စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာဒေသ ။


By John Rain9:47 PMNo comments စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာဒေသ ။

ကသာခရိုင်၏ပထဝီဝင်အနေအထားမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင်
တည်ရှိပြီးမြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၃၀ မိနစ် နှင့် ၂၄ ဒီဂရီ ၃၀ မိနစ်ကြား
အရှေ့လောင်ဂျီတွဒ် ၉၁ ဒီဂရီ ၁ မိနစ် နှင့် ၉၆ ဒီဂရီ ၃၁မိနစ်ကြားတွင်
တည်ရှိတယ်။
အကျယ်အဝန်းမှာ (၆၁၂၄.၄၄)စတုရန်းမိုင် ကျယ်ဝန်း၍
အရှေ့မှအနောက်သို့ (၁၀၂)မိုင်၊ တောင်မှ မြောက်သို့ (၁၀၀)မိုင်ရှည်လျားတယ်။
ကသာခရိုင်တွင် မြို့(၇)မြို့ဖြင့်ဖွ့ဲစည်းထားပါတယ်။
ကသာ၊ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး
မြို့များဖြစ်တယ်။

ကသာခရိုင်တွင် လူဦးရေစုစုပေါင်း ရှစ်သိန်းခြောက်သောင်းကျော်ရှိပါတယ်။
အတိအကျဆိုမူ(၈၆၁၂၈၃)ယောက်ရှိ၍

ကသာမြို့နယ်ရှိလူဦးရေမှာ
တစ်သိန်းခြောက်သောင်းကျော် အတိအကျဆိုမူ(၁၆၇၇၃၄)ယောက်ရှိတယ်။

ကသာမြို့ပေါ်လူဦးရေကတော့ နှစ်သောင်းခြောက်ထောင်ကျော်
(အတိအကျဆိုမူ - ၂၆၇၃၂ ) ယောက်ရှိတယ်။
ခရိုင်တွင်းနေထိုင်ကြသောတိုင်းရင်းသားလူမျိုးစုများမှာ ကချင်၊ကယား၊
ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်း၊နာဂ၊ ကဒူး၊ ကနန်း များဖြစ်သည်။

မြန်မာလူမျိုးများမှာ (၈၆)%ရှိ၍ ကျန်တိုင်းရင်းသားများထဲတွင် ရှမ်း၊ကချင်၊
ကဒူး၊ကနန်း လူမျိုးစုအရေအတွက်များပြားသည်။
ထိုတိုင်းရင်းသားများထဲမှ
ရှမ်း၊ကချင်၊ကရင်၊ချင်း၊ကဒူး၊ကနန်း လူမျိုးစုများစွာ မှီတင်းနေထိုင်ရာ
ဒေသ၏သဘာဝအလှ၊ ဝန်းကျင် သဘာဝအလှများစွာ နှင့်
စိတ်ဝင်စားစရာကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းများစွာပေါများလှတဲ့ ခရိုင်တစ်ခု
ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ စာရေးဆရာကြီးများ ဟိုးယခင်ကတည်းက ဖွဲ့ညွှန်းခဲ့ရသည့်
ဒေသဖြစ်သလို အထက်မြန်မာပြည်၏ အလှဆုံး ဧရာဝတီဆိပ်ကမ်းမြို့ထဲမှ
တစ်ခုအပါအဝင်လည်းဖြစ်တယ်။
ထိုနေရာ ထိုဒေသများပိုင်ဆိုင်ထားရာ ခရိုင်မြို့ဖြစ်သည့်အင်္ဂလိပ်ခေတ်
အရေးပိုင်ရုံးစိုက်ရာမြို့၊အနော်ရထာဘုရင် တည်ခဲ့သော ကင်းမြို့ဖြစ်သည့်
ကျွန်တော်တို့၏ ကသာမြို့လေးဟာ ယနေ့ဆိုလျှင်
ပြည်တွင်းပြည်ပ ခရီးသွားလာသူတို့အတွက် ဆုံမှတ်တစ်ခ
ုဖြစ်လာပါတော့တယ်။

ယနေ့အချိန်မှာတော့ ကမ္ဘာကရောပြည်တွင်းကပါ တစ်နေ့ထက်တစ်နေ့ ပို၍
စိတ်ဝင်စားလာရသောမြို့လေးတစ်မြို့ဖြစ်လာပါပြီ။
တစ်ချိန်က မြန်မာမသိသည့် ကမ္ဘာသိမြို့လေးတစ်မြို့ဖြစ်သည့်ကျွန်တော်တို့
မြို့လေးနှင့် ကျွန်တော်တို့ဒေသအပေါ် ယခု မြန်မာပြည်တွင်းခရီးသွားများ၏
စိတ်ဝင်စားမှုပါခံရပြီဖြစ်ပါတယ်။

ကသာမြို့ပတ်ဝန်းကျင်ရှိ အင်းတော်၊မန်လည် ၊ ဗန်းမောက် ဇလုံတောင်သို့
ပြည်တွင်းဘုရားဖူးများ နှင့် ပြည်ပမှ လည်ပတ်လေ့လာသူများ၊
( မကြာမှီDVB မြန်မာ့အလှ၊မြန်မာ့ဘ၀ မှ ထုတ်လွှင့်မည်ဟုသိရ )

George Orwell ၏ Burmese Days အား ခြေရာကောက်နေကြသူသော
နိုင်ငံခြားသားများ၊

General Wingate ၏ ကမ္ဘာကျော်စွန့်စားခန်းများပြည့်နှက်နေသည့်
Chindits တို့၏ ခြေရာကို ရှာဖွေနေကြသည့် နိုင်ငံခြားသားများ၊

Eco Tourism နှင့် ဆင်စခန်းကို လာရောက်လည်ပတ်သူ ပြည်တွင်းပြည်ပ
ခရီးသွားများ၊

ကမ္ဘာသိ Documentary Director များ၊ စာရေးဆရာများ၊ ဂျာနယ်လစ်များ
အပြင်
၂၀၁၆ ၊ယခုလအတွင်း (ဖေဖေါ်ဝါရီ လ ) ကသာမြို့သို့ တိတ်တဆိတ်
လည်ပတ်ကာ George Orwell ၏ Burmese Days အတွင်းမှ ဇာတ်ဝင်ခန်း
အိမ်ကြီးများ နှင့် ဇာတ်ကောင်များနေထိုင်သည့် ကသာမြို့ ရပ်ကွက်(၇)
လျှပ်စစ်ဝင်းအနီး ၊ ပတ္တမြားကုန်းတက်၊ ဇေယျာချောင်မှ ပျက်စီးသွားသော
အိမ်နီကြီး၊ မြို့နယ်စိုက်ပျိုးရေးရုံး၊ အရေးပိုင်အိမ်၊ British Club၊
ယခုမြို့နယ်ရဲတပ်ဖွဲ့မှူးနေထိုင်ရာ စာရေးဆရာကြီး George Orwell ၏
နေအိမ်၊ တောင်ဘက်ကပ်လျက် တိုက်ပိုင်အိမ် နှင့်
ခရိုင်အားကစားကွင်းမျက်နှာချင်းဆိုင်ရှိ
စိန့်ပေါ အင်ဂလီကန်ဘုရားရှိခိုးကျောင်း၊

ယခင်ခရစ်ယာန်သင်းချိုင်းနေရာ(ယခု လ.ဝ.က ရုံး) နှင့်
အနီးရှိ ကသာမြို့ မြို့တော်ခန်းမအတွင်းသို့ပင် ဝင်ရောက်ကာ
တကူးတကလာရောက်ရှာဖွေလေ့လာသွားသော မြန်မာနိုင်ငံဆိုင်ရာ
ဘရာဇီးသံအမတ် Alcides G.R.Prates ကဲ့သို့ ကမ္ဘာ့စာပေချစ်မြတ်နိုးသူ
နိုင်ငံတကာအဆင့်ရှိ အရာရှိကြီးများ၊

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မြောက်ပိုင်း၏ ဂျပန်တို့၏
အကြီးဆုံးလေယာဉ်ကွင်းတစ်ခု တည်ရှိခဲ့ရာ၊ ရွာအလိုက် တစ်ခုခြင်း
စံနစ်တကျ လောင်စာ၊ လက်နက်၊ ရိက္ခာ၊ ယန္တရား တပ်များအားထားရှိ
၍ ဗန်းမောက်-ပင်လည်ဘူး-တမူးလမ်းမှ တဆင့် အိန္ဒိယသို့ဖြတ်ဝင်၍
အင်္ဂလိပ်တို့အား တိုက်ခိုက်မည့် မဟာဗျူဟာမြောက်ခြေကုတ်စခန်းကြီး
တစ်ခုဖြစ်သော အင်းတော်မြို့နှင့် လာရောက်လည်ပတ်သူ၊စစ်အတွင်း
ခြေရာများကိုရှာဖွေသူ ဂျပန်များ။

၁၉၉၆ ဒီဇင်ဘာလက မော်လူးသို့ သွားရောက်၍
Chindits ခြေရာတို့ကို ရှာဖွေခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလိပ်သံအမတ်
Mr Gorden နှင့် ဒုတိယကမ္ဘာစစ်အတွင်း ကသာဒေသတစ်ဝိုက် တိုက်ပွဲဝင်
ခဲ့သော အမေရိကန်၊ အင်္ဂလိပ် ဗိုလ်ချုပ်ဟောင်းများနှင့် ၎င်းတို့၏
မိသားစုများ ၊နောက်မကြာမှီ( မတ်လအတွင်း )လာမည့် US နှင့် UK မှ
ဗိုလ်ချုပ်ဟောင်းများ၊မိသားစုဝင်များ။

Return to Burma ဆိုသည့် ကမ္ဘာကျော် ဒုတိယကမ္ဘာစစ်အတွင်း
မြန်မာနိုင်ငံရှိ ဂျပန်တို့အား ပျောက်ကျားစနစ်ဖြင့် ဖြတ်စစ်ဆင်ခဲ့သည့်
Chindits တို့အကြောင်းရေးထားသည့်စာအုပ်အားကိုင်ကာထိုအတွင်းမှ
ဓါတ်ပုံများပါသည့် ဗန်းမောက်မြို့နယ်၊ မံထုံရွာ၊ အင်းတော်မြို့နယ်
မော်လူး၊ ဟဲနု ကျေးရွာများသို့ သွားရောက်ရှာဖွေကြသော အမေရိကန်၊
အင်္ဂလိပ်၊နိုင်ဂျီးရီးယား၊အစရှိသည့်နိုင်ငံများမှ စစ်ပြန်များနှင့် ၎င်းတို့၏
မျိုးဆက်များ။

ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားသည့် ဂျပန် - မဟာမိတ် တိုက်ပွဲဖြစ်ခဲ့ရာ
အင်းတော်မြို့နယ် ပင်ဝဲ ကျေးရွာသို့ သွားရောက်၍လေ့လာကြသော
ဂျပန်၊အမေရိကန်၊အင်္ဂလိပ် နိုင်ငံခြားသားများ။
(ပင်ဝဲရွာဟောင်း အင်္ဂလိပ်ဘိုတဲ နေရာရှိ ဧရာမဗုံးကျင်းကြီးနှစ်ခု။
မဟာမိတ် နှင့် ဂျပန်တို့ တိုက်ခိုက်ခဲ့သည့် ကျို့ပင်ချောင်းအနီး
ကျွန်းပင်များမှ ကျည်ဝင်ထားရာနေရာများစွာ ယနေ့တိုင်ကျန်ရှိ
နေပါသေးသည်။ )

ကမ္ဘာသိ Road pass to Mandalay စာအုပ်ထဲမှ ကသာမြို့နယ်
အင်းရွာကျေးရွာ၊ ညောင်ပင်ကွင်းရှိ လေယာဉ်ကွင်းဟောင်းသို့ သွားရှာသူများ၊

နံမည်ကျော် Beyond the Chindwin စာအုပ်ထဲမှ
ကသာမြို့ ဧရာဝတီမြစ် အရှေ့ဖက်ကမ်းရှိ ငို့ဇင် ကျေးရွာ အနီးမှ
မြေပုံတွင်မရှိတော့သည့် ဇီးဖြူကျင်းရွာဟောင်းအား ရှာဖွေသူများ၊
ထိုနေရာတွင် မြုပ်ထားသော စာအုပ်ထဲမှ ဗိုလ်ဒန်ကင် ၏ မြေပုံအား
ရှာဖွေနေသော သြစတြေလျနိုင်ငံခြားသားများ၊

ဆရာကြီး ရွှေဥဒေါင်း ၏ စစ်အတွင်းက တွေ့ကြုံခဲ့ရသော အကြောင်းများ
ရေးထားသည့် စစ်ကိုယ်တွေ့ နှင့် တစ်သက်တာမှတ်တမ်းစာအုပ်ထဲမှ
ကသာမြို့ရှိ စိတ်ဝင်စားဖွယ်နေရာများ။

ဆရာ နတ်နွယ် ၏ မြန်မာပြည်မြောက်ပိုင်း မှ ဗန်းမောက်မြို့နယ်ရှိ
ရှေးဟောင်း ကနန်းလူမျိုးတို့၏ ရိုးရာဓလေ့နှင့် သမိုင်းဝင် အမွေအနှစ်
ပစ္စည်များအားသွားရောက်လေ့လာသူများ ( မကြာမှီDVB မြန်မာ့အလှ၊
မြန်မာ့ဘ၀ မှ ထုတ်လွှင့်မည်ဟုသိရ )

အင်းတော်မြို့နယ်ရှိ မန်လည်ဆရာတော်ဘုရားကြီး၏ မပုပ်မသိုးရုပ်ကလပ်
ထားရှိရာ မန်လည်ရွာနှင့် ကျောင်းပေါ်ရှိ မြန်မာနိုင်ငံ၏ နောက်ဆုံး
နန်းတွင်းပန်းချီတော် ဆရာချုံ၏ အနုလက်ရာပန်းချီကားများ၊
ရှေးဟောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်လက်ရာများ နှင့်
ဆရာတော်၏ မြန်မာနိုင်ငံစာပေသမိုင်းတွင် နေလိုလလိုထင်ရှားခဲ့သော
မဃဒေ၀ လင်္ကာသစ် ကျမ်းမြတ်ကြီး အား ပူဇော်လေ့လာသူများ။

မန်လည်တောင်ဘက် တံခွန်တိုင်ရွာမှ ကျွန်းသစ်တစ်ပင်အား လှေတော်ကြီး
နှစ်စီးထွင်းထားခဲ့ရာမှ တစ်စီးသာကျန်တော့သည့် မြန်မာ့ရိုးရာသစ်ထွင်း
လှေတော်ကြီးနှင့်တံခွန်တိုင်ဆရာတော်စုဆောင်းထားသည့်
ရှေးပန်းချီကျော် ဆရာချုံတပည့် ဆရာခ၏ပန်းချီကားများ၊ရှေးဟောင်း
အမွေအနှစ်ပစ္စည်းများ အားလေ့လာသူများ။

မန်လည်အနီးရှိ ကတူးတိုင်းရင်းသားလူမျိုးတို့၏ တစ်ရွာလုံး ခမောက်၊
တောင်း ယက်လုပ်သော မန်ဖာ ဆိုသည့် ရွာကလေး ၊
အင်းတော်အင်းနံဘေး လက်ပံကုန်းရွာရှိ
အထက်မြန်မာနိုင်ငံ၏ ရှားပါးမြန်မာ့ရိုးရာ ဆရာပွဲ၏ ဗုံလုပ်ငန်း နှင့်
အင်းတော်လေးအင်းအလှ အား လေ့လာခံစားကြသူများဖြင့်

ယနေ့ ကျွန်တော်တို့ ဒေသဟာဖြင့် ယခင်နဲ့မတူစည်ကားလာပြီဖြစ်သလို
ထိုနေရာထိုဒေသများသို့ ဝင်ရောက်လည်ပတ်ရန် ယနေ့ ( Feb , 2016)
project ဆင်းရေးနေသောTour Operator များ ၊ပြည်တွင်းပြည်ပ
စာရေးသူများ၊ သုတေသီများကြောင့် မကြာမှီပေါက်ကွဲထွက်လာမည့်
မြန်မာ့ခရီးသွားနှစ်အတွက် အလွန်အရေးပါလာမည့်
ဒေသတစ်ခု၏ အကြိုအရုဏ်ဦးဖြစ်ကြောင်းကို ရေးသားဖေါ်ပြလိုက်ပါသည်။





 
http://attractionsite.blogspot.com/2016/02/Sagaing-Kathar.html မှ ကူးယူဖော်ပြသည်။

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment