ကျွန်မတို့ ၀န်းသိုမြို့နယ် အပါအ၀င် ကသာခရိုင် (၇)မြို့နယ် (ကော်လင်း၊ ၀န်းသို၊ ပင်လည်ဘူး၊ ဗန်းမောက်၊ကသာ၊ထီးချိုင့်၊အင်းတော်) ကနေ မြန်မာပြည်အထက်ပိုင်းတစ်ကျောဟာ ဒီဟင်းပေါင်းကို စားကြပါတယ်။ တခြားဒေသမှာ ဟင်းပေါင်းလို့ ပြောရင် ကျွန်မတို့လို့ မုန်နစ် (ဆန်မုန့်) နဲ့ ပေါင်းတာမျိုးကို မခေါ်ပဲ ဟင်းအမည်တွေ ကိုပေါင်းထည့်တာ (အများအားဖြင့် .ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းဟင်းတွေအကုန်ကို ပေါင်းထည့်တာကို ခေါ်ကြပါသတဲ့။)
ကျွန်မ တို့ ၀န်းသို ဒေသမှာတော့ ဟင်းပေါင်း၊ ဟင်းလှော်၊ အုန်း (မီးအုန်း)၊ ကင်(မီးကင်)၊ ငါးကျည်သိပ် (ငါးပိကျည်တောက်) စတာတွေဟာ ဒေသစာ ခေါ် ရိုးရာ ဟင်းတွေပဲ ဖြစ်ပါတယ်။ ဟင်းပေါင်းကတော့ ဟင်းပေါင်း ဟင်းကောင်းလို့တောင် ပြောရတယ် အလှူ မင်္ဂလာ ဆောင် အကြိုနေ့ မှာကျွေးလေးရှိသလို အိမ်တွေမှာလည်း ရိုးရာဟင်းတစ်ခွက်အနေနဲ့ (၁၂) ရာသီ ပတ်လုံး ပေါင်းစားကြပါတယ်။
ဟင်းပေါင်းဆိုရာမှာ အရွက်တွေလည်း ပေါင်းစားတယ်၊ အသီးအနှံတွေလည်း ပေါင်းစားတယ်၊ မှိုအမျိုးမျိုးလည်း ပေါင်းစားတယ်၊ အသားအမျိုးမျိုးကိုလည်း ပေါင်းစားကြပါတယ်။
အရွက်မှာဆိုရင် (မုန့်ညှင်း၊ ဆူးပုတ်၊ ပိန်းရွက်၊ မြင်းခွာ၊ ဖရုံ/ဗူးရွက်၊ ကင်ပွန်းချဉ်ရွက်၊ မရိုးရွက်၊ ဟင်းသီတံရွက်၊ တင်ကောက်၊ မုန့်ညှင်းငါးရွက်၊ တောင်ယာပန်းရွက်၊ စသဖြင့် အရွက် အမျိုးအစား အများကြီး ရှိပါတယ်။)
အသီးမှာဆိုရင်လည်း အသီးအကင်း၊ အနုလေးတွေကိုပေါင်းပါတယ်။ မှိုဆိုရင်တော့ တုံးမှာ ပေါက်တဲ့ မှိုတွေကို အများအားဖြင့် ပေါင်းစားလေ့ရှိပါတယ်။
ဟင်းပေါင်းကို အရွက်ချည်းသီးသန့်ဆိုရင် ဒီအတိုင်း ပေါင်းချောင်ထဲထည့်ပေါင်းလိုက်ပါတယ်။
အသားတို့ ၊ မှိုတို့ ၊ ကင်ပွန်းချဉ်တို့ တို့ဆိုရင်တော့ ဖက်လေးနဲ့ သေချာထုတ်ပြီး ပေါင်းချောင်ထဲ ထည့်ပေါင်းပါတယ်။ အဲ့ဒီထဲမှာ သီးသန့် ဆန်မုန့်၊ ငပိလေးနည်းနည်း၊ ဆီလေးနည်းနည်း၊ အချိုမုန့်လေးနည်းနည်း နဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ လေးတွေ အနံ့မွှေးအောင်ထည့်လိုက်ပါတယ်။
အသီးအရွက် အစုံပေါင်း (မှို၊ ပိန္နဲသီး၊ ဆူးပုတ်) စတာတွေ ရောပေါင်းလိုက်ရင်တော့ ဟင်းရွက်စုံပေါင်း ဖြစ်သွားပါတယ်။
ပေါင်းအိုးဆိုတာကလည်း သီးသန့်ရှိပါတယ်။ ပေါင်းချောင်ရယ်၊ အောက်က ရေနွေးငွေ့ထည့်တဲ့ ပေါင်းအိုးရယ်၊ ပီးရင် အဲ့ဒီရေနွေးငွေ့တွေ အပြင်မထွက်အောင် ပေါင်းခါးစည်းပေးရပါတယ်။ အဖုန်းလေးလည်း ဖုန်းထားရတာပေါ့။ ပြီးရင်တော့ ခရမ်းချဉ်သီး ပန်ထွေဖျော်လေးနဲ့ သုံးဆောင်နိုင်ပါတယ်။
ဟင်းပေါင်းဆိုတာ ကျွန်မတို့ ဒေသခံတွေအတွက်တော့ ဘယ်တော့မှ မမေ့ပျောက်သွား၊ မရိုးသွားနိုင်တဲ့ ရိုးရာ ဟင်းတစ်ခွက်ပါပဲ။
ကျွန်မဆိုရင် ကိုယ့်ဒေသအပြင် တစ်ခြား နေရာကို မရောက်ဖူးတုန်းကဆိုရင် ဒါကြီးက အထူးအဆန်းကြီးလို့ မထင်ပါဘူး။ တခြားနေရာတွေရောက်လို့ ကိုယ်ပြောမှ အထူးအဆန်းကြီး ဖြစ်နေပါတယ်။ အဲ့ဒီတော့မှ ဒါလေးတွေကို တန်ဖို့ထားရမှန်း တန်ဖိုးတက်အောင် လုပ်ရမှန်း ကျွန်မ ခံစားမိလာတာပါ။ ဒီလိုပဲ ကျွန်မတို့ ဘိုးဘွားတွေ ဟင်းပေါင်းကို စားခဲ့တယ်၊ စားကြတယ်၊ စားကြဦးမှာပါ။
အစားအသောက်ဆိုတာ မွေးကတည်း ငယ်ငယ်ကတည်းက စားလာတဲ့ အစားအသောက် တွေ နဲ့ စွဲလာတဲ့အတွက် ကျွန်မတို့ ရဲ့ လျှာက ပြောင်းရခက်ပါတယ်။
ဒါကြောင့် တစ်ရပ်တကျေး သွားရပီဆိုရင် အစားအသောက်အဆင်မပြေတာလေးတွေ ကျွန်မတို့ ကြုံရတတ်ပါတယ်။
ဘယ်လိုဆိုဆို ကျွန်မတို့ ရိုးရာ ဟင်းပေါင်းကတော့ ဆီမများဘူး၊ သဘာဝ အရာသာကို ခံစားရတာမို့ ဟင်းပေါင်းစားရတာကို ဂုဏ်ယူမိပါတယ်လေ...............
လေးစားလျက်
ဇင်မာဦး (၂၂.၄.၂၀၁၆)

No comments:
Post a Comment