၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၄
ရေးသားသူ --- Maha Sila Veravang
ပစ္စုပ္ပန်ကာလတွင် ရှမ်းနီတိုင်းရင်းသားများဟု ထင်ရှားလာမည့်
တိုင်း-တရုတ်ဘာသာစကား ပြောသည့် ရှမ်းလူမျိုး တို့သည် တရုတ်နိုင်ငံ၊
ယူနန်ပြည်နယ်အတွင်းမှ အထက်မြန်မာပြည်သို့ ဝင်ရောက် အခြေချနေထိုင်သည့်ကာလ
သည် ပုဂံခေတ်မတိုင်မီ ကာလကပင် စတင်နေပြီဟု ဆိုနိုင်သည်။
ဤအဆိုနှင့် ပတ်သက်၍ ထင်ရှားသည့် အထောက်အထားများကို
၁။ စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းများ
၂။ ခေတ်ပြိုင်မှတ်တမ်းများ
၃။ မြေပေါ်မြေအောက် အထောက်အထားများတွင် ထင်ရှားစွာ တွေ့မြင်ရပေသည်။
ဤအပိုင်းတွင်း စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းများကို
အခြေခံ၍ ရှမ်းနီတိုင်းရင်းသားများ၏ အထက်မြန်မာပြည်သို့ ဝင်ရောက်
အခြေချနေထိုင်သည့် ကာလများနှင့် မြို့ပြ နိုင်ငံငယ်များ တည်ထောင်သည့်
ကာလများကို ဆန်းစစ်တင်ပြသွားပါမည်။
စစ်တမ်းများကို လေ့လာကြည့်လျှင် မြန်မာနှစ် ၁၁၂၆ ခု(အေဒီ ၁၇၆၄)နှင့်
မြန်မာနှစ် ၁၁၄၅ ခု(အေဒီ ၁၇၈၃) နှစ် တွင် အထက်ချင်းတွင်းနယ်နှင့် ကဘော်နယ်
အပါအဝင် သောင်သွပ်ရှမ်းပြည်ကို အုပ်ချုပ်သည့် စော်ဘွားကြီး နှစ်ပါးနှင့်
အမတ်တို့ ရေးသားဆက်သွင်းသည့် စစ်တမ်း(၂)စောင်တွင် ရှမ်းနီဟု ထင်ရှားလာမည့်
ရှမ်းတိုင်းရင်းသား တို့၏ မြို့ရွာတည်ထောင်မှု မှတ်တမ်းကို
တွေ့နိုင်ပါသည်။
စစ်တမ်းတွင် ပါဝင်သည့် အချက်များနှင့် ပတ်သက်၍ မြန်မာ့သမိုင်းပညာရှင်
ဒေါက်တာတိုးလှက “ဘုရား မပွင့်မီ နှစ်ပေါင်း ၃၀၀ ကျော်(ဘီစီ ၈၀၀)လောက်ကတည်းက
လူနေအိမ်ခြေများ ရှိနေပြီဖြစ်ကြောင်းနှင့် မြို့ကိုမူ မဇ္စျိမ ဒေသ
ရာဇဂြိုလ်တွင် အဇာတသတ်စိုးစံစဥ် တည်ထောင်ခဲ့ကြောင်း ဆိုလေသည်။
မူလမြို့အမည်မှာ ရှမ်းဘာသာ ဖြင့် စဲကော်(စီးကော်)ဟု ခေါ်ဆို၍ စတင်စိုးစံသော
စော်ဘွားမှာ သိုဟိုဘွား(သိုဟုံဘွား)ဖြစ်လေသည်။ မြေမြို့ အဝန်းတာ ၃၀၀
(၉၀၀)နှင့် တံခါး(၉)ရပ် ရှိပါသည်” ဟူ၍ ချင်းတွင်းမြစ်သာ မူးဧရာစာအုပ်တွင်
ဖော်ပြပါသည်။

ရှမ်းနီဘုရင် သိုဟုံဘွားကိုတွေ့ရစဉ်
သောင်သွပ်မြို့တည် ကာလကိုလည်း မူလစစ်တမ်းတွင် “သောင်သွပ်မြို့သည်
ဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူ သည်နောက်၊ ရာဇဂြိုလ်ပြည်ကို အဇာတသတ်
မင်းပြုသည်၊ မြေမြို့ အဝန်းတာ ၉၀၀ တည်၍၊ ရှမ်းဘာသာ စဲကော်မြို့
သမုတ်ပြီးလျှင် သိုဟုံဘွား စားသည်” ဟု ဖော်ပြထားပါသည်။
မူလစစ်တမ်းပါ ဝေါဟာရများကို လေ့လာ ကြည့်သည့်အခါတွင်
စဲကော်(စီးကော်)ဆိုသည်မှာ ရှမ်းဝေါဟာရ “စေကော်- မြို့တော်သစ်”ဟု
အဓိပ္ပာယ်ရပါသည်။ စစ်တမ်းပါ သိုဟိုဘွား (သိုဟုံဘွား) ဆိုသည်မှာ ရှမ်းဝေါဟာရ
အားဖြင့် “ဆေဟုမ်ဖှ- ကောင်းကင်ကို စိုးမိုးသည့် ကျားမင်း”ဟု၍
အဓိပ္ပာယ်ရသဖြင့် သောင်သွပ်မြို့ကို ကျား အိမ်တော် မျိုးရိုးက
စတင်တည်ထောင် အုပ်ချုပ်နေသည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။
ထိုစစ်တမ်းအရ ရှမ်းနီဖြစ်လာမည့် ရှမ်းတိုင်းရင်းများသည် ဘုရားရှင်
မပွင့်မီ ဘီစီ ၈၀၀ ခန့်ကပင် လက်ရှိအထက် ချင်းတွင်းနယ်နှင့် ကဘော်နယ်သို့
စတင်ရောက်ရှိ နေထိုင်လာခဲ့ကြပြီး ၎င်းတို့၏ မြို့ပြနိုင်ငံ ထူထောင်မှုသည်
ဘုရားရှင် ပရိနိဗ္ဗာန်ပြုအပြီး အိန္ဒိယနိုင်ငံတွင် အဇာတသတ်မင်း စိုးစံသည့်
ကာလနှင့်တွက်လျှင် ဘီစီ ၅၄၄ တွင် စတင်နေပြီဟု သုံးသပ်နိုင်ပါသည်။
သောင်သွပ်စစ်တမ်းနှင့် တွဲဖက်လေ့လာရမည့် စစ်တမ်းတစ်စောင်သည်
မြန်မာနှစ် ၁၁၂၆ ခု(အေဒီ ၁၇၆၄) တွင် ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာ
ကဘော်နယ်၊ ခမ်းပတ်ဒေသကို အုပ်ချုပ်သည့် ခမ်းပတ်စော်ဘွား စဝ်ခမ်း ဆက်
သွင်းသည့် စစ်တမ်းဖြစ်သည်။
ထိုစစ်တမ်းတွင်- “သာသနာတော်သက္ကရာဇ် ၉၂ တွင် ပန်ယူ၊ ပန်ဝမြို့သမုတ်
တည်ထောင်ပါသည်။.....ရှမ်းဘာသာ ရွှေကို ခန်း၊ ပတ်ကို ပတီခေါ်ဝေါ်နှင့်အညီ
မင်္ဂလာခန်းပတ်မြို့သမုတ် တွင်ပါသည်”ဟူ၍ ဖော်ပြထားသည်ကို တွေ့ရသည်။
စစ်တမ်းပါ ခန်းဆိုသည်မှာ ရှမ်းဝေါဟာရ “ခန်း-ခမ်း- ရွှေ”ဖြစ်ပြီး
ပတ်ဆိုသည်မှာ ရှမ်းဝေါဟာရ “ပတ်- ပယင်း (သို့မဟုတ်) ပယင်းပုတီး” ဟု
အဓိပ္ပာယ်ရပါသည်။
ထို့ကြောင့် ခမ်းပတ်ဆိုသည်မှာ ရှမ်းဘာသာအားဖြင့်
ရွှေပယင်းပုတီးမြို့ဟု အဓိပ္ပာယ်ရပါသည်။ ထိုဒေသကို ရှမ်းနီ
တိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားများ လာရောက်၍ မြို့ရွာ
တည်ထောင်သည့် ကာလသည် စစ်တမ်းပါ သာသနာနှစ်အရ ဘီစီ ၄၅၂ ဖြစ်သည်ဟု
သုံးသပ်နိုင်ပါသည်။
အထက်ပါ စစ်တမ်းများနှင့် ဆက်စပ် လေ့လာသင့်သည့် စစ်တမ်းသည်
မိုးညှင်းစစ်တမ်း ဖြစ်သည်။ ထိုစစ်တမ်း တွင် မိုးညှင်းမြို့ကို
တည်ထောင်သည့်နှစ်ကို- “သာသနာတော်နှစ် ၇၃ ခု၊ ကဆုန်လပြည့်ကျော် ၃ လ ရက် ၅
နေ့(ကြာသပတေး) (ဘီစီ၄၇၁) နံနက် ၄ ချက်တီးကျော် ၂ မောင်းတွင်
မိုးညှင်းမြို့ကို သောင်းခမ်းကျော်တည် သည်”ဟူ မြန်မာ့သမိုင်းပညာရှင်
ဒေါက်တာသန်းထွန်း၏ The Royal Orders of Burma, A.D.1598-1648,Vol.1 တွင်
တွေ့ရပါသည်။
စစ်တမ်းပါ မိုးညှင်းမြို့တည်မင်း၏ အမည်မှာ ရှမ်းဘာသာအရ
“သောင်းခမ်းကျော်- တောက်ဝ် ခမ်းကျောက်ဝ်> ရွှေရတနာအစိုးရသည့် ဓားသခင်”
ဟု အဓိပ္ပာယ်ရသဖြင့် မိုးညှင်းကို တည်ထောင်သော ရှမ်းမင်းရိုးသည် တောက်ဝ်
ဟုခေါ်သော ဓားအိမ်တော်မျိုးရိုးက ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။
ထို့အပြင် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့်
ရှမ်းတိုင်းရင်းသားများသည် မိုးညှင်းမြို့ကို တည်ထောင်သည့် ကာလသည်
စစ်တမ်းပါ သာသနာနှစ်အရ ဘီစီ ၄၇၁ ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။
ခိုင်မာသည့် စစ်တမ်းများကို အားဖြည့်ပေးနိုင်သည့် မှတ်တမ်းများမှာ
ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းဆိုင်ရာ မှတ်တမ်းများဖြစ်သည်။
ထိုမှတ်တမ်းများသည်လည်း လူမျိုးများ၏ ဆင်းသက်ပြန့်ပွားလာပုံကို ဆက်စပ်၍
လေ့လာနိုင်သော မှတ်တမ်းများ ဖြစ်ပါသည်။

မိုးကောင်းမြို့ကိုတွေ့ရစဉ်
ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားများ၏
အထက်မြန်မာပြည်အတွင်း ဝင်ရောက်လာချိန်နှင့် မြို့ရွာ တည်ထောင်မှု
မှတ်တမ်းများသည် ဘုရားသမိုင်းပြုစုသူတို့၏ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှု၊
သာသနာ သမိုင်းနှင့် ဆက်စပ်ဖော်ပြမှု၊ သဘာဝလွန် တန်ခိုးရှင်များ(နတ်၊
နဂါးစသည်)ကို တွဲဖက်ဖော်ပြမှုများအရ သူ့ချည်း သက်သက် လေ့လာလျှင်
ပြည့်စုံသည့် အကိုးအကားရရှိရန် မလွယ်လှပါ။
သို့သော် ခိုင်မာသည့် စစ်တမ်းများနှင့် ဆက်စပ်လေ့လာပါက ပြည့်စုံသည့်
အကိုးအကား အထောက်များဖြစ်နိုင် သည့် မှတ်တမ်းကောင်းများ ဖြစ်ပါသည်။ ဤသည်ကို
အင်းတော်ကြီး အတ္ထုပ္ပတ္တိနှင့် ရွှေမဉ္ဇူဘုရားသမိုင်း၊ ဗန်းမော် မြို့
ရွှေကျီးနားနှင့် သိမ်တော်ကြီးဘုရားသမိုင်း စသည့် မှတ်တမ်းများက
သက်သေထူနေပါသည်။
အင်းတော်ကြီး အတ္ထုပ္ပတ္တိနှင့် ရွှေမဉ္ဇူဘုရားသမိုင်းတွင် သဘာဝလွန်
တန်ခိုးရှင်များဖြစ်သည့် နတ်များ၊ နဂါးများ၏ အကြောင်းအရာများ၊
မြို့၏စည်ကားမှု သဘောကို သိသာစေရန် အလွန်အကြူး ဖော်ပြထားသည့် အိမ်ခြေ အရေ
အတွက်များကို ပယ်နုတ်၍ သမိုင်းသုတေသနအားဖြင့် လေ့လာလျှင်
လက်ရှိအင်းတော်ကြီး ရေပြင်ရှိရာ နေရာ သည် ရှေးယခင်ကာလက
မြို့တစ်မြို့ရှိခဲ့သည်ကို အခိုင်အမာ သိရှိနိုင်ပေသည်။
ဤသို့ အခိုင်အမာ သိရှိနိုင်ခြင်းမှာ ဘုရားသမိုင်းမှတ်တမ်းပါ-
“သာသနာတော်သက္ကရာဇ် ၂၆၄ ခုနှစ်တွင် ဥတ္တရစော ဖြူမင်းသည် အိမ်ခြေကိုးသန်းရှိ
ဥတ္တရဌာနီစည်ခမ်းမြို့ တည်သောနှစ်ဖြစ်သည် ”ဟူသော အချက်အလက်အရ ဖြစ်ပါသည်။
ဤမှတ်တမ်းပါ သာသနာနှစ်အရ ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့်
ရှမ်းတိုင်းရင်းသားတို့သည် ဘီစီ ၂၇၉ ကာလတွင် အင်းတော်ကြီးဒေသ၌
မြို့ပြတည်ထောင်၍ နေထိုင်နေပြီဟု သုံးသပ်နိုင်ပေသည်။
မှတ်တမ်းပါ မြို့၏ အမည်ဖြစ်သည့် စည်ခမ်းဟူသော ဝေါဟာရသည်
ရှမ်းဘာသာအားဖြင့် “စေခမ်း-ရွှေမြို့တော်” ဟု အဓိပ္ပာယ်ရနေခြင်းကလည်း
ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားတို့ တည်ထောင်သွား
သည့် မြို့တော်ဖြစ်ခြင်းကို ဘာသာစကားရှုထောင့်က သက်သေခံနေပေသည်ဟု
သုံးသပ်နိုင်ပါသည်။
ဗန်းမော်မြို့ ရွှေကျီးနားနှင့် သိမ်တော်ကြီး ဘုရားသမိုင်းတွင်
ဗန်းမော်မြို့၏ သမိုင်းအစကို စမ္ပာနဂိုရ်မြို့ဟောင်းနှင့် ဆက်စပ်၍
ဖော်ပြသည်။ စမ္ပာနဂိုရ်မြို့ပြနိုင်ငံ၏ ရှေးဦးမင်းတို့သည် အိန္ဒိယမှလာသည့်
မင်းများဖြစ်၍ ဘွဲ့မည်များ သည် စမ္ပေရ၊ ဗြဟ္မကုမာရ၊ ဝိလာသ စသည့်
ပါဠိအမည်များ ဖြစ်နေသည်ကို တွေ့ရှိရသည်။
သို့သော် ထိုမင်းများ အုပ်ချုပ်ရာဒေသရှိ ဒေသခံများကိုမူ ရှမ်းများအဖြစ် ဖော်ပြသည်ကို တွေ့ရသည်။
အထူးသဖြင့် ဗြဟ္မကုမာရမင်း၏ သားမက်တော်သည် အိုက်ခေါတော် အမည်ရှိ
ရှမ်းလူမျိုး ဖြစ်ကြောင်းကို ဖော်ပြ ထားသည်ကို တွေ့ရသည်။ အိုက်ခေါတော်သည်
ဗြဟ္မကုမာရမင်း၏ သမီးတော်နှင့် လက်ဆက်၍ စမ္ပာနဂိုရ်မြို့ကို အုပ်ချုပ်သည့်
မင်းအဖြစ်ကိုရရှိကြောင်း ဖော်ပြထားသည်ကလည်း အိန္ဒိယကလာသည့်
မင်းမျိုးရိုးသည် များစွာ အင်အား မကောင်းလှဘဲ ဒေသခံရှမ်းများကို
အဓိကအားပြုခဲ့ရပြီးနောက် ရှမ်းလူမျိုးများကပင် ဆက်လက် အုပ်ချုပ်
မင်းလုပ်ခဲ့ကြသည်ဟု သုံးသပ်နိုင်ပေသည်။
အိုက်ခေါတော်မင်း၏ မြေးတော် ဝိလာသမင်းသည် စမ္ပနဂိုရ်မြို့ပြနိုင်ငံကို
အုပ်ချုပ်ချိန်မှာ သာသနာတော် သက္ကရာဇ် ၂၀၀ ကျော်ကာလဟု ဘုရားသမိုင်းတွင်
ဖော်ပြထားရာ ဘီစီ ၂၉၃ ကာလဖြစ်ရာ ဤကာလတွင် ရှမ်းနီတိုင်းရင်းသားများ
ဖြစ်လာမည့် ရှမ်းတိုင်းရင်းသားတို့သည် ဗန်းမော်နယ်တွင် အင်အားကောင်းစွာ
အခြေချ နေထိုင်နေပြီဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။
အဆိုပါ စစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီ သမိုင်းများကို
တိုက်ဆိုင်စစ်ဆေးရန် ရှမ်းသမိုင်း မှတ်တမ်းများ ကို ဆက်လက် လေ့ရာရာတွင်
မိုးမိတ်ရာဇဝင်တော် သစ်ကျမ်းနှင့် ဇမ္ဗူ့ဒီပဥဆောင်းကျမ်းတို့တွင်
ဆက်စပ်သည့် သမိုင်းမှတ်တမ်းများ ပါရှိသည်ကို တွေ့ရပါသည်။
ထို့အတူ ကုန်းဘောင်မင်းဆက် ရာဇဝင်တော် ကျမ်းတွင်လည်း ဆက်စပ်သည့် သမိုင်းမှတ်တမ်းများ ပါရှိသည်ကို တွေ့ရပါသည်။
အထူးသဖြင့် မိုးညှင်း၊ မိုးကောင်း၊ ကလေး၊ သောင်သွပ်၊ ဝန်းသိုတို့တွင်
အုပ်ချုပ်သည့် ရှမ်းမင်းရိုးတို့၏ ဇစ်မြစ်ကို အဆိုပါသမိုင်း မှတ်တမ်းများက
ဖော်ပြကြသည်ကို တွေ့ရပေသည်။

ရှမ်းနီဘုရင်နဲ့ စစ်သူကြီးများ စစ်တိုက်ထွက်ရန်သွားစဉ်
ထိုမှတ်တမ်းများကလည်း ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့်
တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်း တိုင်းရင်းသားများသည်
ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်း၊ ကဘော်ချိုင့် ဝှမ်းဒေသ၊ ကချင်ပြည်နယ်
အတွင်းရှိ သံလမ်းရိုးနှင့် ဧရာဝတီမြစ်ရိုး ဒေသများတွင် ခရစ်တော်မပေါ်မီကာလ
ကတည်းက မြို့ရွာတည်ထောင်၍ နေထိုင် ခဲ့ကြသည်ကို ဖော်ပြထားပေသည်။
ထို့ကြောင့် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ်
ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများ သည် ခရစ်တော်မပေါ်မီ ကာလကပင်
ယဥ်ကျေးမှုမြင့်မားသည့် လူမျိုးကြီးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်
ခဲ့ပြီဟု သုံးသပ်ရပေသည်။
ဤစစ်တမ်းများနှင့် ဒေသဆိုင်ရာ ဘုရားစေတီ သမိုင်းများအရ
ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့်
ရှမ်းတိုင်းရင်းသားများ၏ အထက်မြန်မာပြည်သို့ ဝင်ရောက်အခြေချ
နေထိုင်မှုနှင့် မြို့ပြ နိုင်ငံငယ်များ တည်ထောင်အုပ်ချုပ်မှုသည် ဘီစီ
၈၀၀-၂၇၀ အတွင်း ကာလဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။
ဘီစီ ၈၀၀ ခန့်တွင် အဆိုပါ တိုင်း-တရုတ် ဘာသာစကားပြောသည့်
ရှမ်းတိုင်းရင်းသားများသည် ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်းနှင့်
ကဘော်ချိုင်းဝှမ်းဒေသသို့ ဝင်ရောက်နေထိုင်လာခဲ့ကြသည်ကို သောင်သွပ်
စစ်တမ်းအရ သိရှိနိုင် ပေသည်။
ဘီစီ ၈၀၀ ခန့်က စတင်အခြေချ နေထိုင်ခဲ့ကြသည့် တိုင်း-တရုတ် ဘာသာစကား
ပြောသည့် ရှမ်း တိုင်းရင်းသား များသည် (၂၅၆)နှစ်အကြာ ဘီစီ ၅၄၄ တွင်
သောင်သွပ်မြို့ပြနိုင်ငံကို ထူထောင် နိုင်ခဲ့ကြသည်ဟု သုံးသပ်နိုင်ပါသည်။
ထို့နောက် ပိုမို အင်အားတောင့်တင်းလာသဖြင့် (၉၂)နှစ်အကြာတွင်
ခမ်းပတ်မြို့ပြနိုင်ငံကို ဆက်လက် ထူထောင် နိုင်ခဲ့သည်ဟူ၍ပါ
သုံးသပ်နိုင်ပါသည်။
ရှမ်းနီတိုင်းရင်းသားများဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့်
ရှမ်းတိုင်းရင်းသားများသည် ချင်းတွင်း မြစ်ဝှမ်းအထက်ပိုင်းနှင့်
ကဘော်ချိုင့်ဝှမ်းဒေသတွင်ပင် ဘီစီ၅၄၄တွင် သောင်သွပ်မြို့ပြနိုင်ငံကို
တည်ထောင်ခဲ့ ကြပြီဆိုလျှင် ကချင်ပြည်နယ်အတွင်းရှိ ဒေသများတွင်လည်း
ထိုကာလလောက်ကစ၍ ပြန့်နှံ့ နေထိုင်ကြလိမ့်မည် ဟု ဆက်စပ်ယူဆနိုင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ ပြန့်နှံ့စွာ နေထိုင်လာခဲ့
ခြင်းကြောင့် ဘီစီ ၄၇၁ တွင် မိုးညှင်းမြို့ပြနိုင်ငံကို
ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။
မိုးညှင်းမြို့ပြနိုင်ငံကို ထူထောင်အပြီး နှစ်ပေါင်း (၁၇၈) နှစ် အကြာ ဘီစီ
၂၉၃ တွင် စမ္ပာနဂိုရ်မြို့ပြနိုင်ငံကို ဗန်းမော်နယ်တွင် လည်းကောင်း၊
နှစ်ပေါင်း(၁၉၂)အကြာ ဘီစီ ၂၇၉ တွင် စည်ခမ်းမြို့ပြ နိုင်ငံကိုလည်းကောင်း
အင်းတော်ကြီးဒေသတွင်လည်းကောင်း ဆက်လက် ထူထောင်နိုင်ခဲ့ သည်ဟု
သုံးသပ်နိုင်ပေသည်။
ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် အဆိုပါ တိုင်း-တရုတ်
ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသား များ၏ ဆင်းသက်ပြန့်ပွားလာသည့်
သမိုင်းစဥ်တွင် အိန္ဒိယနှင့် ပတ်သက်သော အကြောင်းအရာအချို့ကို ခေတ်ပြိုင်
မှတ်တမ်းသဘောမျိုးဖြင့် ထည့်သွင်းဖော်ပြလေ့ရှိသည်ကို စစ်တမ်းများနှင့်
ဒေသဆိုင်ရာ ဘုရားစေတီသမိုင်းများ တွင် တွေ့ရှိရသည်။
ဤအချက်သည် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် အဆိုပါ တိုင်း-တရုတ်
ဘာသာစကား ပြောသည့် ရှမ်းတိုင်းရင်းသားများနှင့် အိန္ဒိနိုင်ငံအတွင်းရှိ
မြို့ပြနိုင်ငံများအကြားတွင် လူမှုစီးပွားဆိုင်ရာ ဆက်စပ်မှုများ ရှိနေ
သည်ကို ဖော်ပြနေပေသည်။
အထူးသဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စာပေအပိုင်းတွင်
မိမိတို့ထက် များစွာဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သော မဇ္ဈိမတိုင်းခေါ်
အိန္ဒိယနိုင်ငံအတွင်းရှိ မြို့ပြနိုင်ငံသားများကို
ဆရာတင်ခဲ့ရလိမ့်မည်ဟုလည်း သုံးသပ်ရ ပေသည်။
တစ်ခါတစ်ရံတွင် အိန္ဒိယကလာသည့် လူမျိုးများက အုပ်ချုပ်သူအနေဖြင့်
လာရောက်အုပ်ချုပ်မှု ရှိခဲ့ပြီး ၎င်းမင်းဆက်ကို ဒေသခံ တိုင်း-တရုတ်
ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများက ဆက်ခံ အုပ်ချုပ်သည် ဟူ၍လည်း
သုံးသပ်နိုင်ပါသေးသည်။
ဤအချက်အလက်များနှင့် ပတ်သက်၍မူ ခေတ်ပြိုင် မှတ်တမ်းများနှင့်
မြေပေါ်မြေအောက် အထောက် အထားများကို ဖော်ပြမည့်အခန်းတွင် ဆက်လက်
ဖော်ပြသွားပါမည်။
ဤအပိုင်းကို ခြုံငုံ၍သုံးသပ်ရလျှင် ချင်းတွင်းမြစ်ဝှမ်း
အထက်ပိုင်းဒေသများ၊ ကဘော်ချိုင်းဝှမ်းဒေသများ၊ ကချင်ပြည်နယ်အတွင်းရှိ
သံလမ်းရိုးနှင့် ဧရာဝတီမြစ်ရိုး ဒေသများတွင် ရှမ်းနီတိုင်းရင်းသားများ
ဖြစ်လာကြမည့် တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းတိုင်းရင်းသားများသည်
ခရစ်တော်မပေါ်မီ ကာလကပင် အင်အား ကြီးမားစွာ ပြန့်နှံ့နေထိုင်နေသည်သာမက
မြို့ပြနိုင်ငံများပါ ထူထောင်နိုင်သည်အထိ ယဥ်ကျေးမှုမြင့်မားနေပြီဟူ၍
သုံးသပ်တင်ပြလိုက်ရပါသည်။ ။
ကျမ်းကိုး-
၁။ ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက် ။ တောင်ကြီးမြို့။
၂။ ဂျေအက်စ်ဖာနီဗဲလ်၊ ဒေါက်တာ(သတိုးသီရိသုဓမ္မ)နှင့်
ဒေါက်တာဖေမောင်တင်။ ဇမ္ဗူ့ဒီပဥဆောင်းကျမ်း။ ၁၉၆၀။ စာပေဗိမာန်ပုံနှိပ်တိုက်။
ရန်ကုန်။
၃။ တိုးလှ၊ ဒေါက်တာ။ ချင်းတွင်းမြစ်သာမူးဧရာ။ ၁၉၉၅။ ဒေါ်ချီ မုံရွာအော့ဖ်စက်။ ရန်ကုန်။
၄။ မှူး၊ ဦး(တောင်ပိုင်မြို့ဝန်)။ အုန်းဘောင်မင်းဆက်ရာဇဝင်တော်။ www.Shanyoma. org။
၅။ ရွှေထီးဣန္ဒရာ။ ဗန်းမော်မြို့ ရွှေကျီးနားနှင့် သိမ်တော်ကြီးဘုရားသမိုင်း။ ၁၃၂၉ခု။ တက်နေလင်းပုံနှိပ်တိုက်။ မန္တလေး။
၆။သိန်းညွန့်၊ ဦး(ဆရာ)။ အင်းတော်ကြီးအတ္ထုပ္ပတ္တိနှင့် ရွှေမဉ္ဇူဘုရားသမိုင်း(ရှမ်းဘာသာမှ မြန်မာဘာသာပြန်)။
၇။ Than Tun, The Royal Orders of Burma, A.D.1598-1648,Vol.1, Kyoto,
The Center for Southeast Asian Studies(CSEAS),Kyoto University,1983.
ဆက်စပ်လေ့လာသည့်စာအုပ်များ-
1. G.W.DAWDON, I.C.S., BURMA GAZETTEER; THE BHAMO
DISTRICT,SUPERINTENDENT, GOVT. PRINTING AND STATY.,UNION OF BURMA,
RANGOON,1960.
2. G. E. R. GRANT BROWN, I.C.S., BURMA GAZETTEE; UPPER CHINDWLN
DISTRICT, SUPERINTENDENT, GOVT. PRINTING AND STATY., UNION OF BURMA
RANGOON,1960.
Original Article Link: https://cnimyanmar.com/index.php/article-2/opinoin/16564-2023-08-14-11-32-46

No comments:
Post a Comment