ပင်မစာမျက်နှာ

Pages

စိတ်ဝင်စားဖွယ် စာမျက်နှာများ

Friday, July 29, 2016

ချောင်းဆုံရွာက ဝါးနှီးခမောက်လုပ်ငန်း မိသားစုအပိုဝင်ငွေများရရှိ

ဝန်းသို ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် တပ်ကုန်းအုပ်စု ချောင်းဆုံကျေးရွာတွင် ဝါးနှီးခမောက်လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ အဆိုပါလုပ်ငန်းမှ မိသားစု အပိုဝင်ငွေများရရှိလျက် ရှိကြောင်း သိရသည်။

''ကျွန်မတို့ရွာမှာ ဝါးနှီးခမောက်လုပ်ငန်းကို ၂ဝ၁ဝ ခုနှစ်လောက်က စတင်လုပ်ကိုင်လာခဲ့ကြတာပါ။အိမ်ခြေ ၂ဝ ကျော်က မိသားစုတွေ စပါးရိတ်၊ ကောက်စိုက်ချိန်မှအပ ကျန်အချိန်တွေမှာ ဒီဝါးနှီးခမောက်တွေကိုပဲ ရက်လုပ်ကျပါတယ်။ နှီးခမောက်ရက်လုပ်ပုံကတော့ ဝါးနှီးအပြားကြီးနဲ့ ခမောက်အုံကြမ်းကတစ်ခုနှင့် နှီးပြားသေးနဲ့ အနုစိတ်ရက်တဲ့ ခမောက်အုံကြမ်းအနုကတစ်ခုရက်လုပ်ရပါတယ်။ သူတို့နှစ်ခုရဲ့ကြားမှာ ပလတ်စတစ်စ အပါးခံကာ ထပ်ပြီး အနားသတ်တွင် ဝါးများကို ခွဲစိတ်ပြီးပြုလုပ်ထားတဲ့ သေးတံအချောင်းများခံကာ အပြင်ခွေ အဖြစ်ရက်ထားတဲ့ နှစ်လက်မခန့်အပြားနဲ့ အနားသတ်ကိုချုပ်ရပါ တယ်။ နောက်ပြီး ဦးခေါင်းပေါ်တွင် တင်ထားနိုင်ရန် ခမောက်အတွင်းပိုင်းတွင် အတွင်းခွေကို ချုပ်ရပါတယ်။ ပြီးမှထိပ်အုပ်ကလေးများတပ်ဆင်ပြီးပါက ခမောက် တစ်လုံးအဖြစ်အသုံးပြုနိုင်ပြီဖြစ်ပြီး ရလာတဲ့ ခမောက်တွေကိုတော့ မြစ်ကြီးနား၊ မိုးခေါင်း၊ မိုးညှင်းမြို့၊ ကောလင်း၊ ဝန်းသိုမြို့တို့မှလာသော ဖောက်သည်များ ထံ နှီးခမောက် အချပ် ၁ဝဝ ကို ကျပ် ၆၅ဝဝဝ နှုန်းနဲ့ သွင်းရပါတယ်။ အနီးအနားရွာများသို့ ထမ်းရောင်းမယ်ဆိုရင် ခမောက်တစ်ချပ်ကို ကျပ် ၇ဝဝ၊ ၇၅ဝ ဝန်းကျင်ရောင်းရပါတယ်'' ဟု ချောင်းဆုံကျေးရွာမှ နှီးခမောက်ရက်လုပ်သူ မစိုးခိုင်က ပြောသည်။

''ကျွန်မတို့ဒေသမှာ လွန်ခဲ့တဲ့နှစ်နှစ်က ဝါးသီးတွေသီးပြီး ဝါးတောတွေတုံးလာခဲ့ တဲ့အတွက်ကြောင့် ကျွန်မတို့ရွာနဲ့နီးစပ်တဲ့ ဝါးတောတွေမှာ တင်းဝါးတွေ ရှားလာ တယ်။ အခုဆို မင်းဝံတောင်ရိုးကလာတဲ့ ၁၂ တောင်အရှည်တင်းဝါးတစ်လုံးကို ကျပ် ၅ဝဝ နှုန်းနဲ့ ဝယ်ရပါတယ်။ ဝါးတစ်လုံးကို နှီးခမောက် ငါးချပ်ရပါတယ်။

'ပြာသိုလမှာခုတ်တဲ့ဝါးတွေကို နှစ်ပေါက်အောင် ဝယ်ယူစုဆောင်းကြပါ တယ်။ ပြာသိုလမှာခုတ်တဲ့ဝါးက နှီးသားထူထူရပါတယ်။ မိသားစုများပြီး လူငှားနဲ့အလုပ် လုပ်နိုင်သူတွေက တစ်နှစ်ကို ဝါးအလုံးရေ ၂၅ဝ ဝန်းကျင် အထိစုဆောင်း လုပ်ကိုင်ကြပါတယ်။ တစ်နှစ်ကို ခြောက် သိန်း၊ ခုနစ်သိန်း ဝန်းကျင်လောက် မိသားစုအပိုဝင်ငွေများ ရရှိပါတယ်'' ဟု ချောင်းဆုံကျေးရွာ မှ နှီးခမောက် ရက်လုပ်သူ မမိုးပုလဲကပြောသည်။

မောင်ချစ်လင်း

No comments:

Post a Comment