ပင်မစာမျက်နှာ
Pages
စိတ်ဝင်စားဖွယ် စာမျက်နှာများ
Thursday, December 11, 2025
မိုင်းသုန်သခင် စည်တော်ရှင်
Monday, February 10, 2025
ပင်လုံမှာ မြန်မာနဲ့ ယာယီပူးပေါင်းခဲ့တဲ့ ရှမ်းပြည်များ
ပင်လုံမှာ မြန်မာနဲ့ ယာယီပူးပေါင်းခဲ့တဲ့ ရှမ်းပြည်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဆိုပြီး ပြည်နယ်ခုနစ်ခုမှာ တခုအပါအဝင်ဖြစ်တဲ့ ပြည်နယ်ကြီးတခု ရှိပြီး နိုင်ငံအကျယ်အဝန်းရဲ့ လေးပုံတပုံနီးပါး ရှိပါတယ်။ အိန္ဒိယအာသံကနေ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံတွေထိ ပြန့်နှံ့နေထိုင်ကြတဲ့ တိုင် ခေါ် ရှမ်းအနွယ်ဝင် လူဦးရေ ၉၃ သန်းလောက် ရှိပြီး မြန်မာပြည်မှာတော့ ၄ သန်းကနေ ၆ သန်းလောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံဖြစ်နေတဲ့ နယ်မြေတွေမှာ ရှမ်းအနွယ်တွေ နှစ်တထောင်ကျော် နေထိုင်ခဲ့ကြသလို ရှမ်းပြည်နယ်မှာသာမက နိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းအထိ ဖြန့်ကြက်နေထိုင်ကြပါတယ်။ မြန်မာဘုရင်တွေခေတ်က အနောက်ရှမ်း၊ မြောက်ရှမ်းနဲ့ တောင်ရှမ်းဆိုပြီး ရှမ်းလူမျိုးတွေကို နေရာလိုက်ပြီး သုံးမျိုးခွဲလေ့ရှိကြောင်း ပုဂံဝန်ထောက်ဦးတင်ရဲ့ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းအရ သိရပါတယ်။ ဒီထဲက အရှေ့ရှမ်းခေါ် တောင်နဲ့ မြောက်ရှမ်းတွေကို ရှမ်းပြည်နယ်မှာ တွေ့နိုင်ပေမယ့် အနောက်ရှမ်းတွေ နေရာ အညာရှမ်းပြည်ကတော့ မြန်မာပြည်မနဲ့ ကချင်ပြည်နယ်ထဲမှာ ပါဝင်သွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘုရင့်နောင်ကနေ ကုန်းဘောင် ဆင်ဖြူရှင်ခေတ်ထိ မြန်မာရာဇဝင်ကျမ်းတွေနဲ့ ကျောက်စာအထောက်အထားတွေမှာလည်း ရှမ်းလူမျိုးတို့ နေထိုင်ရာကို တိုင်းကြီး ၁၁ တိုင်းထိ ခွဲခြားပြထားလေ့ရှိပါတယ်။ ဒီတိုင်းတွေထဲမှာ အရုဇ္စျပုရ ခေါ် ယိုးဒယား၊ ဟရိဘုဉ္စ ခေါ် ဇင်းမယ်၊ ခေမာဝရ ခေါ် ကျိုင်းတုံ၊ မဟာနာဂရ ခေါ် ကျိုင်းရုံး၊ လဝရဋ္ဌ ခေါ် လင်းဇင်း လာအို၊ ကမ္ဗောဇ ခေါ် အရှေ့ရှမ်းပြည် ၊ အာဠဝီ ခေါ် အနောက်ရှမ်းပြည် ၊ မောရိယ ခေါ် ရှမ်းတရုတ်ပြည် ၊ စိန့်တိုင်း ဗန်းမော်၊ မဟိံသက မိုးကုတ်ကျပ်ပြင်၊ မဏိပူရ အာသံစတဲ့ တိုင်းတွေ ပါပါတယ်။
နောက်ဆုံး မြန်မာဘုရင်သီပေါမင်းခေတ်ထိ နိုင်ငံကို မြန်မာဆယ်ခရိုင်၊ ရှမ်းသုံးရုံး ခွဲတဲ့နည်းနဲ့ အုပ်ချုပ်ခဲ့ပြီး သိန္နီ၊ မိုးဗြဲနဲ့ မိုးနဲဆိုပြီး တပ်ရုံးသုံးရပ် ရှမ်းပြည်မှာ ချထားခဲ့ပါတယ်။ တောင်ပိုင်ခေါ် နမ့်ဆန်၊ မိုးမိတ်၊ ဝန်းသို၊ သောင်သွပ်၊ ကလေး မြို့တွေမှာ စော်ဘွားရှိပေမယ့် တပ်ရုံးသုံးရုံးအောက်မှာ မထားဘဲ သီးခြားအုပ်ချုပ်ကြောင်း ပုဂံဝန်ထောက်ဦးတင်က ရေးပါတယ်။ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်မြို့တွေမှာလည်း စော်ဘွားမထားဘဲ အဝေးမြို့ဝန်တွေနဲ့ အုပ်ချုပ်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူနန် ရှမ်းပြည်ကလာ
ခရစ် ပထမထောင်စုနှစ်မှာ လက်ရှိ တရုတ်ပြည် အနောက်တောင်စွန်း ယူနန်ပြည်နယ် ဖြစ်နေတဲ့ နယ်မြေမှာ နန်ချောင် ဆိုတဲ့ လူမျိုးစုံ နေထိုင်တဲ့ နိုင်ငံပေါ်ထွန်းခဲ့ပါတယ်။ နန်ချောင်ဘုရင်တွေဟာ တိဘက်-မြန်မာအနွယ် လိုလို မျိုးနွယ်တွေ ဖြစ်ကြောင်း ဦးရည်စိန်၏ လက်ရွေးစင်စာတမ်းများမှာ ပါရှိပေမယ့် ရှမ်းမင်းတွေလို့ ယူဆသူတွေလည်း ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ဖြစ်နေတဲ့ နယ်မြေက ပျူနဲ့ မွန် မြို့ပြနိုင်ငံတွေဟာ ဒီ နန်ချောင်နိုင်ငံကို လက်ဆောင်ဆက်ရတဲ့ နိုင်ငံတွေ ဖြစ်ကြောင်းလည်း ဦးရည်စိန်နဲ့ တခြား မြန်မာသမိုင်းဆရာတွေက မှတ်ချက်ပြုပါတယ်။
တရုတ်ပြည် အနောက်ပိုင်းဒေသတွေကနေ မြန်မာ၊ မွန်၊ ရှမ်း စတဲ့ မျိုးနွယ်စုတွေ ဖြစ်လာမယ့်သူတွေ ဆင်းသက်လာရာမှာ တိုင်ခေါ် ရှမ်းမျိုးနွယ်တွေ ယူနန်ကို ခရစ်တော် မပေါ်ခင် အချိန်ကတည်းက ရောက်ရှိခဲ့ကြောင်း ဦးရည်စိန်က ရေးပါတယ်။ ပျူနိုင်ငံတွေကို နန်ချောင်သိမ်းပိုက်ချိန်မှာ မြန်မာမျိုးနွယ်တွေ ဧရာဝတီမြစ်ဝှမ်းကို ဝင်ရောက်လာကြတဲ့အတွက် ရှမ်းမျိုးနွယ်စုတွေလည်း နောက်က လိုက်လာကြပါတယ်။ အဲဒီကနေ ရွှေလီ မြစ်ကြောင်းတလျှောက် အနောက်ဘက်ကို ပြန့်နှံ့သွားပြီး ဧရာဝတီ၊ ချင်းတွင်း မြစ်ဖျားပိုင်းတွေဆီကို ရှမ်းတွေ ဝင်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပုဂံပြည် အနော်ရထာခေတ်မှာ ရှမ်းယွန်းတို့ မရောစိမ့်သောငှာ တည်ထောင်တဲ့ ကင်းတပ်မြို့ ၄၃ မြို့ဟာလည်း ဗန်းမော် ကောင်းတုံကနေ တောင်ငူအထိ ရှမ်းကုန်းမြင့်အနောက်ဘက်မှာ တန်းစီတည်ရှိပါတယ်။ အနော်ရထာ တရုတ်ပြည်ကို စစ်ချီရာကအပြန် မောစော်ဘွားက ဆက်တဲ့ မောမင်းသမီး ရှင်မွန်လှတည်တယ်ဆိုတဲ့ နားတောင်းကျချောင်းနဲ့ ရွှေစာရံစေတီ ဆိုပြီးလည်း မန္တလေးနားမှာ တည်ရှိပါတယ်။ ဒီ အနော်ရထာ စစ်ချီတယ်ဆိုတဲ့ တရုတ်ပြည်ဟာ နန်ချောင်အပျက်မှာ တည်တဲ့ တာလီနိုင်ငံသာ ဖြစ်နိုင်ကြောင်း ဦးရည်စိန် စတဲ့ သမိုင်းပညာရှင်တွေက ထောက်ပြပါတယ်။
ရွှေလီမြစ်ဝှမ်းက မောရှမ်းပြည်တွေကို ပုဂံမင်းတွေရဲ့ သြဇာ သက်ရောက်တယ် ဆိုပေမယ့် ၁၃ ရာစု မွန်ဂိုကျူးကျော်ချိန်မှာတော့ ပုဂံပြိုကွဲပြီး မောနိုင်ငံကြီး ပေါ်ထွန်းလာခဲ့ပါတယ်။ ဒီမောရှမ်းပြည်ဟာ ရွှေလီ မိုင်းမောဒေသကနေ မိုးကောင်း၊ မိုးညှင်း၊ သောင်သွပ်၊ မိုးမိတ်၊ သီပေါ၊ သိန္နီ၊ ညောင်ရွှေ၊ မိုးနဲ၊ မိုးဗြဲ ဆိုပြီး မောကိုးပြည်အဖြစ် ရှမ်းကုန်းမြင့်နဲ့ လက်ရှိ မြန်မာပြည် မြောက်ပိုင်းမှာ ကြီးစိုးခဲ့ပါတယ်။ ရွှေလီမြောက်ဘက် ၁၂ ပြည်နဲ့ တောင်ဘက် ၁၂ ပြည်ဆိုပြီး ယူနန်နဲ့ မြန်မာနယ်နိမိတ်ထဲမှာ ရှမ်းပြည်တွေ ပေါ်ထွန်းခဲ့ကြောင်းလည်း သိရပါတယ်။ အိန္ဒိယထဲ ရောက်နေတဲ့ အာသံမှာလည်း အဟုမ် ရှမ်းနိုင်ငံ ပေါ်ထွန်းခဲ့ပါတယ်။
အင်းဝက ကြောက်ရတဲ့ မောရှမ်းခေတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မောရှမ်းဘုရင် ဆေခမ်ဖ ခေါ် သိုချည်ဘွားလက်ထက်ကနေ နောက်ဆုံး မောမင်းကြီး သိုငံဘွားခေတ်ထိ နှစ် တရာကျော် ကြီးစိုးခဲ့တဲ့ မောရှမ်းမင်းတွေဟာ အခု တရုတ်-မြန်မာနယ်စပ် ဆယ်လန့်ခေါ် မိုင်းမောကနေ ယူနန်နဲ့ ရှမ်းကုန်းမြင့်တကြောက ရှမ်းနယ်တွေကို ပိုင်စိုးခဲ့ပြီး မိုးကောင်း၊ မိုးညှင်း၊ ကလေး စတဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ရှမ်းပြည်တွေကိုပါ သြဇာညောင်းခဲ့ပါတယ်။ ခရစ် ၁၄ ရာစုနဲ့ ၁၅ ရာစု မြန်မာပြည်မြောက်ပိုင်းမှာ မောရှမ်းတွေ ကြီးစိုးချိန်ဟာ ပုဂံခေတ်အလွန် မြန်မာပြည် အလယ်ပိုင်းက ရှမ်းအနွယ် ပင်းယ၊ စစ်ကိုင်းနဲ့ အင်းဝနိုင်ငံတွေ ပေါ်ထွန်းချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ရှမ်းညီနောင်သုံးဦးလို့ ခေါ်ကြတဲ့ ကျောက်ဆည်လွင်ပြင် အခြေစိုက် မြို့စားညီနောင် သုံးယောက်က ဆင်းသက်လာတဲ့ ဒီနိုင်ငံသစ်တွေဟာ မြောက်ဘက်က မောရှမ်းတွေရန်ကို စိုးရိမ်နေရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ မွန်ဂိုကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့တဲ့ ပင်းယနဲ့ စစ်ကိုင်းဟာ မောရှမ်းစစ်ကို မတွန်းလှန်နိုင်ဘဲ ၁၃၆၄ မှာ ပျက်စီးခဲ့ပါတယ်။ ဒီနိုင်ငံတွေနေရာမှာ အသစ်ပေါ်လာတဲ့ အင်းဝမင်းဆက် လက်ထက်မှာလည်း မောရှမ်းရန်ကို စိုးရိမ်နေရတုန်း ဖြစ်ပါတယ်။ နောက်ဆုံး မွန်ဂိုမင်းဆက်ကို ဖယ်ရှားပြီး တက်လာတဲ့ တရုတ်ပြည် မင်မင်းဆက်က ယူနန်ကို ဝင်သိမ်းချိန်ကျမှ မောရှမ်းနိုင်ငံ ပြိုကွဲပြီး အင်းဝမင်းတွေ အသက်ရှူချောင်သွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိုင်းမောက မောရှမ်းမင်းတွေ ပြိုကွဲသွားပေမယ့် သူတို့ဆီက ဆင်းသက်တဲ့ ရှမ်းစော်ဘွားတွေက မိုးကောင်း၊ မိုးညှင်းမှာ ဆက်လက် ကြီးစိုးနေခဲ့ပြီး ဒီမိသားစုတွေထဲက အင်းဝမှာ လာအုပ်ချုပ်သူကတော့ မိုးညှင်းစလုံရဲ့ သား သိုဟန်ဘွားပါ။ သိုဟန်ဘွားကို မြန်မာမှူးမတ်တွေက လုပ်ကြံ ဖယ်ရှားနိုင်ပေမယ့်လည်း သီပေါက အုန်းဘောင်ခုံမှိုင်းကို ပင့်ခေါ် မင်းမြှောက်ခဲ့သလို သူ့သားတော် မိုးဗြဲနရပတိထိ အင်းဝမှာ ကြီးစိုးခဲ့ကြပါတယ်။ ဒါကြောင့် ပုဂံအပျက်ကနေ တောင်ငူမင်းဆက် ကြီးစိုးတဲ့အထိ ကြားကာလကို ရှမ်းခေတ်ဆိုပြီး မြန်မာသမိုင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ ၁၃ ရာစု မွန်ဂို ကျူးကျော်မှု ရန်ကြောင့် တောင်ဘက်ကို ဆင်းလာကြတဲ့ တိုင်ရှမ်းအနွယ်တွေ ထူထောင်တဲ့ လင်းဇင်း၊ ဇင်းမယ်နဲ့ သောက္ကတဲနိုင်ငံတွေလည်း အခု လာအိုနဲ့ ထိုင်းနိုင်ငံနေရာတွေမှာ ပေါ်ထွန်းလာပါတယ်။ ဇင်းမယ်မင်းတွေရဲ့ သြဇာဟာ ကျိုင်းတုံ၊ မိုးနဲ၊ ကျိုင်းရုံး စတဲ့ အခု မြန်မာနဲ့ တရုတ်ပိုင်နက်ထဲ ရောက်နေတဲ့ ရှမ်းနယ်ကြီးတွေကို သက်ရောက်ခဲ့ပါတယ်။ ဇင်းမယ်၊ သောက္ကတဲ၊ အယုဒ္ဓယနဲ့ အင်းဝ၊ ဟံသာဝတီ ရှမ်း၊ မြန်မာ၊ မွန်နိုင်ငံတွေရဲ့ အင်အားပြိုင်မှုကနေပြီး ၁၅ ရာစုကနေ ၁၈ ရာစုထိ ကြာမြင့်ခဲ့တဲ့ ထိုင်း-မြန်မာစစ်ပွဲတွေနဲ့ မွန်-မြန်မာ အားပြိုင်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဘုရင့်နောင်က စပြီး ချုပ်ကိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပင်းယ ရှမ်းအနွယ် ဘုရင့်နောင် လက်ထက်ကစပြီး တောင်ငူ၊ ဟံသာဝတီနဲ့ အင်းဝမှာ အခြေစိုက်တဲ့ မင်းတွေက ရှမ်းပြည်တလွှားကို သိမ်းသွင်းအုပ်ချုပ်ခဲ့ကြပါတယ်။ ဒါဟာ အရင် ပထမ အင်းဝဆက်က မင်းတွေလက်ထက်ကထက် ပိုပြီး ရှမ်းစော်ဘွားတွေကို မြန်မာဘုရင်ရဲ့ သစ္စာခံအဖြစ် ချုပ်ကိုင်လာတာ ဖြစ်ပါတယ်။ ဘုရင့်နောင်ဟာ အင်းဝမင်းတွေ သိမ်းသွင်းနိုင်တဲ့ မြောက်တလွှားနဲ့ အရှေ့တလွှားက ရှမ်းစော်ဘွားနယ်တွေကိုသာမက သံလွင်အရှေ့ခြမ်းနဲ့ တရုတ်ပြည်ထဲက စော်ဘွားနယ်တွေကိုပါ သိမ်းပိုက်ခဲ့ပါတယ်။
ဒီလို သိမ်းသွင်းခြင်းနဲ့ အနှစ်သုံးရာလောက် ရှည်ကြာခဲ့တဲ့ မြန်မာသမိုင်းမှာ ရှမ်းလွှမ်းမိုးမှုကို လျှော့ချနိုင်တဲ့အတူ ရှမ်းနယ်မြေတွေမှာ မြန်မာသြဇာနဲ့ ထုံးတမ်းတွေ ပြန့်ပွားအောင်ပါ အားထုတ်ခဲ့ပါတယ်။ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ သီပေါ ရှမ်းနှစ်ပြည်ထောင်လုံးဝယ် သူကောင်းတယောက် သေလျှင် ကျွန်ယောက်ျား၊ ကျွန်မိန်းမကို သတ်၍ထည့်သော မိစ္ဆာဒိဋ္ဌိအကျင့်ကို မကျင့်ရန်လည်း ဆုံးမကံမြစ်တော်မူ၏ ဆိုပြီး ပုဂံ ရွှေစည်းခုံဘုရားက ဘုရင့်နောင် ခေါင်းလောင်းစာမှာ ပါရှိပါတယ်။
တခါ ဘုရင့်နောင် လက်ထက်ကစပြီး မြန်မာနန်းတွင်းမှာ သင်္ကြန်၊ ဝါဝင်၊ ဝါထွက် စော်ဘွား မြို့စားတွေရဲ့ တနှစ် သုံးကြိမ် ကန်တော့ခံတဲ့ အစဉ်အလာကို စခဲ့ကြောင်း ဒေါက်တာတိုးလှရဲ့ ဘုရင့်နောင်မင်းတရားကြီး ဘဝအတွေးအခေါ်ယုံကြည်ချက်နှင့် ဆောင်ရွက်ချက်များ စာအုပ်မှာ ပါရှိပါတယ်။ ဘုရင့်နောင်စံမြန်းတဲ့ ဟံသာဝတီမြို့တော်မှာ မိုးကောင်း၊ မိုးညှင်း၊ အုန်းဘောင်၊ ညောင်ရွှေ၊ မိုးနဲ၊ ကလေး၊ သိန္နီတံခါးတွေ တည်ရှိခဲ့ပါတယ်။
မြန်မာကြီးစိုးမှုခံရပြီးနောက်ပိုင်း ၁၆ ရာစုကနေ ၁၈၊ ၁၉ ရာစုထိ နှစ် ၃၀၀ ကျော် မြန်မာသမိုင်းမှာ တရုတ်-မြန်မာစစ် အရေးပေါ်တိုင်း နယ်စပ်က ရှမ်းပြည်ထောင်တွေကို ရိုက်ခတ်ခဲ့ပါတယ်။ နောက်ပြီး ထိုင်း၊ လာအိုနိုင်ငံတွေထိ မြန်မာမင်းဆက်တွေ လွှမ်းမိုးအုပ်ချုပ်ခဲ့တာမို့ အဲဒီစစ်ဆင်ရေးတွေကလည်း ရှမ်းပြည်နိုင်ငံရေးကို ရိုက်ခတ်ခဲ့ပါတယ်။
လင်းပင် ကွန်ဖက်ဒရေစီ အိပ်မက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘုရင့်နောင်ရဲ့ တောင်ငူ ညောင်ရမ်းဆက်အပျက်မှာ ထူထောင်တဲ့ အလောင်းဘုရားရဲ့ ကုန်းဘောင်မင်းဆက်အဆုံး သီပေါမင်း လက်ထက်မှာတော့ ရှမ်းပြည်မှာ စော်ဘွားအုပ်စုတွေ ကွဲပြားပြီး စစ်ခင်းနေကြပါတယ်။ သိန္နီ၊ သီပေါ စတဲ့ စော်ဘွားတချို့ ကိုယ့်နယ်မှာ ကိုယ် မအုပ်စိုးနိုင်ဘဲ မန္တလေး၊ ရန်ကုန်ထိ ဆင်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ နတ်ရွာစံ အိမ်ရှေ့စံ ကနောင်မင်းရဲ့သားတော် လင်းပင်မင်းသားဟာ သီပေါမင်း နန်းတက်ချိန်မှာ ဗြိတိသျှပိုင် အောက်မြန်မာပြည်ကို ရှောင်တိမ်းခဲ့ရပါတယ်။ ဒီမင်းသားကို မိုးနဲ၊ ကျိုင်းတုံ၊ ရပ်စောက်စတဲ့ စော်ဘွားတချို့က ပင့်ခေါ်ပြီး မြန်မာပြည်ကို အုပ်ချုပ်ဖို့ မင်းလောင်းအဖြစ် အုပ်စုဖွဲ့ပါတယ်။ လင်းပင်အဖွဲ့ရဲ့ အဓိကလိုလားချက်က လင်းပင်မင်းသား ဘုရင်ဖြစ်ရင် သဿမေဓအခွန်စနစ်ကို ပယ်ဖျက်ပြီး သုံးနှစ်မှ တကြိမ် အခွန်တော်ကောက်ဖို့ ဖြစ်ပါတယ်။
လင်းပင်အုပ်စုနဲ့ လင်းပင်အုပ်စုဝင် မဟုတ်တဲ့ စော်ဘွားအုပ်စုတွေကြား စစ်ခင်းနေကြချိန်မှာပဲ ၁၈၈၅ မှာ ဗြိတိသျှတပ်တွေက မန္တလေးကို သိမ်းပါတယ်။ မန္တလေးသိမ်းပြီးနောက် ရှမ်းပြည်အခြေအနေကို စောင့်ကြည့်ပြီး စော်ဘွားတွေကို သိမ်းသွင်းဖို့ ကြိုးစားပါတယ်။ သူတို့နဲ့ နီးစပ်ပြီး လင်းပင်အုပ်စုဝင် မဟုတ်တဲ့ ညောင်ရွှေ၊ သီပေါ စော်ဘွားတွေကတဆင့် တောင်ရှမ်း မြောက်ရှမ်းက စော်ဘွားတွေကို အရင် သိမ်းသွင်းပါတယ်။ စစ်ဒဏ်ကြောင့် ပင်ပန်းနေတဲ့ စော်ဘွားတွေလည်း သူတို့ရိုးရာအုပ်ချုပ်ရေးမှာ မစွက်ဖက်ဘူးဆိုတဲ့ ဗြိတိသျှကတိကြောင့် သစ္စာခံလာပြီး ၁၈၈၇ က စလို့ ရှမ်းပြည်ဟာ ဗြိတိသျှသြဇာရိပ်ကို ကျရောက်ခဲ့ပါတယ်။ မြန်မာပြည် မြောက်ပိုင်းမှာ ပုန်ကန်ဆန့်ကျင်နေတဲ့ ဝန်းသိုစော်ဘွား ဦးအောင်မြတ် တရုတ်ပြည်ထဲ ခိုဝင်သွားခဲ့ပြီး ရှမ်းပြည်တလွှားက စော်ဘွားအများစုကတော့ ဗြိတိသျှသိမ်းသွင်းမှုကို လက်ခံကြပါတယ်။
၁၈၉၀ မတ်လကျမှ အင်းလေးနားက မိုင်းသောက်ခေါ် ဖို့ဒ်စတက်မင်းခံတပ်မြို့မှာ ရှမ်းတောင်ပိုင်းအတွက် ဒါဘာခေါ် မင်းစုံပွဲကို ကျင်းပနိုင်ကြောင်း ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဝင်ဟောင်း ဦးအုန်းဖေရဲ့ ပင်လုံစစ်တမ်းမှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမျိုးသားပိုင် အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ဗြိတိသျှမြန်မာပြည်ထဲ ထည့်သွင်းအုပ်ချုပ်ရာကနေ အရင် မြန်မာမင်းဆီ လက်ဆောင်ဆက်သကြတဲ့ ရှမ်း၊ ကချင်၊ ချင်း စော်ဘွား တောင်အုပ်တောင်စားတွေရဲ့ နယ်မြေတွေကိုလည်း ဗြိတိသျှတပ်တွေ ချီတက်သိမ်းပိုက်ပြီး သစ္စာခံစေခဲ့ပါတယ်။ ဒီလို သိမ်းပိုက်ပေမယ့်လည်း ဒီနယ်တွေကို ဖွံ့ဖြိုးမှု နောက်ကျလို့ ဆိုပြီး မြန်မာပြည်မ အုပ်ချုပ်ရေးအောက် မထည့်သွင်းဘဲ အိန္ဒိယပုံစံ ဇယားဝင် နယ်မြေများအဖြစ် သတ်မှတ်အုပ်ချုပ်ခဲ့ပါတယ်။ ဒီလိုခွဲခြားသတ်မှတ်တဲ့အထဲ အရှေ့ရှမ်းကုန်းမြင့်က ရှမ်းပြည်တွေနဲ့ ဝဒေသပါသွားသလို အနောက်ရှမ်းပြည်တွေထဲက ဇင်္ဂလိန်းခန္တီးနဲ့ သောင်သွပ်တို့လည်း ပါဝင်ခဲ့ပါတယ်။ မြန်မာပြည် မြောက်ဖျားက ခန္တီးလုံနယ်ကိုတော့ ၁၉၁၂ လောက်ကမှ ဗြိတိသျှတပ်တွေ သိမ်းသွင်းနိုင်ခဲ့ပြီး ပူတာအိုခရိုင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သံလွင်အရှေ့ဘက်က ကျိုင်းဟုံနဲ့ မိုင်းလင်းကို တရုတ်ပေးလိုက်ပြီး ကျိုင်းချိုင်နယ်ကိုတော့ သုံးပိုင်းပိုင်းကာ ပြင်သစ်၊ ယိုးဒယားခေါ် ထိုင်းနဲ့ ကျိုင်းတုံနယ်ထဲ ထည့်သွင်းခဲ့ပါတယ်။ ကျိုင်းဆင်နယ်ကိုတော့ ယိုးဒယားလက်ကို ပေးကြောင်း ရှမ်းသမိုင်းပညာရှင် စိုင်းခမ်းမိုင်းရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ရှမ်းပြည်နယ် စာအုပ်မှာ ပါရှိပါတယ်။
ဗြိတိသျှကို တော်လှန်ပုန်ကန်ခဲ့တဲ့ ဝန်းသိုစော်ဘွားရဲ့ ဝန်းသိုနယ်ကိုတော့ မြန်မာပြည်မထဲ ထည့်သွင်းခဲ့ပြီး မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော် စတဲ့ မြန်မာဘုရင်တွေ လက်ထက်ကတည်းက မြို့ဝန်တွေနဲ့ အုပ်ချုပ်ခဲ့တဲ့ ရှမ်းနယ်တွေကိုလည်း မြစ်ကြီးနားနဲ့ ဗန်းမော်ခရိုင်ထဲ ထည့်သွင်းပြီး ပြည်မအုပ်ချုပ်ရေးအောက်မှာ ထားရှိခဲ့ပါတယ်။ မြန်မာဘုရင်လက်ထက်ကတည်းက မိုးမိတ်စော်ဘွားနယ်က ဖဲ့ယူပြီး တကောင်းနဲ့ လဲခဲ့တဲ့ မိုးကုတ်နယ်ဟာလည်း ပြည်မအုပ်ချုပ်ရေးအောက်မှာပဲ ပတ္တမြားတွင်းခရိုင်အဖြစ် ထည့်သွင်းခံရပါတယ်။
မြန်မာလမ်းမကြီးနဲ့ ပင်လုံစာချုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၂၂ မှာ မလေးစော်ဘွားပြည်ထောင်စု နမူနာ ယူပြီး ပဒေသရာဇ် ရှမ်းပြည်နယ်စုဖွဲ့တဲ့အခါမှာတော့ အရှေ့ရှမ်း စော်ဘွားနယ် ၂၈ နယ်နဲ့ လားရှိုး၊ တောင်ကြီး၊ ကလောမြို့တွေ ပါ၀င်ခဲ့ပါတယ်။ မြန်မာပြည်မ အုပ်ချုပ်ရေးကို ဒိုင်အာခီခေါ် ပူးတွဲအုပ်ချုပ်ရေးအဆင့် တိုးမြှင့်ပေးပြီး လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပနေချိန်မှာ ရှမ်းပြည်နဲ့ တခြားတောင်တန်းဒေသတွေအတွက် အုပ်ချုပ်ရေးတိုးမပေးဘဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ဘုရင်ခံရဲ့ ဥပဒေပြုကောင်စီမှာ ညောင်ရွှေနဲ့ သီပေါစော်ဘွားတွေ ပါဝင်ခဲ့မှု အဆုံးသတ်သွားပါတယ်။
၁၉၃၂ က လန်ဒန်မှာ ကျင်းပတဲ့ မြန်မာပြည်အရေး မျက်နှာစုံညီအစည်းအဝေးမှာတော့ ရှမ်းပြည်ကို မြန်မာပြည်ထဲ မထည့်သွင်းဘဲ နိုင်ငံကြီးတွေအလယ်က ကြားခံနယ်မြေအဖြစ် လုံးဝလွတ်လပ်ရေးပေးဖို့ သီပေါ စော်ဘွားကို စော်ဘွားအုပ်စုက စေလွှတ် တောင်းဆိုစေခဲ့ပါတယ်။ ၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယကခွဲထုတ်ပြီး ၉၁ ဌာနအုပ်ချုပ်ရေးပေးကာ မြန်မာနန်းရင်းဝန်ခေါ် ဝန်ကြီးချုပ်ကြီးတွေ ခန့်ထားအုပ်ချုပ်တဲ့အထိ ပြောင်းလဲလာပေမယ့် ရှမ်းပြည်ကတော့ စော်ဘွားအုပ်ချုပ်ရေးအောက်မှာပဲ ကျန်ရစ်ခဲ့ပါတယ်။ ၁၉၃၉ ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်မှာ ရှမ်းပြည်ကို ဖြတ်ပြီး အိန္ဒိယနဲ့ ဆက်သွယ်ဖောက်လုပ်တဲ့ တရုတ်ဗမာလမ်းမကြီးကြောင့် ရှမ်းနဲ့ ဗမာပြည်တွေအကြောင်း ကမ္ဘာက အာရုံစိုက်လာသလို ဂျပန်ကလည်း အာရုံစိုက်လာပြီး ၁၉၄၂ မှာ ဝင်ရောက်သိမ်းပိုက်ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်အတွင်း ၁၉၄၃ မြန်မာပြည်ကို လွတ်လပ်ရေးပေးချိန်မှာ ကျိုင်းတုံနဲ့ မိုင်းပန်နယ်ကို ထိုင်းနိုင်ငံထဲ ထည့်ပေးခဲ့သလို ကန္တာရဝတီခေါ် လွိုင်ကော်နယ် အရှေ့ခြမ်းကိုလည်း ထိုင်းတပ်တွေ ဝင်သိမ်းထားပါတယ်။ ရှမ်းပြည်တွေကို စုစည်းပြီး ကမ္ဗောဇတိုင်းအဖြစ် မြန်မာပြည် အုပ်ချုပ်ရေးမှာ ထည့်သွင်းခဲ့ပေမယ့် ဂျပန်တပ်တွေပဲ အုပ်ချုပ်ခဲ့ပါတယ်။ စစ်အတွင်းမှာပဲ စော်ဘွားတချို့ ဗြိတိသျှနဲ့ ပူးပေါင်းပြီး ဂျပန်ဆန့်ကျင်ခဲ့ကြသလို မြေပြန့်က အာရှလူငယ်လှုပ်ရှားမှု ရှမ်းပြည်ကို ရောက်ရှိလာပြီး လက်ဝဲဝါဒပြန့်ပွားလာပါတယ်။ ရန်ကုန်တက္ကသိုလ် မြန်မာစာနည်းပြ ကိုတင်ဧ ထူထောင်တဲ့ ညောင်ရွှေက အလင်းရောင်စာကြည့်တိုက်ကနေ ၁၉၄၇ ပင်လုံစာချုပ်မှာ လူထုကိုယ်စားလှယ်အဖြစ် လက်မှတ်ထိုးမယ့် လူငယ်ခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး မြန်မာစစ်တပ်အခြေပြု ဖဆပလခေါင်းဆောင်တွေက လွတ်လပ်ရေး တောင်းဆိုလာချိန်မှာပဲ တောင်တန်းဒေသတွေကို ပြည်မနဲ့ ပူးပေါင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ တကယ်က ၁၉၄၅ မဟာမိတ်တွေ ပြန်ဝင်လာပြီးကတည်းက တောင်ပိုင်နဲ့ မိုးမိတ်စော်ဘွားတွေက ရှမ်းပြည်ကို မြန်မာ၊ အိန္ဒိယ၊ သီဟိုဠ်နဲ့ မလေးယားနိုင်ငံတွေလို သီးခြားလွတ်လပ်ရေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ညောင်ရွှေနဲ့ မြောက်သိန္နီစော်ဘွားကြီးတွေကလည်း ၃၅ နယ် ကွဲနေတဲ့ ရှမ်းပြည်ကို အားရှိလာအောင် ၁၂ နယ်ထိ စုစည်းပြီး စော်ဘွားတွေ အလှည့်ကျ အုပ်ချုပ်ဖို့ ၊ ဗြိတိသျှဓနသဟာယထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ရှမ်းပြည်မှာ စော်ဘွားတဦးကို ခန့်အပ် အုပ်ချုပ်ဖို့ အကြံပေးခဲ့ကြပါတယ်။ ၁၉၄၆ ပထမပင်လုံညီလာခံမှာလည်း မြန်မာပြည်မကို ဒိုမီနီယံအဆင့်ပေးရင် ရှမ်းပြည်ကိုလည်း သီးခြား ဒိုမီနီယံပေးဖို့ စော်ဘွားကောင်စီဥက္ကဋ္ဌ တောင်ပိုင်စော်ဘွားက တောင်းဆိုခဲ့ပါတယ်။
ဒီလိုစော်ဘွားပိုင်းက မြန်မာနဲ့ ပူးပေါင်းဖို့ နောက်တွန့်ကြပေမယ့် ရှမ်းလူငယ်လူထုကိုယ်စားလှယ်တွေနဲ့ မြန်မာခေါင်းဆောင်တွေ ရင်းနှီးမှုကြောင့် ၁၉၄၇ မှာ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး တောင်တန်းနဲ့ ပြည်မ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း စိုင်းခမ်းမိုင်းက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ရှမ်းပြည်နယ် စာအုပ်မှာ ရေးပါတယ်။ ရှမ်းပြည်ကို လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့၊ ခွဲထွက်လိုက အချိန်မရွေး ခွဲထွက်ခွင့်ပေးဖို့ ၊ အခွင့်အရေးနဲ့ အဆင့်အတန်း တန်းတူဖြစ်ဖို့ ဆိုတဲ့ ဦးတင်ဧတို့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ပူးပေါင်းကြတာ ဖြစ်ပါတယ်။ ယခု ယာယီပူးပေါင်းရေးသည် ရေရှည်ပူးပေါင်းရေးနှင့် ခွဲထွက်ရေးကို မထိခိုက်စေရဆိုပြီး ရှမ်းပြည်ဦးတင်ဧက အတိအလင်း ပြောကြားခဲ့ပါတယ်။
၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးချိန်မှာတော့ တောင်တန်းဒေသအတိုင်ပင်ခံဝန်ကြီး မိုင်းပွန်စော်ဘွား စဝ်စံထွန်း ကျဆုံးခဲ့ပါတယ်။
ကြယ်ငါးပွင့်ထဲက ရှမ်းပြည်နယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှမ်းပြည်ဟာ မြန်မာပြည်မနဲ့ ပူးပေါင်းတဲ့ ပြည်နယ်တွေထဲမှာ နယ်မြေအကြီးဆုံးနဲ့ နိုင်ငံရေး ဝါအရင့်ဆုံးဖြစ်သလို လူဦးရေလည်း များပြား စုံလင်ပါတယ်။ ဒါကြောင့် မြန်မာပြည်ထောင်စုရဲ့ ပထမဆုံး သမတအဖြစ် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ကို ရွေးချယ်ခဲ့သလို နောက်ပိုင်းမှာလည်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် မိုးမိတ်စော်ဘွား စဝ်ခွန်ချိုကို မြန်မာပြည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
နယ်ရှင်စော်ဘွားတွေ ပြည်သူ့လွှတ်တော် အမတ်ဖြစ်ခွင့်မရှိပေမယ့် မြန်မာပြည်ထောင်စု ပါလီမန်ရဲ့ လူမျိုးစုလွှတ်တော် နာယကအဖြစ်လည်း စဝ်ရွှေသိုက်နဲ့ စံကားစော်ဘွားကြီး စဝ်ခွန်ကြည်တို့ကို ခန့်အပ်ခဲ့ပါတယ်။ နောက်ပြီး စော်ဘွားအုပ်စုနဲ့ တခြားတောင်တန်းပြည်နယ် ခေါင်းဆောင်တွေရဲ့ စိတ်ချယုံကြည်မှုကို ရစေဖို့အတွက် လွတ်လပ်ရေးရပြီး ဆယ်နှစ်အကြာမှာ ခွဲထွက်ခွင့်ပေးခဲ့ပါတယ်။
ဒီလို ရှမ်းစော်ဘွားတွေကို နေရာပေးပေမယ့် မြန်မာပြည်ထဲ ရောက်နေတဲ့ ရှမ်းနယ်တွေကိုတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ထဲကို ထည့်သွင်းခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ရှမ်းဗမာနယ်တွေကို ထည့်သွင်းပေးရတဲ့အတွက်လည်း ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကို နှစ်သိမ့်ဖို့ ကချင်ပြည်နယ်က တင်မြှောက်တဲ့ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ် ၁၂ ယောက်မှာ ခြောက်ယောက်ကို ကချင်မဟုတ်သူတွေထဲက ရွေးကောက်တင်မြှောက်ဖို့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၅၉ အိမ်စောင့်အစိုးရလက်ထက်မှာ ထိုင်း၊ တရုတ် နိုင်ငံတွေနဲ့ နယ်ချင်းစပ်နေတဲ့ ရှမ်းစော်ဘွားနယ်တွေမှာ ပဒေသရာဇ်အုပ်ချုပ်ရေးကို လျော်ကြေးပေးပြီး အဆုံးသတ်စေခဲ့ပါတယ်။ တရုတ်ဖြူကျူးကျော်မှုကာလကတည်းက ရှမ်းပြည်မှာ မြန်မာတပ်တွေချတာ၊ ဗထူးမြို့သစ်တည်ပြီး စစ်တက္ကသိုလ်ဆောက်တာတွေကို မကျေနပ်တဲ့ ရှမ်းအမျိုးသားရေးဝါဒီတွေအတွက် စော်ဘွားအုပ်ချုပ်ရေး ရပ်စဲမှုကြောင့် မီးလောင်ရာ လေပင့်ဖြစ်ပြီး ရှမ်းလက်နက်ကိုင် ပုန်ကန်မှုကို မီးဖွားပေးခဲ့ပါတယ်။
၁၉၆၁-၆၂ မှာ အရှိန်ရခဲ့တဲ့ ဖက်ဒရယ်မူတောင်းဆိုမှုမှာလည်း ၁၉၄၇ ပင်လုံစာချုပ်မှာ မြန်မာနဲ့ ပူးပေါင်းဖို့ အဆိုပြုခဲ့တဲ့ ရှမ်းခေါင်းဆောင်တွေ ပါဝင်ခဲ့ကြပါတယ်။ မွန်နဲ့ရခိုင်ပြည်နယ်သစ်တွေ ပေးမယ့်အချိန်မှာ မြန်မာပြည်မကိုပါ တပြည်နယ်သတ်မှတ်ပြီး ရှစ်ပြည်နယ်ပေးဖို့ တောင်းဆိုတဲ့ ဒီခေါင်းဆောင်တွေကို ပြည်ထောင်စုက ခွဲထွက်ရန် ကြံစည်တယ်ဆိုပြီး ၁၉၆၂ အာဏာသိမ်းစစ်ကောင်စီအစိုးရက စွပ်စွဲအကျဉ်းချခဲ့ပါတယ်။ ဒီဖိနှိပ်မှု အကျိုးဆက်အဖြစ် ရှမ်းပြည်တလွှားမှာ စစ်မီးအရှိန်တောက်ခဲ့ပြီး ညောင်ရွှေမဟာဒေဝီပါ တောခိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ မှာ တရုတ်ထောက်ပံ့တဲ့ ဗမာကွန်မြူနစ်တပ်တွေ ရှမ်းမြောက်နဲ့ ဝနယ်တွေကို ဝင်လာပြီးနောက် ရှမ်းပြည်နိုင်ငံရေး ပိုမိုရှုပ်ထွေးသွားပြီး နောက် အနှစ် ၂၀ လုံးလုံး စစ်မီးတောက်တွေနဲ့ လွှမ်းနေခဲ့ပါတယ်။ ကမ္ဘာ့စစ်အေးအရှိန်နဲ့ ရှမ်းပြည်တပ်မတော်လည်း တောင်နဲ့ မြောက် နှစ်ခြမ်းကွဲခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငြှိမ်းမရတဲ့ မီးတောက်မီးလျှံများ
၁၉၈၉ ဗကပ ပြိုကွဲအပြီး ရှမ်းပြည်တလွှားမှာ အပစ်ရပ်စဲရေးတခေတ်ပေါ်လာပေမယ့် ၂၀၀၉ ကိုးကန့်ကို နယ်ခြားစောင့်တပ် ပြောင်းခိုင်းရာကနေ သေနတ်ပြန်ပေါက်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ TNLA ခေါ် တအာန်းပလောင်တပ်သစ် ရှမ်းမြောက်မှာ ပေါ်လာခဲ့ပါတယ်။ စစ်တပ်စည်းမျဉ်းခံ ဒီမိုကရေစီခေတ် ဆယ်နှစ်အတွင်း ရှမ်းပြည်တလွှားမှာ နဂိုရှိရင်း ဝ၊ ရှမ်းမြောက်နဲ့ ရှမ်းတောင်တပ်တွေအပြင် စစ်အစိုးရနဲ့ နီးစပ်တဲ့ ပအိုဝ်းလက်နက်ကိုင်တပ်တွေဟာ လက်နက်အသင့် ငြိမ်းချမ်းရေးအဖြစ် ရပ်တည်နေခဲ့ပါတယ်။ ၂၀၁၆ ကစပြီး ရခိုင်၊ ကချင်၊ ကိုးကန့်နဲ့ တအာန်းတပ်တွေ ပေါင်းပြီး မြောက်ပိုင်းမဟာမိတ်ဖွဲ့ခဲ့သလို ၂၀၁၉ မှာတော့ ကချင်မပါဘဲ ကျန်တဲ့သုံးဖွဲ့ပေါင်းပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ ဖွဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်တလွှားက မြို့ရွာအတော်များများ ဒီမဟာမိတ်သုံးဖွဲ့လက်ကို ကျခဲ့ပြီး ခုထိ စစ်မီး ငြှိမ်းမရ ဖြစ်နေပါတယ်။
ရှမ်းအရှေ့ပိုင်းက ရှမ်းတောင်တပ်နဲ့ ဝတပ်ကြားက နယ်မြေလုမှု၊ ရှမ်းတပ်နှစ်ဖွဲ့ကြားက ပဋိပက္ခ၊ ရှမ်းမြောက်မှာ နယ်မြေကိစ္စ အငြင်းပွားစပြုလာတဲ့ တအာန်း၊ ကိုးကန့်နဲ့ ကချင်တပ်တွေကြားက ပြိုင်ဆိုင်မှုစတဲ့ အားနည်းချက်တွေ ရှိပေမယ့် ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာပြည် အရှေ့မြောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာစစ်တပ်ကြား ကြားခံဇုန်ကြီးအဖြစ် ပေါ်ထွန်းလာပါတယ်။ ရှမ်းမြောက်မှာ စစ်မီးငြိမ်းအောင် တရုတ်နဲ့ စစ်ကောင်စီက ဖိအားပေးပေမယ့်လည်း ခုထိ အောင်မြင်သေးမယ့် လက္ခဏာ မရှိပါဘူး။
လက်ရှိ ရှမ်းပြည်အခြေအနေဟာ သီပေါမင်းလက်ထက်နဲ့ ပါတော်မူစက ရှမ်းပြည်တွင်းစစ်အခြေအနေနဲ့ ဆင်တူပေမယ့်လည်း အဓိက အားပြိုင်ကြသူတွေထဲမှာ ရှမ်းတပ်တွေ မပါတာက ထူးခြားပါတယ်။ လူမျိုးစုံပြီး ပြည်ထောင်စုထဲက ပြည်ထောင်စုကလေးတခု ဖြစ်နေတဲ့ ရှမ်းပြည်ရဲ့ အနာဂတ်ဟာလည်း မရေမရာ ရှိလှပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာလည်း ရှမ်းနီအမျိုးသားများတပ်မတော်ဆိုပြီး စစ်ကောင်စီ၊ ရှမ်းတောင်တပ်တွေနဲ့ မဟာမိတ်ပြုထားတဲ့ ရှမ်းတပ်တတပ် လှုပ်ရှားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
Wednesday, January 22, 2025
သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၄)
CNI Article
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၇
ရေးသားသူ-Maha Sila Virawang
ရှမ်းနီတိုင်းရင်းသားများ၏ မိုးကောင်းမြို့ပြနိုင်ငံသည် နန်စောအင်ပါယာ၏ လက်အောက်ခံ ပဏ္ဏာဆက် နိုင်ငံဖြစ် သည့် မိုင်းမောနိုင်ငံက လာရောက်သော မင်းဆက်၏ ထူထောင်မှုဖြင့် စတင်ခဲ့ပုံနှင့် မိုးကောင်းမြို့ပြနိုင်ငံကို တည် ထောင်ရာတွင် နန်စော အင်ပါယာ၏ အထောက်အပံ့ ပါဝင်ခဲ့ပုံကို ယခင်တစ်ပတ်က သုံးသပ်တင်ပြခဲ့ပါသည်။
ထို့အပြင် လက်ရှိ အထက်မြန်မာနိုင်ငံဟုဆိုသော ဒေသများတွင် အချိန်တိုကာလအတွင်း ညီနောင်မြို့ပြ နိုင်ငံများ ကို ထူထောင်နိုင်ခြင်းသည် ခရစ်တော်မပေါ်မီ ကာလကတည်းက ရောက်ရှိပြီး မြို့/ရွာ တည်ထောင်လျက် နေထိုင်လျက် ရှိကြသည့် တိုင်း-တရုတ် ဘာသာစကားပြော ရှမ်းမျိုးနွယ်စုကြီးနှင့် အခြေခံ လူမှုစီးပွားအင်အား ပူးပေါင်းနိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်ကိုလည်း သုံးသပ်တင်ပြခဲ့ပါသည်။
ထိုသို့ နန်စောအင်ပါယာ၏ အကူအညီဖြင့် ရောက်လာခဲ့ကြသည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုမှ ဒုတိယအုပ်စုနှင့် ခရစ်တော်မပေါ်မီ ကတည်းက ရောက်ရှိနေသော တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်းမျိုးနွယ်စုမှ ပထမအုပ်စုတို့၏ ပေါင်းစည်းနိုင်ခြင်းသည် နယ်ပယ်သစ်များ ထပ်မံချဲ့ထွင်နိုင်ရန် အခြေခံ အကြောင်းတရားတစ်ရပ် ဖြစ်လာသည်ဟူ၍ပါ သုံးသပ်နိုင်ပေသည်။
ဤသုံးသပ်ချက်များကို ပို၍ခိုင်မာစေသည်မှာ နန်စောအင်ပါယာ၏ လက်ရှိအထက်မြန်မာပြည်ဟု ဆိုသောဒေသ များသို့ တိုက်ရိုက်ချီတက် သိမ်းသွင်းလာနိုင်ခြင်း၊ နန်စောအင်ပါယာ၏ လက်အောက်ခံ ပဏ္ဏာဆက် နိုင်ငံဖြစ်သည့် မိုင်းမောနိုင်ငံက မိုးကောင်းမြို့ပြနိုင်ငံသို့ မင်းဆက်မပြတ်စေရန် ထပ်မံစေလွှတ်ခြင်းနှင့် နန်စော အင်ပါယာ ပြုတ်ကျပြီးနောက် ထပ်မံပေါ်ပေါက်လာသည့် တာ့လီအင်ပါယာ လက်ထက်အထိတိုင် မိုးကောင်းမြို့ပြနိုင်ငံကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် မြို့တော်သစ်ကို ထပ်မံထူထောင်စေခြင်းဆိုသည့် အချက်များကြောင့် ဖြစ်ပါသည်။
ဤအချက်များနှင့် ပတ်သက်၍ ရှင်းလင်းစွာ သိမြင်နိုင်စေရန် နန်စောအင်ပါယာ စတင်ပုံနှင့် အထက်မြန်မာနိုင်ငံ ဖြစ်လာမည့် ဒေသများသို့ နန်စောအင်ပါယာက သိမ်းသွင်းခဲ့သည်များကို ဦးစွာဖော်ပြပါမည်။
ထိုသို့ ဖော်ပြမှသာ နန်စောအင်ပါယာနှင့် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာ စကားပြောသည့် ရှမ်းမျိုးနွယ်စုများ၏ ဆက်စပ်မှုကို ပေါ်လွင်စွာ သိမြင်နိုင်မည် ဖြစ်ပါသည်။
ရှမ်းသမိုင်း သုတေသနပညာရှင် ဆရာစိုင်းခမ်းမိုင်း၏ သုတေသနစာတမ်း ပေါင်းချုပ်ဖြစ်သည့် “Selected Writings of Sai Kham Mong, Volume I” တွင် နန်စောနိုင်ငံကို အေဒီ ၆၄၉ ခုတွင် နန်စောမင်းစီနုလို (Sinulo- Sihanara)က တည်ထောင်ကြောင်း ဖော်ပြထားပါသည်။

ရှမ်းနီအမျိုးသားနေ့ တက်ရောက်လာသော ရှမ်းနီတိုင်းရင်းသားတစ်ဦးကိုတွေ့ရစဉ်
သို့သော် စီနုလိုမင်း လက်ထက်တွင် မိုင်းဆေ စဝ်(Moung Mong- Tse/Mong- She- Chao)မြို့ပြနိုင်ငံကို သာ အုပ်ချုပ်နိုင်ပြီး ကျန်(၅)နိုင်ငံနှင့် ပူးပေါင်း၍ စုပေါင်း အုပ်ချုပ်သည့်စနစ်(ဂဏစနစ်)ဖြင့် အုပ်ချုပ်ကာ လွတ် လပ်သည့် ပြည်ထောင်စုစနစ်ပုံစံဖြင့် စတင်ခဲ့ ဟန်ရှိသည်။
ထိုသို့ စုပေါင်းအုပ်ချုပ်သည့် စနစ်ကိုလည်း စီနုလိုမင်းသည် မိုင်းဆေစဝ်(Moung Mong- Tse/Mong- She- Chao) တွင် နန်းတက်အပြီး အေဒီ ၆၅၀ ခုတွင် စတင် ဖော်ဆောင်ခဲ့ဟန် တူပါသည်။
ဤအချက်ကို ရှမ်းသမိုင်းပညာရှင် ဆရာစိုင်းအောင်ထွန်း၏ “History of The Shan State: From Its Origins To 196”တွင် “In AD650 the Ai Lao rulers united and organized six Chao states into one powerful confederated state name Nan- Chao.” ဟူ၍ ဖော်ပြထားပါသည်။
ထိုသို့ ဆရာဖော်ပြထားသည့် Ai Lao ဆိုသည်မှာ နန်စောမင်းရိုးသည် ယခင်က ရှိခဲ့သည့် Ai Lao နိုင်ငံ (အေဒီ ၄၇-၂၂၅)က ဆင်းသက်လာမှုကို ညွှန်းဆိုထားခြင်း ဖြစ်ပါသည်။
ထိုနန်စော(၆)နိုင်ငံသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်း တည်ရှိခဲ့ပြီး
1. Muong Mong-Sui > Mong- Hi- Chao
2. Muong Ia-Tse > Che- Chai- Chao
3. Muong Lang-Kong > Chien- Lang- Chao
4. Muong Theng-Tsieng > Teng- Shan- Chao
5. Muong Tse-Lang > Shi- Lang- Chao
6. Muong Mong-Tse (Muong Sae or Muong Nong-Sae) > Mong- She- Chao ဟူ၍ ခေါ်ဆိုသည်ဟု လာအို သမိုင်းပညာရှင် Maha Sila Viravong ၏ “HISTORY OF LAO”သမိုင်းမှတ်တမ်းနှင့် ဆရာစိုင်းအောင်ထွန်း၏ “History of The Shan State: From Its Origins To 196”ကျမ်းတွင် ဖော်ပြထားပါသည်။
နန်စော၏ ကနဦးကာလတွင် အဆိုပါ(၆)နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရင်း တန်အင်ပါယာ (တရုတ် နိုင်ငံ)၊ တိဗက်နိုင်ငံတို့နှင့်သာ ဆက်ဆံရေး ထူထောင်နိုင်ဦးမည်ဟု သုံးသပ်ပါသည်။

ရှေးယခင်က ရှမ်းနီတိုင်းရင်းသားများ၏ လူနေမှုပုံစံကိုတွေ့ရစဉ်
လက်ရှိ အထက်မြန်မာပြည် ဖြစ်လာမည့် ဒေသများကို သိမ်းသွင်းရန် အတွက်ကိုမူ စီနုလိုမင်း၏ မြစ်တော် ဖီလော်ကော်မင်း(Pi- Lo- Ko)လက်ထက်အထိ ပြင်ဆင်နိုင်သေးဟန် မတူပါ။ အဘယ့်ကြောင့်ဆိုသော် ဖီလော် ကော်မင်း (Pi- Lo- Ko)မင်း လက်ထက် ရောက်သည့် အခါမှသာ မိုင်းဆေစဝ်(Moung Mong- Tse> Mong- She- Chao)မြို့ပြနိုင်ငံနှင့် ကျန်(၅) နိုင်ငံကို ပူးပေါင်း၍ နန်စောအင်ပါယာအဖြစ် စတင်ဖွဲ့စည်းနိုင်သောကြောင့် ဖြစ်ပါ သည်။
ဤသည်ကို ဆရာဝေါင်းမိန်းခမ်း၏ “နန်စော ကျောက်စာဘာသာပြန် ဆောင်းပါး”၊ ဆရာစိုင်းအောင်ထွန်း၏ “History of The Shan State: From Its Origins To 196”ကျမ်းနှင့် ဆရာတော် အရှင်သုခမိန္ဒ(တန့်ယန်း)၏ M.A ဘွဲ့ယူ ကျမ်းဖြစ်သည့် “ရှမ်းတိုင်း ရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ”စာအုပ်တွင် တစ်ညီတစ် ညွတ်တည်း ဖော်ပြထားပါသည်။
စီနုလိုမင်း၏ တီတော်ဖြစ်သော နန်စောမင်း ခိုလိုဖုန်းသည် အေဒီ ၇၄၈ ခုတွင် နန်စောအင်ပါယာ၏ မင်းဖြစ် လာ ကြောင်းနှင့် ထိုမင်းသည် နန်ချောင်ခေတ်တွင် ထူးချွန်ထက်မြက်၍ အင်အားကြီးမားကြောင်းကို ဆရာတော် အရှင် သုခမိန္ဒ(တန့်ယန်း)၏ M.A ဘွဲ့ယူကျမ်းဖြစ်သည့် “ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ ထုံးစံ များ” စာအုပ်နှင့် ဆရာစိုင်းခမ်းမိုင်း၏ “Selected Writings of Sai Kham Mong, Volume I” တို့တွင် တူညီစွာ ဖော်ပြထားသည်ကို တွေ့ရသည်။
G.E.HARVEY ၏ “History of Burma”စာအုပ်တွင် ထိုမင်းလက်ထက် အေဒီ ၇၅၄ ခု၌ နန်ချောင်အင်ပါယာသည် ဧရာဝတီမြစ် အထက်ပိုင်းဒေသရှိ မျိုးနွယ်စုများကို သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဤဖော်ပြချက်နှင့် ပတ်သက်၍ နန်စောမင်းခိုလိုဖုန်း၏ အေဒီ၇၅၆ ခုတွင် ရေးထိုးထားသည့် ကျောက်စာပါ မှတ်တမ်းတွင်-
“ဤတွင်ရွှင်ချွန်(尋傳) ဟူသော ဒေသရှိလေသည်။ ထိုနေရာသည် ယခုအခါတွင် ထွက်ကုန်ပေါများပြီး မြေဆီ မြေဩဇာကောင်းကာ လူသူများ ချမ်းသာကြွယ်ဝနေသည်။ ထိုဒေသမှ တောင်ဖက်လားသော် ဘော်ဟိုင်း(渤海)သို့ ရောက်ပြီး၊ အနောက်ဖက်သို့လားသော် တာ့ချင်(大秦)သို့ ရောက်သည်။ လောကကို ဖန်ဆင်းချိန် ကာလက စ၍ ထိုနေရာသည် ယဥ်ကျေးမှု မထွန်းကားသေးပေ။ ရှီဟွမ်(羲皇)ခေတ်ပြီး ကတည်းမှစ၍ ယနေ့တိုင် စစ်သည် လက်နက်ချပ်ဝတ်များ မပေါများ(မရှိ)ခဲ့ချေ။ စဝ်(詔နန်စောဘုရင်)မှ သူတို့အား အဆင့်မြင့်သော ဝတ်စားဆင် ယဥ်မှု၊ ယဥ်ကျေးသော အမူအကျင့်များနှင့် ထုံးတမ်းစဥ်လာများ ရှိလာစေရန် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် ဆန္ဒရှိခဲ့လေသည်။ ဇန့်ဖူဇုံးနန်းစံ ဒသမနှစ်မြောက်၏ ဆောင်းရာသီတွင် ဘုရင်သည် နန်းတွင်းအခြံအရံများနှင့် အတူ စစ်သည်တော် အပေါင်းတို့နှင့်တကွ တောအုပ်များကိုဖြတ်ကာ လှေနှင့်တံတားများကို တည်ဆောက်ခဲ့လေ သည်။ ဂုဏ်အရှိန်အဝါကိုသိစေရန် စစ်အင်အားကိုပြကာ ဉာဏ်အလင်းရစေရန် စာပေပညာများ ပြလေသည်။” ဟူ၍ ရေးထိုးထားကြောင်းကို ဆရာဝေါင်းမိန်းခမ်း၏ “နန်စော ကျောက်စာဘာသာပြန်ဆောင်းပါး”တွင် တွေ့ရသည်။
ဤကျောက်စာပါ မှတ်တမ်းနှင့် “History of Burma”စာအုပ်ကို နှိုင်းယှဥ်လေ့လာရာတွင် အဖြစ်အပျက် များမှာ ထပ်တူညီနေသည်ဟု သုံးသပ်နိုင်ပါသည်။
ကျောက်စာတွင် ဖော်ပြထားသည့် ရွှင်ချွန်(尋傳)ဒေသ ဆိုသည်မှာ အထက်မြန်မာပြည်ရှိ ဧရာဝတီမြစ်၏ အရှေ့ပိုင်း ဒေသကြီးဖြစ်ရာ နန်စောမင်းသည် သူ၏စစ်တပ်ကြီးနှင့်အတူ အေဒီ ၇၅၄ ခုတွင် ၎င်းဒေသအား ကိုယ်တိုင် ဝင်ရောက်သိမ်းပိုက်ကြောင်း သုံးသပ်နိုင်ပေသည်။
ထို့အတူ နန်စောအင်ပါယာသုံး စာပေ၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများသည် ဤကာလကစ၍ အထက် မြန်မာပြည်တွင် ပို၍ထွန်းကားလာမည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။
သို့ဖြစ်လျှင် အထက်မြန်မာပြည်၊ ဧရာဝတီမြစ်ဝှမ်းတွင် ခရစ်တော်မပေါ်မီ ကာလကတည်းက ရောက်ရှိ၍ မြို့ပြနိုင်ငံငယ်များ တည်ထောင်နေသော ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြော သည့် ရှမ်းမျိုးနွယ်စုတို့သည် အေဒီ ၇၅၄ ခုတွင် နန်စောအင်ပါယာနှင့် တိုက်ရိုက် ထိတွေ့ရကြောင်းကိုပါ သုံးသပ် သိမြင်နိုင်ပေသည်။
နန်စောအင်ပါယာနှင့် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်း မျိုးနွယ်စုတို့ တိုက်ရိုက် ထိတွေ့ဆက်ဆံသည်ဟု ဆိုရခြင်းမှာ အေဒီ ၇၅၄ ခု မတိုင်မီကာလ အေဒီ ၇၂၂ ခုတွင်ပင် နန်စောအင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဖြစ်သော မိုင်းမောနိုင်ငံကလာသည့် မင်းရိုးသည် မိုးကောင်းမြို့ပြနိုင်ငံကို ထူထောင်ခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။
ထိုသို့ မိုးကောင်းမြို့ပြနိုင်ငံကို ထူထောင်စဉ်ကာလက နန်စောအင်ပါယာနှင့် ဆက်ဆံရာတွင် မိုင်းမော နိုင်ငံကတဆင့် ဆက်ဆံရသော်လည်း နန်စောမင်း ခိုလိုဖုန်း ကိုယ်တိုင် ဦးဆောင်၍ ဧရာဝတီမြစ် အရှေ့ပိုင်းဒေသ ကြီးသို့ ဝင်ရောက်သိမ်းပိုက်လာသည့် အခါတွင်မူ မိုးကောင်းမြို့ပြနိုင်ငံသည် နန်စော အင်ပါယာနှင့် တိုက်ရိုက် ဆက်ဆံသည့် အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးမည်ဟု သုံးသပ်ရပေသည်။
ထို့အတူ အင်ပါယာအတွက် အခွန်ဘဏ္ဍာနှင့် စစ်သည်အင်အား ဖြည့်ဆည်းနိုင်မည့် မိုးကောင်းမြို့ပြနိုင်ငံ အပေါ် နန်စောမင်းတို့မှာ အုပ်ချုပ်ရေး တည်မြဲစေရန်အတွက် အထူးဂရုပြုကြလိမ့်မည်ဟု သုံးသပ်ရပေသည်။
ထို့ကြောင့် မိုးကောင်းမြို့ပြနိုင်ငံတွင် မင်းဆက်ပြတ်သည့်အခါ မူလမင်းရိုးဖြစ်သည့် မိုင်းမောမင်းရိုးကို ဆက်လက် ခန့်ထားအုပ်ချုပ်စေခဲ့သည်ကို ရှမ်းသမိုင်းမှတ်တမ်းတစ်ခုဖြစ်သည့် အုန်းဘောင်မင်းဆက် ရာဇဝင်တွင် ဖော်ပြထားပါသည်။
လာမည့်တစ်ပတ်တွင် နန်စောအင်ပါယာသည် မိုးကောင်းမြို့ပြနိုင်ငံ၏အားဖြင့် မြန်မာပြည်အလယ်ပိုင်း ဖြစ်လာမည့်ဒေသများရှိ ပျူမြို့များကို တိုက်ခိုက်သိမ်းသွင်းခဲ့ပုံကို သမိုင်းအထောက်အထားများနှင့် တင်ပြသွားပါမည်။
ထို့အပြင် နန်စောအင်ပါယာ ပြုတ်ကျပြီးနောက် ထပ်မံထူထောင်သော တာလီအင်ပါယာ လက်အောက် တွင် မိုးကောင်းမြို့ပြနိုင်ငံကို ထပ်မံထူထောင်ပုံနှင့် အုပ်ချုပ်သည့်မင်းရိုး အပြောင်းအလဲဖြစ်ပုံတို့ကို သမိုင်း အထောက်အထားများနှင့် သုံးသပ်တင်ပြသွားပါမည်။

ရှမ်းနီအမျိုးသားနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းရှင်းပြထားစဉ်
Maha Sila Virawang
ကျမ်းကိုး-
၁။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့်ဓလေ့ထုံးစံများ။ ၂၀၁၃။ သာသနာတော် ထွန်းကာပြန့်ပွားရေးဦးစီးဌာန။ ရန်ကုန်။
၂။ ဝေါင်းမိန်းခမ်း၊ နန်စောကျောက်စာ ဘာသာပြန်ဆောင်းပါး။
3. Carmaen Eva Marseille, Shan-Ni Grammar and Processes of Linguistic Change, Leiden University, 2019.
4. G.E.HARVEY, HISTORY OF BURMA; From the Earliest Time to 10 March 1824, The Beginning of the English Conquest, FRANK CASS & CO. LTD, 1967.
5. Sai Aung Tun, History of The Shan State: From Its Origins To 1962, Silkworm Books, Illustrated edition, January7,2009.
6. Sai Kham Mong, Selected Writings of Sai Kham Mong, Volume-1, Tri Awards Co., Ltd, 2023.
ဆက်စပ်လေ့လာသည့် မှတ်တမ်းများ-
၁။ ၁။ ခင်သိန်း၊ ဒေါ်(ပါမောက္ခ၊ မြန်မာစာဌာန)။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်။ မြစ်ကြီးနားတက္ကသိုလ်။ www.Shanyoma.org.
၂။ ပါတောင်ဆရာတော်၏ ပုရပိုက်မှတ်တမ်း။
3. Pu Loi Hom Hom and Pu Loi Tun, THE FOUNDING OF MONG KAWNG, www.Shanyoma.org.
4. Scott.J.George, GAZETTEER OF UPPER BURAM AND THE SHAN STATE, PART-I, VOL-I, Superintendent, Government Printing Press, 1900.
Original Article Link: https://cnimyanmar.com/index.php/article-2/opinoin/16864-2023-08-26-10-31-55
သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၃)
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၀
ရေးသားသူ- Maha Sila Virawang
ပြီးခဲ့သည့်အပတ်က ရှမ်းနီတိုင်းရင်းသားများ၏ ဘိုးဘေးများဖြစ်ကြသော တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်းမျိုးနွယ်စုများ၏ အထက်မြန်မာပြည်တွင် မြို့ပြနိုင်ငံ တည်ထောင်မှုများသည် ခရစ်တော်မပေါ်မီ ကာလကပင် စတင်နေခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိချက်များကို ဖော်ပြခဲ့ပါသည်။
ထိုကဲ့သို့ မြို့ပြနိုင်ငံငယ်များ ထူထောင်ကာ အခြေချ နေထိုင်လာခဲ့ခြင်းသည် ခရစ်တော် ပေါ်ထွန်းပြီးနောက်တွင် ပေါ်ပေါက်လာမည့် လက်နက် နိုင်ငံတော်ကြီးများအတွက် အခြေခံအင်အားစုကောင်းများ ဖြစ်လာခဲ့ပါသည်။
တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုများ၏ ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် အသွင်သဏ္ဍာန် အားဖြင့် တူညီသော မြို့ပြနိုင်ငံကြီးများနှင့် ပေါင်းစုထားသည့် ပြည်ထောင်စုစနစ်သည် လက်ရှိ ရှမ်းနီတိုင်းရင်းသား များ နေထိုင်သော အထက်မြန်မာပြည်ရှိ မြို့ပြနိုင်ငံကြီးများ၊ အထူးသဖြင့် မိုးကောင်းမြို့ပြနိုင်ငံကို အခြေခံလျက် ထွန်းကားလာခဲ့သည်။
ဤသည်ကို ခေတ်ပြိုင်သမိုင်း မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေး ဖော်ထုတ်ကာ တင်ပြသွားပါမည်။
ပထမဆုံး တင်ပြလိုသည်မှာ ရှမ်းနီတိုင်းရင်းသားများ၏ ဘိုးဘေးများဖြစ်သော တိုင်း-တရုတ် ဘာသာစကားပြော သည့် ရှမ်းမျိုးနွယ်စုများ တည်ထောင်သည့် မိုးကောင်းမြို့ပြနိုင်ငံအကြောင်း ဖြစ်ပါသည်။
ဤမှတ်တမ်းသည် ပါတောင်းဆရာတော်၏ ပုရပိုက်မှတ်တမ်းမှ ထုတ်နုတ် ရရှိသည်ဟု ဆိုပါသည်။

မိုးကောင်းမြို့ တည်နေရာကိုတွေ့ရစဉ်
ပုရပိုက်မှတ်တမ်းအရ “မိုးကောင်းမြို့ကို ကောဇာသက္ကရာဇ် ၈၄ ခု(အေဒီ ၇၂၂)တွင် နောင်တော်ကြီး စဝ်အိုက်က လည်းကောင်း၊ မိုးညှင်းမြို့ကို ကောဇာသက္ကရာဇ် ၈၅ ခု(အေဒီ ၇၂၃)တွင် ညီတော်အလတ် စဝ်ညီကလည်းကောင်း၊
အင်းတော်ကြီးအနီးရှိ မိုးပင်းမြို့ကို ကောဇာသက္ကရာဇ် ၈၆ ခု(၇၂၄)တွင် အငယ်ဆုံးညီတော် စဝ်ဆမ်ကလည်း ကောင်း” အသီးသီး တည်ထောင်အုပ်စိုးကြောင်း ဖော်ပြထားပါသည်။
ဤညီနောင်(၃)ပါး၏ မျိုးရိုးကို လေ့လာရာတွင် မိုင်းမောစော်ဘွား၏ သားတော်(၃)ပါးဟု ပုရပိုက်တွင် ဖော်ပြထား ကြောင်း လေ့လာသိရှိရသည်။
ပုရပိုက်ပါ မှတ်တမ်းအရ ဆက်လက် သိရှိရသည်မှာ “မိုးပင်းမြို့တည်မင်း စဝ်ဆမ်သည် စဝ်ဆမ်လုံခူးမိန်းဘွဲ့ကို ခံယူကြောင်း၊ အင်းတော်ကြီးနယ်နှင့် ကျောက်စိမ်းတွင်း နယ်မြေများကို စုပေါင်းလျက် မိုးပင်းနယ်မြေ၊ ငွန်စင်းနယ် မြေ၊ စည်ခမ်းနယ်မြေ၊ မောက်တောင်း နယ်မြေဟူ၍ နယ်ပယ်(၄)ရပ် ဖွဲ့စည်းကာ အုပ်ချုပ်ကြောင်း၊ မိုးကောင်း တည်မင်း စဝ်အိုက် ကွယ်လွန်ရာတွင် မိုးပင်းမြို့တည်မင်း စဝ်ဆမ်သည် ဖာတင်စန့်တင်းမိန်းဘွဲ့ဖြင့် မိုးကောင်းမြို့ ပြကို အုပ်ချုပ်ကြောင်း”ဟူ၍ ဖြစ်ပါသည်။
ဤမှတ်တမ်းနှင့် ပတ်သက်၍ Carmaen Eva Marseille ပြုစုသည့် “Shan-Ni Grammar and Processes of Linguistic Change” ဟူသော မဟာဘွဲ့ယူကျမ်းတွင်လည်း ဆက်စပ်ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ဒုတိယ တွေ့ရှိရသည့် မိုးကောင်း မြို့ပြနိုင်ငံ၏ သမိုင်းမှတ်တမ်းသည် နှုတ်ပြော သမိုင်းမျိုးဖြစ်၍ ဒဏ္ဍာရီ ဆန်နေပါသည်။
သို့သော် ထိုဒဏ္ဍာရီ ဆန်နေသည့် နှုတ်ပြောသမိုင်းကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင် ပြည်နယ်အတွင်း နေထိုင်ကြသော ရှမ်းနီတိုင်းရင်းသားများသာမက အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်နှင့် အရူနာချာ ပရာဒေ့ရှ် ပြည်နယ်တွင် နေထိုင်ကြသည့် ဖာကေရှမ်းမျိုးနွယ်စုနှင့် ခမ်းယန်းရှမ်းမျိုးနွယ်စုများကပါ ထပ်တူထပ်မျှ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ပြောကြားနေကြခြင်းမှာ ထူးခြားပါသည်။

မိုးညှင်းမြို့ အ၀င်ကိုတွေ့ရစဉ်
ထိုနှုတ်ပြော သမိုင်းကို ဗြိတိသျှအစိုးရ အရာရှိဖြစ်သူ J.George Scott မှတ်တမ်းတင် ရေးသားသည့် “GAZETTEER OF UPPER BURMA AND THE SHAN STATE PART- I, VOL - I”နှင့် ရှမ်းသမိုင်းပညာရှင် Pu Loi Hom နှင့် Pu Loi Tun တို့ ပူးတွဲရေးသားထားသည့် “THE FOUNDING OF MONG KAWNG” သမိုင်းသုတေသန ဆောင်းပါးတွင် ထည့်သွင်း၍ ဖော်ပြထားပါသည်။
ထို့နောက် အဆိုပါ နှုတ်ပြောသမိုင်းအရ မိုးကောင်းကို တည်ထောင်သူမှာ ဆေကော်ဖမင်းဖြစ်၍ ခမည်း တော် ကျားဖြူမင်းနှင့် မယ်တော် စဝ်နန်းလှ(ဝါ)စောလှတို့က ဖွားမြင်သည့် သားတော်ကြီး ဖြစ်ပါသည်။
သူသည် မိုးညှင်းတည်မင်း ဆေကျန်ဖ၊ မိုးမိတ်တည်မင်း ဆေငံဖ၊ ဝန်းသိုမင်း ဆေဟွမ်ဖ တို့နှင့် ညီတော် နောင်တော်အရင်း တော်စပ်သူဖြစ်သည်။ ၎င်းတို့ကို မြို့ပြနိုင်ငံ တည်ထောင်သည့် မင်းများ ဖြစ်လာစေရန် အဓိက ကူညီထောက်ပံ့သူမှာ မယ်တော် စဝ်နန်းလှ၏ ခမည်းတော်ဖြစ်သော ဘိုးတော်ဥတည်ဘွားမင်း ဖြစ်သည်။
ထို့အပြင် ခမည်းတော် ကျားဖြူမင်း၏ အကူအညီကိုလည်း ရယူခဲ့ရသည်ဟု နှုတ်ပြောသမိုင်းတွင် ဖော်ပြထားပါ သည်။ ဤတွင် ဗြိတိသျှအစိုးရ အရာရှိဖြစ်သူ J.George Scott မှတ်တမ်းတင်ရေးသားသည့် “GAZETTEER OF UPPER BURMA AND THE SHAN STATE PART- I, VOL - I”၌ ဆေကော်ဖှမင်းသည် မိုးကောင်းကို သက္ကရာဇ် ၃၀၀ ခု(အေဒီ ၉၃၈)တွင် တည်ထောင်ကြောင်း ဖော်ပြထားပါသည်။
မိုးကောင်းမြို့ပြနိုင်ငံနှင့် ပတ်သက်၍ တတိယတွေ့ရရှိရသည့် မှတ်တမ်း(၃)စောင်ကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ထိုမှတ်တမ်း(၃)စောင်မှာ ဇမ္ဗူ့ဒီပ ဦးဆောင်းကျမ်း၊ မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းနှင့် အုန်း ဘောင်မင်းဆက် ရာဇဝင်တော်ကျမ်းတို့ ဖြစ်ပါသည်။
ဇမ္ဗူ့ဒီပဦးဆောင်းကျမ်းနှင့် မိုးမိတ်ရာဇဝင် တော်သစ်ကျမ်းများအရ မိုးကောင်းမြို့သည် အေဒီ ၉၉၁ ခုတွင် တည်ရှိ နေပြီဖြစ်ပြီး “ကျိုင်းဟုံရွှေနန်းရှင်သည် သားတော်ဖြစ်သူ ဆေဟိုင်းဖကို မိုးကောင်းမြို့အား အုပ်ချုပ်ရန် ပေးအပ် သည်”ဟူ၍ ဖော်ပြထားပါသည်။

ခန္တီးစော်ဘွားကို သမိုင်းမှတ်တိုင်ကိုတွေ့ရစဉ်
အုန်းဘောင်မင်းဆက် ရာဇဝင်တွင်မူ “မိုင်းမောမြို့ပြနိုင်ငံ၏ မင်းဖြစ်သူ ခွန်လူး၏ သားတော်ဖြစ်သော ခွန်ခမ်း ထွန်းသည် မိုးကောင်းကို အုပ်ချုပ်ရကြောင်း” ဖော်ပြထားသည်ကို တွေ့ရပါသည်။
မိုးကောင်းမြို့ပြနိုင်ငံနှင့် ပတ်သက်သည့် သမိုင်းမှတ်တမ်းများကို သုံးသပ်ရလျှင် မိုးကောင်းကို အစောဆုံး တည် ထောင် အုပ်ချုပ်သည့်မင်းဖြစ်သူ စဝ်အိုက်သည် မိုင်းမောမြို့ပြနိုင်ငံက လာရောက်သည့် မင်းဖြစ်သည်ကို တွေ့ရှိရ သည်။
ထို့ကြောင့် မိုင်းမောမြို့ပြ နိုင်ငံနှင့်ပတ်သက်၍ ရှမ်းသမိုင်းမှတ်တမ်းများကို လေ့လာကြည့်သည့်အခါ (၃)မြို့ရှိနေ ပြီး ပထမမြို့ပြသည် ရွှေလီမြစ်ဝှမ်းဒေသ၊ မိုးမိတ်နယ်အတွင်း တည်ရှိ၍ ကျိုင်းမော(Keng Mao)ဟု အမည်တွင် ပါသည်။
ထိုမြို့ပြနိုင်ငံကို မဟာသက္ကရာဇ် ၉၅ ခု(ဘီစီ ၅၉၄)တွင် မဟာဝုန့်အမည်ရသော ရှမ်းမင်းက တည်ထောင်ကြောင်း၊ အဆိုပါမြို့ပြနိုင်ငံသည် မောရှမ်းကိုးပြည်ထောင် စတင်ဖြစ်ထွန်းရာ ရှေးဟောင်းမြို့ကြီး ဖြစ်ကြောင်းကို မိုးမိတ် ရာဇဝင်တော်သစ်ကျမ်းတွင် ဖော်ပြထားသည်။
ထိုမြို့နှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနဌာန၏ မြေပြင်ကွင်းဆင်း သုတေသနပြုခြင်း မရှိသေးသည့် အတွက် မြေပေါ်မြေအောက် အထောက်အထားရရှိရန် ခက်ခဲပြီး မြို့သက်တမ်းကို သတ်မှတ်ရန် အတိအကျ မဆိုနိုင်သေးပါ။
သို့သော် ရှမ်းသမိုင်း မှတ်တမ်းကျမ်း တစ်စောင်ဖြစ်သည့် မိုးမိတ်ရာဇဝင် တော်သစ်ကျမ်းတွင်မူ ဆရာတော် ဦးခေမိန္ဒက ပြည့်စုံစွာ ဖော်ထုတ် မှတ်တမ်းတင် ထားနိုင်သည်ကို တွေ့ရှိရသဖြင့် လည်းကောင်း၊ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုတို့၏ မြန်မာပြည်အတွင်း ဝင်ရောက် အခြေချနေထိုင်မှုသည် ဘီစီ ၈၀၀ လောက်က စတင်နေသည်ကို စစ်တမ်းများတွင် တွေ့ရှိရသဖြင့်လည်းကောင်း ကျိုင်းမောမြို့ပြနိုင်ငံသည် ဘီစီ ၅၉၄ ခုတွင် တည်ရှိနေပြီဟူသော မှတ်တမ်းမှာ ယေဘုယျအားဖြင့် ဖြစ်လောက်စရာရှိကြောင်း သုံးသပ်ရပါသည်။
ဒုတိယမြို့ပြသည် ရွှေလီမြစ်ဝှမ်းဒေသ၊ မူဆယ်-နမ့်ခမ်းနယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီနယ်တို့ ထိစပ်ရာ နေရာတွင် တည်ရှိပါသည်။

ရှမ်းနီ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရစဉ်
ဆရာတော်အရှင်သုခမိန္ဒ(တန့်ယန်း)၏ M.A ဘွဲ့ယူကျမ်းဖြစ်သည့် “ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှု နှင့် ဓလေ့ထုံးစံများ” စာအုပ်တွင် ရွှေလီမြစ်ဝှမ်းရှိ မိုင်းမောမြို့ပြနိုင်ငံသည် နန်စော အင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံ ငယ်ဖြစ်နေပြီး အေဒီ ၇၆၄ ခုတွင် နန်စောမင်းခိုလိုဖုန်း၏ သားမက်တော် ခွန်တောင်းခမ်းက အုပ်ချုပ်နေကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
မြေပြင် အထောက်အထားများကို လေ့လာရာတွင်လည်း ပြန်လည်ပြင်ဆင်ထားသည့် လက်ကျန်မြို့ရိုးနှင့် မြို့ တံခါး တစ်ပေါက်မှာ ယခုတိုင် ရှိနေသေးသည်ကို တွေ့ရပါသည်။
ဤမိုင်းမောမြို့ပြနိုင်ငံသည် နန်စော အင်ပါယာခေတ်တွင် ပေါ်ထွန်းလာသည့် မြို့ပြနိုင်ငံဖြစ်၍ ကျိုင်းမောမြို့ပြ နိုင်ငံထက် ကာလအားဖြင့် များစွာနောက်ကျသည်ဟု သုံးသပ်နိုင်ပါသည်။
သို့သော် ယခုခေတ် ရှမ်းတိုင်းရင်းသား အများစု၏ သမိုင်းကြောင်းများနှင့် အများအားဖြင့် ဆက်စပ်နေ သည့် မိုင်းမော ဆေမင်းဆက်တို့မှာ ဤမြို့ပြနိုင်ငံက ပေါ်ထွန်းလာခြင်းဖြစ်သည်ကို လေ့လာသိရှိရပါသည်။
တတိယမြို့ပြသည် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းမော- ဝိန်းကျွမ်မြို့ဟောင်း ဖြစ်သည်ကို တွေ့ရသည်။
မိုင်းမော-ဝိန်းကျွမ်း မြို့ဟောင်းမြေပုံကို လေ့လာကြည့်သည့်အခါ မြို့ဟောင်းရာသည် မြို့ပြနိုင်ငံ တည်ထောင် ရလောက်အောင် မကြီးမားဘဲ ခံတပ်မြို့ငယ်ပုံစံကိုသာ တွေ့ရသည်။
ထိုခံတပ်ငယ်နှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနဌာန၏ မြေပြင်တူးဖော် တွေ့ရှိချက်များ၊ မြေပေါ် မြေအောက် အထောက်အထားများ မရှိသေးဘဲနှင့် မိုင်းမောမြို့ဟောင်းဟု ယတိပြတ် သုံးသပ်နိုင်ရန်လည်း ခက်ခဲ ပါသည်။
အဆိုပါ ခံတပ်မြို့ငယ်၏ အမည်ကို လေ့လာရာတွင် ဒေသခံ ရှမ်းနီတိုင်းရင်းသားတို့၏ အခေါ်အရ မိုင်းမော-ဝိန်းကျွမ်ဟူသော ပူးတွဲအမည်ဖြစ်နေရာ အများသိသည့် မိုင်းမောကို ခေတ္တထား၍ ဝိန်းကျွမ်ဟူသည်ကို အနက်ဖော်ကြည့်ရာတွင် “ဝိန်းသည် ရှမ်းနီဘာသာ စကားအရ မြို့ငယ်ဖြစ်ပြီး ကျွမ်-စွမ်ဆိုသည်မှာ ရှမ်းနီ ဘာသာ စကားအရ နယ်ခြားမြေ၊ နယ်ခြားစခန်း” ဖြစ်သည်ကို တွေ့ရှိရသည်။
အများအားဖြင့် ကျွမ်-စွမ်ဆိုသည့် နယ်မြေများကို အုပ်ချုပ်သူသည် ထမုံအဆင့်ရှိသည့် စစ်ဘက်ဆိုင်ရာ အရာရှိ ဖြစ်သည်ကိုလည်း သိရှိရပေသည်။ သို့ဖြစ်၍ မိုင်းမော-ဝိန်းကျွမ်သည် မိုင်းမောမြို့ပြ နိုင်ငံ၏ နယ်ခြားစခန်း (ဝါ)နယ်ခြားခံတပ်မြို့ငယ်သာ ဖြစ်မည်ဟု သုံးသပ်ရပါသည်။
ဤမိုင်းမောမြို့(၃)မြို့ကို လေ့လာ၍ မိုးကောင်းတည်မင်း စဝ်အိုက်သည် မည်သည့် မိုင်းမောမြို့က လာ ရောက်သော မင်းရိုးဖြစ်သည်ကို ဆန်းစစ်ကြည်ရာတွင် ပထမအဖြစ်နိုင်ဆုံးမှာ မိုးမိတ်နယ်အတွင်း တည်ရှိသည့် ကျိုင်းမော(Keng Mao)မြို့ပြနိုင်ငံမှ လာရောက်ခြင်း ဖြစ်ပါသည်။
ဒုတိယအဖြစ်နိုင်ဆုံးမှာ ရွှေလီမြစ်ဝှမ်းဒေသ၊ မူဆယ်-နမ့်ခမ်းနယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီနယ်တို့ ထိစပ် ရာ နေရာရှိ မိုင်းမောမြို့ပြနိုင်ငံမှ လာရောက်ခြင်း ဖြစ်ပါသည်။
မိမိလေ့လာမှုအရ သုံးသပ်ရလျှင် ကျိုင်းမောမြို့ပြနိုင်ငံက လာရောက်သည့်မင်းရိုးဟု ပြောနိုင်ဖို့ မိုးကောင်း မြို့ပြနိုင်ငံ ထူထောင်ချိန်နှင့် ကျိုင်းမောမြို့ပြနိုင်ငံ တည်ရှိချိန်သည် ခေတ်ကာလကွာဟလွန်းခြင်း၊ ကျိုင်းမောမြို့ သည် မိုးကောင်းမြို့ပြနိုင်ငံကို တည်ထောင်ချိန်အထိ ဆက်လက် တည်ရှိနေခြင်း ရှိ/မရှိကို မသိနိုင်ခြင်းတို့ကြောင့် မိုးကောင်းမြို့တည်မင်း စဝ်အိုက်ကို ကျိုင်းမောမြို့ပြနိုင်ငံမှ လာရောက်သည်ဟု ဆိုနိုင်ရန် ခက်ခဲပါသည်။
ဒုတိယ အဖြစ်နိုင်ဆုံးဖြစ်သည့် ရွှေလီမြစ်ဝှမ်းဒေသ၊ မူဆယ်-နမ့်ခမ်းနယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီနယ်တို့ ထိစပ်ရာ နေရာရှိ မိုင်းမောမြို့ပြနိုင်ငံမှ လာရောက်သည့် မင်းရိုးဟု သုံးသပ်လျှင်မူ များစွာဖြစ်နိုင်စရာ ရှိပါသည်။
အဘယ့်ကြောင့်ဆိုသော် မိုးကောင်းမြို့ပြ နိုင်ငံထူထောင်ချိန်တွင် မိုင်းမောမြို့ပြ နိုင်ငံသည် တည်ရှိပြီး ဖြစ်သောကြောင့် ဖြစ်သည်။
ထို့အပြင် မိုင်းမောမြို့ပြနိုင်ငံသည် နန်စောအင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဖြစ်သဖြင့် မောမင်း၏ သားတော်ဖြစ်သော စဝ်အိုက်သည် နန်စောအင်ပါယာ၏ အထောက်အပံ့ဖြင့် မြို့သစ်၊ ပြည်သစ် ထူထောင်ရန် ထွက်ခွာလာသည့် မိုင်းမောမင်းရိုးဖြစ်သည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။
မိုးကောင်းမြို့တည်မင်း စဝ်အိုက်သည် မိုင်းမော-ဝိန်းကျွမ်က လာရောက်သည်မှာ မဖြစ်နိုင်ကြောင်း သုံးသပ်ရမိသည်။

ရှမ်းနီ အမျိုးသမီးများကို တွေ့ရစဉ်
အထက်ပါ မှတ်တမ်းများကို ခြုံငုံသုံးသပ်ရပါက ရှမ်းနီတိုင်းရင်းသားတို့၏ ဘိုးဘေးများဖြစ်သော တိုင်း- တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုတို့သည် အေဒီ ၇၂၂ ခုတွင် မိုးကောင်းမြို့ပြနိုင်ငံကို အင်အား ကောင်းစွာ စတင်ထူထောင်နိုင်ပြီ ဖြစ်သည်။
ထူထောင်သည့် မင်းရိုးသည် နန်စောအင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဖြစ်သော မိုင်းမောမြို့ပြနိုင်ငံက လာရောက်သည့် မင်းရိုးဖြစ်၍ မိုးကောင်းကို ထူထောင်ခြင်း၏ နောက်ကွယ်တွင် နန်စော အင်ပါယာ၏ အားပေးကူညီမှုများစွာ ရှိခဲ့မည်ဖြစ်သည်။
ထို့အပြင် မိုးကောင်းမြို့ပြနိုင်ငံကို အင်အားကြီးမားစွာ ထူထောင်နိုင်ခြင်းသည် ခရစ်တော် မပေါ်မီကစ၍ အထက်မြန်မာပြည်တွင် ကြိုတင်ရောက်ရှိနေသော တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုများ၏ အခြေခံလူမှုစီးပွား အင်အားတို့ဖြင့် ပေါင်းစည်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ညီနောင်(၃)ဦးတို့သည် မိုးကောင်း၊ မိုးညှင်းနှင့် မိုးပင်းကို တစ်နေရာနှင့်တစ်နေရာ အလှမ်းမကွာသော နေရာများတွင် ထူထောင်ကြခြင်းကလည်း စည်းလုံးညီညွတ်သည့် အင်အားဖြင့် နယ်ပယ်သစ်များကို ထပ်မံ ချဲ့ထွင်နိုင်ရန်နှင့် အပြန်အလှန် အကူအညီပေးနိုင်ရန် များစွာ အထောက်အပံ့ ဖြစ်စေပါသည်။
နောက်လာမည့် အပတ်တွင်မူ မိုးကောင်းမြို့ပြနိုင်ငံကို ကျားအိမ်တော်ရှင်မင်းရိုးတို့ ထပ်မံထူထောင်ကြ ခြင်း၊ မိုင်းမောမင်းရိုးတို့ ထပ်မံလာရောက် အုပ်ချုပ်ခြင်းနှင့် နန်စောအင်ပါယာ၏ အထက်မြန်မာပြည်ကို သိမ်း သွင်း အုပ်ချုပ်နိုင်ခြင်းသည် မိုးကောင်းမြို့ပြနိုင်ငံအတွက် အင်အားကြီးမား၍ နယ်ပယ်သစ်များ ထူထောင်သိမ်း သွင်း အုပ်ချုပ်နိုင်သည်အထိ အထောက်အပံ့ကောင်း ဖြစ်စေခဲ့ပုံကို ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။
ကျမ်းကိုး-
၁။ ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက်။ တောင်ကြီးမြို့။
၂။ ဂျေအက်စ်ဖာနီဗဲလ်၊ ဒေါက်တာ(သတိုးသီရိသုဓမ္မ)နှင့် ဒေါက်တာဖေမောင်တင်။ ဇမ္ဗူ့ဒီပဦးဆောင်းကျမ်း။ ၁၉၆၀။ စာပေဗိမာန်ပုံနှိပ်တိုက်။ ရန်ကုန်။
၃။ မှူး၊ ဦး(တောင်ပိုင်မြို့ဝန်)။ အုန်းဘောင်မင်းဆက်ရာဇဝင်တော်။ www.Shanyoma.org.
၄။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့်ဓလေ့ထုံးစံများ။ ၂၀၁၃။ သာသနာတော် ထွန်းကာပြန့်ပွားရေးဦးစီးဌာန။ ရန်ကုန်။
၅။ သုဇန၊ ဘဒ္ဒန္တ(ခန္တီးဆရာတော်)။ ဗျဂ္ဃနဂရ(ခေါ်) ဝန်းသိုရာဇဝင်သစ်။ ၁၉၉၇။ ကမ္ဘာလုံးစာပေ။ ရန်ကုန်။
- Carmaen Eva Marseille, Shan-Ni Grammar and Processes of Linguistic Change, Leiden University, 2019.
- Pu Loi Hom Hom and Pu Loi Tun, THE FOUNDING OF MONG KAWNG, www.Shanyoma.org.
- Scott.J.George, GAZETTEER OF UPPER BURAM AND THE SHAN STATE, PART-I, VOL-I, Superintendent, Government Printing Press, 1900.
ဆက်စပ်လေ့လာသည့် မှတ်တမ်းများ-
၁။ ခင်သိန်း၊ ဒေါ်(ပါမောက္ခ၊ မြန်မာစာဌာန)။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်။ မြစ်ကြီးနားတက္ကသိုလ်။ www.Shanyoma.org.
၂။ ပါတောင်ဆရာတော်၏ ပုရပိုက်မှတ်တမ်း။
၃။ G.E.HARVEY, HISTORY OF BURMA; From the Earliest Time to 10 March 1824, The Beginning of the English Conquest, FRANK CASS & CO. LTD, 1967.
၄။ Sai Kham Mong, Selected Writings of Sai Kham Mong, Volume-1, Tri Awards Co., Ltd, 2023.
Original Article Link: https://cnimyanmar.com/index.php/article-2/opinoin/16701-2023-08-19-18-06-18
သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၂)
၂။ ခေတ်ပြိုင်မှတ်တမ်းများ




.png)


