ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Thursday, December 11, 2025

မိုင်းသုန်သခင် စည်တော်ရှင်

 

မိုင်းသုန်သခင် စည်တော်ရှင်
ဤဇာတ်လမ်းသည် ကတူးလူမျိုးများ၏ ဒဏ္ဍာရီလာ ရိုးရာသမိုင်းကြောင်းများနှင့် ယခုအချိန်ထိ မြင်းခွာသံများ မောင်းသံစည်သံများ တေးဂီတသံများ ပဟေဠိဆန်စွာ ထွက်ပေါ်လျက်ရှိသည့် မိုင်းသုံအရှင်ကြီး ခေါ် စောအဲခန်းတည်ထောင်ခဲ့သည့် ကျောက်မြို့ကြီးအကြောင်းကို အခြေခံ၍ ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
သံဝရမင်းရဲ့မဟာမြိုင်မြို့တော်
"ရွှေဗဟိုရ်စည်ကြီးပျက်ဆီးလို့ မြည်သံဆိတ်သုန်းလျက်ရှိပါပြီ အရှင်မင်းကြီးဘုရား"
ယခုလို မိဖုရားခေါင်ကြီးရဲ့ အထိတ်တလန့်လျောက်တင်သံကိုကြားတယ်ဆိုရင်ပဲ သံဝရရာဇာမင်းကြီးဟာ
"မှန်းစမ်း..စည်တော်ကြီးကို ကိုယ်တော်ကိုယ်တိုင်စစ်ဆေးကြည့်ရှုပါရစေဦးမိဖုရားကြီးရဲ့..မင်းဆရာကြီးရဲ့ အစီအမံတွေမပြီးဆုံးသေးခင်မို့လားကွဲ့"
"မဟုတ်ရကြောင်းပါဘုရား..ဒင်းအကောက်ဉာဏ်ကြောင့်စည်တော်ပျက်သုန်းခဲ့ရတာပါ..အခုလည်းစည်တော်ကိုဖျက်လို့ ကျောင်းသင်္ခန်းကနေရှောင်ခွာထွက်ပြေးသွားပါပြီတဲ့ဘုရား..ဟင်းဟင်း"
ကြည်ငြိုဖွယ်အဆင်းသဏ္ဍာန် မြတ်သောအမူအကျင့်တို့ကြောင့် မိမိတို့မဟာမြိုင်တိုင်းပြည်ကြီးအတွက် အားကိုးအားထားပြုစရာ မင်းဆရာတစ်ပါးအဖြစ် သံဝရရာဇာမင်းကြီးနှင့်မိဖုရားတို့ကယုံကြည်ခဲ့ကြသည်။ယခုတော့သင်းက မိမိတို့တိုင်းပြည်ရဲ့ လက်နက်သဖွယ်ဖြစ်သော အဖိုးတန်ရတနာတို့ထက်အလွန်တရာမျှ တန်ဖိုးကြီးစွာသော ကဏ္ဍကစည်တော်ကြီးကို ဖျက်ဆီးလို၍ အယုံသွင်းကာရောက်ရှိလာသည့် တိုင်းတပါးရဲ့လက်ပါးစေ အယောင်ဆောင်လူလိမ်တစ်ဦးသာဖြစ်ကြောင်း မျက်ဝါးထင်ထင်သိမြင်ခဲ့ရလေပြီ။သို့သော် အချိန်က နှောင်းလေပြီတကား။မိမိတို့ယုံကြည်မှုကိုဖျက်စီးရသလောဟု ကြိတ်မနိုင်ခဲမရ ဒေါသအမျက်ထွက်နေရှာသော မိဖုရားကြီးသည် ဆင်ပြောင်တစ်စီးကဲ့သို့ သန်မာသည့်အားလျော်စွာ စည်ကြီးကိုရွက်ပြီး ရဟန်းတုကိုရှာဖွေ၏။မင်းဆရာရဟန်း‌တဖြစ်လဲ ဝင်္ကန္တအမတ်က မိဖုရားလာတာကိုမြင်တာနဲ့ ပယောဂအင်းဖြင့်စီမံထားတဲ့ ထီးကိုယူပြီးထွက်ပြေးလေတော့သည်။မိဖုရားကြီးလည်းနောက်ကနေထပ်ချက်မကွာလိုက်သည်။ဒီလိုနဲ့ဝင်္ကန္တအမတ်ကရှေ့ကပြေး မဟာမြိုင်မိဖုရားကနောက်ကလိုက်နဲ့ ချင်းလူမျိုးလေးမုံရဲ့ တောင်ယာအနီး ရေဝေတောင်အရောက်မှာတော့
"ဟားဟားဟား မိဖုရားကြီးရယ် ကျုပ်လိုလောကီဝိဇ္ဇာအတတ်တွေကို တဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ဝင်္ကန္တနောက်လိုက်နေရင်တော့ မောပန်းတာပဲအဖက်တင်တော့မပေါ့"
အမတ်ကြီးက ယခုလိုကျိမ်းဝါးပြောဆိုပြီး ထီးကိုဖွင့်ဆောင်းလိုက်တဲ့အခါမှာတော့ ထိုနေရာတွင်ပင် ကိုယ်ယောင်ပျောက်သွားခဲ့လေတော့သည်။ မိဖုရားက လူအင်အားသုံးပြီး တစ်တောလုံးအနှံ့ရှာဖွေပါသော်လည်း "ဝ" လေးကွက်အင်းချထားတဲ့ သိမ်ဝင်သပိတ်ကွဲကိုသာ တွေ့ရှိခဲ့ရပါသည်။
"အို...ရဟန်းယုတ်လည်း ထွက်ပြေးလွတ်မြောက်သွားပြီမို့ ကိုယ်ကျိုးတော့နည်းပြီထင်ပါပေါ့ကွယ်"
မိဖုရားကြီးက ထိုကဲ့သို့ ညီးတွားပြောဆိုရင်း နောင်တတရားများနှင့်အတူ ဖမ်းဆုတ်မရနိုင်သော အတိတ်ကာလဆီသို့ ပြန်ပြောင်းကာတွေးမိလေတော့သည်။
-------------------------------------------------------
ကောဇာသက္ကရာဇ်-၃၇၉ခုနှစ်တွင် အနော်ရထာက နောင်တော်စုက္ကတေးမင်းအား စီးချင်းထိုးအနိုင်ရရှိခဲ့ပြီး အရိမဒ္ဒနပူရ် ခေါ် ပေါက္ကံပြည်ကြီးကို မင်းအဖြစ်စိုးစံတော်မူခဲ့သည်။အနော်ရထာမင်းသည် ဘုန်းတန်ခိုးကြီးသလောက် လက်နက်စကြာရှင် မင်းတစ်ပါးလည်းဖြစ်သည်။အကြောင်းမှာ ၎င်း၏ခမည်းတော်ဖြစ်သော ကွမ်းဆော်ကြောင်ဖြူမင်းက စက္ကတေးနဲ့စီးချင်းမယှဉ်ပြိုင်မီအချိန်ကပင် သိကြားမင်းဆက်သခဲ့သော အရိန္ဒမာလှံ၊ သီလဝဓား၊ ပတ္တမြားလက်စွပ်နှင့် ပတ္တမြားဥသျှောင်တို့ကို လွှဲပြောင်းပေးအပ်ခဲ့သောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် သလ္လဝတီမြစ်အရှေ့ဘက် မဟာမြိုင်တောကြီးထဲတွင် သံဝရရာဇာအမည်ရှိတဲ့ ကတူးမင်းတစ်ပါး မင်းပြုအုပ်ချုပ်လျက်ရှိသည်။ မင်းမိဖုရားဟာလည်း ဆင်ပြောင်ထက်မက အင်အားကြီးမားသူဖြစ်သည်။ မဟာမြိုင်တွင် ရှမ်း၊ ကတူး၊ တောင်သူ၊ ချင်းစတဲ့လူနည်းစုသာ မှီတင်းနေထိုင်လျက်ရှိ၏။ ဗုဒ္ဓသာသနာသည်လည်း မရောက်ရှိမစည်ပင်‌သေးသည့်အတွက်"ဟုန်းနတ်"ကိုသာအားကိုးရာအဖြစ် ပူ‌ဇော်ပ,သကြလေသည်။
တစ်နေ့မှာတော့ ဘုရင့်ဥယျာဉ်တော်အတွင်း ထူးဆန်းတဲ့သတ္တဝါတစ်ကောင်ဝင်ရောက်လာမှုကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့၏။
"ဟိုး‌ရှေ့က တွားသွားသတ္တဝါကြီးက နဂါးကြီးလား မြွေကြီးလားဟ"
"အိုး ပြောရင်းဆိုရင်းဒီဘက်ကိုတိုးလာနေပြီ..ပြေး‌..ပြေးကြဟေ့"
နန်းတွင်းသူ နန်းတွင်းသားတွေရဲ့ ဆူညံပွတ်လော အော်ဟစ်သံများကြားက ရှေ့သို့တိုးထွက်လာသူ လူငယ်တစ်ယောက်။သူ့နာမည်က စောအဲခန်း(မြန်မာအ‌‌ခေါ်ငပျင်း)။သံဝရမင်းကြီးရဲ့ ဘထွေးတော်သား စောအဲခန်းက ‌အကြောက်အရွံ့ကင်းစွာ လူအုပ်ထဲမှ တိုးထွက်ပြီး အဆိုပါသတ္တဝါကြီးကို လေးဖြင့်ခွင်း၍ ပစ်သတ်ခဲ့လေသည်။
"ဟင်းးဒီမှာလာကြည့်ကြစမ်း..ဘာမှမြွေနဂါးမဟုတ်ဘူး..ဧရာမပုတ်သင်ကြီးတစ်ကောင်ပါဗျ"
"ထင်လည်းထင်ချင်စရာပဲလေ..ကိုယ်တော့်ပုတ်သင်က နွားထီးတကောင်လောက်ရှိတာကိုး"
"အင်းဒီသတ္တဝါဆန်းဟာ အရှင့်ဘုန်းကံကြောင့်သာလျင် ပေါ်ထွက်လာတာဖြစ်တဲ့အတွက် အစ်ကိုတော်မင်းတရားကြီးထံသို့ သွားရောက်ဆက်သရမယ် မင်းချင်းများရဲ့"
ပြောရင်းဆိုရင်း စောအဲခန်းဟာ အမှုထမ်းများကို ဧရာမပုတ်သင်ကြီးအားထမ်းစေ၍ နန်းတွင်းသို့ အခစားဝင်ရောက်ခဲ့လေသည်။သံဝရရာဇာမင်းကြီးလည်း များစွာနှစ်ထောင်းအားရ ဖြစ်သဖြင့် ဆုလဘ်တော်များပေးသနားတော်မူ၏။ထို့နောက် အိပ်မက်အရ ပုတ်သင်သားရေကို ကဗျည်းသားကိုထွင်းတဲ့ဗဟိုရ်စည်မှာကျက်ပြီး တီးခတ်ကြည့်သည့်အခါ အလွန်မည်ဟိန်းသည့်အသံ ထွက်ပေါ်ခဲ့လေသည်။ထို့ပြင် ထိုစည်သံကိုကြားရသော အရပ်ဒေသများက မင်းကြီးရဲ့ဘုန်းကံကိုမလွန်ဆန်ဝံ့ဘဲ လက်ဆောင်ပဏ္ဍာတွေလာရောက်ဆက်သရ၏။
-----------------------------------------
အဲ့ဒီကာလမှာပဲ ပဋိက္ကရားပြည်က ပဋိစက္ကမင်းသားဟာ နောင်တော်ကို စစ်ရှုံးခဲ့တဲ့အတွက် အနော်ရထာမင်းထံသို့ ခိုလှုံရောက်ရှိလာသည်။မင်းကြီးကလည်း ၎င်းတို့ဖခင်လက်ထက်ကတည်းက ဘဏ္ဍာတော်မပျက်ဆက်သခဲ့တဲ့ သစ္စာတော်ခံတိုင်းပြည်ကဆိုတော့ ပဋိစက္ကမင်းသားအား "သင့်တော်သောနယ်မြေကိုရှာဖွေ၍ သားရေတစ်ချက်စာ မြို့တည်၍နေစေ" ဟု မိန့်တော်မူကာ ကျွဲဖြူသားရေတစ်ချက်ကို ပေးသနားစေသည်။ပဋိစက္ကမင်းသားက အနော်ရထာမင်းကြီး ချီးမြှင့်တော်မူသော ကျွဲဖြူသားရေကို သေးငယ်သော အမျှင်ကလေးများပြုလုပ်စေပြီး ဗဒုံအရပ်တွင် ကျယ်ဝန်းသောမြို့ကိုရအောင် တည်နိုင်ခဲ့ခြင်းကြောင့် သူ၏ပြည်သူများက "ကုလားဉာဏ်ကျယ် ဘသူကြွယ်"ဟု ချစ်စနိုးခေါ်ဝေါ်ခဲ့ကြလေသည်။
ပဋိစက္ကမင်းရဲ့ဗဒုံပြည်နဲ့ သံဝရမင်းရဲ့ မဟာမြိုင်ဟာလည်း နယ်နိမိတ်ချင်း စပ်ဆက်နေတော့ ကတူးမင်းရဲ့စည်တော်ကြီးကို ပဋိစက္ကဟာ စိုးရိမ်မကင်းဖြစ်လာခဲ့သည်။
"အင်းးငါ့မှူးမတ်တွေလျောက်ထားချက်အရ ကတူးမင်းသံဝရရာဇာဟာ ဘုန်းကံကြောင့် စည်တော်တစ်လုံးပိုင်ဆိုင်ထားတယ်ဆိုပဲ..ထိုစည်တော်သံကိုကြားလို့မှ သူ့တိုင်းပြည်ကို ပဏ္ဍာတော်မဆက်သွင်းရင် စည်တော်အစွမ်းနဲ့ တစ်ဖက်တိုင်းပြည်ကို ဖျက်စီးပစ်လေ့ရှိတယ်လို့ ကြားသိရပြန်တယ်.."
"ဒီလိုဆိုမဖြစ်ချေဘူး ငါကခုတောင် ပေါက္ကံပြည်က အနော်ရထာမင်းမြတ်ကို ကျေးဇူးတော်အနေနဲ့တစ်နှစ်တခါ ရွှေပန်းခိုင် ငွေပန်းခိုင်တွေနဲ့ ပဏ္ဍာတော်ဆက်သွင်းနေရတာ..မဟာမြိုင်ကိုပါထပ်ပြီး အခွန်တော်ဆက်နေရရင် ငါချမ်းသာကြွယ်ဝသမျှ ကုန်သွားနိုင်တယ်..အဲ့တော့ ငါတခုခုကြံစည်အားထုတ်ဦးမှပါ"
မကြာခင်မှာပဲ ဘသူကြွယ်ဟာ ပေါက္ကံပြည်ကို ကိုယ်တိုင်သွားလို့ ကဗျည်းသားစည်ကြီးကို ဖျက်ဆီးသင့်ကြောင်း အနော်ရထာမင်းကို ချောပြစ်ကုန်းတိုက်ပါတော့သည်။ထိုအခါ အနော်ရထာမင်းကြီးလည်း သံဝရရာဇာရဲ့စည်တော်ကိုဖျက်ဆီးပစ်ဖို့ လောကီပညာမှာ ကျွမ်းကျင်လိမ္မာတဲ့ ဝင်္ကန္တအမတ်ကို သူလျှိုဒလန်အဖြစ် မဟာမြိုင်သို့ စေလွှတ်လိုက်သည်။
အရှင်သခင်ရဲ့ တာဝန်ပေးချက်အရ ဝင်္ကန္တအမတ်ဟာ ဖန်ရည်ဆိုးတဲ့အဝတ်ကိုဝတ်ပြီး မဟာမြိုင်သို့ဝင်၏။မြို့ပတ်ဝန်းကျင်ကို ရောက်တဲ့အခါ တချို့သောနေရာများ၌ ရွှေငွေတွေကို ဦးစွာမြှုပ်နှံထားပြီး "ဘယ်နေရာမှာ ရွှေရှိမယ်၊ ဘယ်အရပ်မှာ ငွေရှိမယ်" စသဖြင့် နိမိတ်ဖတ်ဟောကြားရင်း ရွာသားတွေကိုတူးယူစေ၏။ ဒီလိုနဲ့ မဟာမြိုင်ပြည်ကြီးအတွင်း နာမည်ကြီးလာတဲ့ ဝင်္ကန္တအမတ်ကို ကတူးမင်းက ပင့်ဆောင်ကာ ကျောင်းဆောက်လှူဒါန်းပြီး မင်းဆရာအဖြစ် ကိုးကွယ်ပါတော့သည်။တစ်နေ့မှာတော့မင်းဆရာတစ်ဖြစ်လဲ ဝင်္ကန္တအမတ်ဟာ သူ့ရဲ့အကြံအစည်ကို စတင်အကောင်အထည်ဖော်လေသည်။
"အရှင်မင်းကြီး..သင်ဟာ ဒီထက်မက ဘုန်းကံကြီးမားပြီး သုနာပရန္တတိုင်းအားလုံးကို အုပ်စိုးချင်ပါသလား"
"ကျွန်ုပ်ဟာ လောဘစိတ်မကင်းစင်တဲ့ ပုထုဇဉ်လူသားတစ်ယောက်မို့ တိုင်းနိုင်ငံအသီးသီးကို မင်းပြုအုပ်ချုပ်လိုပါတယ် ဆရာသခင်"
"ကောင်းပြီ မင်းကြီး..ဒီလိုဆို ယခုကျုပ်မိန့်ကြားသမျှကို သေချာစွာမှတ်သား၍ ပြုလုပ်လေတော့"
"ကြားသိပါရစေအရှင်"
"သင်မင်းကြီးရဲ့ ဘုန်းကံပါရမီကြောင့် ရရှိလာသော ကဏ္ဍကစည်တော်ကြီးကို လက်လေးသစ်လောက်ဖြတ်ပြီး တီးကြည့်ပါ..အရင်ကထက်မြည်းဟိန်းလို့ လက်ဆောင်ပဏ္ဍာတွေလည်း ပိုပြီးဆက်သလာကြပါ‌လိမ့်မယ်"
ထိုအခါ မင်းကြီးလည်း သေချာစွာမှတ်သား၍ မင်းဆရာပြောသည့်အတိုင်း ပြုလုပ်လိုက်သည့်အခါမှာတော့ စည်တော်သံမည်ဟိန်းလို့ အတိုင်းတိုင်းအပြည်ပြည်မှ များပြားစွာသော လက်ဆောင်ပဏ္ဍာတို့ကို ရရှိခဲ့လေသည်။
"မင်းဆရာကြီးမိန့်ကြားတဲ့အတိုင်း ကျွန်ုပ်ပြုမူလိုက်တော့ တိုင်းနိုင်ငံအသီးသီးက အခွန်တော်တွေ လာရောက်ဆက်သကြတာ နန်းရင်ပြင်တစ်ခုလုံး အပြည့်အလျှံပါပဲ.."
"ကျွန်ုပ်အလွန်တရာမျှ နှစ်ထောင်းအားရတော်မူတဲ့အတွက် ဆရာကြီးကို ဆုတော်လာဘ်တော်များ ချီးမြှင့်တော်မူခွင့်ပြုပါ"
"အို..မင်းကြီး သည်းခံလော့..ကျွန်ုပ်ဟာသင်ပေးတဲ့ တန်စိုးလက်ဆောင်တွေကို အမှန်တကယ်မလိုအပ်ပါဘူး..ကျွန်ုပ်သည် သင်တို့မဟာမြိုင်တိုင်းပြည်ရဲ့ အကျိုးစီးပွားကို လိုလားတဲ့အတွက်သာ ကြွရောက်လာခြင်းဖြစ်ပေတယ်.."
"အသင်မင်းကြီး သင်ဟာ ယခုထက်ပင် ပိုမို၍ အောင်မြင်ကြွယ်ဝချမ်းသာလိုသည်ရှိသော် စည်တော်ကိုနောက်ထပ်လက်လေးသစ်ဖြတ်၍ စီမံ‌ပါလေ"
"‌‌ကောင်းလှပါပြီ..မင်းဆရာကြီးအစီအမံအတိုင်း ကျွန်ုပ်တို့ လိုက်နာဆောင်ရွက်ပါ့မယ်"
ဒီတခါမှာတော့ သံဝရမင်းကြီးဟာ မင်းဆရာဉာဏ်ဆင်တဲ့အကွတ်အတွင်း သက်ဆင်းဝင်ရောက်မိသည့်အတွက် စည်တော်ပျက်သုန်းလို့ လက်ဆောင်ပဏ္ဍာများလည်း ယုတ်လျော့ကုန်တော့သည်။
--------------------------------------
မိဖုရားကြီးရဲ့ အတွေးစများ ပျက်လုပျက်စဉ်အချိန်မှာပင် သံဝရမင်းကြီးရဲ့ သတိပေးစကားသံတစ်ချို့ ထွက်ပေါ်လာခဲ့သည်။
"ကိုယ်ကျိုးနည်းပြီထင်တယ်နှမတော်..မောင်တော်တို့စည်ကြီး ပျက်ဆီးသွားပြီဆိုတာသိရင် တိုင်းခြားနိုင်ငံတွေကလာရောက်တိုက်ခိုက်ကြပေလိမ့်မယ်.."
“အမှန်ပါပဲ မောင်တော်ဘုရား..နှမတော်တို့ ကြိုတင်ပြင်ဆင်ကာမှ တော်ရာကျပါလိမ့်မယ်”
"မှူးမတ်တို့ကြားနာစေ..အခုချိန်ဟာ ကိုယ်တော်တို့တိုင်းပြည်အတွက် လွန်စွာအရေးကြီးမားသည့် အခြေအနေမို့ ဗဟိုရ်စည်အသစ်တလုံးထပ်မံပြုလုပ်ပြီး မြို့ရိုးကိုလည်းအသစ်ပြင်ဆင်ကာ ကြိုတင်ကာကွယ်ထားကြစေ"
သံဝရမင်းခန့်မှန်းထားသည့်အတိုင်း ဝင်္ကန္တအမတ်ဟာ ပေါက္ကံရာမ(ပုဂံပြည်)သို့ပြန်ပြီး
"ဘုန်းတော်ကြီးမြတ်လှစွာသော ပေါက္ကံပြည်ကြီးသခင် အနုရုဒ္ဓါမင်းကြီးဘုရား ကျွန်ုပ်သည် အရှင့်တာဝန်‌ပေးအပ်ခဲ့သည့်အတိုင်း ကတူးမင်းရဲ့ကဏ္ဍကစည်ကြီးကို ဥပါယ်ဉာဏ်ဆင်ကာ ဖျက်ဆီးပစ်ခဲ့ပါတယ်" "ယခုဆိုရင် သံဝရမင်းက၎င်းရဲ့ မြို့ရိုးမြို့တာကို ခိုင်ခံ့လုံခြုံအောင်ပြင်ဆင်နေကြပြီဖြစ်တဲ့အတွက် နောင်အရေးစိတ်အေးရလေအောင် မဟာမြိုင်မြို့ကိုပါ ဖျက်ဆီးမှသင့်မည်ဖြစ်ကြောင်း ဘုရားကျွန်တော်မျိုး လျောက်တင်အပ်ပါသည်ဘုရား"
"အင်း ဒီလိုဆိုရင်တော့ အမတ်ကြီးပဲ လမ်းပြဦးဆောင်၍ ကျွန်ုပ်၏ သူရဲကောင်းများနှင့်တကွ မဟာမြိုင်သို့ စစ်ချီစေ.." "စစ်သူရဲ ကျန်စစ်သားကိုလည်း ငါကိုယ်တော်ရဲ့ လက်သုံးတော် အရိန္ဒမာကြိမ်စကြာကို အပ်နှင်းတော်မူ လိုက်မယ်..သင့်လျော်သလိုအသုံးပြုစေ.."
"အမိန့်တော်မြတ်အတိုင်းပါဘုရား"
ဤသို့ဖြင့် ဝင်္ကန္တအမတ်ဦးဆောင်တဲ့ ပုဂံစစ်တပ်ကြီးဟာ မဟာမြိုင်သို့ စစ်ချီထွက်ခဲ့လေတော့သည်။၎င်းတို့ဟာ ချင်းလေးမုံရဲ့တောင်ယာအနီး ခရီးတထောက်နားကာ စခန်းချနေခိုက်မှာတော့
"ငါ ဟုန်းနတ်သခင်ဒေဝါရှင် စောင့်ရှောက်တော်မူတဲ့ မဟာမြိုင်ပြည်ကြီးကို နှောင့်ယှက်ဖျက်ဆီးမယ့်သူတွေ ရောက်လာပါကောလား.." "ဒင်းတို့ ကျူးကျော်စော်ကား ပေါက္ကံသားအပေါင်းကို လာရာလမ်းအတိုင်း ပြန်ပြေးကြစေရန် ကျားသံပေးလို့ ခြောက်လိုက်မယ်..ကစင့်ကလျား တပ်ပျက်လေရော့ဟယ်.."
"ဝေါင်းးးဝေါင်းးး"
"အားးလုပ် လုပ်ကြပါဦး..ဒီတောက ကျားဆိုးတွေပေါတယ်နဲ့တူတယ်ဟေ့"
ပုဂံစစ်သည်တို့ သွေးပျက်ကြောက်လန့်ကြကုန်သည်။ထိုအခါ စစ်သူကြီး ကျန်စစ်သားက
"စစ်သည်တို့ စိုးထိတ်မှုတစ်စုံတစ်ရာမရှိကြကုန်လင့်.." "ဒါဘယ်လိုအနှောက့်အယှက်မျိုးလဲဆိုတာသိရလေအောင် သိကြားဆက်သော ကြိမ်နဲ့ မြေကိုရိုက်လို့ ဟန့်လိုက်မယ်..ခံနိုင်ရိုးရှိက ခံပေစမ်းဟဲ့"
ထိုကဲ့သို့ ကျန်စစ်သားက အရိန္ဒမာကြိမ်နှင့် မြေပြင်ကို သုံးကြိမ်သုံးခါတိုင် ရိုက်ခတ်လျှင် ဟုန်းနတ်ကြီးကြောက်လန့်ပြီး မဟာမြိုင်မင်းရဲ့နန်းတော်ဆီ ထွက်ပြေးရလေသည်။
"အသင်မင်းကြီးကျွန်ုပ်သည် သင့်ကျေးဇူးကိုထောက်ရှု၍လည်းကောင်း၊ ကျွန်ုပ်၏တာဝန်အရသော်လည်းကောင်း ကျူးကျော်လာသူတို့ကို ကျားဟိန်းသံပေး၍ ခြောက်လှန့်ဟန့်တားခဲ့ပါတယ်" "သို့သော် ထိုသူတို့၏ အကြီးအကဲဖြစ်သူက သိကြားဆက်သော ကြိမ်စကြာဖြင့် ကျွန်ုပ်အား ညှင်းဆဲတိုက်ခိုက်သဖြင့် အားမတန်မာန်လျော့ကာ ဆုတ်ခွာထွက်ပြေးလာရပါတယ်" "မကြာခင် ထိုသူတို့ဟာ သင်မင်းကြီးရဲ့ မဟာမြိုင်မြို့ ကို ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်သဖြင့် ခုခံရန်ပြင်ဆင်ပါလော့"
"သံဝရရာဇာဆိုတဲ့ငါသည်လည်း ဘုန်းကံရှင် ဘုရင်တစ်ပါး မဟုတ်ပေလားကွဲ့ မင်းကြီးများရဲ့"
"ဟုတ်မှန်ကြောင်းပါဘုရား"
"အိမ်း သို့ပေသော်ငြားလည်း ကျွန်ုပ်တို့နိုင်ငံရဲ့ ရတနာဖြစ်တဲ့ ကဏ္ဍကစည်‌တော်ကြီးပျက်ဆီးသွားတာကတကြောင်း ပေါက္ကံပြည့်ရှင်က လူသူရဲကောင်းများနဲ့ လက်နက်အင်အားသာလွန်တာကတကြောင်းကြောင့် ယှဉ်ပြိုင်တုပခဲ့သည်ရှိသော် မဟာမြိုင်ပြည်ကြီး ပျက်ဆီးဖို့ရာရှိ‌ချေတော့မည်"
"မခံမရပ်နိုင်ဖြစ်မိကြောင်းပါဘုရား"
"အတိတ်ဘဝက ပေါက္ကံပြည့်ရှင်အပေါ်မှာ ကံ‌ကြွေး ဝဋ်ကြွေးရှိခဲ့တယ်လို့ပဲ ကိုယ်တော်သဘောထားလိုက်ပါ့မယ်ကွယ်" "ရန်သူလက်တွင်းကျရောက်ဖမ်းဆီးခံရတာထက်စာရင် သေတာကသာ၍မမြတ်ပေဘူးလား နှမတော်"
"နှမတော်လည်း သိက္ခာရှိရှိ နောက်တော်ပါးကနေလိုက်ပါဖို့အသင့်ပါဘုရား"
ဤသို့ဖြင့် မဟာမြိုင်မင်းနှင့်မိဖုရားနှစ်ပါးဟာ မိမိတို့ကိုးကွယ်တဲ့နတ်မင်းကြီးကို အသက်ခန္ဓာအပ်နှံပြီးသေဆုံးရတာက ပိုမြတ်တယ်လို့ ကြံစည်တွေးတောပြီး နတ်ကွန်းမှာပဲ အဓိဋ္ဌာန်ပြုသေဆုံးကြကုန်သည်။ မင်းနှင့်မိဖုရားတို့ သေလွန်ကြသော် မိဖုရားကြီးက စည်ပတုံးချောင်းကိုစောင့်တဲ့နတ်အဖြစ် ရောက်ရှိသွားရှာ၏။ မင်းမိဖုရားမရှိတော့တဲ့နောက် မဟာမြိုင်မြို့သူမြို့သားတွေလည်း ဘေးလွတ်ရာအရပ်‌ဒေသများသို့ ရှောင်တိမ်းထွက်ပြေးကြရင်း မဟာမြိုင်မြို့ကြီး ပျက်စီးသွားလေတော့သည်။
စောအဲခန်းနှင့် ဝိန်ဘာမြို့
ကတူးမင်း သံဝရရာဇာနှင့်မိဖုရား တည်ထောင်အုပ်ချုပ်ခဲ့သော မဟာမြိုင်ပြည်ကြီး ပျက်သုန်းပြီးနောက် သံဝရမင်းဘထွေးတော်ရဲ့သား အဲခန်းနှင့် နှမတော်သားစောပေါမိုင်းတို့ တူဝရီးနှစ်ယောက်ဟာ အထက်ရှမ်းပြည်အရပ်သို့ ထွက်ပြေးလာကြသည်။ဝန်းသိုနယ်အရောက်မှာတော့ စော်ဘွားကြီးထံ ခွင့်တောင်းပြီး ပိန္နဲသရက် ဥယျာဉ်ခြံစိုက်ပျိုးလျှက် နေထိုင်ကြ၏။တစ်နေ့မှာတော့ စောအဲခန်းရဲ့ ကျင်ငယ်အညစ်အကြေးများစွန့်ပစ်မိထားသော သရက်သီးမှည့်တစ်လုံးဟာ ဒေါင်းရူးချောင်းအတွင်း ရေးစီးနဲ့အတူ မျောပါလာခဲ့၏။ထိုအချိန် ချောင်းဘေး၌ ရေချိုးနေသော စော်ဘွားသမီးတော်က တွေ့ရှိသွားခဲ့ပြီး ဆယ်ယူစားသုံးမိခဲ့သည်။ထို့နောက် သံသေဒဇပဋိသန္ဓေစွဲကပ်ကာ အချိန်တန်တော့ သားယောကျ်ားလေး တစ်ယောက်ကိုဖွားမြင်လေသည်။မွေးမွေးခြင်း သားတော်လေးဟာ အဆက်မပြတ်ငိုကြွေးနေသည့်အတွက် လက္ခဏာပညာ ရှင်များကိုခေါ်ယူ မေးမြန်းကြည့်သည့်အခါမှာတော့
“စော်ဘွားကြီးရဲ့မြေးတော်သည် ဖခင်ကိုတမ်းတစိတ်နဲ့ ငိုကြွေးနေခြင်းသာဖြစ်တယ်..ထို့ကြောင့် သူ၏ဖခင်ကို ခေါ်ယူ၍ ချော့မြူစေလော့”
“အဘယ်အရပ်၌ရှိမည်ကိုမသိရသော ကလေးရဲ့ဖခင်ကို မည်သို့မည်ပုံရှာဖွေရမည်ကို အကြံပေးကြပါဦး”
“ဝန်းသိုငါးခရိုင်အတွင်းမှာနေထိုင်ကြကုန်သော ယောကျ်ားမှန်သမျှကို ခေါ်ယူ၍ ကလေးငယ်အား ချော့မြူခိုင်းပါစော်ဘွားကြီး..၎င်းရဲ့ဖခင်မှန်လျှင် အငိုတိတ်သွားပါလိမ့်မယ်..”
ဤသို့ဖြင့် စော်ဘွားကြီးလည်း မြေးတော်၏ ဖခင်ရင်းကို ရှာဖွေရန်အတွက် ကြော်ငြာမောင်းခတ်လေတော့သည်။
“ဝန်းသိုငါးခရိုင်အတွင်းရှိအမျိုးသားများသိစေရန်..ဝန်းသိုစော်ဘွားကြီးရဲ့မြေးတော်လေးဟာ မွေးမွေးချင်း အလွန်အမင်း ငိုကြွေးမြည်တမ်းနေသည့်အတွက် ကလေးအငိုတိတ်အောင်ချော့နိုင်သူကို ဖခင်ရင်းဟုသတ်မှတ်၍ သမက်အရာထားကာ သမီးတော်နှင့်ပေးစားတော်မူမယ်”
ထိုအခါ ဝန်းသိုနယ်ရှိ အရွယ်သုံးပါးသော ယောက်ျားများ လာရောက်ချော့မြှူကြပေမယ့်မရဘဲ အဲခန်းချော့မှ ကလေးငယ်လည်းအငိုတိတ်လို့ သမီးတော်နဲ့ပေးစားပြီး ဓားမ ပုဆိန်တို့ကိုပေးအပ်လျှက် တောင်ယာခုတ်စား အသက်မွေးကြဖို့ မိန့်တော်မူလေသည်။မြေးတော်ကိုလည်း ငါးခရိုင်လုံးချော့ကြရလို့ ရှမ်းလို ကောင်းအယယ်(မြန်မာလို ချော့သား)ဟု အမည်တွင်လေ၏။
စောအဲခန်းတို့လင်မယားဟာ တောင်ယာလုပ်ကိုင်နေထိုင်ကြပြီး တစ်နေ့မှာတော့ အလိုရှိတိုင်း ပြီးမြောက်စေသော စည်စကြာတစ်လုံးရရှိခဲ့ပြီး တန်ခိုးအင်းအားကြီးမားလာခဲ့သည်။အဲခန်းဟာ စည်စကြာရဲ့အစွမ်းကြောင့် လူ့ခန္ဓာနဲ့နတ်ဘဝကို ရရှိလျှက် လူတစ်ပိုင်း နတ်တစ်ပိုင်းအဖြစ်ခံယူသည်။ထို့နောက် စစ်သည် ဆင်မြင်း အမြောက်အများနှင့် ၎င်းနေထိုင်ရာမြို့ကို အခိုင်အမာ တည်ဆောက်သည်။ ထိုအကြောင်းအရာကို ဝန်းသိုစော်ဘွား၏ နောက်လိုက်စစ်သည်တို့ကသိရှိသွားကြပြီး
“အရှင့်ရဲ့သမက်တော် စောအဲခန်းဟာ လူသူရဲမက်စုဆောင်း၍ သီးခြားမြို့တည်လျက်ရှိသည်ဟုကြားသိရပါသည်..ထို့ကြောင့် ၎င်းရဲ့စစ်တပ်ဟာ ဝန်းသိုဟော်နန်းကိုပါ ထိပါးလာနိုင်သည့်အတွက် အချိန်မလွန်ခင် ရှင်းလင်းသုတ်သင်သင့်ကြောင်းပါ"
“အင်း ဒီလိုဆို မဖြစ်ချေဘူး..စောအဲခန်းတည်တဲ့မြို့ကို အမြန်ဆုံး သွားရောက်တိုက်ခိုက်ဖို့ ပြင်ဆင်ကြစေ”
မိမိနေထိုင်ရာမြို့သို့ ဝန်သိုတပ်ကြီး စစ်ချီလာသည်ကို စောအဲခန်းမြင်လျှင်
“ဟား ဟား ကျုပ်လို နတ်သခင်တစ်ပါးကို ရင်ဆိုင်အံတုဝံ့သလား စော်ဘွားကြီးရဲ့..မကြာခင်မှာပဲ သင်နောင်တ ကောင်းကောင်းရစေရမယ်”
ဒီလိုနဲ့ ရင်ဆိုင်တိုက်ခိုက်ကြသည့်အခါ စောအဲခန်းဟာ စည်တော်သုံးချက်တီးလိုက်ရုံနဲ့ ဝန်သိုစော်ဘွားကြီးရဲ့တပ်များ ကစဉ့်ကလျား ကြောက်လန့်ထွက်ပြေးရလေသည်။ဤသို့ဖြင့် ဝန်းသိုစော်ဘွားကြီးဟာ သမက်တော်ကို စစ်ရှုံးနိမ့်ခဲ့ပြီး လက်ဆောင်ပဏ္ဍာများ နှစ်စဉ်ဆက်သရတော့သည်။ စောအဲခန်းဟာ ယောက္ခမတော် ဝန်းသိုစော်ဘွားကြီးကို အောင်နိုင်ပြီးနောက် မိုင်းသုံတောင်ရဲ့ (၃)မိုင်အကွာတွင် ပကတိကျောင်သားများဖြင့်တည်ဆောက်ထားသော ဝန်ဘာမြို့ကြီးကို တည်ဆောက်ခဲ့သည်။
တစ်နေ့မှာတော့ စောပေါမိုင်းရဲ့မျိုးဆက် မင်းသားနှစ်ပါးဟာ အခြေချနေထိုင်ရန် နယ်မြေရှာဖွေကြရင်း စောအဲခန်းရဲ့ ဝိန်ဘာမြို့အနီး မိုင်းသုံတောင်သို့ရောက်ရှိလာကြ၏။ မကြာခင်မှာပဲ စောအဲခန်းနဲ့တွေ့ဆုံကြပြီး ဦးရီးတော်မှန်း သိရှိသွားတဲ့အခါ ခင်ရိုးအဆုံး အနောက်ဘက်တွင် ရွာတည်နေထိုင်စေ၏။ထိုမှတဖန် ဆက်လက်ထွက်ခွာလာကြပြီး လင်းလင်းကျင်းကျင်းရှိတဲ့အရပ်မှာ ရွာတည်နေထိုင်ကြပြန်သည်။တစ်နှစ်အကြာမှာ အစ်ကိုက မူပန်လျည်၊ ညီက ကောင်းပန်လျည်ဟုခေါ်ဆိုသော သားတစ်ဦးစီမွေးဖွားသည်။အဲ့ဒီသားနှစ်ယောက်ကနေ သုံးကျိတ်ခန့်ရှိ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော သားများဖွားမြင်ကြပြန်သည်။ထိုအချိန် ကမ္ဘာရွာမနှင့်ဆားကျင်းလမ်းအနီး အုပ်စိုးလျက်ရှိသော ချင်းစော်ဘွား ထုပ်ရှစ်ခန်းက အင်အားပိုကြီးလာတဲ့ စောပေါမိုင်းရဲ့မျိုးဆက် ကတူးတွေကို စော်ဘွားအရာပေးအပ်ခဲ့သည်။ ထိုစော်ဘွားဟာ မော်ဟိုင်း-နန်းမား-စွန်ဖား-ကမ္ဘာလေးရွာကို စီမံအုပ်ချုပ်သလို နောင်စင်းအရပ်မှာလည်း ရွာတည်ပြန်သည်။
ချင်းတွေတင်မြှောက်ထားတဲ့ ကတူးစော်ဘွားငချင်းမှ သုံးဆက်မြောက် စော်ဘွားလက်ထက်မှာတော့ ဆားကျင်းနှင့်ကမ္ဘာရွာမအရပ်ကို ကသဲစော်ဘွားစော်ကော်တာက ရဲမက်တစ်သောင်းနှင့်ချီတက်လာပြီး တိုက်ခိုက်သိမ်းပိုက်ဖို့ဟန်ပြင်လေသည်။
ထိုအခါ ကမ္ဘာစော်ဘွားများနှင့်ရွာသားတွေလည်း မိုင်းသုံတောင်ခြေရင်းမှာ လာရောက်ခိုလှုံကြပြီး စောအဲခန်းကို ပင့်ဆောင်ကြလေသည်။
"အော်..ဒီကသဲတွေက တောင်တော်သခင် စောအဲခန်းရဲ့ အကြောင်းကိုမသိသေးဘဲကိုကွဲ့..ငါ့တူတော်တို့ ဘာတခုမျှစိုးရိမ်ကြောင့်ကြမဖြစ်ကြနဲ့..မကြာခင်မှာပဲ ကသည်းစစ်သည်အားလုံး အဖြစ်ဆိုးစေရမယ် ဟား ဟား"
ထို့နောက် မိုင်းသံအရှင်စောအဲခန်းဟာ မူတွန်ရွာဦးမှာ မြို့ကြီးရပ်ရွာလို ဖန်ဆင်းပြထားပြီး ဆင်သံ မြင်းသံ လူသံ စည်သံ မောင်းသံ သေနတ်သံ အမြှောက်သံအမျိုးမျိုးနဲ့ ဆူညံအက်ကွဲ ရုတ်ရုတ်သဲသဲပုံစံဖြစ်အောင် ဖန်ဆင်းထားသည်။
မကြာခင် ကသည်းစစ်သည်တို့လည်း အလုံးအရင်းနဲ့လာရောက်တိုက်ခိုက်ကြလေသည်။
"အီးးးဟီးဟီး" "ခွတ် ခွတ်"
"ဟင်..ဘာလိုတုန်းဟ..မြင်းဟီသံပဲကြားရပြီး လူသူတစ်ယောက်တ‌စ်လေမျှ မတွေ့ရပါလား"
"ဇွတ်" "အားး"
"ချွင်..ဝှီး..အားး"
"ရဲမက်တို့ သတိထားကြ..ရန်သူကိုမတွေ့ရပေမယ့် ငါတို့အလူးအလဲတိုက်ခိုက်တာခံနေရပြီ"
"ကျုပ်တို့ဒီမြို့ထဲဝင်လာတာမှားပြီထင်တယ်တပ်မှူး"
ထိုစဉ် မိုင်းသုံသခင် အဲခန်းအသံက ဟိန်းကနဲ ထွက်ပေါ်လာခဲ့သည်။
"ဟား ဟား အခုတော့ သွေးပျက်နေကြပြီမဟုတ်လား..မင်းတို့ကသည်းတွေ ပြန်လမ်းမရှိစေရဘူးဟေ့"
"ဘုရား..ဘုရား..ငါတို့လူတွေနဲ့မဟုတ်ဘဲ တစ္ဆေနဲ့တိုက်နေရပါလား..ရဲမက်တွေ အမြန်ဆုတ်ခွာရန်ပြင်ကြလော့"
သို့သော် အဲခန်းရဲ့နတ်စစ်သည်များတိုက်ခိုက်မှုဒဏ်ကို ကသည်းတို့မည်သို့မျှမခုခံနိုင်တော့ဘဲ ရဲမက်တစ်သောင်းလုံး ပျက်သုန်းကြကုန်သည်။ လက်ရဖမ်းဆီးမိသော စစ်သုံ့ပန်းများအနက် ကသဲပြည်သို့ စကားပြန်နှစ်ယောက်သာ ပြန်လွှတ်ပြီး အကုန်လုံးကို ကွပ်မျက်ပစ်လေသည်။
ထိုသို့ ကသည်းရန်ကို ငြိမ်းအေးစေပြီးနောက် လူတစ်ပိုင်းနတ်တစ်ပိုင်းဖြစ်တဲ့ မိုင်းသုံသခင် စောအဲခန်းဟာ စောနွဲ့မွန်ဆိုတဲ့အမည်နဲ့ နတ်ဘဝကို အပြည့်အဝ ခံယူသွားခဲ့လေသည်။ ဝန်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်နယ်မှာ နေထိုင်ကြသူတို့ဟာ ယနေ့အချိန်ထိ မိုင်းသုံအရှင်ကြီးကို လေးလေးစားစားနဲ့ ပူဇော်ပသလျက်ရှိကြလေသည်။
ဖြိုးမြတ်ဟန်(Mythologist) ရေးသည်။
ကျောက်မြို့တော် နတ်ဖွတ်ထားသော အိမ်ခြေတစ်သောင်း ကျောင်းပေါင်း တစ်ထောင် (ဝိန်ဘာမြို့)
ကျောက်မြို့(ဝိန်ဘာမြို့)ဟောင်း အကြောင်းနဲ့ပတ်သတ်ပြီး ရှေးလူကြီးတွေ ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာတွေကို ပြောပြဖူးခဲ့ဖူးပါတယ်၊ ကျောက်မြို့ဟောင်းဟာ အင်မတန်မှ နတ်ကြီးသလို တစ်ခုတလေတောင် မှားလို့ မရတဲ့ နေရာလို့ ဒေသခံများက ယုံကြည်ထားကြပါသေးတယ်၊
ကျောက်မြို့ဟောင်း မဖြစ်ခင် ထိုဒေသဟာ အိမ်ခြေပေါင်း တစ်သောင်း ကျောင်းပေါင်း တစ်ထောင် ရှိတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ မြို့ကြီး တစ်မြို့ပါတဲ့၊ ဘာရောင်းရောင်း အချိန်ခဏအတွင်း ရောင်းကုန်လို့ မြို့နံဘေးက တောရွာတွေပါမကျန် မြို့ပေါ်လာပြီး ရောင်းဝယ်ဖောက်ကားမှုပြုကြတော့ ( အိမ်ခြေတစ်သောင်းကျောင်းပေါင်းတစ်ထောင်) မြို့ကြီးဟာ အလွန်စည်ကားခဲ့တယ်တဲ့၊
ရှမ်းလူမျိုးပီပီ ပါရမီ ဓာတ်ခံပါတဲ့ ကုသိုလ်ရေးကိုလည်း လပြည့် လကွယ်နေ့တိုင်း အိုးစည်ဗုံမောင်းတီးပြီး အလှူဒါနများကို အမြဲ ပြုလုပ်တတ်ကြသေးတယ်တဲ့၊တစ်နေ့မှာ စျေးသည် အဘိုအိုတစ်ဦးက အိမ်အပြန်လမ်းမှာ ခွေးတစ်ကောင်ကို တွေ့ပြီး ထမ်းလာတဲ့ ခြင်းတောင်းထဲ ထည့်ပြီး ဖမ်းထည့်သွားတဲ့ အချိန်ကစလို့ အိမ်ခြေတစ်သောင်း ကျောင်းပေါင်း တစ်ထောင် မြို့ကြီးကို စောင့်ရှောက်သော နတ်များက ကန့်လန့်ကာ ခုနှစ်ထပ်ဖြင့် အုပ်ပြီး ) ဖွတ်လိုက်တယ်လို့ ယနေ့အထိ ရာဇဝင်လိုလို ပုံပြင်လိုလို ပြောဆိုနေကြသလို၊ ယုံကြည် နေကြပါတယ်( ယခုထိလည်း ဝန်းသိုနယ်ထဲက တချို့နေရာတွေမှာ အနက်ရောင် ဝတ်ဆင်တာ၊ ကျား အကြောင်း ပြောတာတွေကို မလုပ်ကြရပါဖူး)
ထိုအချိန်ကစပြီး အလွန်မှ စည်ပင်သာယာလှတဲ့ မြို့ကြီးဟာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားရတာကလည်း ယနေ့အထိပါဘဲ၊
( လပြည့်လကွယ်နေ့တွေရောက်ရင် ကျောက်မြို့ဟောင်းမှ အိုးစည်ဗုံမောင်း တီးသံတွေကို ကြားကြရသလို ဝန်းသိုမြို့တွင်းသို့ ဖြတ်သန်းစီးဆင်းနေတဲ့ ဒေါင်းမြူးချောင်းရေ အရောင်ဟာလည်း ဆန်ဆေးရေလို ဖြူညစ်ညစ်အရောင် ပြောင်းသွားတယ်လို့ ပြောဆိုသံတွေလည်း ကြားခဲ့ဖူးပါတယ် )
မိုင်းသုံရွာဘက် စျေးရောင်းသွားကြတဲ့ စျေးသည်တချို့လည်း မျက်စိလည် လမ်းမှားပြီး နတ်ဖွတ်ထားတဲ့မြို့ဟောင်းဆီကို ရောက်သွားလို့ ပါတဲ့ပစ္စည်းတွေ ရောင်းကုန်ခဲ့တယ်လို့လည်း ကျွန်တော်တို့ ကြားဖူးထားပါတယ်၊
ဝန်းသိုမြို့ကို စောင့်ရှောက်တဲ့ မိုင်းသုံဘိုးဘိုးကြီးကိုတော့ နှစ်စဉ်နှစ်တိုင်း ဝါဝင်၊ဝါထွက်လတွေမှာ မြို့လုံးကျွတ် ရှိခိုးကန်တော့ပွဲ ပြုလုပ်ပေးရပြီး ရိုးရာအစဉ်အလာအတိုင်း ပူဇော်ကန်တော့နေကြတာလည်း ယနေ့အထိ တွေ့မြင်နိုင်တယ်။
 
 
 
 


Monday, February 10, 2025

ပင်လုံမှာ မြန်မာနဲ့ ယာယီပူးပေါင်းခဲ့တဲ့ ရှမ်းပြည်များ

 



ပင်လုံမှာ မြန်မာနဲ့ ယာယီပူးပေါင်းခဲ့တဲ့ ရှမ်းပြည်များ

ရှမ်းနွယ်ဖွားတွေရဲ့ ရိုးရာ ရှင်ပြုပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှမ်းနွယ်ဖွားတွေရဲ့ ရိုးရာ ရှင်ပြုပွဲ
  • ရေးသားသူ, ဘိုဘို
  • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဆိုပြီး ပြည်နယ်ခုနစ်ခုမှာ တခုအပါအဝင်ဖြစ်တဲ့ ပြည်နယ်ကြီးတခု ရှိပြီး နိုင်ငံအကျယ်အဝန်းရဲ့ လေးပုံတပုံနီးပါး ရှိပါတယ်။ အိန္ဒိယအာသံကနေ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံတွေထိ ပြန့်နှံ့နေထိုင်ကြတဲ့ တိုင် ခေါ် ရှမ်းအနွယ်ဝင် လူဦးရေ ၉၃ သန်းလောက် ရှိပြီး မြန်မာပြည်မှာတော့ ၄ သန်းကနေ ၆ သန်းလောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံဖြစ်နေတဲ့ နယ်မြေတွေမှာ ရှမ်းအနွယ်တွေ နှစ်တထောင်ကျော် နေထိုင်ခဲ့ကြသလို ရှမ်းပြည်နယ်မှာသာမက နိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းအထိ ဖြန့်ကြက်နေထိုင်ကြပါတယ်။ မြန်မာဘုရင်တွေခေတ်က အနောက်ရှမ်း၊ မြောက်ရှမ်းနဲ့ တောင်ရှမ်းဆိုပြီး ရှမ်းလူမျိုးတွေကို နေရာလိုက်ပြီး သုံးမျိုးခွဲလေ့ရှိကြောင်း ပုဂံဝန်ထောက်ဦးတင်ရဲ့ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းအရ သိရပါတယ်။ ဒီထဲက အရှေ့ရှမ်းခေါ် တောင်နဲ့ မြောက်ရှမ်းတွေကို ရှမ်းပြည်နယ်မှာ တွေ့နိုင်ပေမယ့် အနောက်ရှမ်းတွေ နေရာ အညာရှမ်းပြည်ကတော့ မြန်မာပြည်မနဲ့ ကချင်ပြည်နယ်ထဲမှာ ပါဝင်သွားပြီ ဖြစ်ပါတယ်။

၁၉၂၂ က မြန်မာနဲ့ အရှေ့တောင်အာရှ မြေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၂၂ က မြန်မာနဲ့ အရှေ့တောင်အာရှ မြေပုံ

ဘုရင့်နောင်ကနေ ကုန်းဘောင် ဆင်ဖြူရှင်ခေတ်ထိ မြန်မာရာဇဝင်ကျမ်းတွေနဲ့ ကျောက်စာအထောက်အထားတွေမှာလည်း ရှမ်းလူမျိုးတို့ နေထိုင်ရာကို တိုင်းကြီး ၁၁ တိုင်းထိ ခွဲခြားပြထားလေ့ရှိပါတယ်။ ဒီတိုင်းတွေထဲမှာ အရုဇ္စျပုရ ခေါ် ယိုးဒယား၊ ဟရိဘုဉ္စ ခေါ် ဇင်းမယ်၊ ခေမာဝရ ခေါ် ကျိုင်းတုံ၊ မဟာနာဂရ ခေါ် ကျိုင်းရုံး၊ လဝရဋ္ဌ ခေါ် လင်းဇင်း လာအို၊ ကမ္ဗောဇ ခေါ် အရှေ့ရှမ်းပြည် ၊ အာဠဝီ ခေါ် အနောက်ရှမ်းပြည် ၊ မောရိယ ခေါ် ရှမ်းတရုတ်ပြည် ၊ စိန့်တိုင်း ဗန်းမော်၊ မဟိံသက မိုးကုတ်ကျပ်ပြင်၊ မဏိပူရ အာသံစတဲ့ တိုင်းတွေ ပါပါတယ်။

နောက်ဆုံး မြန်မာဘုရင်သီပေါမင်းခေတ်ထိ နိုင်ငံကို မြန်မာဆယ်ခရိုင်၊ ရှမ်းသုံးရုံး ခွဲတဲ့နည်းနဲ့ အုပ်ချုပ်ခဲ့ပြီး သိန္နီ၊ မိုးဗြဲနဲ့ မိုးနဲဆိုပြီး တပ်ရုံးသုံးရပ် ရှမ်းပြည်မှာ ချထားခဲ့ပါတယ်။ တောင်ပိုင်ခေါ် နမ့်ဆန်၊ မိုးမိတ်၊ ဝန်းသို၊ သောင်သွပ်၊ ကလေး မြို့တွေမှာ စော်ဘွားရှိပေမယ့် တပ်ရုံးသုံးရုံးအောက်မှာ မထားဘဲ သီးခြားအုပ်ချုပ်ကြောင်း ပုဂံဝန်ထောက်ဦးတင်က ရေးပါတယ်။ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်မြို့တွေမှာလည်း စော်ဘွားမထားဘဲ အဝေးမြို့ဝန်တွေနဲ့ အုပ်ချုပ်ခဲ့တာပါ။

၁၉ ရာစုက ဂုံရှမ်းမောင်နှံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉ ရာစုက ဂုံရှမ်းမောင်နှံ

ယူနန် ရှမ်းပြည်ကလာ

ခရစ် ပထမထောင်စုနှစ်မှာ လက်ရှိ တရုတ်ပြည် အနောက်တောင်စွန်း ယူနန်ပြည်နယ် ဖြစ်နေတဲ့ နယ်မြေမှာ နန်ချောင် ဆိုတဲ့ လူမျိုးစုံ နေထိုင်တဲ့ နိုင်ငံပေါ်ထွန်းခဲ့ပါတယ်။ နန်ချောင်ဘုရင်တွေဟာ တိဘက်-မြန်မာအနွယ် လိုလို မျိုးနွယ်တွေ ဖြစ်ကြောင်း ဦးရည်စိန်၏ လက်ရွေးစင်စာတမ်းများမှာ ပါရှိပေမယ့် ရှမ်းမင်းတွေလို့ ယူဆသူတွေလည်း ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ဖြစ်နေတဲ့ နယ်မြေက ပျူနဲ့ မွန် မြို့ပြနိုင်ငံတွေဟာ ဒီ နန်ချောင်နိုင်ငံကို လက်ဆောင်ဆက်ရတဲ့ နိုင်ငံတွေ ဖြစ်ကြောင်းလည်း ဦးရည်စိန်နဲ့ တခြား မြန်မာသမိုင်းဆရာတွေက မှတ်ချက်ပြုပါတယ်။

တရုတ်ပြည် အနောက်ပိုင်းဒေသတွေကနေ မြန်မာ၊ မွန်၊ ရှမ်း စတဲ့ မျိုးနွယ်စုတွေ ဖြစ်လာမယ့်သူတွေ ဆင်းသက်လာရာမှာ တိုင်ခေါ် ရှမ်းမျိုးနွယ်တွေ ယူနန်ကို ခရစ်တော် မပေါ်ခင် အချိန်ကတည်းက ရောက်ရှိခဲ့ကြောင်း ဦးရည်စိန်က ရေးပါတယ်။ ပျူနိုင်ငံတွေကို နန်ချောင်သိမ်းပိုက်ချိန်မှာ မြန်မာမျိုးနွယ်တွေ ဧရာဝတီမြစ်ဝှမ်းကို ဝင်ရောက်လာကြတဲ့အတွက် ရှမ်းမျိုးနွယ်စုတွေလည်း နောက်က လိုက်လာကြပါတယ်။ အဲဒီကနေ ရွှေလီ မြစ်ကြောင်းတလျှောက် အနောက်ဘက်ကို ပြန့်နှံ့သွားပြီး ဧရာဝတီ၊ ချင်းတွင်း မြစ်ဖျားပိုင်းတွေဆီကို ရှမ်းတွေ ဝင်လာခဲ့ပါတယ်။

ဗီယက်နမ်အနောက်မြောက်ပိုင်းက တိုင်ခေါ် ရှမ်းဖြူ အမျိုးသမီးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗီယက်နမ်အနောက်မြောက်ပိုင်းက တိုင်ခေါ် ရှမ်းဖြူ အမျိုးသမီးများ

ပုဂံပြည် အနော်ရထာခေတ်မှာ ရှမ်းယွန်းတို့ မရောစိမ့်သောငှာ တည်ထောင်တဲ့ ကင်းတပ်မြို့ ၄၃ မြို့ဟာလည်း ဗန်းမော် ကောင်းတုံကနေ တောင်ငူအထိ ရှမ်းကုန်းမြင့်အနောက်ဘက်မှာ တန်းစီတည်ရှိပါတယ်။ အနော်ရထာ တရုတ်ပြည်ကို စစ်ချီရာကအပြန် မောစော်ဘွားက ဆက်တဲ့ မောမင်းသမီး ရှင်မွန်လှတည်တယ်ဆိုတဲ့ နားတောင်းကျချောင်းနဲ့ ရွှေစာရံစေတီ ဆိုပြီးလည်း မန္တလေးနားမှာ တည်ရှိပါတယ်။ ဒီ အနော်ရထာ စစ်ချီတယ်ဆိုတဲ့ တရုတ်ပြည်ဟာ နန်ချောင်အပျက်မှာ တည်တဲ့ တာလီနိုင်ငံသာ ဖြစ်နိုင်ကြောင်း ဦးရည်စိန် စတဲ့ သမိုင်းပညာရှင်တွေက ထောက်ပြပါတယ်။

ရွှေလီမြစ်ဝှမ်းက မောရှမ်းပြည်တွေကို ပုဂံမင်းတွေရဲ့ သြဇာ သက်ရောက်တယ် ဆိုပေမယ့် ၁၃ ရာစု မွန်ဂိုကျူးကျော်ချိန်မှာတော့ ပုဂံပြိုကွဲပြီး မောနိုင်ငံကြီး ပေါ်ထွန်းလာခဲ့ပါတယ်။ ဒီမောရှမ်းပြည်ဟာ ရွှေလီ မိုင်းမောဒေသကနေ မိုးကောင်း၊ မိုးညှင်း၊ သောင်သွပ်၊ မိုးမိတ်၊ သီပေါ၊ သိန္နီ၊ ညောင်ရွှေ၊ မိုးနဲ၊ မိုးဗြဲ ဆိုပြီး မောကိုးပြည်အဖြစ် ရှမ်းကုန်းမြင့်နဲ့ လက်ရှိ မြန်မာပြည် မြောက်ပိုင်းမှာ ကြီးစိုးခဲ့ပါတယ်။ ရွှေလီမြောက်ဘက် ၁၂ ပြည်နဲ့ တောင်ဘက် ၁၂ ပြည်ဆိုပြီး ယူနန်နဲ့ မြန်မာနယ်နိမိတ်ထဲမှာ ရှမ်းပြည်တွေ ပေါ်ထွန်းခဲ့ကြောင်းလည်း သိရပါတယ်။ အိန္ဒိယထဲ ရောက်နေတဲ့ အာသံမှာလည်း အဟုမ် ရှမ်းနိုင်ငံ ပေါ်ထွန်းခဲ့ပါတယ်။

အင်းဝက ကြောက်ရတဲ့ မောရှမ်းခေတ်

မိုးညှင်း အင်းတော်ကြီးက ရွှေမဉ္ဇူဘုရား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိုးညှင်း အင်းတော်ကြီးက ရွှေမဉ္ဇူဘုရား
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မောရှမ်းဘုရင် ဆေခမ်ဖ ခေါ် သိုချည်ဘွားလက်ထက်ကနေ နောက်ဆုံး မောမင်းကြီး သိုငံဘွားခေတ်ထိ နှစ် တရာကျော် ကြီးစိုးခဲ့တဲ့ မောရှမ်းမင်းတွေဟာ အခု တရုတ်-မြန်မာနယ်စပ် ဆယ်လန့်ခေါ် မိုင်းမောကနေ ယူနန်နဲ့ ရှမ်းကုန်းမြင့်တကြောက ရှမ်းနယ်တွေကို ပိုင်စိုးခဲ့ပြီး မိုးကောင်း၊ မိုးညှင်း၊ ကလေး စတဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ရှမ်းပြည်တွေကိုပါ သြဇာညောင်းခဲ့ပါတယ်။ ခရစ် ၁၄ ရာစုနဲ့ ၁၅ ရာစု မြန်မာပြည်မြောက်ပိုင်းမှာ မောရှမ်းတွေ ကြီးစိုးချိန်ဟာ ပုဂံခေတ်အလွန် မြန်မာပြည် အလယ်ပိုင်းက ရှမ်းအနွယ် ပင်းယ၊ စစ်ကိုင်းနဲ့ အင်းဝနိုင်ငံတွေ ပေါ်ထွန်းချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ရှမ်းညီနောင်သုံးဦးလို့ ခေါ်ကြတဲ့ ကျောက်ဆည်လွင်ပြင် အခြေစိုက် မြို့စားညီနောင် သုံးယောက်က ဆင်းသက်လာတဲ့ ဒီနိုင်ငံသစ်တွေဟာ မြောက်ဘက်က မောရှမ်းတွေရန်ကို စိုးရိမ်နေရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ မွန်ဂိုကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့တဲ့ ပင်းယနဲ့ စစ်ကိုင်းဟာ မောရှမ်းစစ်ကို မတွန်းလှန်နိုင်ဘဲ ၁၃၆၄ မှာ ပျက်စီးခဲ့ပါတယ်။ ဒီနိုင်ငံတွေနေရာမှာ အသစ်ပေါ်လာတဲ့ အင်းဝမင်းဆက် လက်ထက်မှာလည်း မောရှမ်းရန်ကို စိုးရိမ်နေရတုန်း ဖြစ်ပါတယ်။ နောက်ဆုံး မွန်ဂိုမင်းဆက်ကို ဖယ်ရှားပြီး တက်လာတဲ့ တရုတ်ပြည် မင်မင်းဆက်က ယူနန်ကို ဝင်သိမ်းချိန်ကျမှ မောရှမ်းနိုင်ငံ ပြိုကွဲပြီး အင်းဝမင်းတွေ အသက်ရှူချောင်သွားတာ ဖြစ်ပါတယ်။

သာသနာ့နယ်မြေအဖြစ် ထင်ရှားဆဲ စစ်ကိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သာသနာ့နယ်မြေအဖြစ် ထင်ရှားဆဲ စစ်ကိုင်း

မိုင်းမောက မောရှမ်းမင်းတွေ ပြိုကွဲသွားပေမယ့် သူတို့ဆီက ဆင်းသက်တဲ့ ရှမ်းစော်ဘွားတွေက မိုးကောင်း၊ မိုးညှင်းမှာ ဆက်လက် ကြီးစိုးနေခဲ့ပြီး ဒီမိသားစုတွေထဲက အင်းဝမှာ လာအုပ်ချုပ်သူကတော့ မိုးညှင်းစလုံရဲ့ သား သိုဟန်ဘွားပါ။ သိုဟန်ဘွားကို မြန်မာမှူးမတ်တွေက လုပ်ကြံ ဖယ်ရှားနိုင်ပေမယ့်လည်း သီပေါက အုန်းဘောင်ခုံမှိုင်းကို ပင့်ခေါ် မင်းမြှောက်ခဲ့သလို သူ့သားတော် မိုးဗြဲနရပတိထိ အင်းဝမှာ ကြီးစိုးခဲ့ကြပါတယ်။ ဒါကြောင့် ပုဂံအပျက်ကနေ တောင်ငူမင်းဆက် ကြီးစိုးတဲ့အထိ ကြားကာလကို ရှမ်းခေတ်ဆိုပြီး မြန်မာသမိုင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ၁၃ ရာစု မွန်ဂို ကျူးကျော်မှု ရန်ကြောင့် တောင်ဘက်ကို ဆင်းလာကြတဲ့ တိုင်ရှမ်းအနွယ်တွေ ထူထောင်တဲ့ လင်းဇင်း၊ ဇင်းမယ်နဲ့ သောက္ကတဲနိုင်ငံတွေလည်း အခု လာအိုနဲ့ ထိုင်းနိုင်ငံနေရာတွေမှာ ပေါ်ထွန်းလာပါတယ်။ ဇင်းမယ်မင်းတွေရဲ့ သြဇာဟာ ကျိုင်းတုံ၊ မိုးနဲ၊ ကျိုင်းရုံး စတဲ့ အခု မြန်မာနဲ့ တရုတ်ပိုင်နက်ထဲ ရောက်နေတဲ့ ရှမ်းနယ်ကြီးတွေကို သက်ရောက်ခဲ့ပါတယ်။ ဇင်းမယ်၊ သောက္ကတဲ၊ အယုဒ္ဓယနဲ့ အင်းဝ၊ ဟံသာဝတီ ရှမ်း၊ မြန်မာ၊ မွန်နိုင်ငံတွေရဲ့ အင်အားပြိုင်မှုကနေပြီး ၁၅ ရာစုကနေ ၁၈ ရာစုထိ ကြာမြင့်ခဲ့တဲ့ ထိုင်း-မြန်မာစစ်ပွဲတွေနဲ့ မွန်-မြန်မာ အားပြိုင်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဘုရင့်နောင်က စပြီး ချုပ်ကိုင်

ဘုရင့်နောင် ကုသိုလ်တော် ပဲခူးမြို့က မဟာစေတီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုရင့်နောင် ကုသိုလ်တော် ပဲခူးမြို့က မဟာစေတီ

ပင်းယ ရှမ်းအနွယ် ဘုရင့်နောင် လက်ထက်ကစပြီး တောင်ငူ၊ ဟံသာဝတီနဲ့ အင်းဝမှာ အခြေစိုက်တဲ့ မင်းတွေက ရှမ်းပြည်တလွှားကို သိမ်းသွင်းအုပ်ချုပ်ခဲ့ကြပါတယ်။ ဒါဟာ အရင် ပထမ အင်းဝဆက်က မင်းတွေလက်ထက်ကထက် ပိုပြီး ရှမ်းစော်ဘွားတွေကို မြန်မာဘုရင်ရဲ့ သစ္စာခံအဖြစ် ချုပ်ကိုင်လာတာ ဖြစ်ပါတယ်။ ဘုရင့်နောင်ဟာ အင်းဝမင်းတွေ သိမ်းသွင်းနိုင်တဲ့ မြောက်တလွှားနဲ့ အရှေ့တလွှားက ရှမ်းစော်ဘွားနယ်တွေကိုသာမက သံလွင်အရှေ့ခြမ်းနဲ့ တရုတ်ပြည်ထဲက စော်ဘွားနယ်တွေကိုပါ သိမ်းပိုက်ခဲ့ပါတယ်။

ဒီလို သိမ်းသွင်းခြင်းနဲ့ အနှစ်သုံးရာလောက် ရှည်ကြာခဲ့တဲ့ မြန်မာသမိုင်းမှာ ရှမ်းလွှမ်းမိုးမှုကို လျှော့ချနိုင်တဲ့အတူ ရှမ်းနယ်မြေတွေမှာ မြန်မာသြဇာနဲ့ ထုံးတမ်းတွေ ပြန့်ပွားအောင်ပါ အားထုတ်ခဲ့ပါတယ်။ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ သီပေါ ရှမ်းနှစ်ပြည်ထောင်လုံးဝယ် သူကောင်းတယောက် သေလျှင် ကျွန်ယောက်ျား၊ ကျွန်မိန်းမကို သတ်၍ထည့်သော မိစ္ဆာဒိဋ္ဌိအကျင့်ကို မကျင့်ရန်လည်း ဆုံးမကံမြစ်တော်မူ၏ ဆိုပြီး ပုဂံ ရွှေစည်းခုံဘုရားက ဘုရင့်နောင် ခေါင်းလောင်းစာမှာ ပါရှိပါတယ်။

တခါ ဘုရင့်နောင် လက်ထက်ကစပြီး မြန်မာနန်းတွင်းမှာ သင်္ကြန်၊ ဝါဝင်၊ ဝါထွက် စော်ဘွား မြို့စားတွေရဲ့ တနှစ် သုံးကြိမ် ကန်တော့ခံတဲ့ အစဉ်အလာကို စခဲ့ကြောင်း ဒေါက်တာတိုးလှရဲ့ ဘုရင့်နောင်မင်းတရားကြီး ဘဝအတွေးအခေါ်ယုံကြည်ချက်နှင့် ဆောင်ရွက်ချက်များ စာအုပ်မှာ ပါရှိပါတယ်။ ဘုရင့်နောင်စံမြန်းတဲ့ ဟံသာဝတီမြို့တော်မှာ မိုးကောင်း၊ မိုးညှင်း၊ အုန်းဘောင်၊ ညောင်ရွှေ၊ မိုးနဲ၊ ကလေး၊ သိန္နီတံခါးတွေ တည်ရှိခဲ့ပါတယ်။

မြန်မာကြီးစိုးမှုခံရပြီးနောက်ပိုင်း ၁၆ ရာစုကနေ ၁၈၊ ၁၉ ရာစုထိ နှစ် ၃၀၀ ကျော် မြန်မာသမိုင်းမှာ တရုတ်-မြန်မာစစ် အရေးပေါ်တိုင်း နယ်စပ်က ရှမ်းပြည်ထောင်တွေကို ရိုက်ခတ်ခဲ့ပါတယ်။ နောက်ပြီး ထိုင်း၊ လာအိုနိုင်ငံတွေထိ မြန်မာမင်းဆက်တွေ လွှမ်းမိုးအုပ်ချုပ်ခဲ့တာမို့ အဲဒီစစ်ဆင်ရေးတွေကလည်း ရှမ်းပြည်နိုင်ငံရေးကို ရိုက်ခတ်ခဲ့ပါတယ်။

လင်းပင် ကွန်ဖက်ဒရေစီ အိပ်မက်

ချင်းတွင်းမြစ်ရိုးက သောင်သွပ်စော်ဘွား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချင်းတွင်းမြစ်ရိုးက သောင်သွပ်စော်ဘွား

ဘုရင့်နောင်ရဲ့ တောင်ငူ ညောင်ရမ်းဆက်အပျက်မှာ ထူထောင်တဲ့ အလောင်းဘုရားရဲ့ ကုန်းဘောင်မင်းဆက်အဆုံး သီပေါမင်း လက်ထက်မှာတော့ ရှမ်းပြည်မှာ စော်ဘွားအုပ်စုတွေ ကွဲပြားပြီး စစ်ခင်းနေကြပါတယ်။ သိန္နီ၊ သီပေါ စတဲ့ စော်ဘွားတချို့ ကိုယ့်နယ်မှာ ကိုယ် မအုပ်စိုးနိုင်ဘဲ မန္တလေး၊ ရန်ကုန်ထိ ဆင်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ နတ်ရွာစံ အိမ်ရှေ့စံ ကနောင်မင်းရဲ့သားတော် လင်းပင်မင်းသားဟာ သီပေါမင်း နန်းတက်ချိန်မှာ ဗြိတိသျှပိုင် အောက်မြန်မာပြည်ကို ရှောင်တိမ်းခဲ့ရပါတယ်။ ဒီမင်းသားကို မိုးနဲ၊ ကျိုင်းတုံ၊ ရပ်စောက်စတဲ့ စော်ဘွားတချို့က ပင့်ခေါ်ပြီး မြန်မာပြည်ကို အုပ်ချုပ်ဖို့ မင်းလောင်းအဖြစ် အုပ်စုဖွဲ့ပါတယ်။ လင်းပင်အဖွဲ့ရဲ့ အဓိကလိုလားချက်က လင်းပင်မင်းသား ဘုရင်ဖြစ်ရင် သဿမေဓအခွန်စနစ်ကို ပယ်ဖျက်ပြီး သုံးနှစ်မှ တကြိမ် အခွန်တော်ကောက်ဖို့ ဖြစ်ပါတယ်။

လင်းပင်အုပ်စုနဲ့ လင်းပင်အုပ်စုဝင် မဟုတ်တဲ့ စော်ဘွားအုပ်စုတွေကြား စစ်ခင်းနေကြချိန်မှာပဲ ၁၈၈၅ မှာ ဗြိတိသျှတပ်တွေက မန္တလေးကို သိမ်းပါတယ်။ မန္တလေးသိမ်းပြီးနောက် ရှမ်းပြည်အခြေအနေကို စောင့်ကြည့်ပြီး စော်ဘွားတွေကို သိမ်းသွင်းဖို့ ကြိုးစားပါတယ်။ သူတို့နဲ့ နီးစပ်ပြီး လင်းပင်အုပ်စုဝင် မဟုတ်တဲ့ ညောင်ရွှေ၊ သီပေါ စော်ဘွားတွေကတဆင့် တောင်ရှမ်း မြောက်ရှမ်းက စော်ဘွားတွေကို အရင် သိမ်းသွင်းပါတယ်။ စစ်ဒဏ်ကြောင့် ပင်ပန်းနေတဲ့ စော်ဘွားတွေလည်း သူတို့ရိုးရာအုပ်ချုပ်ရေးမှာ မစွက်ဖက်ဘူးဆိုတဲ့ ဗြိတိသျှကတိကြောင့် သစ္စာခံလာပြီး ၁၈၈၇ က စလို့ ရှမ်းပြည်ဟာ ဗြိတိသျှသြဇာရိပ်ကို ကျရောက်ခဲ့ပါတယ်။ မြန်မာပြည် မြောက်ပိုင်းမှာ ပုန်ကန်ဆန့်ကျင်နေတဲ့ ဝန်းသိုစော်ဘွား ဦးအောင်မြတ် တရုတ်ပြည်ထဲ ခိုဝင်သွားခဲ့ပြီး ရှမ်းပြည်တလွှားက စော်ဘွားအများစုကတော့ ဗြိတိသျှသိမ်းသွင်းမှုကို လက်ခံကြပါတယ်။

၁၈၉၀ မတ်လကျမှ အင်းလေးနားက မိုင်းသောက်ခေါ် ဖို့ဒ်စတက်မင်းခံတပ်မြို့မှာ ရှမ်းတောင်ပိုင်းအတွက် ဒါဘာခေါ် မင်းစုံပွဲကို ကျင်းပနိုင်ကြောင်း ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဝင်ဟောင်း ဦးအုန်းဖေရဲ့ ပင်လုံစစ်တမ်းမှာ ပါရှိပါတယ်။

ရှမ်းအရှေ့ဖျား ကျိုင်းလပ်က လေးကောင်ဂျင်ဝိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှမ်းအရှေ့ဖျား ကျိုင်းလပ်က လေးကောင်ဂျင်ဝိုင်း

အမျိုးသားပိုင် အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ဗြိတိသျှမြန်မာပြည်ထဲ ထည့်သွင်းအုပ်ချုပ်ရာကနေ အရင် မြန်မာမင်းဆီ လက်ဆောင်ဆက်သကြတဲ့ ရှမ်း၊ ကချင်၊ ချင်း စော်ဘွား တောင်အုပ်တောင်စားတွေရဲ့ နယ်မြေတွေကိုလည်း ဗြိတိသျှတပ်တွေ ချီတက်သိမ်းပိုက်ပြီး သစ္စာခံစေခဲ့ပါတယ်။ ဒီလို သိမ်းပိုက်ပေမယ့်လည်း ဒီနယ်တွေကို ဖွံ့ဖြိုးမှု နောက်ကျလို့ ဆိုပြီး မြန်မာပြည်မ အုပ်ချုပ်ရေးအောက် မထည့်သွင်းဘဲ အိန္ဒိယပုံစံ ဇယားဝင် နယ်မြေများအဖြစ် သတ်မှတ်အုပ်ချုပ်ခဲ့ပါတယ်။ ဒီလိုခွဲခြားသတ်မှတ်တဲ့အထဲ အရှေ့ရှမ်းကုန်းမြင့်က ရှမ်းပြည်တွေနဲ့ ဝဒေသပါသွားသလို အနောက်ရှမ်းပြည်တွေထဲက ဇင်္ဂလိန်းခန္တီးနဲ့ သောင်သွပ်တို့လည်း ပါဝင်ခဲ့ပါတယ်။ မြန်မာပြည် မြောက်ဖျားက ခန္တီးလုံနယ်ကိုတော့ ၁၉၁၂ လောက်ကမှ ဗြိတိသျှတပ်တွေ သိမ်းသွင်းနိုင်ခဲ့ပြီး ပူတာအိုခရိုင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သံလွင်အရှေ့ဘက်က ကျိုင်းဟုံနဲ့ မိုင်းလင်းကို တရုတ်ပေးလိုက်ပြီး ကျိုင်းချိုင်နယ်ကိုတော့ သုံးပိုင်းပိုင်းကာ ပြင်သစ်၊ ယိုးဒယားခေါ် ထိုင်းနဲ့ ကျိုင်းတုံနယ်ထဲ ထည့်သွင်းခဲ့ပါတယ်။ ကျိုင်းဆင်နယ်ကိုတော့ ယိုးဒယားလက်ကို ပေးကြောင်း ရှမ်းသမိုင်းပညာရှင် စိုင်းခမ်းမိုင်းရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ရှမ်းပြည်နယ် စာအုပ်မှာ ပါရှိပါတယ်။

ဗြိတိသျှကို တော်လှန်ပုန်ကန်ခဲ့တဲ့ ဝန်းသိုစော်ဘွားရဲ့ ဝန်းသိုနယ်ကိုတော့ မြန်မာပြည်မထဲ ထည့်သွင်းခဲ့ပြီး မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော် စတဲ့ မြန်မာဘုရင်တွေ လက်ထက်ကတည်းက မြို့ဝန်တွေနဲ့ အုပ်ချုပ်ခဲ့တဲ့ ရှမ်းနယ်တွေကိုလည်း မြစ်ကြီးနားနဲ့ ဗန်းမော်ခရိုင်ထဲ ထည့်သွင်းပြီး ပြည်မအုပ်ချုပ်ရေးအောက်မှာ ထားရှိခဲ့ပါတယ်။ မြန်မာဘုရင်လက်ထက်ကတည်းက မိုးမိတ်စော်ဘွားနယ်က ဖဲ့ယူပြီး တကောင်းနဲ့ လဲခဲ့တဲ့ မိုးကုတ်နယ်ဟာလည်း ပြည်မအုပ်ချုပ်ရေးအောက်မှာပဲ ပတ္တမြားတွင်းခရိုင်အဖြစ် ထည့်သွင်းခံရပါတယ်။

မြန်မာလမ်းမကြီးနဲ့ ပင်လုံစာချုပ်

ပတ္တမြားတွင်းခရိုင် ဖြစ်သွားတဲ့ မိုးကုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပတ္တမြားတွင်းခရိုင် ဖြစ်သွားတဲ့ မိုးကုတ်

၁၉၂၂ မှာ မလေးစော်ဘွားပြည်ထောင်စု နမူနာ ယူပြီး ပဒေသရာဇ် ရှမ်းပြည်နယ်စုဖွဲ့တဲ့အခါမှာတော့ အရှေ့ရှမ်း စော်ဘွားနယ် ၂၈ နယ်နဲ့ လားရှိုး၊ တောင်ကြီး၊ ကလောမြို့တွေ ပါ၀င်ခဲ့ပါတယ်။ မြန်မာပြည်မ အုပ်ချုပ်ရေးကို ဒိုင်အာခီခေါ် ပူးတွဲအုပ်ချုပ်ရေးအဆင့် တိုးမြှင့်ပေးပြီး လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပနေချိန်မှာ ရှမ်းပြည်နဲ့ တခြားတောင်တန်းဒေသတွေအတွက် အုပ်ချုပ်ရေးတိုးမပေးဘဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ဘုရင်ခံရဲ့ ဥပဒေပြုကောင်စီမှာ ညောင်ရွှေနဲ့ သီပေါစော်ဘွားတွေ ပါဝင်ခဲ့မှု အဆုံးသတ်သွားပါတယ်။

၁၉၃၂ က လန်ဒန်မှာ ကျင်းပတဲ့ မြန်မာပြည်အရေး မျက်နှာစုံညီအစည်းအဝေးမှာတော့ ရှမ်းပြည်ကို မြန်မာပြည်ထဲ မထည့်သွင်းဘဲ နိုင်ငံကြီးတွေအလယ်က ကြားခံနယ်မြေအဖြစ် လုံးဝလွတ်လပ်ရေးပေးဖို့ သီပေါ စော်ဘွားကို စော်ဘွားအုပ်စုက စေလွှတ် တောင်းဆိုစေခဲ့ပါတယ်။ ၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယကခွဲထုတ်ပြီး ၉၁ ဌာနအုပ်ချုပ်ရေးပေးကာ မြန်မာနန်းရင်းဝန်ခေါ် ဝန်ကြီးချုပ်ကြီးတွေ ခန့်ထားအုပ်ချုပ်တဲ့အထိ ပြောင်းလဲလာပေမယ့် ရှမ်းပြည်ကတော့ စော်ဘွားအုပ်ချုပ်ရေးအောက်မှာပဲ ကျန်ရစ်ခဲ့ပါတယ်။ ၁၉၃၉ ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်မှာ ရှမ်းပြည်ကို ဖြတ်ပြီး အိန္ဒိယနဲ့ ဆက်သွယ်ဖောက်လုပ်တဲ့ တရုတ်ဗမာလမ်းမကြီးကြောင့် ရှမ်းနဲ့ ဗမာပြည်တွေအကြောင်း ကမ္ဘာက အာရုံစိုက်လာသလို ဂျပန်ကလည်း အာရုံစိုက်လာပြီး ၁၉၄၂ မှာ ဝင်ရောက်သိမ်းပိုက်ခံခဲ့ရပါတယ်။

မုန်းယု ၁၀၅ မိုင်ကို ဖြတ်သွားတဲ့ မြန်မာပြည် လမ်းမကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မုန်းယု ၁၀၅ မိုင်ကို ဖြတ်သွားတဲ့ မြန်မာပြည် လမ်းမကြီး

စစ်အတွင်း ၁၉၄၃ မြန်မာပြည်ကို လွတ်လပ်ရေးပေးချိန်မှာ ကျိုင်းတုံနဲ့ မိုင်းပန်နယ်ကို ထိုင်းနိုင်ငံထဲ ထည့်ပေးခဲ့သလို ကန္တာရဝတီခေါ် လွိုင်ကော်နယ် အရှေ့ခြမ်းကိုလည်း ထိုင်းတပ်တွေ ဝင်သိမ်းထားပါတယ်။ ရှမ်းပြည်တွေကို စုစည်းပြီး ကမ္ဗောဇတိုင်းအဖြစ် မြန်မာပြည် အုပ်ချုပ်ရေးမှာ ထည့်သွင်းခဲ့ပေမယ့် ဂျပန်တပ်တွေပဲ အုပ်ချုပ်ခဲ့ပါတယ်။ စစ်အတွင်းမှာပဲ စော်ဘွားတချို့ ဗြိတိသျှနဲ့ ပူးပေါင်းပြီး ဂျပန်ဆန့်ကျင်ခဲ့ကြသလို မြေပြန့်က အာရှလူငယ်လှုပ်ရှားမှု ရှမ်းပြည်ကို ရောက်ရှိလာပြီး လက်ဝဲဝါဒပြန့်ပွားလာပါတယ်။ ရန်ကုန်တက္ကသိုလ် မြန်မာစာနည်းပြ ကိုတင်ဧ ထူထောင်တဲ့ ညောင်ရွှေက အလင်းရောင်စာကြည့်တိုက်ကနေ ၁၉၄၇ ပင်လုံစာချုပ်မှာ လူထုကိုယ်စားလှယ်အဖြစ် လက်မှတ်ထိုးမယ့် လူငယ်ခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး မြန်မာစစ်တပ်အခြေပြု ဖဆပလခေါင်းဆောင်တွေက လွတ်လပ်ရေး တောင်းဆိုလာချိန်မှာပဲ တောင်တန်းဒေသတွေကို ပြည်မနဲ့ ပူးပေါင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ တကယ်က ၁၉၄၅ မဟာမိတ်တွေ ပြန်ဝင်လာပြီးကတည်းက တောင်ပိုင်နဲ့ မိုးမိတ်စော်ဘွားတွေက ရှမ်းပြည်ကို မြန်မာ၊ အိန္ဒိယ၊ သီဟိုဠ်နဲ့ မလေးယားနိုင်ငံတွေလို သီးခြားလွတ်လပ်ရေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ညောင်ရွှေနဲ့ မြောက်သိန္နီစော်ဘွားကြီးတွေကလည်း ၃၅ နယ် ကွဲနေတဲ့ ရှမ်းပြည်ကို အားရှိလာအောင် ၁၂ နယ်ထိ စုစည်းပြီး စော်ဘွားတွေ အလှည့်ကျ အုပ်ချုပ်ဖို့ ၊ ဗြိတိသျှဓနသဟာယထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ရှမ်းပြည်မှာ စော်ဘွားတဦးကို ခန့်အပ် အုပ်ချုပ်ဖို့ အကြံပေးခဲ့ကြပါတယ်။ ၁၉၄၆ ပထမပင်လုံညီလာခံမှာလည်း မြန်မာပြည်မကို ဒိုမီနီယံအဆင့်ပေးရင် ရှမ်းပြည်ကိုလည်း သီးခြား ဒိုမီနီယံပေးဖို့ စော်ဘွားကောင်စီဥက္ကဋ္ဌ တောင်ပိုင်စော်ဘွားက တောင်းဆိုခဲ့ပါတယ်။

ဒီလိုစော်ဘွားပိုင်းက မြန်မာနဲ့ ပူးပေါင်းဖို့ နောက်တွန့်ကြပေမယ့် ရှမ်းလူငယ်လူထုကိုယ်စားလှယ်တွေနဲ့ မြန်မာခေါင်းဆောင်တွေ ရင်းနှီးမှုကြောင့် ၁၉၄၇ မှာ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး တောင်တန်းနဲ့ ပြည်မ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း စိုင်းခမ်းမိုင်းက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ရှမ်းပြည်နယ် စာအုပ်မှာ ရေးပါတယ်။ ရှမ်းပြည်ကို လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့၊ ခွဲထွက်လိုက အချိန်မရွေး ခွဲထွက်ခွင့်ပေးဖို့ ၊ အခွင့်အရေးနဲ့ အဆင့်အတန်း တန်းတူဖြစ်ဖို့ ဆိုတဲ့ ဦးတင်ဧတို့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ပူးပေါင်းကြတာ ဖြစ်ပါတယ်။ ယခု ယာယီပူးပေါင်းရေးသည် ရေရှည်ပူးပေါင်းရေးနှင့် ခွဲထွက်ရေးကို မထိခိုက်စေရဆိုပြီး ရှမ်းပြည်ဦးတင်ဧက အတိအလင်း ပြောကြားခဲ့ပါတယ်။

၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးချိန်မှာတော့ တောင်တန်းဒေသအတိုင်ပင်ခံဝန်ကြီး မိုင်းပွန်စော်ဘွား စဝ်စံထွန်း ကျဆုံးခဲ့ပါတယ်။

ကြယ်ငါးပွင့်ထဲက ရှမ်းပြည်နယ်

မြန်မာပြည် သမတထိ ဖြစ်ခဲ့တဲ့ စဝ်ရွှေသိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာပြည် သမတထိ ဖြစ်ခဲ့တဲ့ စဝ်ရွှေသိုက်

ရှမ်းပြည်ဟာ မြန်မာပြည်မနဲ့ ပူးပေါင်းတဲ့ ပြည်နယ်တွေထဲမှာ နယ်မြေအကြီးဆုံးနဲ့ နိုင်ငံရေး ဝါအရင့်ဆုံးဖြစ်သလို လူဦးရေလည်း များပြား စုံလင်ပါတယ်။ ဒါကြောင့် မြန်မာပြည်ထောင်စုရဲ့ ပထမဆုံး သမတအဖြစ် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ကို ရွေးချယ်ခဲ့သလို နောက်ပိုင်းမှာလည်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် မိုးမိတ်စော်ဘွား စဝ်ခွန်ချိုကို မြန်မာပြည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

နယ်ရှင်စော်ဘွားတွေ ပြည်သူ့လွှတ်တော် အမတ်ဖြစ်ခွင့်မရှိပေမယ့် မြန်မာပြည်ထောင်စု ပါလီမန်ရဲ့ လူမျိုးစုလွှတ်တော် နာယကအဖြစ်လည်း စဝ်ရွှေသိုက်နဲ့ စံကားစော်ဘွားကြီး စဝ်ခွန်ကြည်တို့ကို ခန့်အပ်ခဲ့ပါတယ်။ နောက်ပြီး စော်ဘွားအုပ်စုနဲ့ တခြားတောင်တန်းပြည်နယ် ခေါင်းဆောင်တွေရဲ့ စိတ်ချယုံကြည်မှုကို ရစေဖို့အတွက် လွတ်လပ်ရေးရပြီး ဆယ်နှစ်အကြာမှာ ခွဲထွက်ခွင့်ပေးခဲ့ပါတယ်။

ဒီလို ရှမ်းစော်ဘွားတွေကို နေရာပေးပေမယ့် မြန်မာပြည်ထဲ ရောက်နေတဲ့ ရှမ်းနယ်တွေကိုတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ထဲကို ထည့်သွင်းခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ရှမ်းဗမာနယ်တွေကို ထည့်သွင်းပေးရတဲ့အတွက်လည်း ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကို နှစ်သိမ့်ဖို့ ကချင်ပြည်နယ်က တင်မြှောက်တဲ့ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ် ၁၂ ယောက်မှာ ခြောက်ယောက်ကို ကချင်မဟုတ်သူတွေထဲက ရွေးကောက်တင်မြှောက်ဖို့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့ပါတယ်။

ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) ထောက်ခံသူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) ထောက်ခံသူ

၁၉၅၉ အိမ်စောင့်အစိုးရလက်ထက်မှာ ထိုင်း၊ တရုတ် နိုင်ငံတွေနဲ့ နယ်ချင်းစပ်နေတဲ့ ရှမ်းစော်ဘွားနယ်တွေမှာ ပဒေသရာဇ်အုပ်ချုပ်ရေးကို လျော်ကြေးပေးပြီး အဆုံးသတ်စေခဲ့ပါတယ်။ တရုတ်ဖြူကျူးကျော်မှုကာလကတည်းက ရှမ်းပြည်မှာ မြန်မာတပ်တွေချတာ၊ ဗထူးမြို့သစ်တည်ပြီး စစ်တက္ကသိုလ်ဆောက်တာတွေကို မကျေနပ်တဲ့ ရှမ်းအမျိုးသားရေးဝါဒီတွေအတွက် စော်ဘွားအုပ်ချုပ်ရေး ရပ်စဲမှုကြောင့် မီးလောင်ရာ လေပင့်ဖြစ်ပြီး ရှမ်းလက်နက်ကိုင် ပုန်ကန်မှုကို မီးဖွားပေးခဲ့ပါတယ်။

၁၉၆၁-၆၂ မှာ အရှိန်ရခဲ့တဲ့ ဖက်ဒရယ်မူတောင်းဆိုမှုမှာလည်း ၁၉၄၇ ပင်လုံစာချုပ်မှာ မြန်မာနဲ့ ပူးပေါင်းဖို့ အဆိုပြုခဲ့တဲ့ ရှမ်းခေါင်းဆောင်တွေ ပါဝင်ခဲ့ကြပါတယ်။ မွန်နဲ့ရခိုင်ပြည်နယ်သစ်တွေ ပေးမယ့်အချိန်မှာ မြန်မာပြည်မကိုပါ တပြည်နယ်သတ်မှတ်ပြီး ရှစ်ပြည်နယ်ပေးဖို့ တောင်းဆိုတဲ့ ဒီခေါင်းဆောင်တွေကို ပြည်ထောင်စုက ခွဲထွက်ရန် ကြံစည်တယ်ဆိုပြီး ၁၉၆၂ အာဏာသိမ်းစစ်ကောင်စီအစိုးရက စွပ်စွဲအကျဉ်းချခဲ့ပါတယ်။ ဒီဖိနှိပ်မှု အကျိုးဆက်အဖြစ် ရှမ်းပြည်တလွှားမှာ စစ်မီးအရှိန်တောက်ခဲ့ပြီး ညောင်ရွှေမဟာဒေဝီပါ တောခိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ မှာ တရုတ်ထောက်ပံ့တဲ့ ဗမာကွန်မြူနစ်တပ်တွေ ရှမ်းမြောက်နဲ့ ဝနယ်တွေကို ဝင်လာပြီးနောက် ရှမ်းပြည်နိုင်ငံရေး ပိုမိုရှုပ်ထွေးသွားပြီး နောက် အနှစ် ၂၀ လုံးလုံး စစ်မီးတောက်တွေနဲ့ လွှမ်းနေခဲ့ပါတယ်။ ကမ္ဘာ့စစ်အေးအရှိန်နဲ့ ရှမ်းပြည်တပ်မတော်လည်း တောင်နဲ့ မြောက် နှစ်ခြမ်းကွဲခဲ့ပါတယ်။

ရှမ်းမြောက်မှာ ကြီးထွားလာတဲ့ တအာန်းပလောင်တပ်သစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှမ်းမြောက်မှာ ကြီးထွားလာတဲ့ တအာန်းပလောင်တပ်သစ်

ငြှိမ်းမရတဲ့ မီးတောက်မီးလျှံများ

၁၉၈၉ ဗကပ ပြိုကွဲအပြီး ရှမ်းပြည်တလွှားမှာ အပစ်ရပ်စဲရေးတခေတ်ပေါ်လာပေမယ့် ၂၀၀၉ ကိုးကန့်ကို နယ်ခြားစောင့်တပ် ပြောင်းခိုင်းရာကနေ သေနတ်ပြန်ပေါက်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ TNLA ခေါ် တအာန်းပလောင်တပ်သစ် ရှမ်းမြောက်မှာ ပေါ်လာခဲ့ပါတယ်။ စစ်တပ်စည်းမျဉ်းခံ ဒီမိုကရေစီခေတ် ဆယ်နှစ်အတွင်း ရှမ်းပြည်တလွှားမှာ နဂိုရှိရင်း ဝ၊ ရှမ်းမြောက်နဲ့ ရှမ်းတောင်တပ်တွေအပြင် စစ်အစိုးရနဲ့ နီးစပ်တဲ့ ပအိုဝ်းလက်နက်ကိုင်တပ်တွေဟာ လက်နက်အသင့် ငြိမ်းချမ်းရေးအဖြစ် ရပ်တည်နေခဲ့ပါတယ်။ ၂၀၁၆ ကစပြီး ရခိုင်၊ ကချင်၊ ကိုးကန့်နဲ့ တအာန်းတပ်တွေ ပေါင်းပြီး မြောက်ပိုင်းမဟာမိတ်ဖွဲ့ခဲ့သလို ၂၀၁၉ မှာတော့ ကချင်မပါဘဲ ကျန်တဲ့သုံးဖွဲ့ပေါင်းပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ ဖွဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်တလွှားက မြို့ရွာအတော်များများ ဒီမဟာမိတ်သုံးဖွဲ့လက်ကို ကျခဲ့ပြီး ခုထိ စစ်မီး ငြှိမ်းမရ ဖြစ်နေပါတယ်။

ရှမ်းအရှေ့ပိုင်းက ရှမ်းတောင်တပ်နဲ့ ဝတပ်ကြားက နယ်မြေလုမှု၊ ရှမ်းတပ်နှစ်ဖွဲ့ကြားက ပဋိပက္ခ၊ ရှမ်းမြောက်မှာ နယ်မြေကိစ္စ အငြင်းပွားစပြုလာတဲ့ တအာန်း၊ ကိုးကန့်နဲ့ ကချင်တပ်တွေကြားက ပြိုင်ဆိုင်မှုစတဲ့ အားနည်းချက်တွေ ရှိပေမယ့် ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာပြည် အရှေ့မြောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာစစ်တပ်ကြား ကြားခံဇုန်ကြီးအဖြစ် ပေါ်ထွန်းလာပါတယ်။ ရှမ်းမြောက်မှာ စစ်မီးငြိမ်းအောင် တရုတ်နဲ့ စစ်ကောင်စီက ဖိအားပေးပေမယ့်လည်း ခုထိ အောင်မြင်သေးမယ့် လက္ခဏာ မရှိပါဘူး။

လက်ရှိ ရှမ်းပြည်အခြေအနေဟာ သီပေါမင်းလက်ထက်နဲ့ ပါတော်မူစက ရှမ်းပြည်တွင်းစစ်အခြေအနေနဲ့ ဆင်တူပေမယ့်လည်း အဓိက အားပြိုင်ကြသူတွေထဲမှာ ရှမ်းတပ်တွေ မပါတာက ထူးခြားပါတယ်။ လူမျိုးစုံပြီး ပြည်ထောင်စုထဲက ပြည်ထောင်စုကလေးတခု ဖြစ်နေတဲ့ ရှမ်းပြည်ရဲ့ အနာဂတ်ဟာလည်း မရေမရာ ရှိလှပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာလည်း ရှမ်းနီအမျိုးသားများတပ်မတော်ဆိုပြီး စစ်ကောင်စီ၊ ရှမ်းတောင်တပ်တွေနဲ့ မဟာမိတ်ပြုထားတဲ့ ရှမ်းတပ်တတပ် လှုပ်ရှားနေပါတယ်။

ရှမ်းမြောက်က စစ်ဒဏ်ခံ လားရှိုးမြို့ကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှမ်းမြောက်က စစ်ဒဏ်ခံ လားရှိုးမြို့ကြီး
 
မူရင်းလင့်ခ် _ https://www.bbc.com/burmese/articles/c2dg36lgn24o?fbclid=IwY2xjawIXzEpleHRuA2FlbQIxMQABHT2bmWbchsqOMp05lYreTKK4wLbw6QIDbjPUqyhEVUmJHDNpwMVCS4OJXg_aem_Nw9ZFlhxw9Aek0haSJxyQA 

Wednesday, January 22, 2025

သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၄)

 


CNI Article 

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၇

ရေးသားသူ-Maha Sila Virawang  

ရှမ်းနီတိုင်းရင်းသားများ၏ မိုးကောင်းမြို့ပြနိုင်ငံသည် နန်စောအင်ပါယာ၏ လက်အောက်ခံ ပဏ္ဏာဆက် နိုင်ငံဖြစ် သည့် မိုင်းမောနိုင်ငံက လာရောက်သော မင်းဆက်၏ ထူထောင်မှုဖြင့် စတင်ခဲ့ပုံနှင့် မိုးကောင်းမြို့ပြနိုင်ငံကို တည် ထောင်ရာတွင် နန်စော အင်ပါယာ၏ အထောက်အပံ့ ပါဝင်ခဲ့ပုံကို ယခင်တစ်ပတ်က သုံးသပ်တင်ပြခဲ့ပါသည်။ 

ထို့အပြင် လက်ရှိ အထက်မြန်မာနိုင်ငံဟုဆိုသော ဒေသများတွင် အချိန်တိုကာလအတွင်း ညီနောင်မြို့ပြ နိုင်ငံများ ကို  ထူထောင်နိုင်ခြင်းသည် ခရစ်တော်မပေါ်မီ ကာလကတည်းက ရောက်ရှိပြီး မြို့/ရွာ တည်ထောင်လျက် နေထိုင်လျက် ရှိကြသည့် တိုင်း-တရုတ် ဘာသာစကားပြော ရှမ်းမျိုးနွယ်စုကြီးနှင့် အခြေခံ လူမှုစီးပွားအင်အား ပူးပေါင်းနိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်ကိုလည်း သုံးသပ်တင်ပြခဲ့ပါသည်။ 

ထိုသို့ နန်စောအင်ပါယာ၏ အကူအညီဖြင့် ရောက်လာခဲ့ကြသည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုမှ ဒုတိယအုပ်စုနှင့် ခရစ်တော်မပေါ်မီ ကတည်းက ရောက်ရှိနေသော တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်းမျိုးနွယ်စုမှ ပထမအုပ်စုတို့၏ ပေါင်းစည်းနိုင်ခြင်းသည် နယ်ပယ်သစ်များ ထပ်မံချဲ့ထွင်နိုင်ရန် အခြေခံ အကြောင်းတရားတစ်ရပ် ဖြစ်လာသည်ဟူ၍ပါ သုံးသပ်နိုင်ပေသည်။ 

ဤသုံးသပ်ချက်များကို ပို၍ခိုင်မာစေသည်မှာ နန်စောအင်ပါယာ၏ လက်ရှိအထက်မြန်မာပြည်ဟု ဆိုသောဒေသ များသို့ တိုက်ရိုက်ချီတက် သိမ်းသွင်းလာနိုင်ခြင်း၊ နန်စောအင်ပါယာ၏ လက်အောက်ခံ ပဏ္ဏာဆက် နိုင်ငံဖြစ်သည့် မိုင်းမောနိုင်ငံက မိုးကောင်းမြို့ပြနိုင်ငံသို့ မင်းဆက်မပြတ်စေရန်  ထပ်မံစေလွှတ်ခြင်းနှင့် နန်စော အင်ပါယာ ပြုတ်ကျပြီးနောက် ထပ်မံပေါ်ပေါက်လာသည့် တာ့လီအင်ပါယာ လက်ထက်အထိတိုင် မိုးကောင်းမြို့ပြနိုင်ငံကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် မြို့တော်သစ်ကို ထပ်မံထူထောင်စေခြင်းဆိုသည့် အချက်များကြောင့် ဖြစ်ပါသည်။ 

ဤအချက်များနှင့် ပတ်သက်၍ ရှင်းလင်းစွာ သိမြင်နိုင်စေရန် နန်စောအင်ပါယာ စတင်ပုံနှင့် အထက်မြန်မာနိုင်ငံ ဖြစ်လာမည့် ဒေသများသို့ နန်စောအင်ပါယာက သိမ်းသွင်းခဲ့သည်များကို ဦးစွာဖော်ပြပါမည်။

ထိုသို့ ဖော်ပြမှသာ နန်စောအင်ပါယာနှင့် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာ စကားပြောသည့် ရှမ်းမျိုးနွယ်စုများ၏ ဆက်စပ်မှုကို ပေါ်လွင်စွာ သိမြင်နိုင်မည် ဖြစ်ပါသည်။ 

ရှမ်းသမိုင်း သုတေသနပညာရှင် ဆရာစိုင်းခမ်းမိုင်း၏ သုတေသနစာတမ်း ပေါင်းချုပ်ဖြစ်သည့် “Selected Writings of Sai Kham Mong, Volume I” တွင် နန်စောနိုင်ငံကို အေဒီ ၆၄၉ ခုတွင် နန်စောမင်းစီနုလို (Sinulo- Sihanara)က တည်ထောင်ကြောင်း ဖော်ပြထားပါသည်။ 

ရှမ်းနီအမျိုးသားနေ့ တက်ရောက်လာသော ရှမ်းနီတိုင်းရင်းသားတစ်ဦးကိုတွေ့ရစဉ်

သို့သော် စီနုလိုမင်း လက်ထက်တွင် မိုင်းဆေ စဝ်(Moung Mong- Tse/Mong- She- Chao)မြို့ပြနိုင်ငံကို သာ အုပ်ချုပ်နိုင်ပြီး ကျန်(၅)နိုင်ငံနှင့် ပူးပေါင်း၍ စုပေါင်း အုပ်ချုပ်သည့်စနစ်(ဂဏစနစ်)ဖြင့် အုပ်ချုပ်ကာ လွတ် လပ်သည့် ပြည်ထောင်စုစနစ်ပုံစံဖြင့် စတင်ခဲ့ ဟန်ရှိသည်။ 

ထိုသို့ စုပေါင်းအုပ်ချုပ်သည့် စနစ်ကိုလည်း စီနုလိုမင်းသည် မိုင်းဆေစဝ်(Moung Mong- Tse/Mong- She- Chao) တွင် နန်းတက်အပြီး အေဒီ ၆၅၀ ခုတွင် စတင် ဖော်ဆောင်ခဲ့ဟန် တူပါသည်။ 

ဤအချက်ကို ရှမ်းသမိုင်းပညာရှင် ဆရာစိုင်းအောင်ထွန်း၏ “History of The Shan State: From Its Origins To 196”တွင် “In AD650 the Ai Lao rulers united and organized six Chao states into one powerful confederated state name Nan- Chao.” ဟူ၍ ဖော်ပြထားပါသည်။

ထိုသို့ ဆရာဖော်ပြထားသည့် Ai Lao ဆိုသည်မှာ နန်စောမင်းရိုးသည် ယခင်က ရှိခဲ့သည့် Ai Lao နိုင်ငံ (အေဒီ ၄၇-၂၂၅)က ဆင်းသက်လာမှုကို ညွှန်းဆိုထားခြင်း ဖြစ်ပါသည်။ 

ထိုနန်စော(၆)နိုင်ငံသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်း တည်ရှိခဲ့ပြီး

1. Muong Mong-Sui                     > Mong- Hi- Chao

2. Muong Ia-Tse                     > Che- Chai- Chao

3. Muong Lang-Kong                     > Chien- Lang- Chao

4. Muong Theng-Tsieng                 > Teng- Shan- Chao

 5. Muong Tse-Lang                     > Shi- Lang- Chao

6. Muong Mong-Tse (Muong Sae or Muong Nong-Sae)     > Mong- She- Chao ဟူ၍ ခေါ်ဆိုသည်ဟု လာအို သမိုင်းပညာရှင် Maha Sila Viravong ၏ “HISTORY OF LAO”သမိုင်းမှတ်တမ်းနှင့် ဆရာစိုင်းအောင်ထွန်း၏  “History of The Shan State: From Its Origins To 196”ကျမ်းတွင် ဖော်ပြထားပါသည်။ 

နန်စော၏ ကနဦးကာလတွင် အဆိုပါ(၆)နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရင်း တန်အင်ပါယာ (တရုတ် နိုင်ငံ)၊ တိဗက်နိုင်ငံတို့နှင့်သာ ဆက်ဆံရေး ထူထောင်နိုင်ဦးမည်ဟု သုံးသပ်ပါသည်။ 

ရှေးယခင်က ရှမ်းနီတိုင်းရင်းသားများ၏ လူနေမှုပုံစံကိုတွေ့ရစဉ်

လက်ရှိ အထက်မြန်မာပြည် ဖြစ်လာမည့် ဒေသများကို သိမ်းသွင်းရန် အတွက်ကိုမူ စီနုလိုမင်း၏ မြစ်တော် ဖီလော်ကော်မင်း(Pi- Lo- Ko)လက်ထက်အထိ ပြင်ဆင်နိုင်သေးဟန် မတူပါ။ အဘယ့်ကြောင့်ဆိုသော် ဖီလော် ကော်မင်း (Pi- Lo- Ko)မင်း လက်ထက် ရောက်သည့် အခါမှသာ မိုင်းဆေစဝ်(Moung Mong- Tse> Mong- She- Chao)မြို့ပြနိုင်ငံနှင့် ကျန်(၅) နိုင်ငံကို ပူးပေါင်း၍ နန်စောအင်ပါယာအဖြစ် စတင်ဖွဲ့စည်းနိုင်သောကြောင့် ဖြစ်ပါ သည်။ 

ဤသည်ကို ဆရာဝေါင်းမိန်းခမ်း၏ “နန်စော ကျောက်စာဘာသာပြန် ဆောင်းပါး”၊ ဆရာစိုင်းအောင်ထွန်း၏  “History of The Shan State: From Its Origins To 196”ကျမ်းနှင့် ဆရာတော် အရှင်သုခမိန္ဒ(တန့်ယန်း)၏ M.A ဘွဲ့ယူ ကျမ်းဖြစ်သည့် “ရှမ်းတိုင်း ရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓ‌လေ့ထုံးစံများ”စာအုပ်တွင် တစ်ညီတစ် ညွတ်တည်း ဖော်ပြထားပါသည်။

စီနုလိုမင်း၏ တီတော်ဖြစ်သော နန်စောမင်း ခိုလိုဖုန်းသည် အေဒီ ၇၄၈ ခုတွင် နန်စောအင်ပါယာ၏ မင်းဖြစ် လာ ကြောင်းနှင့် ထိုမင်းသည် နန်ချောင်ခေတ်တွင် ထူးချွန်ထက်မြက်၍ အင်အားကြီးမားကြောင်းကို ဆရာတော် အရှင် သုခမိန္ဒ(တန့်ယန်း)၏ M.A ဘွဲ့ယူကျမ်းဖြစ်သည့် “ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓ‌လေ့ ထုံးစံ များ” စာအုပ်နှင့် ဆရာစိုင်းခမ်းမိုင်း၏ “Selected Writings of Sai Kham Mong, Volume I” တို့တွင် တူညီစွာ ဖော်ပြထားသည်ကို တွေ့ရသည်။

G.E.HARVEY ၏ “History of Burma”စာအုပ်တွင် ထိုမင်းလက်ထက် အေဒီ ၇၅၄ ခု၌ နန်ချောင်အင်ပါယာသည် ဧရာဝတီမြစ် အထက်ပိုင်းဒေသရှိ မျိုးနွယ်စုများကို သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ 

ဤဖော်ပြချက်နှင့် ပတ်သက်၍ နန်စောမင်းခိုလိုဖုန်း၏ အေဒီ၇၅၆ ခုတွင် ရေးထိုးထားသည့် ကျောက်စာပါ မှတ်တမ်းတွင်-

“ဤတွင်ရွှင်ချွန်(尋傳) ဟူသော ဒေသရှိလေသည်။ ထိုနေရာသည် ယခုအခါတွင် ထွက်ကုန်ပေါများပြီး မြေဆီ မြေဩဇာကောင်းကာ လူသူများ ချမ်းသာကြွယ်ဝနေသည်။ ထိုဒေသမှ  တောင်ဖက်လားသော် ဘော်ဟိုင်း(渤海)သို့ ရောက်ပြီး၊ အနောက်ဖက်သို့လားသော် တာ့ချင်(大秦)သို့ ရောက်သည်။ လောကကို ဖန်ဆင်းချိန် ကာလက စ၍ ထိုနေရာသည် ယဥ်ကျေးမှု မထွန်းကားသေးပေ။ ရှီဟွမ်(羲皇)ခေတ်ပြီး ကတည်းမှစ၍ ယနေ့တိုင် စစ်သည် လက်နက်ချပ်ဝတ်များ မပေါများ(မရှိ)ခဲ့ချေ။ စဝ်(詔နန်စောဘုရင်)မှ သူတို့အား အဆင့်မြင့်သော ဝတ်စားဆင် ယဥ်မှု၊ ယဥ်ကျေးသော အမူအကျင့်များနှင့် ထုံးတမ်းစဥ်လာများ ရှိလာစေရန် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် ဆန္ဒရှိခဲ့လေသည်။ ဇန့်ဖူဇုံးနန်းစံ ဒသမနှစ်မြောက်၏ ဆောင်းရာသီတွင် ဘုရင်သည် နန်းတွင်းအခြံအရံများနှင့် အတူ စစ်သည်တော် အပေါင်းတို့နှင့်တကွ တောအုပ်များကိုဖြတ်ကာ လှေနှင့်တံတားများကို တည်ဆောက်ခဲ့လေ သည်။ ဂုဏ်အရှိန်အဝါကိုသိစေရန် စစ်အင်အားကိုပြကာ ဉာဏ်အလင်းရစေရန် စာပေပညာများ ပြလေသည်။”  ဟူ၍ ရေးထိုးထားကြောင်းကို ဆရာဝေါင်းမိန်းခမ်း၏ “နန်စော ကျောက်စာဘာသာပြန်ဆောင်းပါး”တွင် တွေ့ရသည်။

ဤကျောက်စာပါ မှတ်တမ်းနှင့် “History of Burma”စာအုပ်ကို နှိုင်းယှဥ်လေ့လာရာတွင် အဖြစ်အပျက် များမှာ ထပ်တူညီနေသည်ဟု သုံးသပ်နိုင်ပါသည်။ 

ကျောက်စာတွင် ဖော်ပြထားသည့် ရွှင်ချွန်(尋傳)ဒေသ ဆိုသည်မှာ အထက်မြန်မာပြည်ရှိ ဧရာဝတီမြစ်၏ အရှေ့ပိုင်း ဒေသကြီးဖြစ်ရာ နန်စောမင်းသည် သူ၏စစ်တပ်ကြီးနှင့်အတူ  အေဒီ ၇၅၄ ခုတွင် ၎င်းဒေသအား ကိုယ်တိုင် ဝင်ရောက်သိမ်းပိုက်ကြောင်း သုံးသပ်နိုင်ပေသည်။

ထို့အတူ နန်စောအင်ပါယာသုံး စာပေ၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများသည် ဤကာလကစ၍ အထက် မြန်မာပြည်တွင် ပို၍ထွန်းကားလာမည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။ 

သို့ဖြစ်လျှင် အထက်မြန်မာပြည်၊ ဧရာဝတီမြစ်ဝှမ်းတွင် ခရစ်တော်မပေါ်မီ ကာလကတည်းက ရောက်ရှိ၍ မြို့ပြနိုင်ငံငယ်များ တည်ထောင်နေသော ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြော သည့် ရှမ်းမျိုးနွယ်စုတို့သည် အေဒီ ၇၅၄ ခုတွင် နန်စောအင်ပါယာနှင့် တိုက်ရိုက် ထိတွေ့ရကြောင်းကိုပါ သုံးသပ် သိမြင်နိုင်ပေသည်။ 

နန်စောအင်ပါယာနှင့် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်း မျိုးနွယ်စုတို့ တိုက်ရိုက် ထိတွေ့ဆက်ဆံသည်ဟု ဆိုရခြင်းမှာ အေဒီ ၇၅၄ ခု မတိုင်မီကာလ အေဒီ ၇၂၂ ခုတွင်ပင် နန်စောအင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဖြစ်သော မိုင်းမောနိုင်ငံကလာသည့် မင်းရိုးသည် မိုးကောင်းမြို့ပြနိုင်ငံကို ထူထောင်ခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ထိုသို့ မိုးကောင်းမြို့ပြနိုင်ငံကို ထူထောင်စဉ်ကာလက နန်စောအင်ပါယာနှင့် ဆက်ဆံရာတွင် မိုင်းမော နိုင်ငံကတဆင့် ဆက်ဆံရသော်လည်း နန်စောမင်း ခိုလိုဖုန်း ကိုယ်တိုင် ဦးဆောင်၍ ဧရာဝတီမြစ် အရှေ့ပိုင်းဒေသ ကြီးသို့ ဝင်ရောက်သိမ်းပိုက်လာသည့် အခါတွင်မူ မိုးကောင်းမြို့ပြနိုင်ငံသည် နန်စော အင်ပါယာနှင့် တိုက်ရိုက် ဆက်ဆံသည့် အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးမည်ဟု သုံးသပ်ရပေသည်။

ထို့အတူ အင်ပါယာအတွက် အခွန်ဘဏ္ဍာနှင့် စစ်သည်အင်အား ဖြည့်ဆည်းနိုင်မည့် မိုးကောင်းမြို့ပြနိုင်ငံ အပေါ် နန်စောမင်းတို့မှာ အုပ်ချုပ်ရေး တည်မြဲစေရန်အတွက် အထူးဂရုပြုကြလိမ့်မည်ဟု သုံးသပ်ရပေသည်။

ထို့ကြောင့် မိုးကောင်းမြို့ပြနိုင်ငံတွင် မင်းဆက်ပြတ်သည့်အခါ မူလမင်းရိုးဖြစ်သည့် မိုင်းမောမင်းရိုးကို ဆက်လက် ခန့်ထားအုပ်ချုပ်စေခဲ့သည်ကို ရှမ်းသမိုင်းမှတ်တမ်းတစ်ခုဖြစ်သည့် အုန်းဘောင်မင်းဆက် ရာဇဝင်တွင် ဖော်ပြထားပါသည်။ 

လာမည့်တစ်ပတ်တွင် နန်စောအင်ပါယာသည် မိုးကောင်းမြို့ပြနိုင်ငံ၏အားဖြင့် မြန်မာပြည်အလယ်ပိုင်း ဖြစ်လာမည့်ဒေသများရှိ ပျူမြို့များကို တိုက်ခိုက်သိမ်းသွင်းခဲ့ပုံကို သမိုင်းအထောက်အထားများနှင့် တင်ပြသွားပါမည်။ 

ထို့အပြင် နန်စောအင်ပါယာ ပြုတ်ကျပြီးနောက် ထပ်မံထူထောင်သော တာလီအင်ပါယာ လက်အောက် တွင် မိုးကောင်းမြို့ပြနိုင်ငံကို ထပ်မံထူထောင်ပုံနှင့် အုပ်ချုပ်သည့်မင်းရိုး အပြောင်းအလဲဖြစ်ပုံတို့ကို သမိုင်း အထောက်အထားများနှင့် သုံးသပ်တင်ပြသွားပါမည်။ 

ရှမ်းနီအမျိုးသားနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းရှင်းပြထားစဉ်

Maha Sila Virawang  

ကျမ်းကိုး-

၁။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့်ဓ‌လေ့ထုံးစံများ။ ၂၀၁၃။ သာသနာတော် ထွန်းကာပြန့်ပွားရေးဦးစီးဌာန။ ရန်ကုန်။ 

၂။ ဝေါင်းမိန်းခမ်း၊ နန်စောကျောက်စာ ဘာသာပြန်ဆောင်းပါး။ 

3. Carmaen Eva Marseille, Shan-Ni Grammar and Processes of Linguistic Change, Leiden University, 2019.

4. G.E.HARVEY, HISTORY OF BURMA; From the Earliest Time to 10 March 1824, The Beginning of the English Conquest, FRANK CASS & CO. LTD, 1967.

5. Sai Aung Tun, History of The Shan State: From Its Origins To 1962, Silkworm Books, Illustrated edition, January7,2009.

6.  Sai Kham Mong, Selected Writings of Sai Kham Mong, Volume-1, Tri Awards Co., Ltd, 2023. 

ဆက်စပ်လေ့လာသည့် မှတ်တမ်းများ-

၁။ ၁။ ခင်သိန်း၊ ‌ဒေါ်(ပါမောက္ခ၊ မြန်မာစာဌာန)။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်။ မြစ်ကြီးနားတက္ကသိုလ်။ www.Shanyoma.org.

၂။ ပါတောင်ဆရာတော်၏ ပုရပိုက်မှတ်တမ်း။

3. Pu Loi Hom Hom and Pu Loi Tun, THE FOUNDING OF MONG KAWNG, www.Shanyoma.org.

4. Scott.J.George, GAZETTEER OF UPPER BURAM AND THE SHAN STATE, PART-I, VOL-I, Superintendent, Government Printing Press, 1900. 

 Original Article Link: https://cnimyanmar.com/index.php/article-2/opinoin/16864-2023-08-26-10-31-55

သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၃)

 


၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၀

ရေးသားသူ- Maha Sila Virawang   

ပြီးခဲ့သည့်အပတ်က ရှမ်းနီတိုင်းရင်းသားများ၏ ဘိုးဘေးများဖြစ်ကြသော တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်းမျိုးနွယ်စုများ၏ အထက်မြန်မာပြည်တွင် မြို့ပြနိုင်ငံ တည်ထောင်မှုများသည် ခရစ်တော်မပေါ်မီ ကာလကပင် စတင်နေခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိချက်များကို ဖော်ပြခဲ့ပါသည်။

ထိုကဲ့သို့ မြို့ပြနိုင်ငံငယ်များ ထူထောင်ကာ အခြေချ နေထိုင်လာခဲ့ခြင်းသည် ခရစ်တော် ပေါ်ထွန်းပြီးနောက်တွင် ပေါ်ပေါက်လာမည့် လက်နက် နိုင်ငံတော်ကြီးများအတွက် အခြေခံအင်အားစုကောင်းများ ဖြစ်လာခဲ့ပါသည်။

တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုများ၏ ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် အသွင်သဏ္ဍာန် အားဖြင့် တူညီသော မြို့ပြနိုင်ငံကြီးများနှင့် ပေါင်းစုထားသည့် ပြည်ထောင်စုစနစ်သည် လက်ရှိ ရှမ်းနီတိုင်းရင်းသား များ နေထိုင်သော အထက်မြန်မာပြည်ရှိ မြို့ပြနိုင်ငံကြီးများ၊ အထူးသဖြင့် မိုးကောင်းမြို့ပြနိုင်ငံကို အခြေခံလျက် ထွန်းကားလာခဲ့သည်။

ဤသည်ကို ခေတ်ပြိုင်သမိုင်း မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေး ဖော်ထုတ်ကာ တင်ပြသွားပါမည်။

ပထမဆုံး တင်ပြလိုသည်မှာ ရှမ်းနီတိုင်းရင်းသားများ၏ ဘိုးဘေးများဖြစ်သော တိုင်း-တရုတ် ဘာသာစကားပြော သည့် ရှမ်းမျိုးနွယ်စုများ တည်ထောင်သည့် မိုးကောင်းမြို့ပြနိုင်ငံအကြောင်း ဖြစ်ပါသည်။

ဤမှတ်တမ်းသည် ပါတောင်းဆရာတော်၏ ပုရပိုက်မှတ်တမ်းမှ ထုတ်နုတ် ရရှိသည်ဟု ဆိုပါသည်။

မိုးကောင်းမြို့ တည်နေရာကိုတွေ့ရစဉ်

ပုရပိုက်မှတ်တမ်းအရ “မိုးကောင်းမြို့ကို ကောဇာသက္ကရာဇ် ၈၄ ခု(အေဒီ ၇၂၂)တွင် နောင်တော်ကြီး စဝ်အိုက်က လည်းကောင်း၊ မိုးညှင်းမြို့ကို ကောဇာသက္ကရာဇ် ၈၅ ခု(အေဒီ ၇၂၃)တွင် ညီတော်အလတ် စဝ်ညီကလည်းကောင်း၊

အင်းတော်ကြီးအနီးရှိ မိုးပင်းမြို့ကို ကောဇာသက္ကရာဇ် ၈၆ ခု(၇၂၄)တွင် အငယ်ဆုံးညီတော် စဝ်ဆမ်ကလည်း ကောင်းအသီးသီး တည်‌ထောင်အုပ်စိုးကြောင်း ဖော်ပြထားပါသည်။

ဤညီနောင်(၃)ပါး၏ မျိုးရိုးကို လေ့လာရာတွင် မိုင်းမောစော်ဘွား၏ သားတော်(၃)ပါးဟု ပုရပိုက်တွင် ဖော်ပြထား ကြောင်း လေ့လာသိရှိရသည်။

ပုရပိုက်ပါ မှတ်တမ်းအရ ဆက်လက် သိရှိရသည်မှာ “မိုးပင်းမြို့တည်မင်း စဝ်ဆမ်သည် စဝ်ဆမ်လုံခူးမိန်းဘွဲ့ကို ခံယူကြောင်း၊ အင်းတော်ကြီးနယ်နှင့် ကျောက်စိမ်းတွင်း နယ်မြေများကို စုပေါင်းလျက် မိုးပင်းနယ်မြေ၊ ငွန်စင်းနယ် မြေ၊ စည်ခမ်းနယ်မြေ၊ မောက်တောင်း နယ်မြေဟူ၍ နယ်ပယ်(၄)ရပ် ဖွဲ့စည်းကာ အုပ်ချုပ်ကြောင်း၊ မိုးကောင်း တည်မင်း စဝ်အိုက် ကွယ်လွန်ရာတွင် မိုးပင်းမြို့တည်မင်း စဝ်ဆမ်သည် ဖာတင်စန့်တင်းမိန်းဘွဲ့ဖြင့် မိုးကောင်းမြို့ ပြကို အုပ်ချုပ်ကြောင်း”ဟူ၍ ဖြစ်ပါသည်။

ဤမှတ်တမ်းနှင့် ပတ်သက်၍ Carmaen Eva Marseille ပြုစုသည့် “Shan-Ni Grammar and Processes of Linguistic Change” ဟူသော မဟာဘွဲ့ယူကျမ်းတွင်လည်း ဆက်စပ်ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ဒုတိယ တွေ့ရှိရသည့် မိုးကောင်း မြို့ပြနိုင်ငံ၏ သမိုင်းမှတ်တမ်းသည် နှုတ်ပြော သမိုင်းမျိုးဖြစ်၍ ဒဏ္ဍာရီ ဆန်နေပါသည်။

သို့သော် ထိုဒဏ္ဍာရီ ဆန်နေသည့် နှုတ်ပြောသမိုင်းကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင် ပြည်နယ်အတွင်း နေထိုင်ကြသော ရှမ်းနီတိုင်းရင်းသားများသာမက အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်နှင့် အရူနာချာ ပရာဒေ့ရှ် ပြည်နယ်တွင် နေထိုင်ကြသည့် ဖာကေရှမ်းမျိုးနွယ်စုနှင့် ခမ်းယန်းရှမ်းမျိုးနွယ်စုများကပါ ထပ်တူထပ်မျှ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ပြောကြားနေကြခြင်းမှာ ထူးခြားပါသည်။

မိုးညှင်းမြို့ အ၀င်ကိုတွေ့ရစဉ်

ထိုနှုတ်ပြော သမိုင်းကို ဗြိတိသျှအစိုးရ အရာရှိဖြစ်သူ J.George Scott မှတ်တမ်းတင် ရေးသားသည့် “GAZETTEER OF UPPER BURMA AND THE SHAN STATE PART- I, VOL - I”နှင့် ရှမ်းသမိုင်းပညာရှင် Pu Loi Hom နှင့် Pu Loi Tun တို့ ပူးတွဲရေးသားထားသည့် “THE FOUNDING OF MONG KAWNG” သမိုင်းသုတေသန ဆောင်းပါးတွင် ထည့်သွင်း၍ ဖော်ပြထားပါသည်။

ထို့နောက် အဆိုပါ နှုတ်ပြောသမိုင်းအရ မိုးကောင်းကို တည်ထောင်သူမှာ ဆေကော်ဖမင်းဖြစ်၍ ခမည်း တော် ကျားဖြူမင်းနှင့် မယ်တော် စဝ်နန်းလှ(ဝါ)စောလှတို့က ဖွားမြင်သည့် သားတော်ကြီး ဖြစ်ပါသည်။

သူသည် မိုးညှင်းတည်မင်း ဆေကျန်ဖ၊ မိုးမိတ်တည်မင်း ဆေငံဖ၊ ဝန်းသိုမင်း ဆေဟွမ်ဖ တို့နှင့် ညီတော် နောင်တော်အရင်း တော်စပ်သူဖြစ်သည်။  ၎င်းတို့ကို မြို့ပြနိုင်ငံ တည်ထောင်သည့် မင်းများ ဖြစ်လာစေရန် အဓိက ကူညီထောက်ပံ့သူမှာ မယ်တော် စဝ်နန်းလှ၏ ခမည်းတော်ဖြစ်သော ဘိုးတော်ဥတည်ဘွားမင်း ဖြစ်သည်။

ထို့အပြင် ခမည်းတော် ကျားဖြူမင်း၏ အကူအညီကိုလည်း ရယူခဲ့ရသည်ဟု နှုတ်ပြောသမိုင်းတွင် ဖော်ပြထားပါ သည်။ ဤတွင် ဗြိတိသျှအစိုးရ အရာရှိဖြစ်သူ J.George Scott မှတ်တမ်းတင်ရေးသားသည့်  “GAZETTEER OF UPPER BURMA AND THE SHAN STATE PART- I, VOL - I”၌ ဆေကော်ဖှမင်းသည် မိုးကောင်းကို သက္ကရာဇ် ၃၀၀ ခု(အေဒီ ၉၃၈)တွင် တည်ထောင်ကြောင်း ဖော်ပြထားပါသည်။

မိုးကောင်းမြို့ပြနိုင်ငံနှင့် ပတ်သက်၍ တတိယတွေ့ရရှိရသည့် မှတ်တမ်း(၃)စောင်ကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ထိုမှတ်တမ်း(၃)စောင်မှာ ဇမ္ဗူ့ဒီပ ဦးဆောင်းကျမ်း၊ မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းနှင့် အုန်း ဘောင်မင်းဆက် ရာဇဝင်တော်ကျမ်းတို့ ဖြစ်ပါသည်။

ဇမ္ဗူ့ဒီပဦးဆောင်းကျမ်းနှင့် မိုးမိတ်ရာဇဝင် တော်သစ်ကျမ်းများအရ မိုးကောင်းမြို့သည် အေဒီ ၉၉၁ ခုတွင် တည်ရှိ နေပြီဖြစ်ပြီး “ကျိုင်းဟုံရွှေနန်းရှင်သည် သားတော်ဖြစ်သူ ဆေဟိုင်းဖကို မိုးကောင်းမြို့အား အုပ်ချုပ်ရန် ပေးအပ် သည်”ဟူ၍ ဖော်ပြထားပါသည်။

ခန္တီးစော်ဘွားကို သမိုင်းမှတ်တိုင်ကိုတွေ့ရစဉ်

အုန်းဘောင်မင်းဆက် ရာဇဝင်တွင်မူ “မိုင်းမောမြို့ပြနိုင်ငံ၏ မင်းဖြစ်သူ ခွန်လူး၏ သားတော်ဖြစ်သော ခွန်ခမ်း ထွန်းသည် မိုးကောင်းကို အုပ်ချုပ်ရကြောင်း” ဖော်ပြထားသည်ကို တွေ့ရပါသည်။

မိုးကောင်းမြို့ပြနိုင်ငံနှင့် ပတ်သက်သည့် သမိုင်းမှတ်တမ်းများကို သုံးသပ်ရလျှင် မိုးကောင်းကို အစောဆုံး တည် ထောင် အုပ်ချုပ်သည့်မင်းဖြစ်သူ စဝ်အိုက်သည် မိုင်းမောမြို့ပြနိုင်ငံက လာရောက်သည့် မင်းဖြစ်သည်ကို တွေ့ရှိရ သည်။

ထို့ကြောင့် မိုင်းမောမြို့ပြ နိုင်ငံနှင့်ပတ်သက်၍ ရှမ်းသမိုင်းမှတ်တမ်းများကို လေ့လာကြည့်သည့်အခါ (၃)မြို့ရှိနေ ပြီး ပထမမြို့ပြသည် ရွှေလီမြစ်ဝှမ်းဒေသ၊ မိုးမိတ်နယ်အတွင်း တည်ရှိ၍ ကျိုင်းမော(Keng Mao)ဟု အမည်တွင် ပါသည်။

ထိုမြို့ပြနိုင်ငံကို မဟာသက္ကရာဇ် ၉၅ ခု(ဘီစီ ၅၉၄)တွင် မဟာဝုန့်အမည်ရသော ရှမ်းမင်းက တည်ထောင်ကြောင်း၊ အဆိုပါမြို့ပြနိုင်ငံသည် မောရှမ်းကိုးပြည်ထောင် စတင်ဖြစ်ထွန်းရာ ရှေးဟောင်းမြို့ကြီး ဖြစ်ကြောင်းကို မိုးမိတ် ရာဇဝင်တော်သစ်ကျမ်းတွင် ဖော်ပြထားသည်။

ထိုမြို့နှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနဌာန၏ မြေပြင်ကွင်းဆင်း သုတေသနပြုခြင်း မရှိသေးသည့် အတွက် မြေပေါ်မြေအောက် အ‌ထောက်အထားရရှိရန် ခက်ခဲပြီး မြို့သက်တမ်းကို သတ်မှတ်ရန် အတိအကျ မဆိုနိုင်သေးပါ။

သို့သော် ရှမ်းသမိုင်း မှတ်တမ်းကျမ်း တစ်စောင်ဖြစ်သည့် မိုးမိတ်ရာဇဝင် တော်သစ်ကျမ်းတွင်မူ ဆရာတော် ဦးခေမိန္ဒက ပြည့်စုံစွာ ဖော်ထုတ် မှတ်တမ်းတင် ထားနိုင်သည်ကို တွေ့ရှိရသဖြင့် လည်းကောင်း၊ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုတို့၏ မြန်မာပြည်အတွင်း ဝင်ရောက် အခြေချနေထိုင်မှုသည် ဘီစီ ၈၀၀ လောက်က စတင်နေသည်ကို စစ်တမ်းများတွင် တွေ့ရှိရသဖြင့်လည်းကောင်း ကျိုင်းမောမြို့ပြနိုင်ငံသည် ဘီစီ ၅၉၄ ခုတွင် တည်ရှိနေပြီဟူသော မှတ်တမ်းမှာ ယေဘုယျအားဖြင့် ဖြစ်လောက်စရာရှိကြောင်း သုံးသပ်ရပါသည်။

ဒုတိယမြို့ပြသည် ရွှေလီမြစ်ဝှမ်းဒေသ၊ မူဆယ်-နမ့်ခမ်းနယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီနယ်တို့ ထိစပ်ရာ နေရာတွင် တည်ရှိပါသည်။

ရှမ်းနီ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရစဉ်

ဆရာတော်အရှင်သုခမိန္ဒ(တန့်ယန်း)၏ M.A ဘွဲ့ယူကျမ်းဖြစ်သည့် “ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှု နှင့် ဓ‌လေ့ထုံးစံများ” စာအုပ်တွင် ရွှေလီမြစ်ဝှမ်းရှိ မိုင်းမောမြို့ပြနိုင်ငံသည် နန်စော အင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံ ငယ်ဖြစ်နေပြီး အေဒီ ၇၆၄ ခုတွင် နန်စောမင်းခိုလိုဖုန်း၏ သားမက်တော် ခွန်တောင်းခမ်းက အုပ်ချုပ်နေကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

မြေပြင် အထောက်အထားများကို လေ့လာရာတွင်လည်း ပြန်လည်ပြင်ဆင်ထားသည့် လက်ကျန်မြို့ရိုးနှင့် မြို့ တံခါး တစ်ပေါက်မှာ ယခုတိုင် ရှိနေသေးသည်ကို တွေ့ရပါသည်။

ဤမိုင်းမောမြို့ပြနိုင်ငံသည် နန်စော အင်ပါယာခေတ်တွင် ပေါ်ထွန်းလာသည့် မြို့ပြနိုင်ငံဖြစ်၍ ကျိုင်းမောမြို့ပြ နိုင်ငံထက် ကာလအားဖြင့် များစွာနောက်ကျသည်ဟု သုံးသပ်နိုင်ပါသည်။

သို့သော် ယခုခေတ် ရှမ်းတိုင်းရင်းသား အများစု၏ သမိုင်းကြောင်းများနှင့် အများအားဖြင့် ဆက်စပ်နေ သည့် မိုင်းမော ဆေမင်းဆက်တို့မှာ ဤမြို့ပြနိုင်ငံက ပေါ်ထွန်းလာခြင်းဖြစ်သည်ကို လေ့လာသိရှိရပါသည်။

တတိယမြို့ပြသည် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းမော- ဝိန်းကျွမ်မြို့ဟောင်း ဖြစ်သည်ကို တွေ့ရသည်။

မိုင်းမော-ဝိန်းကျွမ်း မြို့ဟောင်းမြေပုံကို လေ့လာကြည့်သည့်အခါ မြို့ဟောင်းရာသည် မြို့ပြနိုင်ငံ တည်ထောင် ရလောက်အောင် မကြီးမားဘဲ ခံတပ်မြို့ငယ်ပုံစံကိုသာ တွေ့ရသည်။

ထိုခံတပ်ငယ်နှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနဌာန၏ မြေပြင်တူးဖော် တွေ့ရှိချက်များ၊ မြေပေါ် မြေအောက် အထောက်အထားများ မရှိသေးဘဲနှင့် မိုင်းမောမြို့ဟောင်းဟု ယတိပြတ် သုံးသပ်နိုင်ရန်လည်း ခက်ခဲ ပါသည်။

အဆိုပါ ခံတပ်မြို့ငယ်၏ အမည်ကို လေ့လာရာတွင် ဒေသခံ ရှမ်းနီတိုင်းရင်းသားတို့၏ အခေါ်အရ မိုင်းမော-ဝိန်းကျွမ်ဟူသော ပူးတွဲအမည်ဖြစ်နေရာ အများသိသည့် မိုင်းမောကို ခေတ္တထား၍ ဝိန်းကျွမ်ဟူသည်ကို အနက်ဖော်ကြည့်ရာတွင် “ဝိန်းသည် ရှမ်းနီဘာသာ စကားအရ မြို့ငယ်ဖြစ်ပြီး ကျွမ်-စွမ်ဆိုသည်မှာ ရှမ်းနီ ဘာသာ စကားအရ နယ်ခြားမြေ၊ နယ်ခြားစခန်း” ဖြစ်သည်ကို တွေ့ရှိရသည်။

အများအားဖြင့် ကျွမ်-စွမ်ဆိုသည့် နယ်မြေများကို အုပ်ချုပ်သူသည် ထမုံအဆင့်ရှိသည့် စစ်ဘက်ဆိုင်ရာ အရာရှိ ဖြစ်သည်ကိုလည်း သိရှိရပေသည်။ သို့ဖြစ်၍ မိုင်းမော-ဝိန်းကျွမ်သည် မိုင်းမောမြို့ပြ နိုင်ငံ၏ နယ်ခြားစခန်း (ဝါ)နယ်ခြားခံတပ်မြို့ငယ်သာ ဖြစ်မည်ဟု သုံးသပ်ရပါသည်။

ဤမိုင်းမောမြို့(၃)မြို့ကို လေ့လာ၍ မိုးကောင်းတည်မင်း စဝ်အိုက်သည် မည်သည့် မိုင်းမောမြို့က လာ ရောက်သော မင်းရိုးဖြစ်သည်ကို ဆန်းစစ်ကြည်ရာတွင် ပထမအဖြစ်နိုင်ဆုံးမှာ မိုးမိတ်နယ်အတွင်း တည်ရှိသည့် ကျိုင်းမော(Keng Mao)မြို့ပြနိုင်ငံမှ လာရောက်ခြင်း ဖြစ်ပါသည်။

ဒုတိယအဖြစ်နိုင်ဆုံးမှာ  ရွှေလီမြစ်ဝှမ်းဒေသ၊ မူဆယ်-နမ့်ခမ်းနယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီနယ်တို့ ထိစပ် ရာ နေရာရှိ မိုင်းမောမြို့ပြနိုင်ငံမှ လာရောက်ခြင်း ဖြစ်ပါသည်။

မိမိလေ့လာမှုအရ သုံးသပ်ရလျှင် ကျိုင်းမောမြို့ပြနိုင်ငံက လာရောက်သည့်မင်းရိုးဟု ပြောနိုင်ဖို့ မိုးကောင်း မြို့ပြနိုင်ငံ ထူထောင်ချိန်နှင့် ကျိုင်းမောမြို့ပြနိုင်ငံ တည်ရှိချိန်သည် ခေတ်ကာလကွာဟလွန်းခြင်း၊ ကျိုင်းမောမြို့ သည် မိုးကောင်းမြို့ပြနိုင်ငံကို တည်ထောင်ချိန်အထိ ဆက်လက် တည်ရှိနေခြင်း ရှိ/မရှိကို မသိနိုင်ခြင်းတို့ကြောင့် မိုးကောင်းမြို့တည်မင်း စဝ်အိုက်ကို ကျိုင်းမောမြို့ပြနိုင်ငံမှ လာရောက်သည်ဟု ဆိုနိုင်ရန် ခက်ခဲပါသည်။

ဒုတိယ အဖြစ်နိုင်ဆုံးဖြစ်သည့် ရွှေလီမြစ်ဝှမ်းဒေသ၊ မူဆယ်-နမ့်ခမ်းနယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီနယ်တို့ ထိစပ်ရာ နေရာရှိ မိုင်းမောမြို့ပြနိုင်ငံမှ လာရောက်သည့် မင်းရိုးဟု သုံးသပ်လျှင်မူ များစွာဖြစ်နိုင်စရာ ရှိပါသည်။

အဘယ့်ကြောင့်ဆိုသော် မိုးကောင်းမြို့ပြ နိုင်ငံထူထောင်ချိန်တွင် မိုင်းမောမြို့ပြ နိုင်ငံသည် တည်ရှိပြီး ဖြစ်သောကြောင့် ဖြစ်သည်။

ထို့အပြင် မိုင်းမောမြို့ပြနိုင်ငံသည် နန်စောအင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဖြစ်သဖြင့် မောမင်း၏ သားတော်ဖြစ်သော စဝ်အိုက်သည် နန်စောအင်ပါယာ၏ အထောက်အပံ့ဖြင့်  မြို့သစ်၊ ပြည်သစ် ထူထောင်ရန် ထွက်ခွာလာသည့် မိုင်းမောမင်းရိုးဖြစ်သည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။

မိုးကောင်းမြို့တည်မင်း စဝ်အိုက်သည် မိုင်းမော-ဝိန်းကျွမ်က လာရောက်သည်မှာ မဖြစ်နိုင်ကြောင်း သုံးသပ်ရမိသည်။  

ရှမ်းနီ အမျိုးသမီးများကို တွေ့ရစဉ်

အထက်ပါ မှတ်တမ်းများကို ခြုံငုံသုံးသပ်ရပါက ရှမ်းနီတိုင်းရင်းသားတို့၏ ဘိုးဘေးများဖြစ်သော တိုင်း- တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုတို့သည် အေဒီ ၇၂၂ ခုတွင် မိုးကောင်းမြို့ပြနိုင်ငံကို အင်အား ကောင်းစွာ စတင်ထူထောင်နိုင်ပြီ ဖြစ်သည်။

ထူထောင်သည့် မင်းရိုးသည် နန်စောအင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဖြစ်သော မိုင်းမောမြို့ပြနိုင်ငံက လာရောက်သည့် မင်းရိုးဖြစ်၍ မိုးကောင်းကို ထူထောင်ခြင်း၏ နောက်ကွယ်တွင် နန်စော အင်ပါယာ၏ အားပေးကူညီမှုများစွာ ရှိခဲ့မည်ဖြစ်သည်။

ထို့အပြင် မိုးကောင်းမြို့ပြနိုင်ငံကို အင်အားကြီးမားစွာ ထူထောင်နိုင်ခြင်းသည် ခရစ်တော် မပေါ်မီကစ၍ အထက်မြန်မာပြည်တွင် ကြိုတင်ရောက်ရှိနေသော တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုများ၏ အခြေခံလူမှုစီးပွား အင်အားတို့ဖြင့် ပေါင်းစည်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ညီနောင်(၃)ဦးတို့သည် မိုးကောင်း၊ မိုးညှင်းနှင့် မိုးပင်းကို တစ်နေရာနှင့်တစ်နေရာ အလှမ်းမကွာသော နေရာများတွင် ထူထောင်ကြခြင်းကလည်း စည်းလုံးညီညွတ်သည့် အင်အားဖြင့် နယ်ပယ်သစ်များကို ထပ်မံ ချဲ့ထွင်နိုင်ရန်နှင့် အပြန်အလှန် အကူအညီပေးနိုင်ရန် များစွာ အထောက်အပံ့ ဖြစ်စေပါသည်။

နောက်လာမည့် အပတ်တွင်မူ မိုးကောင်းမြို့ပြနိုင်ငံကို ကျားအိမ်တော်ရှင်မင်းရိုးတို့ ထပ်မံထူထောင်ကြ ခြင်း၊ မိုင်းမောမင်းရိုးတို့ ထပ်မံလာရောက် အုပ်ချုပ်ခြင်းနှင့်  နန်စောအင်ပါယာ၏ အထက်မြန်မာပြည်ကို သိမ်း သွင်း အုပ်ချုပ်နိုင်ခြင်းသည် မိုးကောင်းမြို့ပြနိုင်ငံအတွက် အင်အားကြီးမား၍ နယ်ပယ်သစ်များ ထူထောင်သိမ်း သွင်း အုပ်ချုပ်နိုင်သည်အထိ အထောက်အပံ့ကောင်း ဖြစ်စေခဲ့ပုံကို ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။

ကျမ်းကိုး-

၁။ ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက်။ တောင်ကြီးမြို့။

၂။ ဂျေအက်စ်ဖာနီဗဲလ်၊ ‌ဒေါက်တာ(သတိုးသီရိသုဓမ္မ)နှင့် ‌ဒေါက်တာဖေမောင်တင်။ ဇမ္ဗူ့ဒီပဦးဆောင်းကျမ်း။ ၁၉၆၀။ စာပေဗိမာန်ပုံနှိပ်တိုက်။ ရန်ကုန်။

၃။ မှူး၊ ဦး(တောင်ပိုင်မြို့ဝန်)။ အုန်းဘောင်မင်းဆက်ရာဇဝင်တော်။ www.Shanyoma.org.

၄။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့်ဓ‌လေ့ထုံးစံများ။ ၂၀၁၃။ သာသနာတော် ထွန်းကာပြန့်ပွားရေးဦးစီးဌာန။ ရန်ကုန်။

၅။ သုဇန၊ ဘဒ္ဒန္တ(ခန္တီးဆရာတော်)။ ဗျဂ္ဃနဂရ(ခေါ်) ဝန်းသိုရာဇဝင်သစ်။ ၁၉၉၇။ ကမ္ဘာလုံးစာပေ။ ရန်ကုန်။

  1. Carmaen Eva Marseille, Shan-Ni Grammar and Processes of Linguistic Change, Leiden University, 2019.
  2. Pu Loi Hom Hom and Pu Loi Tun, THE FOUNDING OF MONG KAWNG, www.Shanyoma.org.
  3. Scott.J.George, GAZETTEER OF UPPER BURAM AND THE SHAN STATE, PART-I, VOL-I, Superintendent, Government Printing Press, 1900.

ဆက်စပ်လေ့လာသည့် မှတ်တမ်းများ-

၁။ ခင်သိန်း၊ ‌ဒေါ်(ပါမောက္ခ၊ မြန်မာစာဌာန)။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်။ မြစ်ကြီးနားတက္ကသိုလ်။ www.Shanyoma.org.

၂။ ပါတောင်ဆရာတော်၏ ပုရပိုက်မှတ်တမ်း။ 

၃။ G.E.HARVEY, HISTORY OF BURMA; From the Earliest Time to 10 March 1824, The Beginning of the English Conquest, FRANK CASS & CO. LTD, 1967.

၄။  Sai Kham Mong, Selected Writings of Sai Kham Mong, Volume-1, Tri Awards Co., Ltd, 2023. 

Original Article Link: https://cnimyanmar.com/index.php/article-2/opinoin/16701-2023-08-19-18-06-18

သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၂)

 


၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၄
 
ရေးသားသူ --- Maha Sila Veravang
 
ပစ္စုပ္ပန်ကာလတွင် ရှမ်းနီတိုင်းရင်းသားများဟု ထင်ရှားလာမည့် တိုင်း-တရုတ်ဘာသာစကား ပြောသည့် ရှမ်းလူမျိုး တို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းမှ အထက်မြန်မာပြည်သို့ ဝင်ရောက် အခြေချနေထိုင်သည့်ကာလ သည် ပုဂံခေတ်မတိုင်မီ ကာလကပင် စတင်နေပြီဟု ဆိုနိုင်သည်။
 
ဤအဆိုနှင့် ပတ်သက်၍ ထင်ရှားသည့် အထောက်အထားများကို 
 
၁။ စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းများ
 

၂။ ခေတ်ပြိုင်မှတ်တမ်းများ 

 
၃။ မြေပေါ်မြေအောက် အထောက်အထားများတွင် ထင်ရှားစွာ တွေ့မြင်ရပေသည်။ 
 
ဤအပိုင်းတွင်း စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းများကို အခြေခံ၍ ရှမ်းနီတိုင်းရင်းသားများ၏ အထက်မြန်မာပြည်သို့ ဝင်ရောက် အခြေချနေထိုင်သည့် ကာလများနှင့် မြို့ပြ နိုင်ငံငယ်များ တည်ထောင်သည့် ကာလများကို ဆန်းစစ်တင်ပြသွားပါမည်။
 
စစ်တမ်းများကို လေ့လာကြည့်လျှင် မြန်မာနှစ် ၁၁၂၆ ခု(အေဒီ ၁၇၆၄)နှင့် မြန်မာနှစ် ၁၁၄၅ ခု(အေဒီ ၁၇၈၃) နှစ် တွင် အထက်ချင်းတွင်းနယ်နှင့် ကဘော်နယ် အပါအဝင် သောင်သွပ်ရှမ်းပြည်ကို အုပ်ချုပ်သည့်  စော်ဘွားကြီး နှစ်ပါးနှင့် အမတ်တို့  ရေးသားဆက်သွင်းသည့် စစ်တမ်း(၂)စောင်တွင် ရှမ်းနီဟု ထင်ရှားလာမည့် ရှမ်းတိုင်းရင်းသား တို့၏ မြို့ရွာတည်ထောင်မှု မှတ်တမ်းကို တွေ့နိုင်ပါသည်။
 
စစ်တမ်းတွင် ပါဝင်သည့် အချက်များနှင့် ပတ်သက်၍ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာတိုးလှက “ဘုရား မပွင့်မီ နှစ်ပေါင်း ၃၀၀ ကျော်(ဘီစီ ၈၀၀)လောက်ကတည်းက လူနေအိမ်ခြေများ ရှိနေပြီဖြစ်ကြောင်းနှင့် မြို့ကိုမူ မဇ္စျိမ ဒေသ ရာဇဂြိုလ်တွင် အဇာတသတ်စိုးစံစဥ် တည်ထောင်ခဲ့ကြောင်း ဆိုလေသည်။ မူလမြို့အမည်မှာ ရှမ်းဘာသာ ဖြင့် စဲကော်(စီးကော်)ဟု ခေါ်ဆို၍ စတင်စိုးစံသော စော်ဘွားမှာ သိုဟိုဘွား(သိုဟုံဘွား)ဖြစ်လေသည်။ မြေမြို့ အဝန်းတာ ၃၀၀ (၉၀၀)နှင့် တံခါး(၉)ရပ် ရှိပါသည်”  ဟူ၍ ချင်းတွင်းမြစ်သာ မူးဧရာစာအုပ်တွင် ဖော်ပြပါသည်။ 
 
 
ရှမ်းနီဘုရင် သိုဟုံဘွားကိုတွေ့ရစဉ်
 
သောင်သွပ်မြို့တည် ကာလကိုလည်း မူလစစ်တမ်းတွင် “သောင်သွပ်မြို့သည် ဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူ သည်နောက်၊ ရာဇဂြိုလ်ပြည်ကို အဇာတသတ် မင်းပြုသည်၊ မြေမြို့ အဝန်းတာ ၉၀၀ တည်၍၊ ရှမ်းဘာသာ စဲကော်မြို့ သမုတ်ပြီးလျှင် သိုဟုံဘွား စားသည်” ဟု ဖော်ပြထားပါသည်။ 
 
မူလစစ်တမ်းပါ ဝေါဟာရများကို လေ့လာ ကြည့်သည့်အခါတွင် စဲကော်(စီးကော်)ဆိုသည်မှာ ရှမ်းဝေါဟာရ “စေကော်- မြို့တော်သစ်”ဟု အဓိပ္ပာယ်ရပါသည်။ စစ်တမ်းပါ သိုဟိုဘွား (သိုဟုံဘွား) ဆိုသည်မှာ ရှမ်းဝေါဟာရ အားဖြင့် “ဆေဟုမ်ဖှ- ကောင်းကင်ကို စိုးမိုးသည့် ကျားမင်း”ဟု၍ အဓိပ္ပာယ်ရသဖြင့် သောင်သွပ်မြို့ကို  ကျား အိမ်တော် မျိုးရိုးက စတင်တည်ထောင် အုပ်ချုပ်နေသည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။ 
 
ထိုစစ်တမ်းအရ ရှမ်းနီဖြစ်လာမည့် ရှမ်းတိုင်းရင်းများသည် ဘုရားရှင် မပွင့်မီ ဘီစီ ၈၀၀ ခန့်ကပင် လက်ရှိအထက် ချင်းတွင်းနယ်နှင့် ကဘော်နယ်သို့ စတင်ရောက်ရှိ နေထိုင်လာခဲ့ကြပြီး ၎င်းတို့၏ မြို့ပြနိုင်ငံ ထူထောင်မှုသည် ဘုရားရှင် ပရိနိဗ္ဗာန်ပြုအပြီး အိန္ဒိယနိုင်ငံတွင် အဇာတသတ်မင်း စိုးစံသည့် ကာလနှင့်တွက်လျှင် ဘီစီ ၅၄၄ တွင် စတင်နေပြီဟု သုံးသပ်နိုင်ပါသည်။
 
သောင်သွပ်စစ်တမ်းနှင့် တွဲဖက်လေ့လာရမည့် စစ်တမ်းတစ်စောင်သည် မြန်မာနှစ် ၁၁၂၆ ခု(အေဒီ ၁၇၆၄) တွင် ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာ ကဘော်နယ်၊ ခမ်းပတ်ဒေသကို အုပ်ချုပ်သည့် ခမ်းပတ်စော်ဘွား စဝ်ခမ်း ဆက် သွင်းသည့် စစ်တမ်းဖြစ်သည်။ 
 
ထိုစစ်တမ်းတွင်- “သာသနာတော်သက္ကရာဇ် ၉၂ တွင် ပန်ယူ၊ ပန်ဝမြို့သမုတ် တည်ထောင်ပါသည်။.....ရှမ်းဘာသာ ရွှေကို ခန်း၊ ပတ်ကို ပတီခေါ်ဝေါ်နှင့်အညီ မင်္ဂလာခန်းပတ်မြို့သမုတ် တွင်ပါသည်”ဟူ၍ ဖော်ပြထားသည်ကို တွေ့ရသည်။ 
 
စစ်တမ်းပါ ခန်းဆိုသည်မှာ ရှမ်းဝေါဟာရ “ခန်း-ခမ်း- ရွှေ”ဖြစ်ပြီး ပတ်ဆိုသည်မှာ ရှမ်းဝေါဟာရ “ပတ်- ပယင်း (သို့မဟုတ်) ပယင်းပုတီး” ဟု အဓိပ္ပာယ်ရပါသည်။
 
ထို့ကြောင့် ခမ်းပတ်ဆိုသည်မှာ ရှမ်းဘာသာအားဖြင့် ရွှေပယင်းပုတီးမြို့ဟု အဓိပ္ပာယ်ရပါသည်။ ထိုဒေသကို ရှမ်းနီ တိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားများ လာရောက်၍ မြို့ရွာ တည်ထောင်သည့် ကာလသည် စစ်တမ်းပါ သာသနာနှစ်အရ ဘီစီ ၄၅၂ ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။
 
အထက်ပါ စစ်တမ်းများနှင့် ဆက်စပ် လေ့လာသင့်သည့် စစ်တမ်းသည် မိုးညှင်းစစ်တမ်း ဖြစ်သည်။ ထိုစစ်တမ်း တွင် မိုးညှင်းမြို့ကို တည်ထောင်သည့်နှစ်ကို- “သာသနာတော်နှစ် ၇၃ ခု၊ ကဆုန်လပြည့်ကျော် ၃ လ ရက် ၅ နေ့(ကြာသပတေး) (ဘီစီ၄၇၁) နံနက် ၄ ချက်တီးကျော် ၂ မောင်းတွင် မိုးညှင်းမြို့ကို ‌သောင်းခမ်းကျော်တည် သည်”ဟူ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ The Royal Orders of Burma, A.D.1598-1648,Vol.1 တွင် တွေ့ရပါသည်။ 
 
စစ်တမ်းပါ မိုးညှင်းမြို့တည်မင်း၏ အမည်မှာ ရှမ်းဘာသာအရ “သောင်းခမ်းကျော်- တောက်ဝ် ခမ်းကျောက်ဝ်> ရွှေရတနာအစိုးရသည့် ဓားသခင်” ဟု အဓိပ္ပာယ်ရသဖြင့် မိုးညှင်းကို တည်ထောင်သော ရှမ်းမင်းရိုးသည် တောက်ဝ် ဟုခေါ်သော ဓားအိမ်တော်မျိုးရိုးက ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ 
 
ထို့အပြင် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားများသည် မိုးညှင်းမြို့ကို တည်ထောင်သည့် ကာလသည် စစ်တမ်းပါ သာသနာနှစ်အရ ဘီစီ ၄၇၁ ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ 
 
ခိုင်မာသည့် စစ်တမ်းများကို အားဖြည့်ပေးနိုင်သည့် မှတ်တမ်းများမှာ ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းဆိုင်ရာ မှတ်တမ်းများဖြစ်သည်။ ထိုမှတ်တမ်းများသည်လည်း လူမျိုးများ၏ ဆင်းသက်ပြန့်ပွားလာပုံကို ဆက်စပ်၍ လေ့လာနိုင်သော မှတ်တမ်းများ ဖြစ်ပါသည်။ 
 
 
မိုးကောင်းမြို့ကိုတွေ့ရစဉ်
 
ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားများ၏ အထက်မြန်မာပြည်အတွင်း ဝင်ရောက်လာချိန်နှင့် မြို့ရွာ တည်ထောင်မှု မှတ်တမ်းများသည် ဘုရားသမိုင်းပြုစုသူတို့၏ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှု၊ သာသနာ သမိုင်းနှင့် ဆက်စပ်ဖော်ပြမှု၊ သဘာဝလွန် တန်ခိုးရှင်များ(နတ်၊ နဂါးစသည်)ကို တွဲဖက်ဖော်ပြမှုများအရ သူ့ချည်း သက်သက် လေ့လာလျှင် ပြည့်စုံသည့် အကိုးအကားရရှိရန် မလွယ်လှပါ။
 
သို့သော် ခိုင်မာသည့် စစ်တမ်းများနှင့် ဆက်စပ်လေ့လာပါက ပြည့်စုံသည့် အကိုးအကား အထောက်များဖြစ်နိုင် သည့် မှတ်တမ်းကောင်းများ ဖြစ်ပါသည်။ ဤသည်ကို အင်းတော်ကြီး အတ္ထုပ္ပတ္တိနှင့် ရွှေမဉ္ဇူဘုရားသမိုင်း၊ ဗန်းမော် မြို့ ရွှေကျီးနားနှင့် သိမ်တော်ကြီးဘုရားသမိုင်း စသည့် မှတ်တမ်းများက သက်သေထူနေပါသည်။ 
 
အင်းတော်ကြီး အတ္ထုပ္ပတ္တိနှင့် ရွှေမဉ္ဇူဘုရားသမိုင်းတွင် သဘာဝလွန် တန်ခိုးရှင်များဖြစ်သည့် နတ်များ၊ နဂါးများ၏ အကြောင်းအရာများ၊ မြို့၏စည်ကားမှု သဘောကို သိသာစေရန် အလွန်အကြူး ဖော်ပြထားသည့် အိမ်ခြေ အရေ အတွက်များကို ပယ်နုတ်၍ သမိုင်းသုတေသနအားဖြင့် လေ့လာလျှင် လက်ရှိအင်းတော်ကြီး ရေပြင်ရှိရာ နေရာ သည် ရှေးယခင်ကာလက မြို့တစ်မြို့ရှိခဲ့သည်ကို အခိုင်အမာ သိရှိနိုင်ပေသည်။
 
ဤသို့ အခိုင်အမာ သိရှိနိုင်ခြင်းမှာ ဘုရားသမိုင်းမှတ်တမ်းပါ- “သာသနာတော်သက္ကရာဇ် ၂၆၄ ခုနှစ်တွင် ဥတ္တရစော ဖြူမင်းသည် အိမ်ခြေကိုးသန်းရှိ ဥတ္တရဌာနီစည်ခမ်းမြို့ တည်သောနှစ်ဖြစ်သည် ”ဟူသော အချက်အလက်အရ ဖြစ်ပါသည်။ 
 
ဤမှတ်တမ်းပါ သာသနာနှစ်အရ ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားတို့သည် ဘီစီ ၂၇၉ ကာလတွင် အင်းတော်ကြီးဒေသ၌ မြို့ပြတည်ထောင်၍ နေထိုင်နေပြီဟု သုံးသပ်နိုင်ပေသည်။
 
မှတ်တမ်းပါ မြို့၏ အမည်ဖြစ်သည့်  စည်ခမ်းဟူသော ဝေါဟာရသည် ရှမ်းဘာသာအားဖြင့် “စေခမ်း-ရွှေမြို့တော်” ဟု အဓိပ္ပာယ်ရနေခြင်းကလည်း ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားတို့ တည်ထောင်သွား သည့် မြို့တော်ဖြစ်ခြင်းကို ဘာသာစကားရှုထောင့်က သက်သေခံနေပေသည်ဟု သုံးသပ်နိုင်ပါသည်။ 
 
ဗန်းမော်မြို့ ရွှေကျီးနားနှင့် သိမ်တော်ကြီး ဘုရားသမိုင်းတွင် ဗန်းမော်မြို့၏ သမိုင်းအစကို စမ္ပာနဂိုရ်မြို့ဟောင်းနှင့် ဆက်စပ်၍ ဖော်ပြသည်။ စမ္ပာနဂိုရ်မြို့ပြနိုင်ငံ၏ ရှေးဦးမင်းတို့သည် အိန္ဒိယမှလာသည့် မင်းများဖြစ်၍ ဘွဲ့မည်များ သည် စမ္ပေရ၊ ဗြဟ္မကုမာရ၊ ဝိလာသ စသည့် ပါဠိအမည်များ ဖြစ်နေသည်ကို တွေ့ရှိရသည်။ 
 
သို့သော် ထိုမင်းများ အုပ်ချုပ်ရာဒေသရှိ ဒေသခံများကိုမူ ရှမ်းများအဖြစ် ဖော်ပြသည်ကို တွေ့ရသည်။ 
 
အထူးသဖြင့် ဗြဟ္မကုမာရမင်း၏ သားမက်တော်သည် အိုက်ခေါတော် အမည်ရှိ ရှမ်းလူမျိုး ဖြစ်ကြောင်းကို ဖော်ပြ ထားသည်ကို တွေ့ရသည်။ အိုက်ခေါတော်သည် ဗြဟ္မကုမာရမင်း၏ သမီးတော်နှင့် လက်ဆက်၍ စမ္ပာနဂိုရ်မြို့ကို အုပ်ချုပ်သည့် မင်းအဖြစ်ကိုရရှိကြောင်း ဖော်ပြထားသည်ကလည်း အိန္ဒိယကလာသည့် မင်းမျိုးရိုးသည် များစွာ အင်အား မကောင်းလှဘဲ ဒေသခံရှမ်းများကို အဓိကအားပြုခဲ့ရပြီးနောက် ရှမ်းလူမျိုးများကပင် ဆက်လက် အုပ်ချုပ် မင်းလုပ်ခဲ့ကြသည်ဟု သုံးသပ်နိုင်ပေသည်။ 
 
အိုက်ခေါတော်မင်း၏ မြေးတော် ဝိလာသမင်းသည် စမ္ပနဂိုရ်မြို့ပြနိုင်ငံကို အုပ်ချုပ်ချိန်မှာ  သာသနာတော် သက္ကရာဇ် ၂၀၀ ကျော်ကာလဟု ဘုရားသမိုင်းတွင် ဖော်ပြထားရာ ဘီစီ ၂၉၃ ကာလဖြစ်ရာ ဤကာလတွင် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားတို့သည် ဗန်းမော်နယ်တွင် အင်အားကောင်းစွာ အခြေချ နေထိုင်နေပြီဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ 
 
အဆိုပါ စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီ သမိုင်းများကို တိုက်ဆိုင်စစ်ဆေးရန် ရှမ်းသမိုင်း မှတ်တမ်းများ ကို ဆက်လက် လေ့ရာရာတွင် မိုးမိတ်ရာဇဝင်တော် သစ်ကျမ်းနှင့် ဇမ္ဗူ့ဒီပဥဆောင်းကျမ်းတို့တွင် ဆက်စပ်သည့် သမိုင်းမှတ်တမ်းများ ပါရှိသည်ကို တွေ့ရပါသည်။ 
 
ထို့အတူ ကုန်းဘောင်မင်းဆက် ရာဇဝင်တော် ကျမ်းတွင်လည်း ဆက်စပ်သည့် သမိုင်းမှတ်တမ်းများ ပါရှိသည်ကို တွေ့ရပါသည်။ 
 
အထူးသဖြင့် မိုးညှင်း၊ မိုးကောင်း၊ ကလေး၊ သောင်သွပ်၊ ဝန်းသိုတို့တွင် အုပ်ချုပ်သည့် ရှမ်းမင်းရိုးတို့၏ ဇစ်မြစ်ကို အဆိုပါသမိုင်း မှတ်တမ်းများက ဖော်ပြကြသည်ကို တွေ့ရပေသည်။ 
 
 
ရှမ်းနီဘုရင်နဲ့ စစ်သူကြီးများ စစ်တိုက်ထွက်ရန်သွားစဉ်
 
ထိုမှတ်တမ်းများကလည်း ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်း တိုင်းရင်းသားများသည် ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်း၊ ကဘော်ချိုင့် ဝှမ်းဒေသ၊ ကချင်ပြည်နယ် အတွင်းရှိ သံလမ်းရိုးနှင့် ဧရာဝတီမြစ်ရိုး ဒေသများတွင် ခရစ်တော်မပေါ်မီကာလ ကတည်းက မြို့ရွာတည်ထောင်၍ နေထိုင် ခဲ့ကြသည်ကို ဖော်ပြထားပေသည်။ 
 
ထို့ကြောင့် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများ သည် ခရစ်‌တော်မပေါ်မီ ကာလကပင် ယဥ်ကျေးမှုမြင့်မားသည့် လူမျိုးကြီးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင် ခဲ့ပြီဟု သုံးသပ်ရပေသည်။
 
ဤစစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီ သမိုင်းများအရ ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများ၏ အထက်မြန်မာပြည်သို့ ဝင်ရောက်အခြေချ နေထိုင်မှုနှင့် မြို့ပြ နိုင်ငံငယ်များ တည်ထောင်အုပ်ချုပ်မှုသည် ဘီစီ ၈၀၀-၂၇၀ အတွင်း ကာလဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။
 
ဘီစီ ၈၀၀ ခန့်တွင် အဆိုပါ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများသည် ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်းနှင့် ကဘော်ချိုင်းဝှမ်းဒေသသို့ ဝင်ရောက်နေထိုင်လာခဲ့ကြသည်ကို သောင်သွပ် စစ်တမ်းအရ သိရှိနိုင် ပေသည်။ 
 
ဘီစီ ၈၀၀ ခန့်က စတင်အခြေချ နေထိုင်ခဲ့ကြသည့် တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်း တိုင်းရင်းသား များသည် (၂၅၆)နှစ်အကြာ ဘီစီ ၅၄၄ တွင် သောင်သွပ်မြို့ပြနိုင်ငံကို ထူထောင် နိုင်ခဲ့ကြသည်ဟု သုံးသပ်နိုင်ပါသည်။ 
 
ထို့နောက် ပိုမို အင်အားတောင့်တင်းလာသဖြင့် (၉၂)နှစ်အကြာတွင် ခမ်းပတ်မြို့ပြနိုင်ငံကို ဆက်လက် ထူထောင် နိုင်ခဲ့သည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။
 
ရှမ်းနီတိုင်းရင်းသားများဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများသည် ချင်းတွင်း မြစ်ဝှမ်းအထက်ပိုင်းနှင့် ကဘော်ချိုင့်ဝှမ်းဒေသတွင်ပင် ဘီစီ၅၄၄တွင် သောင်သွပ်မြို့ပြနိုင်ငံကို တည်ထောင်ခဲ့ ကြပြီဆိုလျှင် ကချင်ပြည်နယ်အတွင်းရှိ ဒေသများတွင်လည်း ထိုကာလလောက်ကစ၍ ပြန့်နှံ့ နေထိုင်ကြလိမ့်မည် ဟု ဆက်စပ်ယူဆနိုင်ပါသည်။ 
 
အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ ပြန့်နှံ့စွာ နေထိုင်လာခဲ့ ခြင်းကြောင့်   ဘီစီ ၄၇၁ တွင် မိုးညှင်းမြို့ပြနိုင်ငံကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ မိုးညှင်းမြို့ပြနိုင်ငံကို ထူထောင်အပြီး နှစ်ပေါင်း (၁၇၈) နှစ် အကြာ ဘီစီ ၂၉၃ တွင် စမ္ပာနဂိုရ်မြို့ပြနိုင်ငံကို ဗန်းမော်နယ်တွင် လည်းကောင်း၊ နှစ်ပေါင်း(၁၉၂)အကြာ ဘီစီ ၂၇၉ တွင် စည်ခမ်းမြို့ပြ နိုင်ငံကိုလည်းကောင်း အင်းတော်ကြီးဒေသတွင်လည်းကောင်း ဆက်လက် ထူထောင်နိုင်ခဲ့ သည်ဟု သုံးသပ်နိုင်ပေသည်။ 
 
ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် အဆိုပါ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသား များ၏ ဆင်းသက်ပြန့်ပွားလာသည့် သမိုင်းစဥ်တွင် အိန္ဒိယနှင့် ပတ်သက်သော အကြောင်းအရာအချို့ကို ခေတ်ပြိုင် မှတ်တမ်းသဘောမျိုးဖြင့် ထည့်သွင်းဖော်ပြလေ့ရှိသည်ကို စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းများ တွင် တွေ့ရှိရသည်။
 
ဤအချက်သည် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် အဆိုပါ တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်းတိုင်းရင်းသားများနှင့် အိန္ဒိနိုင်ငံအတွင်းရှိ မြို့ပြနိုင်ငံများအကြားတွင် လူမှုစီးပွားဆိုင်ရာ ဆက်စပ်မှုများ ရှိနေ သည်ကို ဖော်ပြနေပေသည်။ 
 
အထူးသဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စာပေအပိုင်းတွင် မိမိတို့ထက် များစွာဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သော မဇ္ဈိမတိုင်းခေါ် အိန္ဒိယနိုင်ငံအတွင်းရှိ မြို့ပြနိုင်ငံသားများကို ဆရာတင်ခဲ့ရလိမ့်မည်ဟုလည်း သုံးသပ်ရ ပေသည်။ 
 
တစ်ခါတစ်ရံတွင် အိန္ဒိယကလာသည့် လူမျိုးများက အုပ်ချုပ်သူအနေဖြင့် လာရောက်အုပ်ချုပ်မှု ရှိခဲ့ပြီး ၎င်းမင်းဆက်ကို ဒေသခံ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများက ဆက်ခံ အုပ်ချုပ်သည် ဟူ၍လည်း သုံးသပ်နိုင်ပါသေးသည်။ 
 
ဤအချက်အလက်များနှင့် ပတ်သက်၍မူ ခေတ်ပြိုင် မှတ်တမ်းများနှင့် မြေပေါ်မြေအောက် အထောက် အထားများကို ဖော်ပြမည့်အခန်းတွင် ဆက်လက် ဖော်ပြသွားပါမည်။ 
 
ဤအပိုင်းကို ခြုံငုံ၍သုံးသပ်ရလျှင် ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်းဒေသများ၊ ကဘော်ချိုင်းဝှမ်းဒေသများ၊  ကချင်ပြည်နယ်အတွင်းရှိ သံလမ်းရိုးနှင့် ဧရာဝတီမြစ်ရိုး ဒေသများတွင် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာကြမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများသည် ခရစ်တော်မပေါ်မီ ကာလကပင် အင်အား ကြီးမားစွာ ပြန့်နှံ့နေထိုင်နေသည်သာမက မြို့ပြနိုင်ငံများပါ ထူထောင်နိုင်သည်အထိ ယဥ်ကျေးမှုမြင့်မားနေပြီဟူ၍ သုံးသပ်တင်ပြလိုက်ရပါသည်။ ။ 
 
ကျမ်းကိုး- 
 
၁။ ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက် ။ တောင်ကြီးမြို့။
 
‌၂။ ဂျေအက်စ်ဖာနီဗဲလ်၊ ‌‌‌ဒေါက်တာ(သတိုးသီရိသုဓမ္မ)နှင့် ဒေါက်တာဖေမောင်တင်။ ဇမ္ဗူ့ဒီပဥဆောင်းကျမ်း။ ၁၉၆၀။ စာပေဗိမာန်ပုံနှိပ်တိုက်။ ရန်ကုန်။
 
၃။ တိုးလှ၊ ‌ဒေါက်တာ။ ချင်းတွင်းမြစ်သာမူးဧရာ။ ၁၉၉၅။ ဒေါ်ချီ မုံရွာအော့ဖ်စက်။ ရန်ကုန်။ 
 
၄။ မှူး၊ ဦး(တောင်ပိုင်မြို့ဝန်)။ အုန်းဘောင်မင်းဆက်ရာဇဝင်တော်။ www.Shanyoma. org။
 
၅။ ရွှေထီးဣန္ဒရာ။ ဗန်းမော်မြို့ ရွှေကျီးနားနှင့် သိမ်တော်ကြီးဘုရားသမိုင်း။ ၁၃၂၉ခု။ တက်နေလင်းပုံနှိပ်တိုက်။ မန္တလေး။
 
၆။သိန်းညွန့်၊ ဦး(ဆရာ)။ အင်းတော်ကြီးအတ္ထုပ္ပတ္တိနှင့် ရွှေမဉ္ဇူဘုရားသမိုင်း(ရှမ်းဘာသာမှ မြန်မာဘာသာပြန်)။ 
 
၇။ Than Tun, The Royal Orders of Burma, A.D.1598-1648,Vol.1, Kyoto, The Center for Southeast Asian Studies(CSEAS),Kyoto University,1983.
 
ဆက်စပ်လေ့လာသည့်စာအုပ်များ- 
 
1. G.W.DAWDON, I.C.S., BURMA GAZETTEER; THE BHAMO DISTRICT,SUPERINTENDENT, GOVT. PRINTING AND STATY.,UNION OF BURMA, RANGOON,1960.
 
2. G. E. R. GRANT BROWN, I.C.S., BURMA GAZETTEE; UPPER CHINDWLN DISTRICT, SUPERINTENDENT, GOVT. PRINTING AND STATY., UNION OF BURMA RANGOON,1960.