိ မြို့ပြနိုင်ငံများအကြားတွင် လူမှုစီးပွားဆိုင်ရာ ဆက်စပ်မှုများ ရှိနေ သည်ကို ဖော်ပြနေပေသည်။ 
 
အထူးသဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စာပေအပိုင်းတွင် မိမိတို့ထက် များစွာဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သော မဇ္ဈိမတိုင်းခေါ် အိန္ဒိယနိုင်ငံအတွင်းရှိ မြို့ပြနိုင်ငံသားများကို ဆရာတင်ခဲ့ရလိမ့်မည်ဟုလည်း သုံးသပ်ရ ပေသည်။ 
 
တစ်ခါတစ်ရံတွင် အိန္ဒိယကလာသည့် လူမျိုးများက အုပ်ချုပ်သူအနေဖြင့် လာရောက်အုပ်ချုပ်မှု ရှိခဲ့ပြီး ၎င်းမင်းဆက်ကို ဒေသခံ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများက ဆက်ခံ အုပ်ချုပ်သည် ဟူ၍လည်း သုံးသပ်နိုင်ပါသေးသည်။ 
 
ဤအချက်အလက်များနှင့် ပတ်သက်၍မူ ခေတ်ပြိုင် မှတ်တမ်းများနှင့် မြေပေါ်မြေအောက် အထောက် အထားများကို ဖော်ပြမည့်အခန်းတွင် ဆက်လက် ဖော်ပြသွားပါမည်။ 
 
ဤအပိုင်းကို ခြုံငုံ၍သုံးသပ်ရလျှင် ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်းဒေသများ၊ ကဘော်ချိုင်းဝှမ်းဒေသများ၊  ကချင်ပြည်နယ်အတွင်းရှိ သံလမ်းရိုးနှင့် ဧရာဝတီမြစ်ရိုး ဒေသများတွင် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာကြမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများသည် ခရစ်တော်မပေါ်မီ ကာလကပင် အင်အား ကြီးမားစွာ ပြန့်နှံ့နေထိုင်နေသည်သာမက မြို့ပြနိုင်ငံများပါ ထူထောင်နိုင်သည်အထိ ယဥ်ကျေးမှုမြင့်မားနေပြီဟူ၍ သုံးသပ်တင်ပြလိုက်ရပါသည်။ ။ 
 
ကျမ်းကိုး- 
 
၁။ ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက် ။ တောင်ကြီးမြို့။
 
‌၂။ ဂျေအက်စ်ဖာနီဗဲလ်၊ ‌‌‌ဒေါက်တာ(သတိုးသီရိသုဓမ္မ)နှင့် ဒေါက်တာဖေမောင်တင်။ ဇမ္ဗူ့ဒီပဥဆောင်းကျမ်း။ ၁၉၆၀။ စာပေဗိမာန်ပုံနှိပ်တိုက်။ ရန်ကုန်။
 
၃။ တိုးလှ၊ ‌ဒေါက်တာ။ ချင်းတွင်းမြစ်သာမူးဧရာ။ ၁၉၉၅။ ဒေါ်ချီ မုံရွာအော့ဖ်စက်။ ရန်ကုန်။ 
 
၄။ မှူး၊ ဦး(တောင်ပိုင်မြို့ဝန်)။ အုန်းဘောင်မင်းဆက်ရာဇဝင်တော်။ www.Shanyoma. org။
 
၅။ ရွှေထီးဣန္ဒရာ။ ဗန်းမော်မြို့ ရွှေကျီးနားနှင့် သိမ်တော်ကြီးဘုရားသမိုင်း။ ၁၃၂၉ခု။ တက်နေလင်းပုံနှိပ်တိုက်။ မန္တလေး။
 
၆။သိန်းညွန့်၊ ဦး(ဆရာ)။ အင်းတော်ကြီးအတ္ထုပ္ပတ္တိနှင့် ရွှေမဉ္ဇူဘုရားသမိုင်း(ရှမ်းဘာသာမှ မြန်မာဘာသာပြန်)။ 
 
၇။ Than Tun, The Royal Orders of Burma, A.D.1598-1648,Vol.1, Kyoto, The Center for Southeast Asian Studies(CSEAS),Kyoto University,1983.
 
ဆက်စပ်လေ့လာသည့်စာအုပ်များ- 
 
1. G.W.DAWDON, I.C.S., BURMA GAZETTEER; THE BHAMO DISTRICT,SUPERINTENDENT, GOVT. PRINTING AND STATY.,UNION OF BURMA, RANGOON,1960.
 
2. G. E. R. GRANT BROWN, I.C.S., BURMA GAZETTEE; UPPER CHINDWLN DISTRICT, SUPERINTENDENT, GOVT. PRINTING AND STATY., UNION OF BURMA RANGOON,1960.
 

သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ (အပိုင်း-၁)

 


၂၀၂၃ ခုနှစ်၊ သြဂုတ် ၅
 
မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သော တိုင်းပြည် ဖြစ်သည့်တိုင် ရှမ်းနီတိုင်းရင်း သားများကိုတော့ သိရှိခြင်း နည်းလှသည်။
 
ရှမ်းနီတိုင်းရင်းသားများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ချင်းတွင်းမြစ်ဝှမ်းတွင် နေထိုင်ကြသည့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုကြီး ဖြစ်သည်။ 
 
ထိုဒေသများသို့ ရှမ်းနီတိုင်းရင်းသားများ အခြေချနေထိုင်ခဲ့ကြသည်မှာ နှစ်ကာလများစွာ ကြာရှည်ခဲ့ပြီ ဖြစ်သည်။ 
 
သမိုင်းကြောင်း တစ်လျှောက်တွင် မြို့၊ ရွာ တည်ထောင်၍ စတင်နေထိုင်ခဲ့ကြရာမှ အစပြု၍ မြို့ပြနိုင်ငံ ငယ်များ ထူထောင်ခြင်း၊ မြို့ပြနိုင်ငံငယ်များစုပေါင်း၍ နိုင်ငံကြီးတစ်ခုအဖြစ် ထူထောင်ခြင်း စသည့် အကောင်း လောကဓံများဖြင့် စံစားခဲ့ရသကဲ့သို့ လက်အောက်ခံ ပဏ္ဏာဆက် ပြည်ထောင်များအဖြစ် ကျရောက်ခြင်း၊ အခြား သော ပြည်ထောင်များအတွင်း သွတ်သွင်း၍ နယ်မြေများဆုံးရှုံးရခြင်းဆိုသော အဆိုးလောကဓံများလည်း ခံစားခဲ့ရသည့် လူမျိုးဟု ဆို၍လည်း ရနိုင်ပါသည်။ 
 
ရှေးယခင် ရှမ်းနီ (ခမ်းတီးရှမ်း) စစ်သူကြီးများကိုတွေ့ရစဉ်
 
အဆိုပါ ရှမ်းနီတိုင်းရင်းသားများနှင့် ပတ်သက်သည့် သမိုင်းမှတ်တမ်းများကို ဖော်ထုတ်၍ သုတေသနပြု ရာတွင် ရှေးဟောင်းရှမ်းစာဖြင့် ရေးသားထားသည့် ပုရပိုက်များ၊ ရှေးဟောင်း တရုတ်နန်းတွင်း မှတ်တမ်းများ၊ မြန်မာ့သမိုင်း ဆိုင်ရာ မှတ်တမ်းများနှင့် အင်္ဂလိပ်ခေတ် မှတ်တမ်းများကို အခြေခံ၍ လေ့လာမှသာ ပြည့်စုံနိုင်မည် ဖြစ်သည်။
 
ထို့ကြောင့် သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားတို့၏ အကြောင်းကို လေ့လာ ဖော်ထုတ်ရာတွင် အခြေခံ ဖြစ်သည့် အမည်နာမဆိုင်ရာ ဖွင့်ဆိုမှုများကစ၍ ကြိုးစားဖော်ထုတ်တင်ပြလိုပါသည်။
 
မြန်မာဘာသာစကားဖြင့် “ရှမ်း”ဟု ရည်ညွှန်းခေါ်ဆိုခြင်းခံရသည့် တိုင်းရင်းသားမျိုး နွယ်စုကြီးသည် မိမိ ကိုယ်ကိုယ် “TAI- တိုင်း”ဟူ၍လည်းကောင်း၊ “DAI- ဒိုင်”ဟူ၍လည်းကောင်း၊ “THAI-ထိုင်း”ဟူ၍လည်း ကောင်း အသီးသီး ခေါ်ဆိုကြပါသည်။ 
 
ရှမ်းတိုင်းရင်းသားတို့၏ နေထိုင်ပျံ့နှံ့ရာ ဒေသများကို လေ့လာကြည့်ရာတွင် တရုတ်ပြည် အနောက် တောင်ပိုင်း၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီယား၊ မြန်မာနှင့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်း အာသံ၊ အရူနာ ချာပရာဒေ့ရှ်ပြည်နယ်တို့တွင် နေထိုင်လျက်ရှိကြသည်ကို တွေ့ရပါသည်။ 
 
ဆရာစိုင်းအောင်ထွန်း၏ History of the Shan State(From Its Origins to 1962)ကျမ်းတွင် “ရှမ်း တိုင်းရင်းသားများကို ၎င်းတို့၏ ဝတ်စားဆင်ယင်မှု အရောင်များ၊ သွားအရောင်များ၊ မင်ကြောင် ထိုးထားသည့် အ‌ရောင်များ အရ ရည်ညွှန်းခေါ်ဆိုသည့် အမည်အမျိုးမျိုးဖြင့် လူသိများသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့နေထိုင်ရာ ချောင်းများ၊ မြစ်များ၊ အင်းအိုင်များ၊ သစ်တောများ၊ လွင်ပြင်များ၊ တောင်ကုန်းတောင်တန်းများ၊ ချိုင့်ဝှမ်းဒေသများ၏ အမည်များဖြင့် ရည်ညွှန်း ခေါ်ဝေါ်ကြသည်” ဟူ၍ ဖော်ပြထားပါသည်။
 
ထိုဖော်ပြချက်အရ တိုင်းနိုင်း၊ တိုင်းဒိုင်း၊ တိုင်းလိုင်၊ တိုင်းခန္တီး၊ တိုင်းနေ၊ တိုင်းမာဝ်း စသည့် ရှမ်းမျိုးနွယ်စု အမည်များသည် ဝတ်စားဆင်ယင်မှုအရ၊ နေထိုင်ရာဒေသ၊ ရေ၊ မြေအရ ရည်ညွှန်းခေါ်ဆိုကြခြင်း ဖြစ်ကြောင်းကို လေ့လာ သိရှိရပါသည်။ 
 
ထို့အပြင် ရှမ်းမျိုးနွယ်စုကြီးတွင် အထက်ပါ ရည်ညွှန်းချက်များအရ မျိုးနွယ်စုခွဲများ ရှိနေသော်လည်း ၎င်းမျိုးနွယ်စုခွဲများကို မည်သည့်လူမျိုး ဖြစ်သနည်းဟု မေးကြည့်ပါလျှင် “TAI- တိုင်း”၊ “DAI- ဒိုင်”၊ “THAI-ထိုင်း” ဟူ၍လည်းကောင်း၊ “ KUN TAI- ကွန်းတိုင်း”၊ “KUN DAI- ကွန်းဒိုင်”၊ “HKUN THAI-ခွန်ထိုင်း”ဟူ၍လည်းကောင်း တူညီစွာ ဖြေဆိုကြသည်ကိုလည်း တွေ့ရမည် ဖြစ်ပါသည်။
 
ထိုနေရာတွင် “TAI- တိုင်း”၊ “DAI- ဒိုင်”၊ “THAI-ထိုင်း”တို့၏ အဓိပ္ပာယ်ကို သိရှိရန် လိုအပ်ပါသည်။ 
 
ဆရာတော်အရှင်သုခမိန္ဒ(တန့်ယန်း)၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများကျမ်း တွင် “TAI- တိုင်း”၊ “DAI- ဒိုင်”၊ “THAI-ထိုင်း” တို့၏ အဓိပ္ပာယ်ကို “ယဥ်ကျေးမှု ထွန်းကားသောလူ(Social Man)၊ နိုင်ငံသား(Native)၊ လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်း” ဟူ၍ ဖော်ပြထားပါသည်။ 
 
ဆရာတော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် မြေပြင်ကွင်းဆင်း လေ့လာချက်များနှင့် များစွာကိုက်ညီမှု ရှိသည်ကို တွေ့ရသည်။ 
 
ဥပမာအားဖြင့်- ရှမ်းစကားတွင် မိုးကောင်းက ရှမ်းလူမျိုး၊ ဟုမ္မလင်းက ရှမ်းလူမျိုးဟူ၍ လူကို အရပ်ဒေသနှင့် တွဲဖက်၍ ရည်ညွှန်းခေါ်ဆိုသည့်အခါ “TAI MONG KWANG, TAI HOMALIN” ဟူ၍ ခေါ်ဝေါ်ကြသည်ကို တွေ့ရပါ သည်။ 
 
ထို့အပြင် ရှမ်းတိုင်းရင်းသားများ၏ ရှေးမှတ်တမ်းများတွင် နိုင်ငံသားဟု ညွှန်းဆို ခေါ်ဝေါ်လိုသည့်အခါ နိုင်ငံအမည် နှင့် တွဲဖက်၍ မိုင်းမောနိုင်ငံသားကို “TAI MONG MAO”၊ မိုးညှင်းနိုင်ငံ သားကို “TAI MONG YANG”၊ ဇင်းမယ် (ချင်းမိုင်)နိုင်ငံသားကို “TAI CHIANG MAI”ဟူ၍ ခေါ်ဝေါ်ကြသည်ကို တွေ့ရပါသည်။
ရှမ်းနီတိုင်းရင်းသားများ၏ ရိုးရာအိမ်နတ် ပူဇော်ပသခြင်းကိုတွေ့ရစဉ်
 
သို့ဖြစ်၍ “TAI- တိုင်း”၊ “DAI- ဒိုင်”၊ “THAI-ထိုင်း”တို့သည် ရှမ်းတိုင်းရင်းသားများက မိမိကိုယ်ကိုယ် ရည်ညွှန်း ခေါ်ဝေါ်သည့် အမည်ဖြစ်ပြီး “ရှမ်း”ဆိုသည်မှာ အခြားလူမျိုးများက ရှမ်းတိုင်းရင်းသားများကို ခေါ်ဝေါ်သည့် အမည်ဖြစ်သည်ဟု နားလည်ရမည် ဖြစ်ပါသည်။  
 
“ရှမ်း”ဟူသော အမည်သည် အခြားလူမျိုးများ ခေါ်ဝေါ်သည့် စကားဟုဆိုလျှင် မည်သည့် ဘာသာစကား ရင်းမြစ် က ဆင်းသက်လာသည်ကို ဆက်လက်လေ့လာရန် လိုအပ်မည်ဖြစ်ပါသည်။ 
 
ဤတွင် ဆရာတော်ဦးခေမိန္ဒက မိုးမိတ် ရာဇဝင်တော်သစ်ကျမ်းတွင် “သာမိ ဣဿရိယ တီတိ သာမ။ သာမိ- အရှင်သခင်အဖြစ်ဖြင့်၊ ဣဿရိယ- အစိုးရတတ်၏။ ဣတိတသ္မာ- ထို့ကြောင့်၊ သာမိ- သာမိမည်၏” ဟူ၍ ဝိဂြိုလ်ပြု၍ ဖွင့်ဆိုပြထားပါသည်။
 
ထိုဖွင့်ဆိုချက်အရ ဆရာတော်သည် ရှမ်းဆိုသည်မှာ အရှင်သခင်အဖြစ် အုပ်ချုပ်တတ်သည့် ယဉ်ကျေးမှု အဆင့် အတန်း မြင့်မားမှုရှိသော လူမျိုးကြီးဖြစ်သည်ကို ပါဠိဘာသာဖြင့် ဖွင့်ဆိုပြခြင်း ဖြစ်ပါသည်။ 
 
ဤဖွင့်ဆိုချက်သည် ရှမ်းတိုင်းရင်းသားတို့၏ နန်စောနိုင်ငံ(NAN CHAO)၊ မိုင်းမောနိုင်ငံ(MONG MAO)တို့အပြင် မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ဗန်းမော်၊ ကလေး၊ သောင်သွပ်၊ ဝန်းသို၊ သိန္နီ၊ အုန်းပေါင်(သီပေါ)၊ ညောင်ရွှေ၊ မိုးနဲ၊ မိုးဗြဲ၊ ကျိုင်းတုံ စသည့် ပြည်ထောင်ငယ်များ တည်ထောင်အုပ်ချုပ် စိုးမိုးခဲ့ခြင်းကို ဖော်ညွှန်းနိုင်ပေသည်။
 
ထိုသာမဆိုသည့် ပါဠိစကားကနေ “အသမ ၊ သျာမ၊ သျံ၊ သျှမ်၊ သျှမ်း” စသဖြင့် အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။ 
 
ပုဂံခေတ် ကျောက်စာများတွင် “သျံ”ဟူ၍ ရေးထိုးခဲ့သည်ကို တွေ့ရပြီး ကုန်းဘောင်ခေတ်၊ စိန္တကျော်သူဦးသြ၏ ကဝိလက္ခဏသတ်ပုံကျမ်းတွင် “ကျိုင်းတောင်း၊ ကျိုင်းတုံ၊ မြို့မိုင်းလုံ၊ မော်တုံရှမ်းတို့ကျေး။ ရှမ်းမင်းဇလုံ၊ ရဲးရည်ယုံ၊ တိတ္ထုံ နေ့မရွေး” ဟူသော ဖော်ပြချက်အရ ကုန်းဘောင်ခေတ်ကစ၍ မျက်မှောက်ခေတ်တိုင် ရှမ်းဟု ပြောင်းလဲ၍ ရေးသား လာခဲ့သည်ကို တွေ့ရှိရသည်။
 
သို့ဖြစ်၍ ရှမ်းဟူသော စကားသည် သာမိဆိုသည့် ပါဠိဘာသာစကားမှ ပြောင်းလဲ ခေါ်ဆိုလာသည့် ဝေါဟာရဖြစ်၍ အခြားသော လူမျိုးများက ရှမ်းတိုင်းရင်းသားများကို ခေါ်ဆိုသည့် အမည်ဖြစ်သည်ဟု ဆိုနိုင်ပါ သည်။ 
 
မြန်မာအဘိဓာန်တွင်မူ ရှမ်းဟူသည့် ဝေါဟာရကို “ထိုင်းတရုတ်အုပ်စုဝင် ဘာသာစကား တစ်မျိုးကို ပြောဆို သော မြန်မာတိုင်းရင်းသားတစ်မျိုး။ (ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းတွင်းမြစ် အထက်ပိုင်း ဒေသတို့တွင် အများအား ဖြင့် နေထိုင်သည်။)”ဟူ၍ ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။ 
 
မြန်မာအဘိဓာန်၏ ဖွင့်ဆိုချက်တွင် ဘာသာစကားအုပ်စုနှင့် နေထိုင်ရာဒေသကို အခြေခံ၍ ဖွင့်ဆိုထားခြင်း ဖြစ်ပါ သည်။ ရှမ်းတိုင်းရင်းသား မျိုးနွယ်စုကြီးသည် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ပညာရှင်များ၏ လေ့လာချက်အရ ထိုင်း- တရုတ်အုပ်စုဝင် ဘာသာစကားကို ပြောဆိုကြသဖြင့် ရေးသားသည့် စာပေပုံသဏ္ဌာန်ချင်း မတူညီစေကာမူ ပြော ဆိုသည့် ဘာသာစကားမှာ အများအားဖြင့် တူညီကြောင်း တွေ့ရှိရသည်။ 
 
ဥပမာ- အခြေခံစားသောက်မှုဆိုင်ရာ ဝေါဟာရများ၊ ရေတွက်မှုဆိုင်ရာ ဝေါဟာရများ၊ နေထိုင်မှုနှင့် ဝတ်စား ဆင်ယင်မှုဆိုင်ရာ ဝေါဟာရများသည် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများအကြားတွင် ကွဲပြားမှု မရှိလှသည်ကို တွေ့ရပါသည်။  
မိမိအနေဖြင့် မြန်မာအဘိဓာန်ပါ နေထိုင်ရာဒေသကို အခြေခံထားသည့် ဖွင့်ဆိုချက်အရ ကချင်ပြည်နယ် နှင့် ချင်းတွင်းမြစ် အထက်ပိုင်းဒေသတို့တွင် အများအားဖြင့် နေထိုင်သည့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများထဲမှ ရှမ်းနီတိုင်းရင်းသား မျိုးနွယ်စုကြီး၏ အကြောင်းကို အထူးပြုတင်ပြလိုပါသည်။
 
ရှမ်းနီတိုင်းရင်းသား မျိုးနွယ်စုကြီးသည် အထက်က ပညာရှင်များ ဖော်ပြထားသည့် အချက်များနှင့် ကိုက်ညီသည့် ထိုင်း-တရုတ် ဘာသာစကား ပြောဆိုသည့် ရှမ်းတိုင်းရင်းသား အစုဝင်ပင် ဖြစ်ပါသည်။
 
မြန်မာစကားဖြင့် “ရှမ်းနီ”ဟု ရည်ညွှန်း ခေါ်ဆိုသော်လည်း ၎င်းတို့သည် နေထိုင်ရာ ဒေသကိုလိုက်၍ မိမိ ကိုယ်ကိုယ် “TAI NENG- တိုင်းနိုင်း၊ “TAI DENG- တိုင်းဒိုင်း”၊ “TAI LENG- တိုင်းလိုင်”ဟု ဗျည်းသံပြောင်းလဲ၍ ခေါ်ဆိုကြသည်ကို တွေ့ရပါသည်။
 
ယေဘုယျအားဖြင့် ချင်းတွင်းမြစ်ဝှမ်းအထက်ပိုင်း ဖောင်းပြင်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်၊ ပင်လည်ဘူး မြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကောလင်းမြို့နယ်၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ အင်းတော်မြို့နယ်တို့တွင် “TAI DENG - တိုင်းဒိုင်း”ဟူ၍လည်းကောင်း၊ ချင်းတွင်းမြစ်ဝှမ်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ် အပါအဝင် ကချင် ပြည်နယ် ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုးကောင်းမြို့နယ်၊ ကာမိုင်းနယ် နှင့် ဟိုပင်နယ်တို့တွင် “TAI NENG- တိုင်းနိုင်း”ဟူ၍လည်းကောင်း၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော် မြို့နယ်၊ မံစီမြို့နယ်၊ မိုးမောက်မြို့နယ်တို့တွင် “TAI LENG- တိုင်းလိုင်”ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်ကို တွေ့ ရမည် ဖြစ်ပါသည်။ 
 
မည်သို့ပင်ဖြစ်စေကာမူ “NENG- နိုင်း”၊ “DENG- ဒိုင်း”၊  “LENG- လိုင်”တို့သည် “အနီရောင်”ကိုသာ ရည်ညွှန်း ခေါ်ဆိုခြင်းဖြစ်၍ ၎င်းအမည်အားလုံးမှာ ရှမ်းနီတိုင်းရင်းသား မျိုးနွယ်စုဝင်များကိုသာ ညွှန်းဆိုသည်ဟု ဆိုနိုင်ပါသည်။ 
 
ရှမ်းနီတိုင်းရင်းသားများသည် ယေဘုယျအားဖြင့် ဗမာဆန်သော ရှမ်းလူမျိုးများဖြစ်သည်။ ဗမာဆန်သည့် ဓလေ့များရှိသည်ဟု ဆိုသော်လည်း မြေပြင်ကွင်းဆင်း သုတေသနပြုရာတွင် ထိုအချက်များသည် အပေါ်ယံအမြင် လောက်သာရှိသည်ကို တွေ့ရှိပါသည်။
 
အတွင်းကျကျ လေ့လာရာတွင် ရှမ်းနီတိုင်းရင်းသားတို့၏ နေထိုင်မှုစနစ်သည် “ယီ၊ စိန်၊ ဝမ်၊ လီ”စသည့် တရုတ်လူမျိုးတို့၏ မျိုးရိုးအမည်ထားသည့် စနစ်နှင့် တူညီသော စနစ်မျိုးရှိသည်ကို တွေ့ရပေသည်။ မျိုးရိုးစနစ် တွင် အဆင့်အတန်းအရ မျိုးရိုးအမည်ရှိသကဲ့သို့၊ နေထိုင်ရာ ဒေသအရနှင့် အလုပ်အကိုင်အရလည်း  မျိုးရိုးအမည် ရှိပေသည်။ 
 
ထိုမျိုးရိုး အမည်များသည် အိမ်တွင်ထားရှိသည့် ခေါင်တိုင်စင်နတ် (ဘိုးဘေးဆိုင်ရာနတ်)နှင့် ထပ်တူ ဖြစ်သည်ကို တွေ့ရပါသည်။ 
 
ဒေသချင်းကွာလှမ်း၍ တစ်ဦးနှင့်တစ်ဦး မသိရလောက်အောင် ဖြစ်နေစေကာမူ ခေါင်တိုင်စင်နတ် (ဘိုးဘေးဆိုင်ရာနတ်)ကို ပသပုံချင်း တူညီပါက အမျိုးအရင်းဟု သတ်မှတ်သည့် စနစ်သည် ယခုတိုင်ပင် ခိုင်မာစွာ တည်ရှိနေသေးသည်။ 
 
ထိုခေါင်တိုင်စင်နတ်(ဘိုးဘေးဆိုင်ရာနတ်) အား ပသသည့်ပုံစံကိုကြည့်၍ ၎င်းအိမ်ရှိ လူများ၏ မျိုးရိုးသည် မည်သည့် အရပ်ဒေသ(သို့မဟုတ်) ရှေးကရှိခဲ့သည့် မည်သည့် ရှမ်းပြည်ထောင်က ဆင်းသက်လာသည်ကိုပင် အလွယ်တကူ သိရှိနိုင်သည်အထိ အတိအကျ ဖော်ထုတ်နိုင်ပေသည်။ 
 
မန္တလေးမြို့တွင်ပထမဆုံးအကြိမ်ကျင်းပသည့် ရှမ်းသင်္ကြန်မြင်ကွင်း
 
ရှမ်းနီတိုင်းရင်းသားတို့၏ မျိုးရိုးအမည်ကို လေ့လာရာတွင် တော်ဝင်မင်းမျိုးမင်းနွယ်နှင့် အုပ်ချုပ်ရေးအရ 
 
၁။ HEIN KHAM- ဟိန်းခမ်း(ရွှေအိမ်တော်မျိုးရိုး)
 
၂။ HEIN HSAO- ဟိန်းဆေ(ကျားအိမ်တော်မျိုးရိုး)
 
၃။ HEIN TAO- ဟိန်းတောက်ဝ်(ဓားအိမ်တော်မျိုးရိုး) ဟူ၍ (၃)မျိုး တွေ့ရပါသည်။
 
ထို(၃)မျိုးကို အုပ်ချုပ်သည့် မင်းဆက်များ၊ အုပ်ချုပ်ရေးတွင် အရေးပါသည့် မြို့စားများ၊ စစ်သူကြီးများနှင့် အမတ် များ၏ ကျန်ရှိနေသော မျိုးဆက်များက ထိန်းသိမ်းနေသေးသည့် ခေါင်တိုင်စင်(ဘိုးဘေးဆိုင်ရာနတ်)တွင် တွေ့ရ ပါသည်။ 
 
အုပ်ချုပ်ခံလူတန်းစားတွင် 
 
၁။ HEIN SET- ဟိန်းဆက် (မြေရှင်လူတန်းစားမျိုးရိုး)
 
၂။ HEIN MAN NEU- ဟိန်းမန်ညု (လက်ပံပင်ပေါက်ရာ မြေပြန်တွင်နေသည့် မျိုးရိုး)
 
၃။ HEIN MAN NOI- ဟိန်းမန်နွိုင်း(တောင်ကုန်း၊ တောင်တန်းတွင် နေသည့်မျိုးရိုး)
 
၄။ HEIN YAR YU- ဟိန်းယာယူ(ဆေးဝါးစိုက်ပျိုးဖော်စပ်သည့် မျိုးရိုး)
 
၅။ HEIN SAR KHAM- ဟိန်းဆာခမ်း(ရွှေရှာဖွေတူးဖော်သည့် မျိုးရိုး)
 
၆။ HEIN NAM HTAP- ဟိန်းနမ့်တပ်(မြစ်ဖျား၊ ချောင်းဖျားတွင် နေထိုင်သည့် မျိုးရိုး)
 
၇။ HEIN MAN HSAI- ဟိန်းမန်ဆိုင်း(အင်းတော်ကြီးဒေသက ထွက်ခွာလာသည့် ထမံသီမျိုးရိုး)
 
၈။ HEIN TAO KAN- ဟိန်းတောင်ကန့် (တောင်ကင်းဒေသတွင် နေထိုင်သည့်မျိုးရိုး)
 
၉။ HEIN HAI NEAO- ဟိန်းဟိုင်းနေ(ဟဲနုဒေသတွင် နေထိုင်သည့်မျိုးရိုး)
 
၁၀။ HEIN HPAR- ဟိန်းဖာ(စစ်သည်မျိုးရိုး)
 
၁၁။ HEIN HPON- ဟိန်းဖွန်(စစ်သည်မျိုးရိုး) ဟူ၍ ခေါင်တိုင်စင်(ဘိုးဘေးဆိုင်ရာနတ်)မျိုးရိုး (၁၂)မျိုးမျှ တွေ့ရပါသည်။ 
 
ရှမ်းနီတိုင်းရင်းသားများ အခြေပြုနေထိုင်လျက်ရှိသည့် မြေပုံအညွန်းကို တွေ့ရစဉ်
 
အဆိုပါ မျိုးရိုးအားလုံးတွင် လိုက်နာရသည့် မိသားစုဆိုင်ရာ စည်းမျဉ်းများလည်း ရှိပါသည်။ တစ်မျိုးနှင့်တစ်မျိုး သားပေးသမီးယူလျက် ဆွေမျိုးတော်စပ်ကြရာတွင် လိုက်နာရသည့် စည်းမျဉ်းများလည်း ရှိသကဲ့သို့ အမည်ပေး စနစ်နှင့် ဆွေမျိုးစပ် ဝေါဟာရတို့မှာလည်း အခိုင်အမာရှိ နေသေးသည်။ 
 
ယခုတင်ပြချက်သည် အပိုင်း(၁)ဖြစ်သည့်အတွက် ထပ်မံတင်ပြမည့် အပိုင်း(၂)တွင် ရှမ်းနီတိုင်းရင်းသားတို့သည် လက်ရှိစစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း (ချင်းတွင်း မြစ်ဝှမ်းဒေသများ)၊ ကလေးကဘော်ဒေသများ၊ ကချင် ပြည်နယ်အတွင်းရှိ ဒေသများနှင့် ရှမ်းပြည် မြောက်ပိုင်းရှိ မိုးမိတ်၊ မဘိန်းဒေသများသို့ မည်သို့ဝင်ရောက် အခြေချလာခဲ့ကြသည်ကို သမိုင်းမှတ်တမ်းများနှင့် တွဲဖက်လေ့လာ၍ တင်ပြသွားပါမည်။
 
ကျမ်းကိုး- 
 
၁။ငြိမ်းမောင်၊ ဦး။ ရှေးဟောင်းမြန်မာကျောက်စာများ(ပတွဲ၊ ဒုတွဲ)။ ရှေးဟောင်းသုတေသနဦးစီး ဌာန၊ ရန်ကုန်။
 
၂။ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက်။ တောင်ကြီးမြို့။
 
၃။သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ။ ၂၀၁၃။ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန။ ရန်ကုန်။ 
 
၄။တင်ရှိန်၊ ဦး၊ ဆရာ(မန္တလေးတက္ကသိုလ်)။ ကဝိလက္ခဏသတ်ပုံ၊ ကဝိလက္ခဏဒီပနီ၊ ကဝိလက္ခဏဝိသောဓနီ (၃ကျမ်းတွဲ)။ ရတနာဒီပံပုံနှိပ်တိုက်။ မန္တလေး။ 
 
၅။ သန်းထွန်း၊ ‌‌ဒေါက်တာ။ ခေတ်ဟောင်းမြန်မာရာဇဝင်။ ၁၉၆၉။ မဟာဒဂုံစာပေထုတ်ဝေရေး။ ရန်ကုန်။ 
 
6. Sasanananda, Ph.D., History of Buddhism in Assam, New Delhi, 1986, Bahri Publications Private Ltd.
 
7. Sai Aung Tun, History of the Shan State; From Its Origins to 1962, Silkworm Book; Illustrated edition, January7, 2009. 
 
8. Scott. J. George. GAZETTEER OF UPPER BURMA AND THE SHAN STATE, Part I, Vol I, Superintendent, Government Printing Press, 1901.
 
ယခုဆောင်းပါးသည် စာရေးသူ(ဆောင်းပါးရှင်)၏ သုတေသန တွေ့ရှိချက်နှင့် အာဘော်သာဖြစ်သည်။
 
 Original Article Link: https://cnimyanmar.com/index.php/article-2/opinoin/16348-2023-08-05-09-33-11