နားထွင်း မင်္ဂလာပွဲနေ့က အတိတ်နိမိတ် - ဝန်းသို မင်းသား

ရေးမိရေးရာလေးများ
နန်းမြို့တော် တစ်ရပ်လုံး၌လည်းဆင်တပ် ၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ် ၊ ဝင်းခင်းအတွင်း စစ်အင်္ဂါ ၄ ပါး ခင်းကျင်းလျက်ရှိသည်။
. . .
ကောဇာသက္ကရာဇ် ၁၂၂၇ ခု ၊ နတ်တော်လပြည့်ကျော် ၅ ရက် ကြာသပတေးနေ့၊
အချိန်ကား နေ့တစ်ချက်တီးကျော် ၊
နေရာကား ရတနာပုံ နေပြည်တော်။


ဆင်ယင်ကျင်းပသော ပွဲသဘင်ကား `သုသီရိမြတ်စွာ ဒေဝီဘွဲ့´ ခံ စလင်းစုဖုရားလေး၏ ရွှေနားတော်ထွင်း ၊ ဆံထုံးထုံး ၊ တဘက်ဝတ် ၊ ဒက်ဆင်မင်္ဂလာ အခမ်းအနားပင်။ (ဒက် =ရင်လွှမ်းတန်ဆာ တစ်မျိုး )

စလင်းစုဖုရားဟူသည်ကား ဘဝရှင်မင်းတရားကြီး မင်းတုန်းမင်းသားဘဝက သိမ်းပိုက်ခဲ့သော လင်ပန်းတိုက်စား မိဖုရား၏ သမီးတော်ပင်ဖြစ်သည်။ မင်းတုန်းမင်း အထွဋ်အထိပ်သို့ ရောက်သောအခါ လင်ပန်းတိုက်စား မိဖုရားသည် `သီရိသုစန္ဒာဒေဝီ´ ဘွဲ့ခံ မိဖုရား ဖြစ်လာသကဲ့သို့ စလင်းစုဖုရားလေးသည်လည်း မင်းတရားကြီး၏ အချစ်ဆုံးသမီးတော် ကလေးဖြစ်လာသည်။ သမီးတော်လေး ၄ နှစ်အရွယ်ကပင် မိဖုရားခေါင်ကြီးဖြစ်သော စကြာဒေဝီ မိဖုရားကြီး က သမီးတော် အရင်းနှင့်မခြား မွေးစားတော်မူခဲ့သည်။

အချစ်ဆုံးသမီးတော် ဖြစ်လာခဲ့ရသည်မှာလည်း ခိုင်လုံသော အကြောင်းက ရှိနေသည်။ အခြားမဟုတ်၊ စလင်းမိဖုရားလေးသည် မင်းတရားကြီး၏ မယ်တော် (ကျောက်မော်မြို့စား ၊ တောင်ဆောင်တော်မယ်တော်ဖုရား)
ဝင်စားသည်ဟု မင်းတရားကီးကိုယ်တိုင် မှတ်ယူနေခြင်းပင်။ သို့ဖြင့် မိဖုရားခေါင်ကြီး စကြာဒေဝီမှာလည်း သားသမီးမထွန်းကားသောကြောင့် စလင်းစုဖုရားလေးကို အသည်းစွဲ ချစ်နေရသည့် အကြောင်းပင် ဖြစ်သည်။

နံနက် တစ်ချက်တီးကျော် ကာလမှ စ၍ မင်း၊ မှူးမတ် ပရိသတ်များ တဖွဲဖွဲ ရောက်ရှိလာရာ ပုဆိုး ၊ ခေါင်းပေါင်း၊ ပိတ်အုပ်များကို စွန့်ကြဲတော်မူသည်။ မြို့၏ လေးပြင်လေးရပ်၌လည်း သမုတိသံဃာတော် အရှင်သူမြတ်ကြီးတို့အား မင်္ဂလာဆွမ်းများ ဆက်ကပ်လှူဒါန်းတော်မူသည်။ နန်းမြို့တော် တစ်ရပ်လုံး၌လည်းဆင်တပ် ၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ် ၊ ဝင်းခင်းအတွင်း စစ်အင်္ဂါ ၄ ပါး ခင်းကျင်းလျက်ရှိသည်။

နားထွင်းဒက်ဆင် မင်္ဂလာကျင်းပရာ၌ စလင်းစုဖုရားလေး တစ်ပါးတည်းမဟုတ်၊ အခြားသမီးတော်များဖြစ်သည့် တောင်သာမင်းသမီး ၊ ချွန်းသာမင်းသမီး ၊ ကွင်းရွတ်မင်းသမီး ၊ ထီးလှိုင်မင်းသမီး ၊ စောလှမင်းသမီး၊ မြို့သစ်မင်းသမီး၊ မင်းကတော်မင်းသမီး ၊ အိမ်ရှေ့ဥပရာဇာ နှင့် အရီးတော် ရမည်းသင်း မင်းသမီးတို့ကလည်း နားထွင်းသလွန်တော် နှင့် မနီးမဝေးရှိ သလွန်တော်တွင် စံနေလျက် ရှိသည်။

နေ့တစ်ချက်တီးကျော် ၄ နာရီအချိန်တွင် အခမ်းအနား စာရင်းပါအတိုင်း နားမ၊ နားသ မင်္ဂလာကို ခြံရံလျက်ဆက်သကြရချေပြီ။ မြေနန်း သီဟာသန ပလ္လင်တော်ရှေ့တွင်မူ မင်းတရားကြီး၏ သားတော်များ ဖြစ်ကြသော ပြင်စည်မင်းသား၊ ကျပင်း မင်းသား၊ ပင်လယ်မင်းသား ၊ ရွှေကူမင်းသား ၊ မိုင်းတုံမင်းသား ခေါသမ္ဘီမင်းသား သာဂရမင်းသား၊ ဝန်းသိုမင်းသား၊ ပေါက်မြိုင်မင်းသား၊ ကသာမင်းသား တို့က သလွန်တော်နှင့် အသင့်စောင့်နေကြသည်။

ပုဏ္ဏားတော်များက ပေးသော အခါတော်ရောက်လျှင် အောင်စည် အောင်မောင်းတော် ရွမ်းသံ၊ အမြောက်ဖောက်သံများသည် နန်းရင်ပြင်တစ်ခုလုံး အထက်ဘဝဂ်သို့လျှံတက်သွားသည်။ ကြားရသူတိုင်းအဖို့ပီတိများလွှမ်းကာ ကြက်သီးဖြန်းဖြန်းထသွားရသည်။ ၎င်းအချိန်သည်ကား အခမ်းအနားကို ပို၍ တင့်တယ်စေသည်။ လေးပြင်လေးရပ်တွင်လည်း အငြိမ့်ရုပ်သေးပွဲ စသည့် သဘင်တို့က ကပြ ဖျော်ဖြေနေကြရသည်။

အတွင်းစိန်ဆိုင်းတော်၊ မြဆိုင်းတော်မှ `ဂန္ဓမာတောင် မယ်ဘွဲ့´ ပတ်ပျိုးသည် ကျက်သရေရှိစွာဖြင့် ထွက်ပေါ်လာနေသည်။ ထိုမယ်ဘွဲ့ပတ်ပျိုးကို ဝန်းသို အတွင်းဝန်မင်းက ဒီနားထွင်းမင်္ဂလာ အခမ်းအနားအတွက် အထူးရေးစပ်ခဲ့ရသည် မဟုတ်ပါလား ။

မင်းတရားကြီးသည် `ဂန္ဓမာတာင် မယ်ဘွဲ့´ ပတ်ပျိုး၏ နုရွတင့်တယ်သော စာသားများတွင် နစ်မျောနေဆဲ အမြောက်သံများ ပေါ်ထွက်လာပြန်သည်။ ၎င်း အမြောက်သံသည် နားထွင်းရန် အခါပေးလိုက်သော အမြောက်သံပင်ဖြစ်သောကြောင့် ၊ ပုဏ္ဏားတော်များက သျှ န္တီမင်္ဂလာ ဂါထားများကို ဋ္ဌာန်ကရိုဏ်း ပီသစွာဖြင့် ရွတ်ဆိုလိုက်လေသည်။ တစ်ပြိုင်နက်တည်းမှာပင် နားသ ၊ နားမ မိဖုရားများက စလင်းစုဖုရားလေး၏ ရွှေနားတော် တစ်ဖက်ကို ထွင်းလိုက်လေတော့သည်။

ထိုအချိန်မှာပင် .....

စောစောက ကြည်လင်နေသော အပြာရောင် မိုးကောင်းကင်သည် ရုတ်ချည်းညို့လာကာ လျှပ်ရောင်လျှပ်စီး တစ်ဝင်းဝင်း နှင့် မိုးကြိုးများ ပစ်လေသည်။
ကမ္ဘာပျက် ၊ ကမ္ဘာတည်ချိန်တွင် ရွာသည့် မိုးအလား ထင်မှတ်မှားရလောက်အောင်ပင် မိုးသည် စကြာဝဠာ ပြိုသည့်နှယ် .... ။

တစ်ခဏအတွ်ငးမှာပင် မိုးရေတို့သည် လေပြင်းမုန်တိုင်းကို အဖော်ပြု၍ နန်းတော် အမရာသန အဆောင်တော်အတွ်ငးသို့ လှိမ့်ကာ လှိမ့်ကာ ဝင်ရောက်လာလေတော့သည်။ မှန်နန်းဆောင်တံခါးများ လေပြင်းဒဏ်ကို မခံနိုင်ဘဲ ကျိုးပဲ့ပျက်စီး ကုန်သည်။ ခင်းထားသော မှိုင်းလုံးကော်ဇောကြီးလည်း မိုးရေစီးကြောင်းနှင့် အတူ မျောပါလေတော့သည်။

နားထွင်း မင်္ဂလာသို့ရောက်လာကြသော မင်းပရိသတ် အပေါင်းတို့မှာလည်း ရုတ်ရုတ်သဲသဲဖြစ်ကာ ကစင့်ကလျားဖြင့် ပြေးကြ၊ လွှားကြ၊ လဲကြ၊ ကွဲကြ ဖြစ်ကုန် ကြရလေသည်။ မင်းတရားကြီးပင် မိဖုရားခေါင်ကြီးကို ခေါ်၍ အတွင်းတော်သို့အမြန်ဝင်ရသည်။

စလင်းစုဖုရားလေးသည် နားတစ်ဖက်သာ ထွင်းရသေးသည့် အချိန်၌ မင်္ဂလာပွဲသည် ပျက်စီးရချေပြီ မဟုတ်ပါလား ။ သည့်အတွက် မင်းတရားကြီးရော မိဖုရားခေါင်ကြီးပါ စိတ်လက်မကြည် မသာ ဖြစ်ကြရသည်။ စကြာဒေဝီ မိဖုရားကြီးသည် အတွင်းတော်သို့ရောက်လျှင်ရောက်ချင်း ကျောက်သင်ပုန်း ပေါ်တွင် အပြန်ပြန် အလှန်လှန်တွက်ချက်နေပြန်သည်။ မိဖုရားကြီးလည်း ဗေဒင်ပညာအရာတွင် အထူးတတ်ကျွမ်းသည်ကိုး ။

ကိန်းဂဏန်းများ တွက်ချက်ပြီးသည်နှင့် ရွှေအပ်ကိုယူကာ မိဖုရားကြီးကိုယ်တိုင် ကျန်ရှိနေသေးသော စလင်းစုဖုရားလေး၏ နားတစ်ဖက်ကို ဖောက်ထွင်းပေး လိုက်သည်။ ထို့နောက် `အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ ´ ဟုလည်း နှုတ်မှ ကြွေးကြော်လိုက်သည်။

အနား၌ရှိသော မင်းတရားကြီးက အပျိုတော်တစ်ယောက်အား ပုဏ္ဏားတော်များကို ရှေ့တော်သွင်းရန် အမိန့်တော်ရှိလိုက်သည်။ သို့သော် မိဖုရားခေါင်ကြီးက ပုဏ္ဏားတော်များ၌ အပြစ်မရှိကြောင်းကို လျှောက်တင်၍ မင်းတရားကြီး အမိန့်တော်ကို ရုပ်သိမ်းရန် တောင်းပန်လျှောက်ထားလိုက်သည်။ မင်းကြီးကား မည်သို့မျှ မိန့်တော်မမူဘဲ စိတ်နှလုံးညှိုးလျော်စွာဖြင့် တောင်နန်းဆောင်အတွင်း အေးဆေးစွာ စံနေတော်မူသည်။

နားထွင်း ၊ ဒက်ဆင်မင်္ဂလာပွဲ မမျှော်လင့်ဘဲ ပျက်စီးသွားရသည်တွင် မှန်နန်းဆောင်အတွင်းမှ ဆင်းပြေးလာသူများထဲ၌ ဗေဒင်ပညာ တတ်ကျွမ်းသော `ဆင်တဲံ´ ရွာစား နာရီတော်မှူး ဦးပေ နှင့် ကနီ မြို့ဝန်ဦးပိုက်တို့သည် ဗြဲတိုက်ဆောင်မှ ကွေ့တက်ကာ လေမိုးများအကြားမှ နာရီတော်သို့ ရောက်ရှိလာသည်။ နာရီတော်ရုံးသို့ ရောက်လျှင် နာရီတော်မှူး ဦးပေသည် -

`ကဲ ...ကနီအတွင်းဝန် ၊ ခေတ္တမျှ ငံ့လင့်ပါဦး ၊ ကျုပ်အဝတ်အစား လဲလှယ် လိုက်ပါဦးမယ်´ ဟု ခွင့်တောင်းပြီး အတွင်းသို့ ဝင်သွားလေသည်။ နာရီတော်မှူး အဝတ်လဲနေစဉ် ကနီမြို့ဝန်သည် ပုရပိုက်ကို ဖြန့်ကာ ကံ့ကူတံဖြင့် ဖြစ်ရပ်နှင့် အချိန်တို့ကို တွက်ချက်နေလေသည်။ ထိုစဉ် အဝတ်လဲပြီး၍ အတွင်းမှ ထွက်လာသော နာရီတော်မှူးက

`ဘာတွေများ တွက်ချက်နေရသတုံး ကနီအတွင်းဝန်မင်းရဲ့´ ဟု အမေးစကား ပြုလိုက်သည်။
`ဝါသနာ အလျောက်ပေါ့ ဝန်မင်းရာ၊ ခုအခါက နတ်တော်လ အခါဆိုတော့ ကောင်းကင်မှာ တိမ်စတိမ်န တစ်မျှင်တောင်ရှိတာမှ မဟုတ်ဘဲ ၊အခုတော့ မဟုတ်ပေါင်ဗျာ....ရွာလိုက်တဲ့မိုး ကမ္ဘာပျက်ကရော အောက်မေ့ရတယ်။ အင်း.....ပြောရရင်တော့ အတော့်ကို သတိထားရမယ့် အတိတ်နိမိတ်ပေပဲ ဝန်မင်းရဲ့´

နာရီတော်မှူးက ကနီမြို့ဝန် အပါးတွင် ဝင်ထိုက်လိုက်ရင်း -

`ကိုင်း...သဟာဖြင့်လည်း ဆိုစမ်းပါဦးလေ...ဘယ်ကိန်းခန်းတွေကြောင့်လဲ ။ ပြီးတော့ ဘဝရှင်မင်းတရားကြီးအတွက်လား ၊ သမီးတော်လေး အတွက်လား''ဟု စပ်စုလိုက်သည်။ ကနီဝန်မင်းက အစိုးရိမ်ကြီးစွာဖြင့်ပြန်လည်မော့ကြည့်ကာ --

''အင်း... သတိထားသင့်တယ် ထင်ရင်လည်း အတွင်းတော်ဝင်ပြီး လျှောက်ထားရတာပေါ့ဗျာ'' ထိုအခိုက် နာရီတော်မှူးရှေ့ရှိ ငွေဖလားကြီးအတွင်း နှစ်ထားသော နာရီတော်ရွှေခွက်ငယ်သည် နစ်မြုပ်သွားသည်။ နာရီတော်မှူးမှာထ၍ ရွှေခွက်ငယ်ကို ပြန်ဆယ်လိုက်ပြီး ရေပေါ်သို့ ပြန်ချကာ နာရီမောင်းကို တီးလိုက်သည်။ ထို့နောက် ကနီမြို့ဝန်နှင့်စကားဆက်သည်။

''ကဲ... တဆိတ်လင်းစမ်းပါဦး ဝန်မင်းရဲ့၊ ဝန်မင်းပညာကလည်း ချီးမွမ်းဖို့ အကောင်းသားကလား'' နာရီတော်မှူးက စကားလမ်းကြောင်းသဖြင့် ကနီဝန်မင်းကလည်း ရှေ့ဆက်သည်။

''ဒီလိုပါ နာရီတော်မှူးရဲ့၊ကျုပ်တို့တစ်တွေရဲ့ပညာကြောင့်တစ်နေ့နေ့မှာတော့ ကျုပ်တို့ကိုယ်နဲ့ခေါင်း ကွဲကြရမလားဘဲ။ ဒါကြောင့် ကြမ်းကြားလေကြားမပါစေနဲ့'' ကနီဝန်မင်း စကားကိုခေတ္တဖြတ်လိုက်ပြီး တွေးတွေးဆဆဖြင့်အသံကိုနှိမ့်ကာဆက်ပြောသည်။

''အင်း...သည်အတိတ်နိမိတ်အတိုင်းဆိုရင်ဖြင့် စလင်းမင်းသမီးလေးဟာ ကြင်ယာမရဘူးဗျ၊ လေပြင်းမုန်တိုင်းကြောင့်ဆိုတော့ကိန္နရီမောင်နှံကိန်း မဟုတ်လားနာရီတော်မှူးရဲ့၊ ကြင်ယာရှိရင်လည်း ကြင်ယာနဲ့ကွဲမယ်။ မရှိရင်ခမည်းတော် မယ်တော်တို့နဲ့ကွဲမယ်''

''စိုးရိမ်စရာပါပဲ ဝန်မင်းရယ်''

''ဒါ့ပြင်လည်း နားကိုတစ်ဖက်သာ ဖောက်ရသေးတယ် မဟုတ်လား၊ ဒီတော့ စလင်းမင်းသမီးဟာ တစ်မင်းရဲ့သြဇာခံဖြစ်ပေမဲ့ နောက်တစ်ခြား မင်းတစ်ပါးရဲ့သြဇာခံလည်း ဖြစ်ချင်ဖြစ်လာနိုင်ပေသဗျ''

ကနီဝန်မင်း၏ နိမိတ်ဟောချက်ကို နာရီတော်မှူးက ချီးမွမ်းစကားဆိုလာသည်။
''ကနီဝန်မင်းရဲ့ ဗေဒင်ပညာနဲ့ အကြံအဆကို ကျုပ်ချီးကျူးသဗျာ၊ ဒါပေမဲ့ ဝန်မင်းပြောသလိုကြမ်းကြားလေကြားနော် ဝန်မင်း၊ ကြပ်ကြပ်သတိထားရမယ်ဗျ''

''ခုလိုပုံနဲ့တော့ ဘဝရှင် မင်းတရားကြီးလည်း စိတ်နှလုံးတော်သာယာမှာမဟုတ်ဘူး၊ ရွှေစိတ်တော် ကြည်လာအောင် အာရုံပြောင်းပေးနိုင်မှ ကောင်းမယ်ထင်တယ် ဝန်မင်းရဲ့'' နာရီတော်မှူး၏ စကားသံအဆုံးတွင် ငွေဖလားကြီးအတွင်းရှိငွေဖလားငယ်သည် နစ်မြုပ်သွား
ပြန်သည်။ နာရီတော် နောက်တမောင်းရှိပြန်ချေပြီ။ သို့ဖြင့် နာရီတော်မောင်းများ အကြိမ်ကြိမ်ရွေ့လျားကာ ကုန်လွန်ပြီးနောက် ရက်ကာလများ ရာသီများပြောင်းရွှေ့သွားသည်တွင်...။

၁၂၂၈ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်ကျော် ၇ရက်တွင် ပေါ်ပေါက်သော မြင်ကွန်း၊ မြင်းခုန်တိုင် အရေးတော်ပုံသည် လည်းကောင်း၊၁၂၄ဝခုနှစ်၊ သီတင်းကျွတ်လဆန်း၆ရက်နေ့တွင် ဘဝရှင်မင်းတရားကြီး နတ်ရွာစံတော်မူသည်ကလည်းကောင်း၊ စလင်းစုဖုရား၏
ဘဝတွင် အမှတ်ထင်ထင် တွေ့ကြုံကျန်ရစ်ပြီး ထိုနှစ် ထိုလဆန်း၇ ရက်နေ့တွင်တစ်ချိန်က မမျှော်လင့် မထင်မှတ်ခဲ့သော သီပေါ ကိုယ်တော်လေးကထီးနန်းဆက်ခံသည်ကိုပါ ကြုံရပြန်သည်။

၁၂၄ဝ ပြည့်နှစ်သီတင်းကျွတ်လဆန်း ၁၂ရက်နေ့တွင် မင်းတရားကြီး၏ အလောင်းတော်ကိုလွှတ်တော်မြောက်ဘက်ရှိ အုတ်နန်းပြာသာဒ်၌ ထီးဖြူတော် ရှစ်ချက်မိုးကာ သလွန်တော်နှင့်တကွအုတ်ဂူသွင်းသင်္ဂြိုဟ်တော်မူသည်။ မင်းတရားကြီး ဈာပနပြီးသည်နှင့် စလင်းမင်းသမီးစုဖုရားသည်လူဝတ်ကြောင်ကို စွန့်ကာသီလရှင်ဘဝကို ကူးပြောင်းခဲ့သည်။ မြောက်စလင်းကျောင်းဝင်း အတွင်း၌ ဆရာတော် ကြပ်မတ်ဆောက်လုပ်ပေးသော တဲနန်း၌သီတင်းသီလဖြင့်လောကဓံကို ကြံ့ကြံ့ခံကာမွေ့လျော်လေတော့သည်။

တပင်နန်းမင်းသမီးအဖြစ်ကိုလည်းကောင်း၊ သံယောဇဉ်ကြိုး တွယ်ရစ်မိသော ညောင်ရမ်းကိုယ်တော်လေးအားလည်းကောင်း စွန့်ခွာ ခဲ့ချေပြီ။ နန်းဓလေ့ထုံးစံအရနောက်တစ်မင်း ထီးမွေခံနန်းတက်ပါက ပင်တိုင်စံ မင်းသမီးသည် သာလျှင်တောင်ညာစံဒေဝီ တင်မြှောက်
ရမည် ဖြစ်သော်လည်း ဆင်ဖြူရှင်မ၏ သမီးတော်က မိဖုရားခေါင်ကြီး ဖြစ်ခဲ့သည်။ ဤအဖြစ်အပျက်တို့ကိုလည်း စလင်းစုဖုရားလေးက လျစ်လျူရှုခဲ့သည်။

၁၂၄ဝ ပြည့်နှစ် တပို့တွဲလအတွင်း၌ မင်းတရားကြီး နတ်ရွာမစံမီက ဖမ်းဆီးချုပ်နှောင်ထားသည့် မင်းသား၊ မင်းသမီး၊ မြေးတော်၊ တူတော် စုစုပေါင်း ၄ဝကျော်ကို အကျဉ်းထောင်မှထုတ်၍ လည်မျိုကို ဝါရင်းတုတ်ဖြင့် ရိုက်ကာ အဆုံးစီရင်ခဲ့သည်။ ထိုသို့ စီရင်ရာ၌ ရနောင်မောင်မောင်တုတ်နှင့် မှူးမတ်တို့က အမှူးပြုခဲ့သည်။ ဤသို့ စီရင်ရာ၌ စလင်းစုဖုရားလေး ငယ်စဉ်ကပင် သံယောဇဉ်တွယ်ခဲ့သော ညောင်ရမ်းမင်းသားမပါဝင်ခဲ့ပေ။ ညောင်ရမ်းမင်းသားသည် သီလရှင် စလင်းစုဖုရားကို နှုတ်ဆက်ကာ ရတနာပုံနေပြည်တော် ရရှိရေးအတွက်ထွက်ခွာသွားခဲ့သည်။

စလင်းစုဖုရားလေးနှင့် ညောင်ရမ်းမင်းသားတို့အား ကူညီအားပေးသူမှာအင်္ဂလိပ်သံမှူး
မစ္စတာရှောဖြစ်သည်။ မစ္စတာရှောသည် ညောင်ရမ်းမင်းသားကို အိန္ဒိယနိုင်ငံ ကာလကတ္တားသို့ပို့ပြီး ညီတော်ဖြစ်သူ ညောင်အုပ်မင်းသား ကို သရက်မြို့၌ ထားရှိကာ လူသူစုဆောင်းစေသည်။ မည်သို့ပင် ကြိုးစားကြသော်လည်း ညောင်ရမ်းမင်းသားတို့၏ မယ်တော် မြောက်ရွှေရေးဆောင်မိဖုရားနှင့် စလင်မိဖုရား၏ မယ်တော် လင်ပန်းတိုက်စား မိဖုရားတို့ကို အကျဉ်းချ၍ ညောင်ရမ်း မင်းသားနှင့်ပတ်သက်၍ အကြပ်ကိုင်ခြင်းကြောင့် လည်းကောင်း၊ မစ္စတာရှောကွယ်လွန်သွား၍လည်း ကောင်း အရေးတော်ပုံမှာ မအောင်မြင်ခဲ့ပေ။

ဤသို့ဖြင့် စလင်းစုဖုရားလေးသည် နှလုံးသားမှ မျှော်လင့်သူညောင်ရမ်းမင်းသားနှင့်လည်း ခွဲခဲ့ရသည်။ သီပေါဘုရင်အုပ်စိုးနေပါလျက်နှင့် ထွက်ပြေးတိမ်းရှောင်ကာနိုင်ငံ တော်အတွက် ကြံစည်နေသူ ညောင်ရမ်းမင်းသား၏ကိုယ်စား မစ္စတာရှော၏သြဇာကို နာခံနေ ရသူမှာလည်း စလင်းစုဖုရားပင်ဖြစ်ပေသည်။

သို့ဆိုလျင်...
နားထွင်း၊ ဒက်ဆင်မင်္ဂလာပွဲနေ့က လေမိုးဖျက်သည်ကို နိမိတ်ဟောခဲ့သော ကနီမြို့ဝန်၏ အကြံအဆသည် မှန်ကန်နေ ပြီမဟုတ်ပါလော...။

အဖြစ်အပျက်ဟူသည်ကြံဆ တွေးတော ဆင်ခြင်တတ်သူအတွက် မှန်ကန်လှသော နိမိတ်များပင် ဖြစ်ပေသည်။

ကျမ်းကိုး
၁။ ကုန်းဘောင်ရှာပုံတော်၊ ညိုမြ။
၂။ ရတနာပုံနိဒါန်း၊ ဒဂုန်နတ်ရှင်။
၃။ မြန်မာမဟာမင်္ဂလာမင်းခန်းတော်၊ စာရေးတော်ကြီးဦးရာကျော်။
၄။ သီလရှင်ထိပ်ထား၊ မြကေတု။

ဆရာဒဂုံ၏ ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။

တေးအေးရိပ်

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment