"မိုးတား၊ မိုးညှင်း ဆက်နွယ်မှုနှင့် ဘီလူးမြို့ရာဇဝင်အကြောင်း"

 

"မိုးတား၊ မိုးညှင်း ဆက်နွယ်မှုနှင့် ဘီလူးမြို့ရာဇဝင်အကြောင်း"
***************************
မိုးတားကြီးရွာ(ကသာ) တစ်ဝိုက်နယ်မြေဒေသတွင်
ယခင်က ရှမ်းလူမျိုးများ အခြေချ နေထိုင်ခဲ့သည်။
မိုးတား ကို ရှမ်းလို " မိန်းတိုင်း(Mai Tai )ရှမ်းမြို့" ဟု
ခေါ်ဆိုသည်။

AD 1320 ခန့် အချိန်ကာလက
ဝန်းသိုမြို့ (ဝိန်းဆေ) မှ စေလွှတ်ခဲ့သော ရှမ်းစစ်သည်
တစ်စုသည် မိုးညှင်း (မိန်းယန်း)သျို့ အပြင်း ချီတက်လာသည်။ ထိုရှမ်းစစ်သည်တို့သည် ထမံသီ ရှမ်းနွယ်များ ဖြစ်ကြသည်။
မိုးညှင်း တွင် ထိုအခါက ရှမ်းစော်ဘွားများ
အချင်းချင်း စစ်ပြုနေချိန်ဖြစ်သည်။

ထိုရှမ်းစစ်သည်တို့သည် စစ်မပွားလို၍ မိုးမိတ်(မိန်းမစ်)ဒေသသို့
ဆင်းလာခဲ့ပြန်သည်။

မိုးညှင်း(မိန်းယန်း) မှ စုန်ဆင်းလာသော ရှမ်းစစ်သည်တစ်စုကို
ပုဂံမင်း က တိုက်ထုတ်သော် မအောင်ပေ။
စစ်ရေးစစ်ရာ အထူးကျွမ်းကျင်သော ရှမ်းစစ်သည်များဖြစ်ကြောင်း
သမိုင်းမှတ်တမ်းများ က ဆိုပါသည်။

အထောက်တော်အရ မိုးမိတ်အရပ်တွင်လည်း စစ်မက်ဖြစ်ပွား
နေသည်။သို့ဖြစ်၍ ရောက်ရာအရပ်တွင် အခြေချနေထိုင်ရန်
ပြင်ဆင်ရာ ယခု မိုးတားကြီး အရပ်ဒေသကို ရွေးခဲ့ကြ၏။

မိုးတား ဒေသသည် ပုဂံမင်း ပိုင်နက် နှင့် နယ်စပ် ဖြစ်၍
ပုဂံမင်းက အကြိမ်ကြိမ် လာရောက် တိုက်ခိုက်သည်။
သို့သော် ရှမ်းစစ်သည်တို့က ထမံသီ ရှမ်းအတတ်တို့ဖြင့်
ကျားဆိုးဟန်ဆောင်ကာ တိုက်ခိုက်သည်က တစ်ကြောင်း၊
ရှမ်းအတတ်ကဲ ၍ မြို့ရွာ ပျောက်သွားသည်က တစ်ကြောင်း
ကြောင့် မနှိမ်နှင်းနိုင်ဘဲ ရှိသည်။

အနော်ရထာမင်း နန်းတက်လာချိန်မှ ထိုရှမ်းစစ်သည်တို့သည်
ရပ်ရွာ အေးချမ်းစိမ့်ငှါ
ပုဂံနယ်ပယ်အောက်ခံ သို့ ဝင်ရောက်ခဲ့သည်။
အနီရောင် ခေါင်းပေါင်း နှင့်ရှမ်းစစ်သည်တို့သည်
တရုတ်ရန် ၊ ယွန်းရှမ်းရန် တို့ကို
ရွပ်ရွပ်ချွံချွံ တွန်းလှန် တိုက်ထုတ် ကာကွယ်ပေးခဲ့ကြောင်း၊
စစ်မှု ထမ်းဖက် ( ကတူး လူမျိုး) များနှင့် အေးချမ်းစွာ
အတူ ယှဉ်တွဲ နေထိုင်ခဲ့ကြောင်း ကင်းတပ်မြို့များ သမိုင်းတွင်
မှတ်တမ်း တင်ခဲ့ပါသည်။

ဤသို့ စစ်ရေးစစ်ရာ အရ မဟာဗျူဟာ ကျသော နယ်ပယ်ကို
ကင်းတပ်မြို့ တည်ခဲ့ရာ မိုးတားကင်းတပ်ဦးမြို့ ဖြစ်လာခဲ့ပါသည်။
ရှမ်းအခေါ် မိန်းတိုင်း(Mai Tai)ကို ဗမာ လို မိုးတား ဟု
ခေါ်ဆိုသုံးနှုန်း ခဲ့ဟန် တူပါသည်။

မိုးတား ၊Mai Tai (မိန်းတိုင်း )ဒေသသည်
ဘီလူးမြို့ ( မိုးညှင်း )ရာဇဝင် နှင့် ဆက်စပ်နေပါသည်။

မိုးတား(မိန်းတိုင်း)နှင့် မိုးညှင်းမြို့(မိန်းယန်း)သည် ရှေးက
တစ်ဆက်တည်း ဟုဆိုသည်။
ဘီလူးမြို့ ရာဇဝင်ထဲက ဘီလူးမသည်
ကုမ္မာရ မင်းသား နောက်သို့ လိုက်ရင်း ကုမ္မာရမင်းသားက
တောင်ဂမုန်း ချခဲ့ရာမှ မိုးတားကြီးနယ် နှင့် မိုးညှင်းနယ် သည်
တောင်များ ခြားခဲ့သည်ဟု ဆိုသည်။

ထိုမှ ဆက်၍
ကုမ္မာရမင်းသား ပြေးပြန်ရာ ဟဲနား ရွာ
(ဟဲနွမ်- ရှမ်းအခေါ်)အရပ်တွင် ခရီးတစ်ထောက် နား၏။
ထိုရွာတွင်မင်းသား၏ ရှမ်းအဆက်အနွယ်ကျန်ခဲ့သည်ဟုဆိုသည်။

(ဟဲနား ရွာသူ ရှမ်းပျိုဖြူချောများ ရှိပါသည် ) စကားချပ်

ထိုမှတစ်ဆင့် မိန်းတိုင်း (မိုးတား) အရပ်သို့ ရောက်လာသည်။
မိုးတားကြီးရွာတွင် ရှေးက ရှမ်းအတတ် ကဲသည် ဟု ဆိုသည်။
ဘီလူးမ မတွေ့စိမ်ငှါ ရှမ်းအတတ်ဖြင့် ကုမ္မာရ မင်းသားကို
ဖွက်ပေးခဲ့သည်။

ဝွိုက်ခေါ့ (ရှမ်းအခေါ် ) ယခင် ဝက်ခေါက်ရွာ ၊ယခု ရွှေခေါက်
ရွာတွင် ကုမ္မာရ မင်းသား က ဘီလူးမကြီး ဆီမှ
ယူဆောင်ခဲ့သော မျက်လုံးတော်များကို မြှုပ်နှံခဲ့သည် ဆို၏။
ဘီလူးမ ကျိန်စာဆိုခဲ့သော နေရာလည်း ဖြစ်သည်။

ထိုမှ တစ်ဆင့် နမ့်စမ်း ရွာ (နမ့်ဆန်-ရှမ်းအခေါ် )တွင်
ပုန်းအောင်းပြန်သည်။ဤတွင် ဘီလူးမ၏ လက်မှ လွတ်မြောက်ရန် အိုင်ဂမုန်း တစ်ခု ချခဲ့ရသည်ဟု ဆိုသည်။

ဤသည်မှာ ဘီလူးမြို့ရာဇဝင်သမိုင်းကြောင်းနှင့်ပတ်သက်နေသော
ရွာ သမိုင်းအကြောင်းအရာများ ဖြစ်ပါသည်။

မှတ်တိုင်ရွာ သည် နယ်ခြား ရွာ ကလေး ဖြစ်သည်။
ရှေးခေတ်က မိုးညှင်း ၊မိုးကောင်း ယွန်းရှမ်းမောရှမ်း ရန်ကို
ကာကွယ်ရန် မိုးတား ကင်းတပ်မြို့ကို တည်ရင်း နယ်မြေပိုင်းခြား
ကြရာ နယ်ခြား မှတ်တိုင်ရွာကလေး မှ ကောက်ကွေ့ချောင်း တစ်ဖက် အထိသည် ပုဂံမင်း (ဗမာ ) ပိုင်နယ်ဖြစ်သည်။

မံလွှဲ ရွာ(မံလွိုင်- ရှမ်းအခေါ်)သည် ရှမ်းကင်းတပ်ရွာ ဖြစ်သည်။ မံလွှဲရွာမှ အနောက်ဘက်တကြောသည်
မိုးညှင်းမင်းတရားကြီး(ရှမ်း)၏ပိုင်နက် ဖြစ်၍
အရှေ့ဘက်တကြော သည် ပုဂံမင်း ပိုင်နက် ဖြစ်ခဲ့သည်။
ထို မံလွှဲ ရွာအနား က မံပုံဘုရား သည် သမိုင်းဝင်ဘုရား
ဖြစ်ပါသည်။
" အထက် မံပုံ ၊ အောက် ရွှေတဂုံ "စကား ရှိပါသည်။
ဘုရား ရှင် ခြေရာတော်အစစ်များ ချထားခဲ့ရာ နေရာ ဖြစ်သည်။

နောင်ပင်ရွာ ၊ဆင်ကူး ရွာ တို့သည် ရှေးစစ်သည်တို့ ကင်းစခန်း
ချရာ နေရာများ ဖြစ်သည်။
ဆင်တပ်၊ မြင်းတပ် တို့ နေရာယူကြသည်။
သို့ဖြစ်၍ ထိုရွာများတွင် မြင်းမွေး၊ မြင်းစီးသော အလေ့သည်
ယနေ့ထိတိုင် ရှိဆဲဖြစ်သည်။

နမ့်စမ်းရွာ နှင့်ဆူးပုတ်ကုန်းရွာ တွင် ရှေးစစ်သည် အမှုထမ်း
(ကတူး လူမျိုး )တို့သည် ရွာတည်၍ အခြေချ နေထိုင်ဖြစ်ခဲ့ကြသည် ။

မံလွိုင် တောင်ကြော မှ စီးဆင်းလာသော ရေချောင်းကို
မိုးညှင်း မင်းတရားကြီးချောင်း ဟု ပင် ခေါ်ဆိုပါသည်။
မိုးညှင်းမင်းတရားကြီး ချောင်းသည်
ကျွန်းပင်၊ ဟဲနား ၊ မိုးတား ၊ နောင်ပင် ရွာ တစ်လျှောက်
ဖြတ်သန်း စီးဆင်းသည်။
ယခင်က ချောင်းရေသည် နွေရာသီတွင် ဆင်တစ်ရပ် မြုပ်သည်အထိ ရှိသည်ဟု ဆိုသည်။
ယခု တော့ ရွာ၏အားကိုးအားထားရာ ချောင်းကလေးသည်
နွေရာသီ အခါတွင်တိမ်ကောလေပြီ။

မိုးတားမှ မိုးတားကြီးဟု အမည် ပြောင်းလဲ လာရခြင်းသည် ဧရာဝတီ မြစ်ကမ်းဘေးမှ မိုးတားလေး ရွာ တည်ရှိခြင်းနှင့် ဆက်စပ်နေပါသည်။
ယခင်က ထိုဧရာဝတီ မြစ်ကမ်းဘေးတွင် မိုးတားလေးရွာ
မရှိသေး။
မြေနု (မဲဇလီ )ရွာ သာ ရှိသေးသည်။
မိုးတားလေးရွာ နေရာ ကို
အလည်ရွာ၊ တချို့က ပင်လယ်တိန်ဟု ခေါ်ကြသည်။
ကုန်စည် ကုန်ရောင်း ကောင်းသဖြင့် ရွာတည်
ကြသော်လည်း ကမ်းပါးတိုက်စားပြိုသည်။
သို့ဖြစ်၍ ရှေးခတ်က ဘုရင်မင်းမြတ်တို့၏ စစ်အောင်မြေ ဖြစ်သော မိုးတားကြီး ရွာ၏ မြေကို မိုးတားမြို့ဝန်ထံတွင်ခွင့်ပန်ယူ၍ကျဲဖြန်းကာ ရွာတည်ကြည့်သော် အောင်၏။

ထိုရွာကို မိုးတားဟုပင် ခေါ်ဆိုပြန်၏။ နောင်တွင် ပြသနာဖြစ်မည် ကဲ၍ မြို့ဝန်က မိုးတားကြီး ၊ မိုးတားလေး ဟု ခွဲခြား
သတ်မှတ် ခဲ့ပါသည်။

ရှေးက မိုးတားအရပ်တွင်
ထမံ ကျား များ ကြီးစိုးသည်ဟုလည်းဆိုသည်။
ထမံသီရှမ်းလူမျိုး(လူစင်စစ်မှ ကျားအဖြစ် ပြောင်းနိုင်သော)
များသည် မိုးတား အရပ်ကို စောင့်ရှောက်ကြသည်။
ကျားဟိန်းသံ ကြားရလျှင် ရွာအတွက် ဘေးအန္တရာယ် ရှိကြောင်း
မှတ်သားရပါသည်။

ဤ သည်မှာ ရှေးသမိုင်းအကြောင်းအရာ များပင်ဖြစ်ပါသည်။

မိုးညှင်းရှမ်းမင်း နှင့် သုံးကြိမ် စစ်ပြုရင်း
မိုးတားမြို့ကျိုးခဲ့ရသည်ဟု ဆိုသည်။

" ကြီး သုံးကြီး ဆုံ ၊ မြို့ပျက်သုံ" ဟူသော
တဘောင် ဆိုရိုးစကားလည်း ရှိခဲ့ပါသည်။

မြို့ပျက်ပြီးနောက် မိုးညှင်းမင်းတရားကြီး နှင့်အတူ မိန်းယမ်းသို့
ရှမ်းစစ်သည်နွယ်များ ပြန်လည် လိုက်ပါသွားကြသည်။

တချို့က မိုးတား အရပ်တွင် ကျန်ရစ်ခဲ့ကြသည်။

ရှေးက ရှမ်းလူမျိုး၊ ရှမ်းစကားပြောလျှင်
အဖိ အရိုက် ခံရသည်ကြောင့် မိမိကိုယ်ကို ရှမ်းဗမာ ဟုသာ
ခေါ်ဆို၍ ဗမာ စကားသာ ပြောဆိုခဲ့ကြရသည်။
သို့သော် ရှမ်း မျိုး ပြတ်မည်စိုး၍ မိမိတို့၏ မြေးမြစ် နာမည်တွင်
"နန်း ၊ စီ ၊ စော ၊ စိုင်း " ရှမ်း အသုံးတို့ကို ထည့်သွင်း၍
အမည်ပေးခဲ့ကြပါသည်။
ယခုချိန်ထိ မိုးညှင်း ရှမ်းအမျိုးနှင့် မိုးတား ရှမ်းအမျိုးတို့သည်
လူမှုရေး အဆက်အသွယ် မပြတ်ခဲ့ကြပေ။

ယခုအခါ မိုးတားကြီးရွာတွင်
ကတူး ၊ ရှမ်း ၊ဗမာ၊ ကချင် တိုင်းရင်းသား ပေါင်းစုံ
လယ်ယာ လုပ်ငန်း လုပ်ကိုင်ကြရင်း
အေးချမ်းစွာအတူ ယှဉ်တွဲ နေထိုင်လျက်ရှိပါသည်။

(ဓားလင်းကင့် ၊ မားလေ့ ကင်ခေါက် ၊ မား ကျင်ခေါင် မယ်)
စသည့်အသုံးအနှုန်းများသည် ရှမ်းစကား မှ ဆင်းသက်လာကြောင်း၊
ရှမ်းဖက်ခွက် ပြုလုပ်၍ ရိုးရာနတ်တို့ကို ပူဇော်ပသသော
ရှမ်းဓလေ့ ရိုးရာ များရှိသေးကြောင်းတို့ကို
ရေးသား ဖော်ပြရင်းဖြင့် ..............................

Original Post - https://www.facebook.com/photo/?fbid=813616344120575&set=pcb.813616417453901 

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment