စက်တင်ဘာ ၁၁
ဝန်းသိုစော်ဘွား ဦးအောင်မြတ်၏ ၁၅၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲနှင့် ၀န်းသိုမြို့တည် ၁၀၇၅ နှစ်ပြည့် အခမ်းအနားကို ၀န်းသိုမြို့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး နာယက ဆရာတော် တစ်ပါးဖြစ်သည့် ဆရာတော် ဦးသူရိယက ရှမ်းနီအသံဂျာနယ်သို့ ပြောကြားသည်။
“ ပွဲကတော့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ လောက် ကျင်းပဖို့ အကြမ်းဖျင်း ရာထားတယ်။
သုံးရက်လောက် ကျင်းပပြီးတော့ ရံပုံငွေပေါ်မူတည်ပြီးတော့မှ တစ်နိုင်ငံလုံးက
ရှမ်းအဖွဲ့အစည်းတွေ တက်ရောက်နိုင်အောင်လည်း စီစဉ်သွား မယ်။ ရံပုံငွေ
ရရှိအောင်လည်း တရားပွဲတွေ ကျင်းပပြီးတော့လည်း ရှာသွားမယ်။
ရှမ်းနီအဖွဲ့အစည်းတွေကလည်း ကူညီမယ်လို့ ပြောထားတာရှိတယ်။ ရံပုံငွေ
ထည့်ဝင်ချင်တဲ့လူတွေရှိရင်လညး ဖိတ်ခေါ်ပါတယ်။ ” ဟု ဆရာတော်က မိန့်ကြားသည်။
ပွဲတော်ဖြစ်မြောက်ရေးအတွက် ဒုတိယအကြိမ် ပွဲဖြစ်မြောက်ရေးကော်မတီအစည်းအဝေးကို စက်တင်ဘာလ ၂၀ ရက်နေတွင်ကျင်းပသွားမည်ဖြစ်ပြီး ကော်မတီအဖွဲ့ကို ၀န်းသိုမြို့နယ်ရှိ ဆရာတော်ကြီးများ ၊ စာရေးဆရာများ ၊ မြို့မိမြို့ဖ ၅၀ ဦးခန့်ဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းထားကြောင်းလည်းသိရသည်။
“ ၀န်းသိုစော်ဘွားကြီးရဲ့ဟော်နန်းကိုလည်း ၂၀၁၇ ခုနှစ်အတွင်း အပြီးဆောက်သွားမယ်။ သစ်ပင်တွေ ဥယျာဉ်တွေပါ ထည့်သွင်းတည်ဆောက်သွားမယ်။” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ဝန်းသိုမြို့အား သက္ကရာဇ် ၃၀၃ ခုနှစ်တွင် သင်တိုင်းတောင် နှင့် ဒေါင်းရူး(မြူး) ချောင်းအနီးတွင် စတင်တည်ထောင်ခဲ့ကြောင်းလည်း သိရသည်။
ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် ၁၈၈၅ ခုနှစ်တွင် မန္တလေး ရတနာပုံနေပြည်တော်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးချိန်အထိ လက်နက်မချပဲ ဆက်လက်၍ခုခံတွန်းလှန် ခဲ့သော နိုင်ငံတော်အသိအမှတ်ပြု အမျိုးသားခေါင်းဆောင်ကြီးဖြစ်သည်။
အင်္ဂလိပ်တို့အား တော်လှန်၍ အရေးမလှသောအခါ ဦးအောင်မြတ်သည် မိုးညှင်းမြိုမယ် ဟိုပင် နမ့်စလှော် လမ်းမှ တရုတ်ပြည် စန်းတားဒေသသို့ သက္ကရာဇ် ၁၂၃၅ ခု ကဆုန်လအတွင်း သွားရောက်ခိုလူံပြီး ဦးရီးတော် ဆာစောမောင်၏ စီစဉ်ပေးမူဖြင့် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာရာ သက္ကရာဇ် ၁၂၈၅ ခု တပေါင်းလဆန်း ၉ ရက် ( ၁၃.၃.၁၉၂၄) နေ့တွင် ဗန်းမော်သို့ ဆိုက်ရောက်ခဲ့၍ သင်္ဘောဖြင့် စုန်ဆင်းကာ မန္တလေးမြို့သို့ ခေတ္တမျှ လှည့်လည်ကြည့်ရူခဲ့သေးကြောင်းသိရသည်။
ထိုမှတဆင့် သက္ကရာဇ် ၁၂၈၅ ခု နှောင်းတန်းခူးလဆန်း ၃ ရက်နေ့တွင် တောင်ကြီးမြို့သို့ ရောက်ရှိပြီး တူဖြစ်သူ သထုံစော်ဘွားက တောင်ကြီးမြို့ ဟော်ကုန်းရပ် သထုံဟော်ကိုပေးအပ်သဖြင့် သထုံဟော်တွင်ကွယ်လွန်သည်အထိ စိုးစံခဲ့ကြောင်းလည်းသိရသည်။(ကိုးကား= ၀န်းသိုစော်ဘွား ဦးအောင်မြတ် မောင်ကျော်ရှင်းရေး )
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် သက္ကရာဇ် ၁၂၂၃ ခုနှစ် တပို့တွဲ လဆန်း ၁၁ ရက်နေ့တွင် မွေးဖွားပြီး ၁၃၂၆ ခုနှစ် နတ်တော်လဆန်း ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် သက်တော် ၁၀၃ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ ( ကိုးကား = စော်ဘွားအုတ်ဂူကျောက်စာ )
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ၁၅၅ နှစ်ပြည့်နှင့်အတူ ၀န်းသိုမြို့တည်နှစ် ၁၀၇၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲကျင်းပရေးအတွက် ရံပုံငွေထည့်ဝင်လိုပါက ဦးသူရိယ (ပွဲတော်ကျင်းပရေးကော်မတီ နာယကဆရာတော်) ဖုန်း ၀၉ ၄၀၀၄၆၅၈၀၄ ၊ ၀၉၇၉၄၃၄၆၆၁၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
Credit : The Voice of Shan-Ni
ပြန်လည်မျှဝေပါသည်
ကျော်ဝင်း ( ဝန်းသို )

No comments:
Post a Comment