၁၃၅ မျိုး ရှိ/မရှိ



|| ဂါမဏိ ||
နအဖ စစ်အစိုးရဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက် လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမယ့် နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာသတ်ပုံမှာ တစ်ခု-တစ်ယောက် စသဖြင့် သုံးစွဲရေး၊ ဦးနေ၀င်း ထွင်ခဲ့တဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅ မျိုး၊ ဦးခင်ညွန့် ထွင်ခဲ့တဲ့ မြန်မာအစ-ပုံတောင်ပုံညာက၊ လူသားအစ-မြန်မာက ဆိုတဲ့ ခပ်ချာချာ အယူအဆတွေကို ဆက်ကျင့်သုံးနေခဲ့ပါတယ်။
အခုဆောင်းပါး မှာတော့ မြန်မာပြည်မှာ တိုင်းရင်း သား ၁၃၅ မျိုး တကယ် ရှိမရှိ ကို ဆန်းစစ်ဖော်ထုတ်သွားပါမယ်။
ပထဆုံး ကချင်လူမျိုးတွေကိုကြည့်ရင် နဝတ-နအဖက ကချင်လူမျိုး ၁၂ မျိုး လို့ဖော်ပြထားရာမှာ လူမျိုးတမျိုးထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကား လေယူလေသိမ်းကွဲတွေကို သီးခြားလူမျိုးအဖြစ် ဇွတ်အတင်းပြထားပါတယ်။
ဒါ့အပြင် ကချင်ဆိုတဲ့နာမည်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖော နာမည်နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့ နာမည်ဖြစ်မှန်း လူတိုင်းသိပေမယ့် နအဖဟာ လူမျိုးအရေအတွက် ဖောင်းပွစေချင်လွန်းအားကြီးလို့ သီးသန့်လူမျိုး မဟုတ်တာကို အဟုတ်ကြီးလုပ်ထည့်တာ ဖြစ်တယ်။
နအဖ စာရင်းထဲက ဂေါ်ရီ၊ ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖော အနွယ်ကွဲတွေသာဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ ခခူနဲ့ ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုပဲ နာမည်နှစ်မျိုး ခေါ်ထားတာဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ်ပြထားတဲ့ တရုမ်း နဲ့ ဒလောင် ဆိုတာလည်း ရဝမ် မျိုးနွယ်ကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာ လက်တွေ့မှာ ၁ မျိုးပဲဖြစ်ပြီး မျိုးနွယ်စုတွေအဖြစ် ဂျိန်းဖော (မရစ်၊ မရမ်၊ အင်ခွန်၊ လဖိုင်၊ လထော်၊ မဂေါင်၊ ဒူလင်း-ခခူ၊ ဂေါ်ရီ-ဂျဆင်း၊ လေပဲယာ၊ ငှခုပ်)၊ ရဝမ် (ဒရု၊ လွန်မီ၊ မတ်ဝမ်၊ ထလု၊ ထရုံ စသည်များ)၊ မရူ-လောင်ဝေါ်၊ အဇီး-ဇိုင်ဝါး၊ လရှီ-လချိတ်၊ လီဆူး-လီရှော ဆိုတဲ့ မျိုးနွယ်စု ၆ စုပဲရှိပါတယ်။
*** နအဖစာရင်း / အမှန်စာရင်း
၁။ ကချင် = ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီး နှင့် လီဆူး
၂။ တရုမ်း = ရဝမ်မျိုးနွယ်စု
၃။ ဒလောင် = ရဝမ်မျိုးနွယ်စု
၎။ ဂျိန်းဖော = ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်း နှင့် အခြားမျိုးနွယ်စုဝင်များပါဝင်)
၅။ ဂေါ်ရီ = ဂျိန်းဖောမျိုးနွယ်စု
၆။ ခခူ = ဂျိန်းဖောမျိုးနွယ်စု
၇။ ဒူးလန်း = ဂျိန်းဖောမျိုးနွယ်စု
၈။ မရူ (လော်ဝေါ်) = မရူမျိုးနွယ်စု
၉။ ရဝမ် = ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်း နှင့် အခြားမျိုးနွယ်စုများပါဝင်) မျိုးနွယ်စု
၁ဝ။ လရှီ (လချိတ်) = လရှီမျိုးနွယ်စု
၁၁။ အဇီး = အဇီး သို့မဟုတ် ဇိုင်ဝါးမျိုးနွယ်စု
၁၂။ လီဆူး = လီဆူး သို့မဟုတ် ယောယင်မျိုးနွယ်စု
နအဖရဲ့ ကယား လူမျိုးစာရင်းထဲမှာ လူမျိုး ၉ မျိုးပြထားတယ်။ ဒီထဲမှာ ဇယိမ်း၊ ကယန်း (ပဒေါင်)၊ ကဲ့ခို၊ ယင်းဘော် ဆိုတဲ့လေးမျိုးဟာ တကယ်တော့ ကယန်း (ပဒေါင်) လူမျိုးရဲ့ မျိုးနွယ်စုတွေသာ ဖြစ်တယ်။ ကယားလူမျိုးထဲမှာလည်း ကယား၊ ကယော၊ မနူးမနော၊ ယင်းတလဲမျိုးနွယ်စုတွေ ပါဝင်ပြီး ကယားနဲ့ ကယန်းဟာ ကရင်နီလူမျိုးတမျိုးတည်း အဖြစ်လည်း ခံယူနိုင်တယ်။ ဂေဘား ကတော့ တချို့က ကရင်နီမျိုးနွယ်စုအဖြစ်၊ တချို့က ကရင်မျိုးနွယ်စုအဖြစ် ပါဝင်ဖို့ ဆန္ဒရှိကြတယ်။
*** နအဖစာရင်း / အမှန်စာရင်း
၁။ ကယား = ကယား
၂။ ဇယိမ်း = ကယန်းမျိုးနွယ်စု
၃။ ကယန်း(ပဒေါင်) = ကယန်း (ပဒေါင်၊ ကဲ့ခို၊ ယင်းဘော်၊ ဇယိမ်းတို့ပါဝင်)
၎။ ကဲ့ခို = ကယန်းမျိုးနွယ်စု
၅။ ဂေဘား = ကရင်မျိုးနွယ်စု
၆။ ဘရဲ့(ကယော) = ကယားမျိုးနွယ်စု
၇။ မနုမနော = ကယားမျိုးနွယ်စု
၈။ ယင်းတလဲ = ကယားမျိုးနွယ်စု
၉။ ယင်းဘော် = ကယန်းမျိုးနွယ်စု
နအဖရဲ့ကရင် လူမျိုး ၁၁ မျိုးစာရင်းဟာလည်း လူမျိုးတမျိုးတည်းရဲ့ နာမည်ကွဲတွေ၊ မျိုးနွယ်စုကွဲတွေကို သီးခြား လူမျိုးတွေအဖြစ် ဖန်တီးထားတယ်။ အားလုံးကို လွှမ်းခြုံခေါ်တဲ့ ကရင်လူမျိုးက သတ်သတ်၊ စကော ပိုး ဘွဲ စတဲ့လူမျိုးက သတ်သတ်လုပ်ထားတာ အင်မတန်ရယ်စရာကောင်းပါတယ်။
လူမျိုးတွေ ဖောင်းပွစေချင်လွန်းလို့ ကြံမိကြံရာလုပ်လိုက်တာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေတဲ့အစိုးရ အရည်အချင်းမဲ့မှုကို ပြတာလည်း ဖြစ် သွားတယ်။ ကိုယ့်တိုင်းပြည်က လူမျိုးနာမည်တောင် အမှန်အတိုင်း မသိဘဲ အစိုးရ လုပ်နေရသလား၊ ဒါလောက်လေးမှ မသိဘူးလားလို့ အများမေးငေါ့စရာ ဖြစ်ကုန်ပါတယ်။
ကရင်လူမျိုးမှာ စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား မျိုးနွယ်စု ၆ မျိုးပဲရှိပါတယ်။ တလှေပွား၊ မောနေပွား ဆိုတာတွေဟာ ပကူးကရင် နာမည်ကွဲတွေဖြစ်သလို ပလေကီး ကတော့ မိုးပွား အမည်ကွဲ သာဖြစ်တယ်။ မွန်ကရင်ဆိုတာ ပိုးကရင်ဖြစ်ပြီး စာဖြူကရင် ဆိုတာကတော့ လူမျိုးကိုပြောတာ မဟုတ်ဘဲ ခရစ်ယန် ဘာသာဝင်တွေကို ပြောတာဖြစ်တဲ့အတွက် နအဖရဲ့ ကလိမ်ကကျစ် လုပ်မှုကို ထင်ရှားနေစေတယ်။ ကရင်ဖြူကတော့ ကယန်းလူမျိုး ထဲက အောက်ကယန်း သို့မဟုတ် ဂေခိုမျိုးနွယ်စုဖြစ်တယ်။
ကယား၊ ကယန်း၊ ဂေဘားတို့ဟာ ရင်းမြစ်အားဖြင့် ဘွဲကရင်ဖြစ်ပေမည့် မျက်မှောက်ကာလမှာတော့ သီးခြားလူမျိုးတွေ၊ မျိုးနွယ်စုတွေအဖြစ် ရပ်တည် သွားကြပါပြီ။ ပအိုဝ်းလူမျိုးကတော့ နဂိုမူလရင်းမြစ်အားဖြင့် ပိုးကရင် မျိုးနွယ်စု ဖြစ်ပေမယ့်အခုတော့ သီးခြားလူမျိုးလက္ခဏာ ခံယူထားပြီဖြစ်တယ်။
*** နအဖစာရင်း / အမှန်စာရင်း
၁။ ကရင် = စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား
၂။ ကရင်ဖြူ = ကယန်းမျိုးနွယ်စု
၃။ ပလေကီး = မိုဘွာမျိုးနွယ်စု
၎။ မွန်ကရင် (စာဖြူ) = ပိုးကရင် အမည်ကွဲ (ခရစ်ယန်)
၅။ စကော = စကောမျိုးနွယ်စု
၆။ တာလှေပွား = ပကူးမျိုးနွယ်စု
၇။ ပကူး = ပကူးမျိုးနွယ်စု
၈။ ဘွဲ = ဘွဲမျိုးနွယ်စု
၉။ မောနေပွား = ပကူးမျိုးနွယ်စု
၁ဝ။ မိုးပွား = မိုးပွားမျိုးနွယ်စု
၁၁။ ရှူး (ပိုး) = ပိုးကရင်မျိုးနွယ်စု
နအဖစာရင်းထဲမှာ အဆိုးဆုံးကတော့ ချင်း လူမျိုး ၅၃ မျိုးပြထားတာပါပဲ။ အဲဒီအထဲမှာ ချင်း ဆိုတဲ့နာမည်နဲ့ လူမျိုးတမျိုးလည်း ပြထားပါသေးတယ်။ ၅၃ မျိုးထဲမှာ ချင်းလူမျိုးအဖြစ် အမှတ်အသားလက္ခဏာ identity မသတ်မှတ်နိုင်တဲ့ နာဂ၊ မဏိပူရတိုင်းသား ကသည်း နဲ့ နီပေါတိုင်းသား လင်းဘု ကိုလည်း ထည့်ထားတယ်။
ဒီကနေ့ ချင်းနိုင်ငံရေးပါတီတွေနဲ့ ပညာရှင်များ လက်ခံအတည်ပြုထားတာ ချင်းမျိုးနွယ်စု ၈ မျိုးပဲဖြစ်ပါတယ်။ လူမျိုး Race မဟုတ်တဲ့ ဆွေမျိုးစု Clan ၊ စကားဝဲအစု Dialect တွေကို ရောနှောပြထားတဲ့ ၅၃ မျိုးကို တွေ့ရပါတယ်။
ကူကီး (သာဒိုး) ဟာ ရင်းမြစ်အားဖြင့် ဇိုမီးမျိုးနွယ်စု ဖြစ်ပေမယ့်အခုတော့ သီးခြားမျိုးနွယ်စုအဖြစ် ရပ်တည်နေပါပြီ။ လိုင်မီး ရင်းမြစ်ဖြစ်တဲ့ မရာ ဟာလည်း အခု သီးခြားမျိုးနွယ်စုအဖြစ် ရပ်တည်နေပါပြီ။ နအဖဟာ ခမွီးနဲ့ မြို ကို ရခိုင်လူမျိုးထဲ ထည့်မထားရင် ချင်း ၅၅ မျိုး ဖြစ်သွားနိုင်တယ်။ ချင်းပုန်း၊ ချင်းဘုတ် စတဲ့ နာမယ်ကွဲတွေ ထပ်ထည့်လိုက်ရင် နအဖရဲ့ ချင်းစာရင်းဟာ ၁ဝဝ နား ကပ်သွားနိုင်ပါတယ်။
ချင်းပြည်နယ်ထဲကလည်း မဟုတ်တဲ့ နာဂ လူမျိုးကို ချင်းလူမျိုးထဲ သတ်မှတ် ထည့်သွင်းလို့မရဘဲ သီးခြား မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုး တမျိုးအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ နအဖရဲ့ ချင်းတွေလိုပဲ နာဂထဲက ဆွေမျိုးစု၊ စကားဝဲအစုတွေက အနည်းဆုံး ၆၄ မျိုးရှိလို့ ချင်းထက် များပါတယ်။ နာဂလူမျိုးမှာ ပြည်နယ်မရှိလို့ ချင်းလို လူမျိုး အများကြီး ခွဲမပြတာ ဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နအဖရဲ့ မြန်မာပြည် “တိုင်းရင်းသား အရေအတွက်” ၃ဝဝ ကျော်သွားနိုင်ပါတယ်။ နာဂ လူမျိုးမှာတော့ လိုင်းနောင်၊ လဟယ်၊ တန်ရှန်း၊ ကွန်ညပ်၊ တန်ကွန်၊ မကူရီ၊ ပါရာ မျိုးနွယ်စုကြီး ၇ စု ရှိတယ်။
နအဖက ဗမာ (ခေါ်) မြန်မာလူမျိုးစု အရေအတွက်ကို နဝင်းကျေအောင် ၉ ခုပြထားပါတယ်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြား လူမျိုးတွေအဖြစ် ပြထားတယ်။ တကယ်တော့ စကားဝဲ dialect အစုကွဲသာ ဖြစ်တယ်လို့ မနုသ၁ဗေဒ ပညာရှင်များနဲ့ ဘာသာဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံးအသိပါပဲ။ ဘိတ်နဲ့ ထားဝယ်ကတော့ သီးခြားလူမျိုး သရုပ်လက္ခဏာနဲ့ ရပ်တည် လာနေပြီ ဖြစ်တယ်။ နအဖဟာ ရှမ်းပြည်က သီးခြား ဗမာမျိုးနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသားတို့ကိုလည်း ရှမ်းလူမျိုးထဲ ထည့် ထားပါတယ်။
ရှမ်းပြည်၊ ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအစပ်က ရှေးဦးဗမာ Proto-Burman မျိုးနွယ်ဝင် ဖွန်းလူမျိုးကို ဗမာလူမျိုးထဲ ထည့်ထားပေမယ့် နောက်ထပ် ရှေးဦး ဗမာမျိုးနွယ်ဝင် မိုင်းသာ လူမျိုး ကိုတော့ ရှမ်းလူမျိုးထဲ ထည့်ထားတယ်။
ဒါ့အပြင် တိဘက်-ဗမာအနွယ် မဟုတ်ဘဲ မလေး၊ အင်ဒိုနီးရှား တို့လို သြစထြိုနီးရှန်းမျိုးနွယ်ကြီးထဲက ဆလုံတွေကို ဗမာလူမျိုးထဲ ထည့်ထားတာဟာ မနုသ၁ဗေဒ အသိ နုံ့နဲ့ရာကျပါတယ်။ စစ်ကိုင်းတိုင်း ထဲက နာဂတွေကျတော့ ချင်းလူမျိုး ထဲ ထည့်ထားပေမယ့် ကဒူး ကနန်းတွေ ကိုတော့ ဗမာလူမျိုးထဲ ထည့်ထားပြီး ကဒူးနဲ့ ကနန်းကိုလည်း ခွဲပြထားတယ်။ ယဗိန်းကတော့ လူဦးရေ ရာဂဏန်းလောက်ပဲ ရှိနိုင်တော့တဲ့ မျိုးတုံးလုနီး ဗမာမျိုးနွယ်စု ဖြစ်ပါတယ်။ ဖွန်း၊ မိုင်းသာနဲ့ ကဒူး ကနန်း တို့ကို ရှမ်းလူမျိုးတွေကလည်း တိုင်းဖွန်း၊ ရှမ်းတရုတ် နဲ့ တိုင်းကတူး ဆိုတဲ့ ရှမ်းမျိုးနွယ်စုတွေအဖြစ် သတ်မှတ်ထားတယ်။
နအဖဟာ မွန်ကိုတော့ တမျိုးတည်းပဲပြထားပြီး တခြား မွန်ခမာ မျိုးနွယ်တွေဖြစ်တဲ့ ဝ၊ ပလောင်၊ ယင်းနက် ယင်းကျား စတာတွေကို ရှမ်းလူမျိုးတွေထဲ ထည့်ပြထားပါတယ်။
ရခိုင် လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ တကယ်တော့ ခမွီး နဲ့ မြို (မရို) ဟာ ရခိုင်ပြည်မှာနေတဲ့ ခမီးချင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ခမွီးနဲ့ မြိုဟာ သီးခြားလူမျိုး နှစ်မျိုးမဟုတ်ဘဲ မျိုးနွယ်စုတခုတည်းအောက်က မျိုးနွယ်ကွဲတွေသာ ဖြစ်ပါတယ်။ ဒိုင်းနက် နဲ့ မရမာကြီးကို ဘာသာ စကားကြောင့် သီးခြားလူမျိုးတွေအဖြစ် စာရင်းပြထားပေမယ့် ယဉ်ကျေးမှု အရ ရခိုင်မျိုးနွယ်စု ဖြစ်နိုင်ပါတယ်။
*** နအဖစာရင်း / အမှန်စာရင်း
၁ ရခိုင် = ရခိုင်လူမျိုး
၂ ကမန် = ကမန်လူမျိုး (ရခိုင်စကားပြော အစ္စလာမ်ဘာသာဝင်)
၃ ခမွီး = ခမီးချင်းမျိုးနွယ်စု
၎ ဒိုင်းနက် = ဒိုင်းနက်-ချက္ကမာလူမျိုး (ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာဝင်)
၅ မရမာကြီး = မရမာကြီး-ဘရူးဝါးလူမျိုး (ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာဝင်)
၆ မြို = ခမီးချင်းမျိုးနွယ်စု
၇ သက် = သက်-ချက် (ရခိုင်မျိုးနွယ်စု)
နအဖစာရင်းပါ ရှမ်း ၃၃ မျိုးကတော့ ရှမ်းတင်မကဘဲ တိဘက်ဗမာ မျိုးနွယ်တွေ၊ ပအိုဝ်း လို ကရင်မျိုးနွယ်တွေ၊ ဝ ပလောင်လို မွန်ခမာ မျိုးနွယ်တွေ စသဖြင့် ရောထွေးနေပါတယ်။ ရှမ်းကြီးနဲ့ တိုင်းလုံ ဆိုတာ တခုတည်းဖြစ်ပြီး ရှမ်းကလေးနဲ့ တိုင်းလေ့ဟာလည်း တမျိုးတည်းဖြစ်တယ်။ ခန္တီးရှမ်း နဲ့ တိုင်းလျမ် (ရှမ်းနီ) ကိုပြထားပေမယ့်တိုင်းနူ (ရှမ်းတရုတ်)၊ တိုင်းလိ၊ တိုင်းလမ် နဲ့ ဒရယ် ကိုချန်ထားတယ်။
ကရင်၊ ချင်း တို့လိုပဲ ထိုင်း သို့မဟုတ် တိုင်း (ရှမ်း) လူမျိုးဟာလည်းလူမျိုး တမျိုးတည်းအောက်မှာ ထိုင်းယိုင် (ထိုင်းလုံ၊ ရှမ်းကြီး)၊ ထိုင်းမော၊ ထိုင်းနူ(ရှမ်းတရုတ်)၊ ထိုင်းခွန် (ဂုံရှမ်း)၊ ထိုင်း ခမ်းတီး၊ ထိုင်းလျံ (ရှမ်းနီ)၊ ဒရယ်၊ ထိုင်းလိ (ကျိုင်းရုံးကြီးရှမ်း)၊ ထိုင်းလမ် (မုံးလမ်ရှမ်း)၊ ထိုင်းခွမ်း စတဲ့ မျိုးနွယ်စု တွေသာဖြစ်နေပြီး အိမ်နီးချင်းနိုင်ငံက ရှမ်းမျိုးနွယ်တွေဖြစ်တဲ့ ထိုင်း (ထိုင်းနွဲ့၊ ရှမ်းကလေး)၊ ထိုင်းယွန်း (ဇင်းမယ်ရှမ်း)၊ ထိုင်းလော တို့ ကိုတော့ သီးခြားလူမျိုးတွေအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။
အင်၊ စုံ၊ ဝ နဲ့ တိုင်းလွယ် တို့ဟာ တမျိုးတည်း ဖြစ်ပါတယ်။ (တိုင်းလွယ် ကိုတော့ သီးခြားမွန်ခမာလူမျိုးတခု အဖြစ် ယူလို့ရနိုင်တယ်။) ကွီ နဲ့ လားဟူ မကွာသလို ဖျင်နဲ့ အခါလည်း အတူတူပါပဲ။ ပလေးနဲ့ပလောင် အတူတူဖြစ်သလို မြောင်ဇီး၊ ယအို (ယောင်) နဲ့ အိုက်ဆွယ် တမျိုးတည်းဖြစ်ကြပါတယ်။ နယ်ချင်းထိစပ်နေလို့ ယူနန်တရုတ်လူမျိုးကို (ယူနန်တရုတ် မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ် ၄၀၀ နီးပါးက မင်မင်းဆက် နောက်ဆုံးဘုရင်နဲ့အတူပြေးလာတဲ့ မြောက်ပိုင်းသား မန်ဒါရင်တရုတ် လို့လည်းတချို့သမိုင်းတွေမှာ ဆိုပါတယ်)
ဗမာပြည်ရဲ့တိုင်းရင်းသား ကိုးကန့်လူမျိုး အဖြစ် သတ်မှတ်ထားတာ တွေ့ရ သလို ယွန်း (မြောက်ပိုင်းထိုင်း) လူမျိုး၊ ခမူ (လော) လူမျိုး၊ ရှမ်းကလေး (ဝါ) တိုင်းလေ့ (ထိုင်း) လူမျိုးတို့ကိုလည်း မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ထားတာ တွေ့ရတယ်။
ချင်းပြည်ဘက်မှာ ကသည်း (မဏိပူရ်) လူမျိုး၊ လင်းဘု (နီပေါ) လူမျိုး တို့ကို တိုင်းရင်းသား သတ်မှတ်ထားပေမယ့် အလားတူ နယ်ချင်းစပ်နေလို့ ဗမာပြည်နယ်နိမိတ်ထဲ မျိုးဆက်များစွာ နေထိုင်နေတဲ့ ထိုင်းလိ (ယူနန်)၊ ထိုင်းလမ် (ယူနန်)၊ ပသျှူး (မလေး)၊ တိဘက်၊ ဂေါ်ရခါး (နီပေါ)၊ စစ်တကောင်းဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်) တို့ကိုတော့ တိုင်းရင်းသား အဖြစ် ဖော်ပြထားတာ မတွေ့ရပါဘူး။
ဒါကိုချုပ်ကြည့်လိုက်ရင် နအဖပြောတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ဆိုတာမှာ ၁၀၀ လောက်က စာရင်းထပ်နေတာ၊ လုပ်ကြံတီထွင်ထားတာနဲ့ မျိုးနွယ်စု tribe၊ ဆွေမျိုးစု clan၊ စကားဝဲအစု dialect တွေကို လူမျိုး အဖြစ် ပြထားတာဖြစ်နေပြီး လူမျိုး ၃၀ ကျော်လောက်ပဲ တကယ့် အမှန်အကန် ဖြစ်ပါတယ်။
ဒါပေမဲ့ ဒါဟာ ဗမာပြည်မှာ လူမျိုး ၃၀-၃၅ မျိုးလောက်ပဲရှိတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ထမန်၊ ဒရယ်၊ ဗမာမူဆလင် (မြေဒူး၊ ဇေဒဘာရီ၊ မဂို၊ ပသီ၊ ကျူလီယာ၊ စူရတီ၊ ပထန်၊ ကချာ)၊ ဗမာဟိန္ဒူ၊ ပင်လယ်ရပ်ခြား တရုတ်နဲ့ နယ်စပ်ဟိုဘက်ဒီဘက်ခွနေလေ့ရှိတဲ့ တိဘက်၊ ဂေါ်ရခါး၊ ထိုင်းလိ၊ ထိုင်းနူ (ရှမ်းတရုတ်)၊ ထိုင်းလမ်၊ မလေး-ပသျှူး၊ စစ်တကောင်းသား ဘင်္ဂါလီ တို့လို ဒီစာရင်းထဲမပါဘဲ ကျန်နေတဲ့ လူမျိုးတွေ ရှိပါသေးတယ်။
ဒါ့အပြင် သီးခြားလူမျိုးအဖြစ် အမှတ်လက္ခဏာသစ် ခံယူလိုတဲ့ သို့မဟုတ် မခံယူလိုတဲ့ လူမျိုးတွေ မျိုးနွယ်စုတွေလည်း ရှိနိုင်ပါသေးတယ်။ ယဗိန်း၊ ဓနော၊ ဒရယ်၊ ထမန်၊ ဖွန်း၊ တရုမ်း၊ ခမူတို့ဆိုရင် မျိုးတုံး လုဆဲဆဲ၊ သို့မဟုတ် လူဦးရေရာဂဏန်းလေးသာရှိတဲ့ လူမျိုးတွေ၊ မျိုးနွယ်စုတွေ ဖြစ် ပါတယ်။
ဒါကြောင့် ဗမာပြည်နယ်နိမိတ်ထဲမှာရှိတဲ့ (တိုင်းရင်းသား/ရွှေ့ပြောင်းအခြေချ)လူမျိုးတွေကို စာရင်းချုပ်လိုက်ရင် --
(၁) ကချင် (ဂျိန်းဖော၊ ရဝမ်၊ မရူ၊ အဇီး၊ လချိတ်၊ လီဆူး မျိုးနွယ်စု ၆ စု)
(၂) ကယား (ကယား၊ ကယော၊ မနုမနော၊ ယင်းတလဲ မျိုးနွယ်စု ၄ စု)
(၃) ကယန်း (လဝီ-ပဒေါင်၊ ဂေခို-ကရင်ဖြူ၊ ကငန်-ယင်းဘော်၊ ဇယိမ်း-လထ မျိုးနွယ်စု ၄ စု)
(၄) ကရင် (စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား မျိုးနွယ်စု ၆ စု)
(၅) ပအိုဝ်း (ကွန်လုံ၊ ခရိုင်း၊ တတောက်၊ နန်းခေ၊ ကျန်းစန်း၊ ကောင်တန်၊ ဗလာ၊ တိယန်၊ တောင်သား မျိုးနွယ်စုများ)
(၆) ချင်း (ဇိုမီး၊ ကူကီး၊ မီဇို၊ လိုင်မီး၊ မရာ၊ ချို၊ အရှို၊ ခူမီး မျိုးနွယ်စု ၈ စု)
(၇) နာဂ (လိုင်းနောင်၊ လဟယ်၊ တန်ရှန်း၊ ကွန်ညပ်၊ တန်ကွန်၊ မကူရီ၊ ပါရာ မျိုးနွယ်စု ၇ စု)
(၈) ဗမာ (ယော၊ တောင်သား-ပျူ၊ ယဗိန်း မျိုးနွယ်စုများ)
(၉) ထားဝယ် (ထားဝယ်၊ ဘိတ် မျိုးနွယ်စုများ)
(၁၀) ဓနု
(၁၁) အင်းသား
(၁၂) တောင်ရိုး
(၁၃) ကတူးကနန်း (ကတူး၊ ကနန်း မျိုးနွယ်စု ၂ စု)
(၁၄) မော်ကင်း-ဆလုံ
(၁၅) ဖွန်း
(၁၆) မိုင်းသာ-အချန် (ရှမ်းတရုတ်)
(၁၇) ထမန်
(၁၈) မွန်
(၁၉) ပလောင်-တအာင်း (ရူကျိုင်း၊ ရူကွမ်း၊ ရူခါန်၊ ရူမိုင်း၊ ရူပိုး၊ ကတူး၊ ကွယ်ဟယ်၊ ရူဟော့၊ ရူဗရောင်း၊ ရူခုတ်၊ ရူလဲင်း မျိုးနွယ်စုများ)
(၂၀) ဝ (အင်၊ စုံ၊ လ၊ ဝ၊ ထိုင်းလွယ်၊ ဆမ်တောက် မျိုးနွယ်စုများ)
(၂၁) ယင်း (ယင်းနက်၊ ယင်းကျား မျိုးနွယ်စု ၂ စု)
(၂၂) ဓနော
(၂၃) ရခိုင် (သက်၊ မရမာ၊ ချောင်းသား၊ တောင်သား၊
ရမ်းဗြဲသား မျိုးနွယ်စုများ)
(၂၄) ဒိုင်းနက်-ချက္ကမာ
(၂၅) မရမာကြီး-ဘရူးဝါး
(၂၆) ကမန်
(၂၇) ရှမ်း (ထိုင်းလုံ-ထိုင်းယိုင်၊ ထိုင်းမော၊ ထိုင်းနူ၊ ထိုင်းခွန်၊ ထိုင်းလျံ၊ ထိုင်းခမ်းတီး၊ ဒရယ်၊ ထိုင်းလိ၊ ထိုင်းလမ်၊ ထိုင်းနေ၊ ထိုင်းခွမ်း မျိုးနွယ်စုများ)
(၂၈) လားဟူ (ကွီ၊ လားဟူနက်၊ လားဟူရှီ မျိုးနွယ်စုများ)
(၂၉) အခါ (ကော်၊ ဖျင် မျိုးနွယ်စုများ)
(၃၀) မြောင် (မြောင်ဇီး၊ ယောင်၊ အိုက်ဆွယ်၊ မြှော့မျိုးနွယ်စုများ)
(၃၁) ခမူ-ခမင်
(၃၂) ကိုးကန့်တရုတ် (မလိပါရင့်)
(၃၃) မေ့ထေး (ကသည်း)
(၃၄) လင်းဘု (နီပေါ)
(၃၅) ထိုင်း (ထိုင်းနွဲ့)
(၃၆) ထိုင်းယွန်း (ဇင်းမယ်ရှမ်း)
(၃၇) လော (ထိုင်းလော)
(၃၈) ပသျှူး (မလေး)
(၃၉) တိဘက်
(၄၀) ဂေါ်ရခါး (နီပေါ)
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ တိုင်းရင်းသား လူမျိုးအရေအတွက်ဟာ ၃၅ မကျော်ပါဘူး။ ဒါပေမဲ့ စစ်အုပ်စုဟာ တိုင်းရင်းသား လူမျိုးအရေအတွက် ဆယ်ဂဏန်း မပြည့်လည်း အကြောင်းအမျိုးမျိုးပြပြီး စစ်အာဏာရှင်စနစ် ထူထောင်မှာ ပါပဲ။ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ရှိတယ်လို့ ဆင်ခြေပေးဦး မှာပါပဲ။
စစ်အုပ်စုစကား၊ စစ်အုပ်စုစာရင်းတွေဟာ ဘယ်လိုမှ စိတ်ချယုံကြည်စရာ မရှိဘူး ဆိုတာရယ်၊ ကိုယ်အုပ်ချုပ်နေတဲ့ နိုင်ငံ ထဲက လူမျိုးတွေကိုတောင် မှန်မှန်ကန်ကန် စာရင်းကောက်နိုင်တဲ့ အရည်အချင်းနဲ့ဆန္ဒ မရှိဘူး ဆိုတာရယ် ကိုတော့ ၁၃၅ မျိုးစာရင်းက သက်သေခံ နေပါတယ်။
ဂါမဏိ
The Ladies News

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment