မြန်မာပြည်မြောက်ပိုင်းက ရေညှိပေါင်း
၃ ဇန်နဝါရီ ၂၀၂၄
မြန်မာပြည်မြောက်ပိုင်း က ပင်မဌာနေ တိုင်းရင်းသားတွေဖြစ်ကြတဲ့ ရှမ်းနီ၊ ကတူး၊ ကနန်း နဲ့ ရှမ်းပန်း ကတူးစတဲ့ လူမျိုးတွေရဲ့ဒေသအစားအစာ ရေညှိပေါင်းဖြစ်ပါတယ်။
အခုမြင်တွေ့ရတဲ့ဓါတ်ပုံတွေကတော့ ရှမ်းနီဒေသ မိုးညှင်းနယ်က ဘီလူးမြို့စျေးမှာ ရောင်းနေကြတဲ့ ရေညှိတွေနဲ့ အုန်းစံဆိုင်ရွာအနီး ကျောက်ဖြူချောင်းထဲ ကျောက်တုံး ကျောက်ခဲတွေမှာ ကပ်ညှိနေတဲ့ ရေညှိတွေကို ခွာယူ ရရှိလို့ သန့်စင်ပြီးတဲ့နောက် ရေညှိပေါင်းရတဲ့အထိ အခြေအနေကို အနီးစပ်ဆုံးဖော်ပြထားတာပါ။
အုန်းစံဆိုင်ရွာအနီး ပတ်ဝန်းကျင်က တောတောင် စိမ့်စမ်း ချောင်းဖျား တလျှောက်မှာ သန့်ရှင်းတဲ့ ရေညှိတွေကို ခွာယူ နေတာဖြစ်ပါတယ်။
ရှမ်းနီဒေသ မိုးညှင်းနယ် ဘီလူးမြို့ အနီး အုန်းစံဆီုင်ရွာ နားကတောတောင် စိမ့်စမ်း လျှိုမြှောင်တွေကြားကနေ စီးချင်းလာတဲ့ ချောင်းဖျားက ရတဲ့ ရေညှိနဲ့ အင်းတော်ကြီး နမ့်မွန်း ဘက်ကရေညှိတွေက ပိုစားကောင်းတယ်လို့ ဌာနေသားတွေက ဆိုပါတယ်။
အုန်းစံဆိုင်ရွာ မြောက်ဘက်က နမ့်ဟန်ဟိုင်န်း ဒေသအခေါ် ကျောက်ဖြူချောင်းနဲ့ နမ့်မွန်းမြို့က ဟွေလုံ - ချောင်ကြီး တွေက ရရှိတဲ့ ရေညှိတွေဟာပိုပြီးနူးညံ့သလို အရသာလည်းရှိတယ်လို့ နာမည်ကြီးပါတယ်။
ရေညှိပေါင်းကို ရှမ်းနီစကားနဲ့ ခေါ်ရင် အနီးစပ်ဆုံးဗမာလို အသံထွက်က " တောကိုင်းနိင်န် " ဖြစ်ပါတယ်။
ရရှိလာတဲ့ ရေညှိတွေကို သန်းစင်အောင် ရေနဲ့ ဆေးရပါတယ်။ ဇကာနဲ့စစ်လို့ အကြိမ်ကြိမ်ဆေးပြီး သန့်စင်သွားတဲ့ ရေညှိတွေကို ဓါးနဲ့ စဥ်းရပါတယ်။
ရေညှိပေါင်းဖို့ဟင်းခတ်အမွှေးအကြိုင် အဆာပလာ တွေကို လည်း တဆက်တည်း စီစဥ်ထားရတာပါ။
ခရမ်းချဥ်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ နံနံမြိတ်၊ ရှမ်းနံနံ စတာတွေကိုပါးပါးလှီးထားရသလို ဂျင်းနဲ့ ကြက်သွန်ဖြူကိုထောင်းထားရပါတယ်။
ပြင်ဆင်ထားတဲ့အဆာပလာတွေကို ဓါးနဲ့ စဥ်းထားတဲ့ ရေညှိတွေအပါအဝင် ငါးပိအနည်းငယ်၊ ဆီ၊ ဆား၊ အချိုမှုန့် ဒါမှမဟုတ်အရသာမှုန့်၊ မှုန့်နှစ် စတာတွေ နဲ့ သင့်တော်သလို
ရောထည့်ပြီး ရိုးရာ ဗျက်၊ စတီးဇလုံ၊ ဒန်ဇလုံ တခုခုမှာ သမအောင်နယ်ရပါတယ်။
ပြီးရင် အဆာတွေနဲ့ ရောနယ်ထားတဲ့ ရေညှိတွေကို နေလှန်း ထားတဲ့ ငှက်ပျောဖက် ဒါမှမဟုတ် မီးကင်ထားတဲ့ ငှက်ပျောဖက်ထဲထည့်ပြီး မများလွန်း မနည်းလွန်းတဲ့ အနေတော်အထုပ်တွေ ရအောင်ထုပ်ရတာပါ။
အဲဒီနောက် ထင်းမီးဖိုပေါ်က ပေါင်းချောင်းနဲ့ နာရီဝက် သာသာလောက်ကြာအောင် ပေါင်းပြီးရင် အနံ့အရသာ နဲ့ ပြည့်စုံတဲ့ ရေညှိပေါင်းရပြီဖြစ်ပါတယ်။
ရေညှိကို ထမင်းပူပူနဲ့ တွဲဖက်စားလေ့ရှိကြပါတယ်။ အသည်း ကို ကောင်းမွန်စေပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
ရေညှိပေါင်းကို အေးမြတဲ့ ဆောင်းကာလမှသာ စားရလေ့ရှိပါတယ်။
မိုးအကုန် ဆောင်းအကူး တန်ဆောင်မုန်းလကနေ တပေါင်း တန်ခူး အထိ စားရတတ်ပါတယ်။
အခုအချိန်ကတော့ အများဆုံး စားရတဲ့ ကာလဖြစ်ပါတယ်။
မြန်မာပြည်မြောက်ပိုင်းသားတွေဖြစ်ကြတဲ့ ရှမ်းနီ၊ ကတူး၊
ကနန်း နဲ့ ရှမ်းပန်း ကတူးစတဲ့ လူမျိုးတွေရဲ့ ထမင်းစားပွဲဝိုင်းမှာ ဆောင်းကာလရောက်တိုင်း အခုလို အရသာရှိပြီး သဘာဝကပေးတဲ့ ဟင်းလျာ ရေညှိပေါင်းကို အစဥ်အမြဲ တွေ့မြင်နေရမှာဖြစ်ပါတယ်။
Credit - The Northern Voice

No comments:
Post a Comment