မိုင်းသုန်သခင် စည်တော်ရှင်
ဤဇာတ်လမ်းသည် ကတူးလူမျိုးများ၏ ဒဏ္ဍာရီလာ ရိုးရာသမိုင်းကြောင်းများနှင့် ယခုအချိန်ထိ မြင်းခွာသံများ မောင်းသံစည်သံများ တေးဂီတသံများ ပဟေဠိဆန်စွာ ထွက်ပေါ်လျက်ရှိသည့် မိုင်းသုံအရှင်ကြီး ခေါ် စောအဲခန်းတည်ထောင်ခဲ့သည့် ကျောက်မြို့ကြီးအကြောင်းကို အခြေခံ၍ ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
သံဝရမင်းရဲ့မဟာမြိုင်မြို့တော်
"ရွှေဗဟိုရ်စည်ကြီးပျက်ဆီးလို့ မြည်သံဆိတ်သုန်းလျက်ရှိပါပြီ အရှင်မင်းကြီးဘုရား"
ယခုလို မိဖုရားခေါင်ကြီးရဲ့ အထိတ်တလန့်လျောက်တင်သံကိုကြားတယ်ဆိုရင်ပဲ သံဝရရာဇာမင်းကြီးဟာ
"မှန်းစမ်း..စည်တော်ကြီးကို ကိုယ်တော်ကိုယ်တိုင်စစ်ဆေးကြည့်ရှုပါရစေဦးမိဖုရားကြီးရဲ့..မင်းဆရာကြီးရဲ့ အစီအမံတွေမပြီးဆုံးသေးခင်မို့လားကွဲ့"
"မဟုတ်ရကြောင်းပါဘုရား..ဒင်းအကောက်ဉာဏ်ကြောင့်စည်တော်ပျက်သုန်းခဲ့ရတာပါ..အခုလည်းစည်တော်ကိုဖျက်လို့ ကျောင်းသင်္ခန်းကနေရှောင်ခွာထွက်ပြေးသွားပါပြီတဲ့ဘုရား..ဟင်းဟင်း"
ကြည်ငြိုဖွယ်အဆင်းသဏ္ဍာန် မြတ်သောအမူအကျင့်တို့ကြောင့် မိမိတို့မဟာမြိုင်တိုင်းပြည်ကြီးအတွက် အားကိုးအားထားပြုစရာ မင်းဆရာတစ်ပါးအဖြစ် သံဝရရာဇာမင်းကြီးနှင့်မိဖုရားတို့ကယုံကြည်ခဲ့ကြသည်။ယခုတော့သင်းက မိမိတို့တိုင်းပြည်ရဲ့ လက်နက်သဖွယ်ဖြစ်သော အဖိုးတန်ရတနာတို့ထက်အလွန်တရာမျှ တန်ဖိုးကြီးစွာသော ကဏ္ဍကစည်တော်ကြီးကို ဖျက်ဆီးလို၍ အယုံသွင်းကာရောက်ရှိလာသည့် တိုင်းတပါးရဲ့လက်ပါးစေ အယောင်ဆောင်လူလိမ်တစ်ဦးသာဖြစ်ကြောင်း မျက်ဝါးထင်ထင်သိမြင်ခဲ့ရလေပြီ။သို့သော် အချိန်က နှောင်းလေပြီတကား။မိမိတို့ယုံကြည်မှုကိုဖျက်စီးရသလောဟု ကြိတ်မနိုင်ခဲမရ ဒေါသအမျက်ထွက်နေရှာသော မိဖုရားကြီးသည် ဆင်ပြောင်တစ်စီးကဲ့သို့ သန်မာသည့်အားလျော်စွာ စည်ကြီးကိုရွက်ပြီး ရဟန်းတုကိုရှာဖွေ၏။မင်းဆရာရဟန်းတဖြစ်လဲ ဝင်္ကန္တအမတ်က မိဖုရားလာတာကိုမြင်တာနဲ့ ပယောဂအင်းဖြင့်စီမံထားတဲ့ ထီးကိုယူပြီးထွက်ပြေးလေတော့သည်။မိဖုရားကြီးလည်းနောက်ကနေထပ်ချက်မကွာလိုက်သည်။ဒီလိုနဲ့ဝင်္ကန္တအမတ်ကရှေ့ကပြေး မဟာမြိုင်မိဖုရားကနောက်ကလိုက်နဲ့ ချင်းလူမျိုးလေးမုံရဲ့ တောင်ယာအနီး ရေဝေတောင်အရောက်မှာတော့
"ဟားဟားဟား မိဖုရားကြီးရယ် ကျုပ်လိုလောကီဝိဇ္ဇာအတတ်တွေကို တဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ဝင်္ကန္တနောက်လိုက်နေရင်တော့ မောပန်းတာပဲအဖက်တင်တော့မပေါ့"
အမတ်ကြီးက ယခုလိုကျိမ်းဝါးပြောဆိုပြီး ထီးကိုဖွင့်ဆောင်းလိုက်တဲ့အခါမှာတော့ ထိုနေရာတွင်ပင် ကိုယ်ယောင်ပျောက်သွားခဲ့လေတော့သည်။ မိဖုရားက လူအင်အားသုံးပြီး တစ်တောလုံးအနှံ့ရှာဖွေပါသော်လည်း "ဝ" လေးကွက်အင်းချထားတဲ့ သိမ်ဝင်သပိတ်ကွဲကိုသာ တွေ့ရှိခဲ့ရပါသည်။
"အို...ရဟန်းယုတ်လည်း ထွက်ပြေးလွတ်မြောက်သွားပြီမို့ ကိုယ်ကျိုးတော့နည်းပြီထင်ပါပေါ့ကွယ်"
မိဖုရားကြီးက ထိုကဲ့သို့ ညီးတွားပြောဆိုရင်း နောင်တတရားများနှင့်အတူ ဖမ်းဆုတ်မရနိုင်သော အတိတ်ကာလဆီသို့ ပြန်ပြောင်းကာတွေးမိလေတော့သည်။
-------------------------------------------------------
ကောဇာသက္ကရာဇ်-၃၇၉ခုနှစ်တွင် အနော်ရထာက နောင်တော်စုက္ကတေးမင်းအား စီးချင်းထိုးအနိုင်ရရှိခဲ့ပြီး အရိမဒ္ဒနပူရ် ခေါ် ပေါက္ကံပြည်ကြီးကို မင်းအဖြစ်စိုးစံတော်မူခဲ့သည်။အနော်ရထာမင်းသည် ဘုန်းတန်ခိုးကြီးသလောက် လက်နက်စကြာရှင် မင်းတစ်ပါးလည်းဖြစ်သည်။အကြောင်းမှာ ၎င်း၏ခမည်းတော်ဖြစ်သော ကွမ်းဆော်ကြောင်ဖြူမင်းက စက္ကတေးနဲ့စီးချင်းမယှဉ်ပြိုင်မီအချိန်ကပင် သိကြားမင်းဆက်သခဲ့သော အရိန္ဒမာလှံ၊ သီလဝဓား၊ ပတ္တမြားလက်စွပ်နှင့် ပတ္တမြားဥသျှောင်တို့ကို လွှဲပြောင်းပေးအပ်ခဲ့သောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် သလ္လဝတီမြစ်အရှေ့ဘက် မဟာမြိုင်တောကြီးထဲတွင် သံဝရရာဇာအမည်ရှိတဲ့ ကတူးမင်းတစ်ပါး မင်းပြုအုပ်ချုပ်လျက်ရှိသည်။ မင်းမိဖုရားဟာလည်း ဆင်ပြောင်ထက်မက အင်အားကြီးမားသူဖြစ်သည်။ မဟာမြိုင်တွင် ရှမ်း၊ ကတူး၊ တောင်သူ၊ ချင်းစတဲ့လူနည်းစုသာ မှီတင်းနေထိုင်လျက်ရှိ၏။ ဗုဒ္ဓသာသနာသည်လည်း မရောက်ရှိမစည်ပင်သေးသည့်အတွက်"ဟုန်းနတ်"ကိုသာအားကိုးရာအဖြစ် ပူဇော်ပ,သကြလေသည်။
တစ်နေ့မှာတော့ ဘုရင့်ဥယျာဉ်တော်အတွင်း ထူးဆန်းတဲ့သတ္တဝါတစ်ကောင်ဝင်ရောက်လာမှုကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့၏။
"ဟိုးရှေ့က တွားသွားသတ္တဝါကြီးက နဂါးကြီးလား မြွေကြီးလားဟ"
"အိုး ပြောရင်းဆိုရင်းဒီဘက်ကိုတိုးလာနေပြီ..ပြေး..ပြေးကြဟေ့"
နန်းတွင်းသူ နန်းတွင်းသားတွေရဲ့ ဆူညံပွတ်လော အော်ဟစ်သံများကြားက ရှေ့သို့တိုးထွက်လာသူ လူငယ်တစ်ယောက်။သူ့နာမည်က စောအဲခန်း(မြန်မာအခေါ်ငပျင်း)။သံဝရမင်းကြီးရဲ့ ဘထွေးတော်သား စောအဲခန်းက အကြောက်အရွံ့ကင်းစွာ လူအုပ်ထဲမှ တိုးထွက်ပြီး အဆိုပါသတ္တဝါကြီးကို လေးဖြင့်ခွင်း၍ ပစ်သတ်ခဲ့လေသည်။
"ဟင်းးဒီမှာလာကြည့်ကြစမ်း..ဘာမှမြွေနဂါးမဟုတ်ဘူး..ဧရာမပုတ်သင်ကြီးတစ်ကောင်ပါဗျ"
"ထင်လည်းထင်ချင်စရာပဲလေ..ကိုယ်တော့်ပုတ်သင်က နွားထီးတကောင်လောက်ရှိတာကိုး"
"အင်းဒီသတ္တဝါဆန်းဟာ အရှင့်ဘုန်းကံကြောင့်သာလျင် ပေါ်ထွက်လာတာဖြစ်တဲ့အတွက် အစ်ကိုတော်မင်းတရားကြီးထံသို့ သွားရောက်ဆက်သရမယ် မင်းချင်းများရဲ့"
ပြောရင်းဆိုရင်း စောအဲခန်းဟာ အမှုထမ်းများကို ဧရာမပုတ်သင်ကြီးအားထမ်းစေ၍ နန်းတွင်းသို့ အခစားဝင်ရောက်ခဲ့လေသည်။သံဝရရာဇာမင်းကြီးလည်း များစွာနှစ်ထောင်းအားရ ဖြစ်သဖြင့် ဆုလဘ်တော်များပေးသနားတော်မူ၏။ထို့နောက် အိပ်မက်အရ ပုတ်သင်သားရေကို ကဗျည်းသားကိုထွင်းတဲ့ဗဟိုရ်စည်မှာကျက်ပြီး တီးခတ်ကြည့်သည့်အခါ အလွန်မည်ဟိန်းသည့်အသံ ထွက်ပေါ်ခဲ့လေသည်။ထို့ပြင် ထိုစည်သံကိုကြားရသော အရပ်ဒေသများက မင်းကြီးရဲ့ဘုန်းကံကိုမလွန်ဆန်ဝံ့ဘဲ လက်ဆောင်ပဏ္ဍာတွေလာရောက်ဆက်သရ၏။
-----------------------------------------
အဲ့ဒီကာလမှာပဲ ပဋိက္ကရားပြည်က ပဋိစက္ကမင်းသားဟာ နောင်တော်ကို စစ်ရှုံးခဲ့တဲ့အတွက် အနော်ရထာမင်းထံသို့ ခိုလှုံရောက်ရှိလာသည်။မင်းကြီးကလည်း ၎င်းတို့ဖခင်လက်ထက်ကတည်းက ဘဏ္ဍာတော်မပျက်ဆက်သခဲ့တဲ့ သစ္စာတော်ခံတိုင်းပြည်ကဆိုတော့ ပဋိစက္ကမင်းသားအား "သင့်တော်သောနယ်မြေကိုရှာဖွေ၍ သားရေတစ်ချက်စာ မြို့တည်၍နေစေ" ဟု မိန့်တော်မူကာ ကျွဲဖြူသားရေတစ်ချက်ကို ပေးသနားစေသည်။ပဋိစက္ကမင်းသားက အနော်ရထာမင်းကြီး ချီးမြှင့်တော်မူသော ကျွဲဖြူသားရေကို သေးငယ်သော အမျှင်ကလေးများပြုလုပ်စေပြီး ဗဒုံအရပ်တွင် ကျယ်ဝန်းသောမြို့ကိုရအောင် တည်နိုင်ခဲ့ခြင်းကြောင့် သူ၏ပြည်သူများက "ကုလားဉာဏ်ကျယ် ဘသူကြွယ်"ဟု ချစ်စနိုးခေါ်ဝေါ်ခဲ့ကြလေသည်။
ပဋိစက္ကမင်းရဲ့ဗဒုံပြည်နဲ့ သံဝရမင်းရဲ့ မဟာမြိုင်ဟာလည်း နယ်နိမိတ်ချင်း စပ်ဆက်နေတော့ ကတူးမင်းရဲ့စည်တော်ကြီးကို ပဋိစက္ကဟာ စိုးရိမ်မကင်းဖြစ်လာခဲ့သည်။
"အင်းးငါ့မှူးမတ်တွေလျောက်ထားချက်အရ ကတူးမင်းသံဝရရာဇာဟာ ဘုန်းကံကြောင့် စည်တော်တစ်လုံးပိုင်ဆိုင်ထားတယ်ဆိုပဲ..ထိုစည်တော်သံကိုကြားလို့မှ သူ့တိုင်းပြည်ကို ပဏ္ဍာတော်မဆက်သွင်းရင် စည်တော်အစွမ်းနဲ့ တစ်ဖက်တိုင်းပြည်ကို ဖျက်စီးပစ်လေ့ရှိတယ်လို့ ကြားသိရပြန်တယ်.."
"ဒီလိုဆိုမဖြစ်ချေဘူး ငါကခုတောင် ပေါက္ကံပြည်က အနော်ရထာမင်းမြတ်ကို ကျေးဇူးတော်အနေနဲ့တစ်နှစ်တခါ ရွှေပန်းခိုင် ငွေပန်းခိုင်တွေနဲ့ ပဏ္ဍာတော်ဆက်သွင်းနေရတာ..မဟာမြိုင်ကိုပါထပ်ပြီး အခွန်တော်ဆက်နေရရင် ငါချမ်းသာကြွယ်ဝသမျှ ကုန်သွားနိုင်တယ်..အဲ့တော့ ငါတခုခုကြံစည်အားထုတ်ဦးမှပါ"
မကြာခင်မှာပဲ ဘသူကြွယ်ဟာ ပေါက္ကံပြည်ကို ကိုယ်တိုင်သွားလို့ ကဗျည်းသားစည်ကြီးကို ဖျက်ဆီးသင့်ကြောင်း အနော်ရထာမင်းကို ချောပြစ်ကုန်းတိုက်ပါတော့သည်။ထိုအခါ အနော်ရထာမင်းကြီးလည်း သံဝရရာဇာရဲ့စည်တော်ကိုဖျက်ဆီးပစ်ဖို့ လောကီပညာမှာ ကျွမ်းကျင်လိမ္မာတဲ့ ဝင်္ကန္တအမတ်ကို သူလျှိုဒလန်အဖြစ် မဟာမြိုင်သို့ စေလွှတ်လိုက်သည်။
အရှင်သခင်ရဲ့ တာဝန်ပေးချက်အရ ဝင်္ကန္တအမတ်ဟာ ဖန်ရည်ဆိုးတဲ့အဝတ်ကိုဝတ်ပြီး မဟာမြိုင်သို့ဝင်၏။မြို့ပတ်ဝန်းကျင်ကို ရောက်တဲ့အခါ တချို့သောနေရာများ၌ ရွှေငွေတွေကို ဦးစွာမြှုပ်နှံထားပြီး "ဘယ်နေရာမှာ ရွှေရှိမယ်၊ ဘယ်အရပ်မှာ ငွေရှိမယ်" စသဖြင့် နိမိတ်ဖတ်ဟောကြားရင်း ရွာသားတွေကိုတူးယူစေ၏။ ဒီလိုနဲ့ မဟာမြိုင်ပြည်ကြီးအတွင်း နာမည်ကြီးလာတဲ့ ဝင်္ကန္တအမတ်ကို ကတူးမင်းက ပင့်ဆောင်ကာ ကျောင်းဆောက်လှူဒါန်းပြီး မင်းဆရာအဖြစ် ကိုးကွယ်ပါတော့သည်။တစ်နေ့မှာတော့မင်းဆရာတစ်ဖြစ်လဲ ဝင်္ကန္တအမတ်ဟာ သူ့ရဲ့အကြံအစည်ကို စတင်အကောင်အထည်ဖော်လေသည်။
"အရှင်မင်းကြီး..သင်ဟာ ဒီထက်မက ဘုန်းကံကြီးမားပြီး သုနာပရန္တတိုင်းအားလုံးကို အုပ်စိုးချင်ပါသလား"
"ကျွန်ုပ်ဟာ လောဘစိတ်မကင်းစင်တဲ့ ပုထုဇဉ်လူသားတစ်ယောက်မို့ တိုင်းနိုင်ငံအသီးသီးကို မင်းပြုအုပ်ချုပ်လိုပါတယ် ဆရာသခင်"
"ကောင်းပြီ မင်းကြီး..ဒီလိုဆို ယခုကျုပ်မိန့်ကြားသမျှကို သေချာစွာမှတ်သား၍ ပြုလုပ်လေတော့"
"ကြားသိပါရစေအရှင်"
"သင်မင်းကြီးရဲ့ ဘုန်းကံပါရမီကြောင့် ရရှိလာသော ကဏ္ဍကစည်တော်ကြီးကို လက်လေးသစ်လောက်ဖြတ်ပြီး တီးကြည့်ပါ..အရင်ကထက်မြည်းဟိန်းလို့ လက်ဆောင်ပဏ္ဍာတွေလည်း ပိုပြီးဆက်သလာကြပါလိမ့်မယ်"
ထိုအခါ မင်းကြီးလည်း သေချာစွာမှတ်သား၍ မင်းဆရာပြောသည့်အတိုင်း ပြုလုပ်လိုက်သည့်အခါမှာတော့ စည်တော်သံမည်ဟိန်းလို့ အတိုင်းတိုင်းအပြည်ပြည်မှ များပြားစွာသော လက်ဆောင်ပဏ္ဍာတို့ကို ရရှိခဲ့လေသည်။
"မင်းဆရာကြီးမိန့်ကြားတဲ့အတိုင်း ကျွန်ုပ်ပြုမူလိုက်တော့ တိုင်းနိုင်ငံအသီးသီးက အခွန်တော်တွေ လာရောက်ဆက်သကြတာ နန်းရင်ပြင်တစ်ခုလုံး အပြည့်အလျှံပါပဲ.."
"ကျွန်ုပ်အလွန်တရာမျှ နှစ်ထောင်းအားရတော်မူတဲ့အတွက် ဆရာကြီးကို ဆုတော်လာဘ်တော်များ ချီးမြှင့်တော်မူခွင့်ပြုပါ"
"အို..မင်းကြီး သည်းခံလော့..ကျွန်ုပ်ဟာသင်ပေးတဲ့ တန်စိုးလက်ဆောင်တွေကို အမှန်တကယ်မလိုအပ်ပါဘူး..ကျွန်ုပ်သည် သင်တို့မဟာမြိုင်တိုင်းပြည်ရဲ့ အကျိုးစီးပွားကို လိုလားတဲ့အတွက်သာ ကြွရောက်လာခြင်းဖြစ်ပေတယ်.."
"အသင်မင်းကြီး သင်ဟာ ယခုထက်ပင် ပိုမို၍ အောင်မြင်ကြွယ်ဝချမ်းသာလိုသည်ရှိသော် စည်တော်ကိုနောက်ထပ်လက်လေးသစ်ဖြတ်၍ စီမံပါလေ"
"ကောင်းလှပါပြီ..မင်းဆရာကြီးအစီအမံအတိုင်း ကျွန်ုပ်တို့ လိုက်နာဆောင်ရွက်ပါ့မယ်"
ဒီတခါမှာတော့ သံဝရမင်းကြီးဟာ မင်းဆရာဉာဏ်ဆင်တဲ့အကွတ်အတွင်း သက်ဆင်းဝင်ရောက်မိသည့်အတွက် စည်တော်ပျက်သုန်းလို့ လက်ဆောင်ပဏ္ဍာများလည်း ယုတ်လျော့ကုန်တော့သည်။
--------------------------------------
မိဖုရားကြီးရဲ့ အတွေးစများ ပျက်လုပျက်စဉ်အချိန်မှာပင် သံဝရမင်းကြီးရဲ့ သတိပေးစကားသံတစ်ချို့ ထွက်ပေါ်လာခဲ့သည်။
"ကိုယ်ကျိုးနည်းပြီထင်တယ်နှမတော်..မောင်တော်တို့စည်ကြီး ပျက်ဆီးသွားပြီဆိုတာသိရင် တိုင်းခြားနိုင်ငံတွေကလာရောက်တိုက်ခိုက်ကြပေလိမ့်မယ်.."
“အမှန်ပါပဲ မောင်တော်ဘုရား..နှမတော်တို့ ကြိုတင်ပြင်ဆင်ကာမှ တော်ရာကျပါလိမ့်မယ်”
"မှူးမတ်တို့ကြားနာစေ..အခုချိန်ဟာ ကိုယ်တော်တို့တိုင်းပြည်အတွက် လွန်စွာအရေးကြီးမားသည့် အခြေအနေမို့ ဗဟိုရ်စည်အသစ်တလုံးထပ်မံပြုလုပ်ပြီး မြို့ရိုးကိုလည်းအသစ်ပြင်ဆင်ကာ ကြိုတင်ကာကွယ်ထားကြစေ"
သံဝရမင်းခန့်မှန်းထားသည့်အတိုင်း ဝင်္ကန္တအမတ်ဟာ ပေါက္ကံရာမ(ပုဂံပြည်)သို့ပြန်ပြီး
"ဘုန်းတော်ကြီးမြတ်လှစွာသော ပေါက္ကံပြည်ကြီးသခင် အနုရုဒ္ဓါမင်းကြီးဘုရား ကျွန်ုပ်သည် အရှင့်တာဝန်ပေးအပ်ခဲ့သည့်အတိုင်း ကတူးမင်းရဲ့ကဏ္ဍကစည်ကြီးကို ဥပါယ်ဉာဏ်ဆင်ကာ ဖျက်ဆီးပစ်ခဲ့ပါတယ်" "ယခုဆိုရင် သံဝရမင်းက၎င်းရဲ့ မြို့ရိုးမြို့တာကို ခိုင်ခံ့လုံခြုံအောင်ပြင်ဆင်နေကြပြီဖြစ်တဲ့အတွက် နောင်အရေးစိတ်အေးရလေအောင် မဟာမြိုင်မြို့ကိုပါ ဖျက်ဆီးမှသင့်မည်ဖြစ်ကြောင်း ဘုရားကျွန်တော်မျိုး လျောက်တင်အပ်ပါသည်ဘုရား"
"အင်း ဒီလိုဆိုရင်တော့ အမတ်ကြီးပဲ လမ်းပြဦးဆောင်၍ ကျွန်ုပ်၏ သူရဲကောင်းများနှင့်တကွ မဟာမြိုင်သို့ စစ်ချီစေ.." "စစ်သူရဲ ကျန်စစ်သားကိုလည်း ငါကိုယ်တော်ရဲ့ လက်သုံးတော် အရိန္ဒမာကြိမ်စကြာကို အပ်နှင်းတော်မူ လိုက်မယ်..သင့်လျော်သလိုအသုံးပြုစေ.."
"အမိန့်တော်မြတ်အတိုင်းပါဘုရား"
ဤသို့ဖြင့် ဝင်္ကန္တအမတ်ဦးဆောင်တဲ့ ပုဂံစစ်တပ်ကြီးဟာ မဟာမြိုင်သို့ စစ်ချီထွက်ခဲ့လေတော့သည်။၎င်းတို့ဟာ ချင်းလေးမုံရဲ့တောင်ယာအနီး ခရီးတထောက်နားကာ စခန်းချနေခိုက်မှာတော့
"ငါ ဟုန်းနတ်သခင်ဒေဝါရှင် စောင့်ရှောက်တော်မူတဲ့ မဟာမြိုင်ပြည်ကြီးကို နှောင့်ယှက်ဖျက်ဆီးမယ့်သူတွေ ရောက်လာပါကောလား.." "ဒင်းတို့ ကျူးကျော်စော်ကား ပေါက္ကံသားအပေါင်းကို လာရာလမ်းအတိုင်း ပြန်ပြေးကြစေရန် ကျားသံပေးလို့ ခြောက်လိုက်မယ်..ကစင့်ကလျား တပ်ပျက်လေရော့ဟယ်.."
"ဝေါင်းးးဝေါင်းးး"
"အားးလုပ် လုပ်ကြပါဦး..ဒီတောက ကျားဆိုးတွေပေါတယ်နဲ့တူတယ်ဟေ့"
ပုဂံစစ်သည်တို့ သွေးပျက်ကြောက်လန့်ကြကုန်သည်။ထိုအခါ စစ်သူကြီး ကျန်စစ်သားက
"စစ်သည်တို့ စိုးထိတ်မှုတစ်စုံတစ်ရာမရှိကြကုန်လင့်.." "ဒါဘယ်လိုအနှောက့်အယှက်မျိုးလဲဆိုတာသိရလေအောင် သိကြားဆက်သော ကြိမ်နဲ့ မြေကိုရိုက်လို့ ဟန့်လိုက်မယ်..ခံနိုင်ရိုးရှိက ခံပေစမ်းဟဲ့"
ထိုကဲ့သို့ ကျန်စစ်သားက အရိန္ဒမာကြိမ်နှင့် မြေပြင်ကို သုံးကြိမ်သုံးခါတိုင် ရိုက်ခတ်လျှင် ဟုန်းနတ်ကြီးကြောက်လန့်ပြီး မဟာမြိုင်မင်းရဲ့နန်းတော်ဆီ ထွက်ပြေးရလေသည်။
"အသင်မင်းကြီးကျွန်ုပ်သည် သင့်ကျေးဇူးကိုထောက်ရှု၍လည်းကောင်း၊ ကျွန်ုပ်၏တာဝန်အရသော်လည်းကောင်း ကျူးကျော်လာသူတို့ကို ကျားဟိန်းသံပေး၍ ခြောက်လှန့်ဟန့်တားခဲ့ပါတယ်" "သို့သော် ထိုသူတို့၏ အကြီးအကဲဖြစ်သူက သိကြားဆက်သော ကြိမ်စကြာဖြင့် ကျွန်ုပ်အား ညှင်းဆဲတိုက်ခိုက်သဖြင့် အားမတန်မာန်လျော့ကာ ဆုတ်ခွာထွက်ပြေးလာရပါတယ်" "မကြာခင် ထိုသူတို့ဟာ သင်မင်းကြီးရဲ့ မဟာမြိုင်မြို့ ကို ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်သဖြင့် ခုခံရန်ပြင်ဆင်ပါလော့"
"သံဝရရာဇာဆိုတဲ့ငါသည်လည်း ဘုန်းကံရှင် ဘုရင်တစ်ပါး မဟုတ်ပေလားကွဲ့ မင်းကြီးများရဲ့"
"ဟုတ်မှန်ကြောင်းပါဘုရား"
"အိမ်း သို့ပေသော်ငြားလည်း ကျွန်ုပ်တို့နိုင်ငံရဲ့ ရတနာဖြစ်တဲ့ ကဏ္ဍကစည်တော်ကြီးပျက်ဆီးသွားတာကတကြောင်း ပေါက္ကံပြည့်ရှင်က လူသူရဲကောင်းများနဲ့ လက်နက်အင်အားသာလွန်တာကတကြောင်းကြောင့် ယှဉ်ပြိုင်တုပခဲ့သည်ရှိသော် မဟာမြိုင်ပြည်ကြီး ပျက်ဆီးဖို့ရာရှိချေတော့မည်"
"မခံမရပ်နိုင်ဖြစ်မိကြောင်းပါဘုရား"
"အတိတ်ဘဝက ပေါက္ကံပြည့်ရှင်အပေါ်မှာ ကံကြွေး ဝဋ်ကြွေးရှိခဲ့တယ်လို့ပဲ ကိုယ်တော်သဘောထားလိုက်ပါ့မယ်ကွယ်" "ရန်သူလက်တွင်းကျရောက်ဖမ်းဆီးခံရတာထက်စာရင် သေတာကသာ၍မမြတ်ပေဘူးလား နှမတော်"
"နှမတော်လည်း သိက္ခာရှိရှိ နောက်တော်ပါးကနေလိုက်ပါဖို့အသင့်ပါဘုရား"
ဤသို့ဖြင့် မဟာမြိုင်မင်းနှင့်မိဖုရားနှစ်ပါးဟာ မိမိတို့ကိုးကွယ်တဲ့နတ်မင်းကြီးကို အသက်ခန္ဓာအပ်နှံပြီးသေဆုံးရတာက ပိုမြတ်တယ်လို့ ကြံစည်တွေးတောပြီး နတ်ကွန်းမှာပဲ အဓိဋ္ဌာန်ပြုသေဆုံးကြကုန်သည်။ မင်းနှင့်မိဖုရားတို့ သေလွန်ကြသော် မိဖုရားကြီးက စည်ပတုံးချောင်းကိုစောင့်တဲ့နတ်အဖြစ် ရောက်ရှိသွားရှာ၏။ မင်းမိဖုရားမရှိတော့တဲ့နောက် မဟာမြိုင်မြို့သူမြို့သားတွေလည်း ဘေးလွတ်ရာအရပ်ဒေသများသို့ ရှောင်တိမ်းထွက်ပြေးကြရင်း မဟာမြိုင်မြို့ကြီး ပျက်စီးသွားလေတော့သည်။
စောအဲခန်းနှင့် ဝိန်ဘာမြို့
ကတူးမင်း သံဝရရာဇာနှင့်မိဖုရား တည်ထောင်အုပ်ချုပ်ခဲ့သော မဟာမြိုင်ပြည်ကြီး ပျက်သုန်းပြီးနောက် သံဝရမင်းဘထွေးတော်ရဲ့သား အဲခန်းနှင့် နှမတော်သားစောပေါမိုင်းတို့ တူဝရီးနှစ်ယောက်ဟာ အထက်ရှမ်းပြည်အရပ်သို့ ထွက်ပြေးလာကြသည်။ဝန်းသိုနယ်အရောက်မှာတော့ စော်ဘွားကြီးထံ ခွင့်တောင်းပြီး ပိန္နဲသရက် ဥယျာဉ်ခြံစိုက်ပျိုးလျှက် နေထိုင်ကြ၏။တစ်နေ့မှာတော့ စောအဲခန်းရဲ့ ကျင်ငယ်အညစ်အကြေးများစွန့်ပစ်မိထားသော သရက်သီးမှည့်တစ်လုံးဟာ ဒေါင်းရူးချောင်းအတွင်း ရေးစီးနဲ့အတူ မျောပါလာခဲ့၏။ထိုအချိန် ချောင်းဘေး၌ ရေချိုးနေသော စော်ဘွားသမီးတော်က တွေ့ရှိသွားခဲ့ပြီး ဆယ်ယူစားသုံးမိခဲ့သည်။ထို့နောက် သံသေဒဇပဋိသန္ဓေစွဲကပ်ကာ အချိန်တန်တော့ သားယောကျ်ားလေး တစ်ယောက်ကိုဖွားမြင်လေသည်။မွေးမွေးခြင်း သားတော်လေးဟာ အဆက်မပြတ်ငိုကြွေးနေသည့်အတွက် လက္ခဏာပညာ ရှင်များကိုခေါ်ယူ မေးမြန်းကြည့်သည့်အခါမှာတော့
“စော်ဘွားကြီးရဲ့မြေးတော်သည် ဖခင်ကိုတမ်းတစိတ်နဲ့ ငိုကြွေးနေခြင်းသာဖြစ်တယ်..ထို့ကြောင့် သူ၏ဖခင်ကို ခေါ်ယူ၍ ချော့မြူစေလော့”
“အဘယ်အရပ်၌ရှိမည်ကိုမသိရသော ကလေးရဲ့ဖခင်ကို မည်သို့မည်ပုံရှာဖွေရမည်ကို အကြံပေးကြပါဦး”
“ဝန်းသိုငါးခရိုင်အတွင်းမှာနေထိုင်ကြကုန်သော ယောကျ်ားမှန်သမျှကို ခေါ်ယူ၍ ကလေးငယ်အား ချော့မြူခိုင်းပါစော်ဘွားကြီး..၎င်းရဲ့ဖခင်မှန်လျှင် အငိုတိတ်သွားပါလိမ့်မယ်..”
ဤသို့ဖြင့် စော်ဘွားကြီးလည်း မြေးတော်၏ ဖခင်ရင်းကို ရှာဖွေရန်အတွက် ကြော်ငြာမောင်းခတ်လေတော့သည်။
“ဝန်းသိုငါးခရိုင်အတွင်းရှိအမျိုးသားများသိစေရန်..ဝန်းသိုစော်ဘွားကြီးရဲ့မြေးတော်လေးဟာ မွေးမွေးချင်း အလွန်အမင်း ငိုကြွေးမြည်တမ်းနေသည့်အတွက် ကလေးအငိုတိတ်အောင်ချော့နိုင်သူကို ဖခင်ရင်းဟုသတ်မှတ်၍ သမက်အရာထားကာ သမီးတော်နှင့်ပေးစားတော်မူမယ်”
ထိုအခါ ဝန်းသိုနယ်ရှိ အရွယ်သုံးပါးသော ယောက်ျားများ လာရောက်ချော့မြှူကြပေမယ့်မရဘဲ အဲခန်းချော့မှ ကလေးငယ်လည်းအငိုတိတ်လို့ သမီးတော်နဲ့ပေးစားပြီး ဓားမ ပုဆိန်တို့ကိုပေးအပ်လျှက် တောင်ယာခုတ်စား အသက်မွေးကြဖို့ မိန့်တော်မူလေသည်။မြေးတော်ကိုလည်း ငါးခရိုင်လုံးချော့ကြရလို့ ရှမ်းလို ကောင်းအယယ်(မြန်မာလို ချော့သား)ဟု အမည်တွင်လေ၏။
စောအဲခန်းတို့လင်မယားဟာ တောင်ယာလုပ်ကိုင်နေထိုင်ကြပြီး တစ်နေ့မှာတော့ အလိုရှိတိုင်း ပြီးမြောက်စေသော စည်စကြာတစ်လုံးရရှိခဲ့ပြီး တန်ခိုးအင်းအားကြီးမားလာခဲ့သည်။အဲခန်းဟာ စည်စကြာရဲ့အစွမ်းကြောင့် လူ့ခန္ဓာနဲ့နတ်ဘဝကို ရရှိလျှက် လူတစ်ပိုင်း နတ်တစ်ပိုင်းအဖြစ်ခံယူသည်။ထို့နောက် စစ်သည် ဆင်မြင်း အမြောက်အများနှင့် ၎င်းနေထိုင်ရာမြို့ကို အခိုင်အမာ တည်ဆောက်သည်။ ထိုအကြောင်းအရာကို ဝန်းသိုစော်ဘွား၏ နောက်လိုက်စစ်သည်တို့ကသိရှိသွားကြပြီး
“အရှင့်ရဲ့သမက်တော် စောအဲခန်းဟာ လူသူရဲမက်စုဆောင်း၍ သီးခြားမြို့တည်လျက်ရှိသည်ဟုကြားသိရပါသည်..ထို့ကြောင့် ၎င်းရဲ့စစ်တပ်ဟာ ဝန်းသိုဟော်နန်းကိုပါ ထိပါးလာနိုင်သည့်အတွက် အချိန်မလွန်ခင် ရှင်းလင်းသုတ်သင်သင့်ကြောင်းပါ"
“အင်း ဒီလိုဆို မဖြစ်ချေဘူး..စောအဲခန်းတည်တဲ့မြို့ကို အမြန်ဆုံး သွားရောက်တိုက်ခိုက်ဖို့ ပြင်ဆင်ကြစေ”
မိမိနေထိုင်ရာမြို့သို့ ဝန်သိုတပ်ကြီး စစ်ချီလာသည်ကို စောအဲခန်းမြင်လျှင်
“ဟား ဟား ကျုပ်လို နတ်သခင်တစ်ပါးကို ရင်ဆိုင်အံတုဝံ့သလား စော်ဘွားကြီးရဲ့..မကြာခင်မှာပဲ သင်နောင်တ ကောင်းကောင်းရစေရမယ်”
ဒီလိုနဲ့ ရင်ဆိုင်တိုက်ခိုက်ကြသည့်အခါ စောအဲခန်းဟာ စည်တော်သုံးချက်တီးလိုက်ရုံနဲ့ ဝန်သိုစော်ဘွားကြီးရဲ့တပ်များ ကစဉ့်ကလျား ကြောက်လန့်ထွက်ပြေးရလေသည်။ဤသို့ဖြင့် ဝန်းသိုစော်ဘွားကြီးဟာ သမက်တော်ကို စစ်ရှုံးနိမ့်ခဲ့ပြီး လက်ဆောင်ပဏ္ဍာများ နှစ်စဉ်ဆက်သရတော့သည်။ စောအဲခန်းဟာ ယောက္ခမတော် ဝန်းသိုစော်ဘွားကြီးကို အောင်နိုင်ပြီးနောက် မိုင်းသုံတောင်ရဲ့ (၃)မိုင်အကွာတွင် ပကတိကျောင်သားများဖြင့်တည်ဆောက်ထားသော ဝန်ဘာမြို့ကြီးကို တည်ဆောက်ခဲ့သည်။
တစ်နေ့မှာတော့ စောပေါမိုင်းရဲ့မျိုးဆက် မင်းသားနှစ်ပါးဟာ အခြေချနေထိုင်ရန် နယ်မြေရှာဖွေကြရင်း စောအဲခန်းရဲ့ ဝိန်ဘာမြို့အနီး မိုင်းသုံတောင်သို့ရောက်ရှိလာကြ၏။ မကြာခင်မှာပဲ စောအဲခန်းနဲ့တွေ့ဆုံကြပြီး ဦးရီးတော်မှန်း သိရှိသွားတဲ့အခါ ခင်ရိုးအဆုံး အနောက်ဘက်တွင် ရွာတည်နေထိုင်စေ၏။ထိုမှတဖန် ဆက်လက်ထွက်ခွာလာကြပြီး လင်းလင်းကျင်းကျင်းရှိတဲ့အရပ်မှာ ရွာတည်နေထိုင်ကြပြန်သည်။တစ်နှစ်အကြာမှာ အစ်ကိုက မူပန်လျည်၊ ညီက ကောင်းပန်လျည်ဟုခေါ်ဆိုသော သားတစ်ဦးစီမွေးဖွားသည်။အဲ့ဒီသားနှစ်ယောက်ကနေ သုံးကျိတ်ခန့်ရှိ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော သားများဖွားမြင်ကြပြန်သည်။ထိုအချိန် ကမ္ဘာရွာမနှင့်ဆားကျင်းလမ်းအနီး အုပ်စိုးလျက်ရှိသော ချင်းစော်ဘွား ထုပ်ရှစ်ခန်းက အင်အားပိုကြီးလာတဲ့ စောပေါမိုင်းရဲ့မျိုးဆက် ကတူးတွေကို စော်ဘွားအရာပေးအပ်ခဲ့သည်။ ထိုစော်ဘွားဟာ မော်ဟိုင်း-နန်းမား-စွန်ဖား-ကမ္ဘာလေးရွာကို စီမံအုပ်ချုပ်သလို နောင်စင်းအရပ်မှာလည်း ရွာတည်ပြန်သည်။
ချင်းတွေတင်မြှောက်ထားတဲ့ ကတူးစော်ဘွားငချင်းမှ သုံးဆက်မြောက် စော်ဘွားလက်ထက်မှာတော့ ဆားကျင်းနှင့်ကမ္ဘာရွာမအရပ်ကို ကသဲစော်ဘွားစော်ကော်တာက ရဲမက်တစ်သောင်းနှင့်ချီတက်လာပြီး တိုက်ခိုက်သိမ်းပိုက်ဖို့ဟန်ပြင်လေသည်။
ထိုအခါ ကမ္ဘာစော်ဘွားများနှင့်ရွာသားတွေလည်း မိုင်းသုံတောင်ခြေရင်းမှာ လာရောက်ခိုလှုံကြပြီး စောအဲခန်းကို ပင့်ဆောင်ကြလေသည်။
"အော်..ဒီကသဲတွေက တောင်တော်သခင် စောအဲခန်းရဲ့ အကြောင်းကိုမသိသေးဘဲကိုကွဲ့..ငါ့တူတော်တို့ ဘာတခုမျှစိုးရိမ်ကြောင့်ကြမဖြစ်ကြနဲ့..မကြာခင်မှာပဲ ကသည်းစစ်သည်အားလုံး အဖြစ်ဆိုးစေရမယ် ဟား ဟား"
ထို့နောက် မိုင်းသံအရှင်စောအဲခန်းဟာ မူတွန်ရွာဦးမှာ မြို့ကြီးရပ်ရွာလို ဖန်ဆင်းပြထားပြီး ဆင်သံ မြင်းသံ လူသံ စည်သံ မောင်းသံ သေနတ်သံ အမြှောက်သံအမျိုးမျိုးနဲ့ ဆူညံအက်ကွဲ ရုတ်ရုတ်သဲသဲပုံစံဖြစ်အောင် ဖန်ဆင်းထားသည်။
မကြာခင် ကသည်းစစ်သည်တို့လည်း အလုံးအရင်းနဲ့လာရောက်တိုက်ခိုက်ကြလေသည်။
"အီးးးဟီးဟီး" "ခွတ် ခွတ်"
"ဟင်..ဘာလိုတုန်းဟ..မြင်းဟီသံပဲကြားရပြီး လူသူတစ်ယောက်တစ်လေမျှ မတွေ့ရပါလား"
"ဇွတ်" "အားး"
"ချွင်..ဝှီး..အားး"
"ရဲမက်တို့ သတိထားကြ..ရန်သူကိုမတွေ့ရပေမယ့် ငါတို့အလူးအလဲတိုက်ခိုက်တာခံနေရပြီ"
"ကျုပ်တို့ဒီမြို့ထဲဝင်လာတာမှားပြီထင်တယ်တပ်မှူး"
ထိုစဉ် မိုင်းသုံသခင် အဲခန်းအသံက ဟိန်းကနဲ ထွက်ပေါ်လာခဲ့သည်။
"ဟား ဟား အခုတော့ သွေးပျက်နေကြပြီမဟုတ်လား..မင်းတို့ကသည်းတွေ ပြန်လမ်းမရှိစေရဘူးဟေ့"
"ဘုရား..ဘုရား..ငါတို့လူတွေနဲ့မဟုတ်ဘဲ တစ္ဆေနဲ့တိုက်နေရပါလား..ရဲမက်တွေ အမြန်ဆုတ်ခွာရန်ပြင်ကြလော့"
သို့သော် အဲခန်းရဲ့နတ်စစ်သည်များတိုက်ခိုက်မှုဒဏ်ကို ကသည်းတို့မည်သို့မျှမခုခံနိုင်တော့ဘဲ ရဲမက်တစ်သောင်းလုံး ပျက်သုန်းကြကုန်သည်။ လက်ရဖမ်းဆီးမိသော စစ်သုံ့ပန်းများအနက် ကသဲပြည်သို့ စကားပြန်နှစ်ယောက်သာ ပြန်လွှတ်ပြီး အကုန်လုံးကို ကွပ်မျက်ပစ်လေသည်။
ထိုသို့ ကသည်းရန်ကို ငြိမ်းအေးစေပြီးနောက် လူတစ်ပိုင်းနတ်တစ်ပိုင်းဖြစ်တဲ့ မိုင်းသုံသခင် စောအဲခန်းဟာ စောနွဲ့မွန်ဆိုတဲ့အမည်နဲ့ နတ်ဘဝကို အပြည့်အဝ ခံယူသွားခဲ့လေသည်။ ဝန်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်နယ်မှာ နေထိုင်ကြသူတို့ဟာ ယနေ့အချိန်ထိ မိုင်းသုံအရှင်ကြီးကို လေးလေးစားစားနဲ့ ပူဇော်ပသလျက်ရှိကြလေသည်။
ဖြိုးမြတ်ဟန်(Mythologist) ရေးသည်။
ကျောက်မြို့တော် နတ်ဖွတ်ထားသော အိမ်ခြေတစ်သောင်း ကျောင်းပေါင်း တစ်ထောင် (ဝိန်ဘာမြို့)
ကျောက်မြို့(ဝိန်ဘာမြို့)ဟောင်း အကြောင်းနဲ့ပတ်သတ်ပြီး ရှေးလူကြီးတွေ ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာတွေကို ပြောပြဖူးခဲ့ဖူးပါတယ်၊ ကျောက်မြို့ဟောင်းဟာ အင်မတန်မှ နတ်ကြီးသလို တစ်ခုတလေတောင် မှားလို့ မရတဲ့ နေရာလို့ ဒေသခံများက ယုံကြည်ထားကြပါသေးတယ်၊
ကျောက်မြို့ဟောင်း မဖြစ်ခင် ထိုဒေသဟာ အိမ်ခြေပေါင်း တစ်သောင်း ကျောင်းပေါင်း တစ်ထောင် ရှိတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ မြို့ကြီး တစ်မြို့ပါတဲ့၊ ဘာရောင်းရောင်း အချိန်ခဏအတွင်း ရောင်းကုန်လို့ မြို့နံဘေးက တောရွာတွေပါမကျန် မြို့ပေါ်လာပြီး ရောင်းဝယ်ဖောက်ကားမှုပြုကြတော့ ( အိမ်ခြေတစ်သောင်းကျောင်းပေါင်းတစ်ထောင်) မြို့ကြီးဟာ အလွန်စည်ကားခဲ့တယ်တဲ့၊
ရှမ်းလူမျိုးပီပီ ပါရမီ ဓာတ်ခံပါတဲ့ ကုသိုလ်ရေးကိုလည်း လပြည့် လကွယ်နေ့တိုင်း အိုးစည်ဗုံမောင်းတီးပြီး အလှူဒါနများကို အမြဲ ပြုလုပ်တတ်ကြသေးတယ်တဲ့၊တစ်နေ့မှာ စျေးသည် အဘိုအိုတစ်ဦးက အိမ်အပြန်လမ်းမှာ ခွေးတစ်ကောင်ကို တွေ့ပြီး ထမ်းလာတဲ့ ခြင်းတောင်းထဲ ထည့်ပြီး ဖမ်းထည့်သွားတဲ့ အချိန်ကစလို့ အိမ်ခြေတစ်သောင်း ကျောင်းပေါင်း တစ်ထောင် မြို့ကြီးကို စောင့်ရှောက်သော နတ်များက ကန့်လန့်ကာ ခုနှစ်ထပ်ဖြင့် အုပ်ပြီး ) ဖွတ်လိုက်တယ်လို့ ယနေ့အထိ ရာဇဝင်လိုလို ပုံပြင်လိုလို ပြောဆိုနေကြသလို၊ ယုံကြည် နေကြပါတယ်( ယခုထိလည်း ဝန်းသိုနယ်ထဲက တချို့နေရာတွေမှာ အနက်ရောင် ဝတ်ဆင်တာ၊ ကျား အကြောင်း ပြောတာတွေကို မလုပ်ကြရပါဖူး)
ထိုအချိန်ကစပြီး အလွန်မှ စည်ပင်သာယာလှတဲ့ မြို့ကြီးဟာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားရတာကလည်း ယနေ့အထိပါဘဲ၊
( လပြည့်လကွယ်နေ့တွေရောက်ရင် ကျောက်မြို့ဟောင်းမှ အိုးစည်ဗုံမောင်း တီးသံတွေကို ကြားကြရသလို ဝန်းသိုမြို့တွင်းသို့ ဖြတ်သန်းစီးဆင်းနေတဲ့ ဒေါင်းမြူးချောင်းရေ အရောင်ဟာလည်း ဆန်ဆေးရေလို ဖြူညစ်ညစ်အရောင် ပြောင်းသွားတယ်လို့ ပြောဆိုသံတွေလည်း ကြားခဲ့ဖူးပါတယ် )
မိုင်းသုံရွာဘက် စျေးရောင်းသွားကြတဲ့ စျေးသည်တချို့လည်း မျက်စိလည် လမ်းမှားပြီး နတ်ဖွတ်ထားတဲ့မြို့ဟောင်းဆီကို ရောက်သွားလို့ ပါတဲ့ပစ္စည်းတွေ ရောင်းကုန်ခဲ့တယ်လို့လည်း ကျွန်တော်တို့ ကြားဖူးထားပါတယ်၊
ဝန်းသိုမြို့ကို စောင့်ရှောက်တဲ့ မိုင်းသုံဘိုးဘိုးကြီးကိုတော့ နှစ်စဉ်နှစ်တိုင်း ဝါဝင်၊ဝါထွက်လတွေမှာ မြို့လုံးကျွတ် ရှိခိုးကန်တော့ပွဲ ပြုလုပ်ပေးရပြီး ရိုးရာအစဉ်အလာအတိုင်း ပူဇော်ကန်တော့နေကြတာလည်း ယနေ့အထိ တွေ့မြင်နိုင်တယ်။
Original Post : https://www.facebook.com/share/p/1Bwv4GZ3rB/

No comments:
Post a Comment