ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Friday, July 29, 2016

ကင်းမြင်သာကျေးရွာမှဒေသခံများက မိရိုးဖလာလက်မှုအိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိ

ဝန်းသို နိုဝင်ဘာ၂၅ဝန်းသိုမြို့နယ်ကင်းမြင်သာအုပ်စုကင်းမြင်သာကျေးရွာမှ ဒေသခံအများစုသည် နှစ်စဉ် တောင်သူလုပ်ငန်းလုပ်ကိုင်သည့်အပြင် မိရိုးဖလာ မြန်မာ့ရိုးရာလက်မှု မြေအိုးလုပ်ငန်းအနေဖြင့် ယနေ့တိုင် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိကြောင်း သိရသည်။
ယင်းဒေသတွင် တောင်ယာလုပ်ငန်းများကို လည်း အများစုက လုပ်ကိုင်လျက်ရှိပြီး ရာသီဥတုအခြေအနေကြောင့် တောင်ယာလုပ်ငန်း မအောင်မြင်သည့်အခါ အဆိုပါအိုးလုပ်ငန်းမှ တစ်ဖက်တစ်လမ်း ဝင်ငွေရရှိနိုင်သောကြောင့် ယနေ့တိုင် အိုးလုပ်ငန်းအား ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
''ကျွန်မတို့ကျေးရွာမှာ မိုးစပါးစိုက်ပျိုးတဲ့တောင်သူလုပ်ငန်းအပြင် မိရိုးဖလာမြေအိုးကိုလုပ်ကိုင်ကြတယ်။ တောင်သူလုပ်ငန်းလုပ်တယ်ဆိုတာကလည်း ရာသီဥတုကောင်းမွန်တဲ့ အပေါ်မှာလုပ်ရတာမို့ ရာသီဥတုမကောင်းလို့တောင်သူတွေ စိုက်ပျိုးရေးမအောင်မြင်တဲ့အခါ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းကိုလုပ်ကြ တော့ စားဝတ်နေရေးအဆင်ပြေနိုင်ပါတယ်။ အိုးလုပ်ငန်းကတော့ ရေအိုး၊ ဘုရားပန်းအိုး ၊ပန်းစိုက်အိုးတွေကို ထုတ်ကြပါတယ်'' ဟု အိုးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောပြသည်။
သောက်ရေအိုးနှင့်ဘုရားပန်းအိုးများကို ဝန်းသိုမြို့နှင့် ကောလင်းမြို့ အိုးအမျိုးမျိုးရောင်းဝယ်ရေးဆိုင်များနှင့် ကသာ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ကန့်ဘလူမြို့နယ် စသည့်ကျေးလက်ဒေသများသို့လည်းကောင်း၊ ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ နမ္မတီး၊မိုးကောင်းမြို့နယ်ရှိ မှာယူသူဝယ်လက်များသို့ ရေအိုးတစ်လုံးလျှင် ငွေကျပ် ၇ဝဝ၊ ဘုရားပန်းအိုးတစ်လုံးလျှင် ငွေကျပ် ၃ဝဝ၊ ပန်းစိုက်အိုးတစ်လုံးလျှင် ငွေကျပ် ၃ဝဝ တို့ဖြင့် တင်ပို့ ရောင်းချနေလျက်ရှိကြောင်း သိရသည်။
ကင်းမြင်သာကျေးရွာသည် မန္တလေး-မြစ် ကြီးနား မီးရထားလမ်းပေါ် ဝန်းသိုမြို့နယ် ကင်းဘူတာ၏ သံလမ်းအရှေ့ဘက်တွင် တည်ရှိကာ အဆိုပါကျေးရွာဒေသခံများအနေဖြင့် အိုးလုပ်ရာတွင် ကုန်ကြမ်းမြေးစေးကို ကျေးရွာ
နှင့်တစ်မိုင်ကျော်ခန့်ဝန်းကျင်မှ အလွယ်တကူ ရရှိနိုင်သဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် ငွေကြေးအရင်းအနှီးထက် လုပ်အားအရင်းအနှီးကိုပိုမိုစိုက်ထုတ်ရပြီး လုပ်ငန်းအရင်းအနှီးအနည်းအများအလိုက် ဝင်ငွေအနည်းအများကွာခြား
သည်ဟု သိရသည်။
စိုင်းလူမင်း
The Mirror Daily

No comments:

Post a Comment