ပင်လုံမှာ မြန်မာနဲ့ ယာယီပူးပေါင်းခဲ့တဲ့ ရှမ်းပြည်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဆိုပြီး ပြည်နယ်ခုနစ်ခုမှာ တခုအပါအဝင်ဖြစ်တဲ့ ပြည်နယ်ကြီးတခု ရှိပြီး နိုင်ငံအကျယ်အဝန်းရဲ့ လေးပုံတပုံနီးပါး ရှိပါတယ်။ အိန္ဒိယအာသံကနေ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံတွေထိ ပြန့်နှံ့နေထိုင်ကြတဲ့ တိုင် ခေါ် ရှမ်းအနွယ်ဝင် လူဦးရေ ၉၃ သန်းလောက် ရှိပြီး မြန်မာပြည်မှာတော့ ၄ သန်းကနေ ၆ သန်းလောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံဖြစ်နေတဲ့ နယ်မြေတွေမှာ ရှမ်းအနွယ်တွေ နှစ်တထောင်ကျော် နေထိုင်ခဲ့ကြသလို ရှမ်းပြည်နယ်မှာသာမက နိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းအထိ ဖြန့်ကြက်နေထိုင်ကြပါတယ်။ မြန်မာဘုရင်တွေခေတ်က အနောက်ရှမ်း၊ မြောက်ရှမ်းနဲ့ တောင်ရှမ်းဆိုပြီး ရှမ်းလူမျိုးတွေကို နေရာလိုက်ပြီး သုံးမျိုးခွဲလေ့ရှိကြောင်း ပုဂံဝန်ထောက်ဦးတင်ရဲ့ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းအရ သိရပါတယ်။ ဒီထဲက အရှေ့ရှမ်းခေါ် တောင်နဲ့ မြောက်ရှမ်းတွေကို ရှမ်းပြည်နယ်မှာ တွေ့နိုင်ပေမယ့် အနောက်ရှမ်းတွေ နေရာ အညာရှမ်းပြည်ကတော့ မြန်မာပြည်မနဲ့ ကချင်ပြည်နယ်ထဲမှာ ပါဝင်သွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘုရင့်နောင်ကနေ ကုန်းဘောင် ဆင်ဖြူရှင်ခေတ်ထိ မြန်မာရာဇဝင်ကျမ်းတွေနဲ့ ကျောက်စာအထောက်အထားတွေမှာလည်း ရှမ်းလူမျိုးတို့ နေထိုင်ရာကို တိုင်းကြီး ၁၁ တိုင်းထိ ခွဲခြားပြထားလေ့ရှိပါတယ်။ ဒီတိုင်းတွေထဲမှာ အရုဇ္စျပုရ ခေါ် ယိုးဒယား၊ ဟရိဘုဉ္စ ခေါ် ဇင်းမယ်၊ ခေမာဝရ ခေါ် ကျိုင်းတုံ၊ မဟာနာဂရ ခေါ် ကျိုင်းရုံး၊ လဝရဋ္ဌ ခေါ် လင်းဇင်း လာအို၊ ကမ္ဗောဇ ခေါ် အရှေ့ရှမ်းပြည် ၊ အာဠဝီ ခေါ် အနောက်ရှမ်းပြည် ၊ မောရိယ ခေါ် ရှမ်းတရုတ်ပြည် ၊ စိန့်တိုင်း ဗန်းမော်၊ မဟိံသက မိုးကုတ်ကျပ်ပြင်၊ မဏိပူရ အာသံစတဲ့ တိုင်းတွေ ပါပါတယ်။
နောက်ဆုံး မြန်မာဘုရင်သီပေါမင်းခေတ်ထိ နိုင်ငံကို မြန်မာဆယ်ခရိုင်၊ ရှမ်းသုံးရုံး ခွဲတဲ့နည်းနဲ့ အုပ်ချုပ်ခဲ့ပြီး သိန္နီ၊ မိုးဗြဲနဲ့ မိုးနဲဆိုပြီး တပ်ရုံးသုံးရပ် ရှမ်းပြည်မှာ ချထားခဲ့ပါတယ်။ တောင်ပိုင်ခေါ် နမ့်ဆန်၊ မိုးမိတ်၊ ဝန်းသို၊ သောင်သွပ်၊ ကလေး မြို့တွေမှာ စော်ဘွားရှိပေမယ့် တပ်ရုံးသုံးရုံးအောက်မှာ မထားဘဲ သီးခြားအုပ်ချုပ်ကြောင်း ပုဂံဝန်ထောက်ဦးတင်က ရေးပါတယ်။ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်မြို့တွေမှာလည်း စော်ဘွားမထားဘဲ အဝေးမြို့ဝန်တွေနဲ့ အုပ်ချုပ်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူနန် ရှမ်းပြည်ကလာ
ခရစ် ပထမထောင်စုနှစ်မှာ လက်ရှိ တရုတ်ပြည် အနောက်တောင်စွန်း ယူနန်ပြည်နယ် ဖြစ်နေတဲ့ နယ်မြေမှာ နန်ချောင် ဆိုတဲ့ လူမျိုးစုံ နေထိုင်တဲ့ နိုင်ငံပေါ်ထွန်းခဲ့ပါတယ်။ နန်ချောင်ဘုရင်တွေဟာ တိဘက်-မြန်မာအနွယ် လိုလို မျိုးနွယ်တွေ ဖြစ်ကြောင်း ဦးရည်စိန်၏ လက်ရွေးစင်စာတမ်းများမှာ ပါရှိပေမယ့် ရှမ်းမင်းတွေလို့ ယူဆသူတွေလည်း ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ဖြစ်နေတဲ့ နယ်မြေက ပျူနဲ့ မွန် မြို့ပြနိုင်ငံတွေဟာ ဒီ နန်ချောင်နိုင်ငံကို လက်ဆောင်ဆက်ရတဲ့ နိုင်ငံတွေ ဖြစ်ကြောင်းလည်း ဦးရည်စိန်နဲ့ တခြား မြန်မာသမိုင်းဆရာတွေက မှတ်ချက်ပြုပါတယ်။
တရုတ်ပြည် အနောက်ပိုင်းဒေသတွေကနေ မြန်မာ၊ မွန်၊ ရှမ်း စတဲ့ မျိုးနွယ်စုတွေ ဖြစ်လာမယ့်သူတွေ ဆင်းသက်လာရာမှာ တိုင်ခေါ် ရှမ်းမျိုးနွယ်တွေ ယူနန်ကို ခရစ်တော် မပေါ်ခင် အချိန်ကတည်းက ရောက်ရှိခဲ့ကြောင်း ဦးရည်စိန်က ရေးပါတယ်။ ပျူနိုင်ငံတွေကို နန်ချောင်သိမ်းပိုက်ချိန်မှာ မြန်မာမျိုးနွယ်တွေ ဧရာဝတီမြစ်ဝှမ်းကို ဝင်ရောက်လာကြတဲ့အတွက် ရှမ်းမျိုးနွယ်စုတွေလည်း နောက်က လိုက်လာကြပါတယ်။ အဲဒီကနေ ရွှေလီ မြစ်ကြောင်းတလျှောက် အနောက်ဘက်ကို ပြန့်နှံ့သွားပြီး ဧရာဝတီ၊ ချင်းတွင်း မြစ်ဖျားပိုင်းတွေဆီကို ရှမ်းတွေ ဝင်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပုဂံပြည် အနော်ရထာခေတ်မှာ ရှမ်းယွန်းတို့ မရောစိမ့်သောငှာ တည်ထောင်တဲ့ ကင်းတပ်မြို့ ၄၃ မြို့ဟာလည်း ဗန်းမော် ကောင်းတုံကနေ တောင်ငူအထိ ရှမ်းကုန်းမြင့်အနောက်ဘက်မှာ တန်းစီတည်ရှိပါတယ်။ အနော်ရထာ တရုတ်ပြည်ကို စစ်ချီရာကအပြန် မောစော်ဘွားက ဆက်တဲ့ မောမင်းသမီး ရှင်မွန်လှတည်တယ်ဆိုတဲ့ နားတောင်းကျချောင်းနဲ့ ရွှေစာရံစေတီ ဆိုပြီးလည်း မန္တလေးနားမှာ တည်ရှိပါတယ်။ ဒီ အနော်ရထာ စစ်ချီတယ်ဆိုတဲ့ တရုတ်ပြည်ဟာ နန်ချောင်အပျက်မှာ တည်တဲ့ တာလီနိုင်ငံသာ ဖြစ်နိုင်ကြောင်း ဦးရည်စိန် စတဲ့ သမိုင်းပညာရှင်တွေက ထောက်ပြပါတယ်။
ရွှေလီမြစ်ဝှမ်းက မောရှမ်းပြည်တွေကို ပုဂံမင်းတွေရဲ့ သြဇာ သက်ရောက်တယ် ဆိုပေမယ့် ၁၃ ရာစု မွန်ဂိုကျူးကျော်ချိန်မှာတော့ ပုဂံပြိုကွဲပြီး မောနိုင်ငံကြီး ပေါ်ထွန်းလာခဲ့ပါတယ်။ ဒီမောရှမ်းပြည်ဟာ ရွှေလီ မိုင်းမောဒေသကနေ မိုးကောင်း၊ မိုးညှင်း၊ သောင်သွပ်၊ မိုးမိတ်၊ သီပေါ၊ သိန္နီ၊ ညောင်ရွှေ၊ မိုးနဲ၊ မိုးဗြဲ ဆိုပြီး မောကိုးပြည်အဖြစ် ရှမ်းကုန်းမြင့်နဲ့ လက်ရှိ မြန်မာပြည် မြောက်ပိုင်းမှာ ကြီးစိုးခဲ့ပါတယ်။ ရွှေလီမြောက်ဘက် ၁၂ ပြည်နဲ့ တောင်ဘက် ၁၂ ပြည်ဆိုပြီး ယူနန်နဲ့ မြန်မာနယ်နိမိတ်ထဲမှာ ရှမ်းပြည်တွေ ပေါ်ထွန်းခဲ့ကြောင်းလည်း သိရပါတယ်။ အိန္ဒိယထဲ ရောက်နေတဲ့ အာသံမှာလည်း အဟုမ် ရှမ်းနိုင်ငံ ပေါ်ထွန်းခဲ့ပါတယ်။
အင်းဝက ကြောက်ရတဲ့ မောရှမ်းခေတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မောရှမ်းဘုရင် ဆေခမ်ဖ ခေါ် သိုချည်ဘွားလက်ထက်ကနေ နောက်ဆုံး မောမင်းကြီး သိုငံဘွားခေတ်ထိ နှစ် တရာကျော် ကြီးစိုးခဲ့တဲ့ မောရှမ်းမင်းတွေဟာ အခု တရုတ်-မြန်မာနယ်စပ် ဆယ်လန့်ခေါ် မိုင်းမောကနေ ယူနန်နဲ့ ရှမ်းကုန်းမြင့်တကြောက ရှမ်းနယ်တွေကို ပိုင်စိုးခဲ့ပြီး မိုးကောင်း၊ မိုးညှင်း၊ ကလေး စတဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ရှမ်းပြည်တွေကိုပါ သြဇာညောင်းခဲ့ပါတယ်။ ခရစ် ၁၄ ရာစုနဲ့ ၁၅ ရာစု မြန်မာပြည်မြောက်ပိုင်းမှာ မောရှမ်းတွေ ကြီးစိုးချိန်ဟာ ပုဂံခေတ်အလွန် မြန်မာပြည် အလယ်ပိုင်းက ရှမ်းအနွယ် ပင်းယ၊ စစ်ကိုင်းနဲ့ အင်းဝနိုင်ငံတွေ ပေါ်ထွန်းချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ရှမ်းညီနောင်သုံးဦးလို့ ခေါ်ကြတဲ့ ကျောက်ဆည်လွင်ပြင် အခြေစိုက် မြို့စားညီနောင် သုံးယောက်က ဆင်းသက်လာတဲ့ ဒီနိုင်ငံသစ်တွေဟာ မြောက်ဘက်က မောရှမ်းတွေရန်ကို စိုးရိမ်နေရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ မွန်ဂိုကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့တဲ့ ပင်းယနဲ့ စစ်ကိုင်းဟာ မောရှမ်းစစ်ကို မတွန်းလှန်နိုင်ဘဲ ၁၃၆၄ မှာ ပျက်စီးခဲ့ပါတယ်။ ဒီနိုင်ငံတွေနေရာမှာ အသစ်ပေါ်လာတဲ့ အင်းဝမင်းဆက် လက်ထက်မှာလည်း မောရှမ်းရန်ကို စိုးရိမ်နေရတုန်း ဖြစ်ပါတယ်။ နောက်ဆုံး မွန်ဂိုမင်းဆက်ကို ဖယ်ရှားပြီး တက်လာတဲ့ တရုတ်ပြည် မင်မင်းဆက်က ယူနန်ကို ဝင်သိမ်းချိန်ကျမှ မောရှမ်းနိုင်ငံ ပြိုကွဲပြီး အင်းဝမင်းတွေ အသက်ရှူချောင်သွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိုင်းမောက မောရှမ်းမင်းတွေ ပြိုကွဲသွားပေမယ့် သူတို့ဆီက ဆင်းသက်တဲ့ ရှမ်းစော်ဘွားတွေက မိုးကောင်း၊ မိုးညှင်းမှာ ဆက်လက် ကြီးစိုးနေခဲ့ပြီး ဒီမိသားစုတွေထဲက အင်းဝမှာ လာအုပ်ချုပ်သူကတော့ မိုးညှင်းစလုံရဲ့ သား သိုဟန်ဘွားပါ။ သိုဟန်ဘွားကို မြန်မာမှူးမတ်တွေက လုပ်ကြံ ဖယ်ရှားနိုင်ပေမယ့်လည်း သီပေါက အုန်းဘောင်ခုံမှိုင်းကို ပင့်ခေါ် မင်းမြှောက်ခဲ့သလို သူ့သားတော် မိုးဗြဲနရပတိထိ အင်းဝမှာ ကြီးစိုးခဲ့ကြပါတယ်။ ဒါကြောင့် ပုဂံအပျက်ကနေ တောင်ငူမင်းဆက် ကြီးစိုးတဲ့အထိ ကြားကာလကို ရှမ်းခေတ်ဆိုပြီး မြန်မာသမိုင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ ၁၃ ရာစု မွန်ဂို ကျူးကျော်မှု ရန်ကြောင့် တောင်ဘက်ကို ဆင်းလာကြတဲ့ တိုင်ရှမ်းအနွယ်တွေ ထူထောင်တဲ့ လင်းဇင်း၊ ဇင်းမယ်နဲ့ သောက္ကတဲနိုင်ငံတွေလည်း အခု လာအိုနဲ့ ထိုင်းနိုင်ငံနေရာတွေမှာ ပေါ်ထွန်းလာပါတယ်။ ဇင်းမယ်မင်းတွေရဲ့ သြဇာဟာ ကျိုင်းတုံ၊ မိုးနဲ၊ ကျိုင်းရုံး စတဲ့ အခု မြန်မာနဲ့ တရုတ်ပိုင်နက်ထဲ ရောက်နေတဲ့ ရှမ်းနယ်ကြီးတွေကို သက်ရောက်ခဲ့ပါတယ်။ ဇင်းမယ်၊ သောက္ကတဲ၊ အယုဒ္ဓယနဲ့ အင်းဝ၊ ဟံသာဝတီ ရှမ်း၊ မြန်မာ၊ မွန်နိုင်ငံတွေရဲ့ အင်အားပြိုင်မှုကနေပြီး ၁၅ ရာစုကနေ ၁၈ ရာစုထိ ကြာမြင့်ခဲ့တဲ့ ထိုင်း-မြန်မာစစ်ပွဲတွေနဲ့ မွန်-မြန်မာ အားပြိုင်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဘုရင့်နောင်က စပြီး ချုပ်ကိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပင်းယ ရှမ်းအနွယ် ဘုရင့်နောင် လက်ထက်ကစပြီး တောင်ငူ၊ ဟံသာဝတီနဲ့ အင်းဝမှာ အခြေစိုက်တဲ့ မင်းတွေက ရှမ်းပြည်တလွှားကို သိမ်းသွင်းအုပ်ချုပ်ခဲ့ကြပါတယ်။ ဒါဟာ အရင် ပထမ အင်းဝဆက်က မင်းတွေလက်ထက်ကထက် ပိုပြီး ရှမ်းစော်ဘွားတွေကို မြန်မာဘုရင်ရဲ့ သစ္စာခံအဖြစ် ချုပ်ကိုင်လာတာ ဖြစ်ပါတယ်။ ဘုရင့်နောင်ဟာ အင်းဝမင်းတွေ သိမ်းသွင်းနိုင်တဲ့ မြောက်တလွှားနဲ့ အရှေ့တလွှားက ရှမ်းစော်ဘွားနယ်တွေကိုသာမက သံလွင်အရှေ့ခြမ်းနဲ့ တရုတ်ပြည်ထဲက စော်ဘွားနယ်တွေကိုပါ သိမ်းပိုက်ခဲ့ပါတယ်။
ဒီလို သိမ်းသွင်းခြင်းနဲ့ အနှစ်သုံးရာလောက် ရှည်ကြာခဲ့တဲ့ မြန်မာသမိုင်းမှာ ရှမ်းလွှမ်းမိုးမှုကို လျှော့ချနိုင်တဲ့အတူ ရှမ်းနယ်မြေတွေမှာ မြန်မာသြဇာနဲ့ ထုံးတမ်းတွေ ပြန့်ပွားအောင်ပါ အားထုတ်ခဲ့ပါတယ်။ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ သီပေါ ရှမ်းနှစ်ပြည်ထောင်လုံးဝယ် သူကောင်းတယောက် သေလျှင် ကျွန်ယောက်ျား၊ ကျွန်မိန်းမကို သတ်၍ထည့်သော မိစ္ဆာဒိဋ္ဌိအကျင့်ကို မကျင့်ရန်လည်း ဆုံးမကံမြစ်တော်မူ၏ ဆိုပြီး ပုဂံ ရွှေစည်းခုံဘုရားက ဘုရင့်နောင် ခေါင်းလောင်းစာမှာ ပါရှိပါတယ်။
တခါ ဘုရင့်နောင် လက်ထက်ကစပြီး မြန်မာနန်းတွင်းမှာ သင်္ကြန်၊ ဝါဝင်၊ ဝါထွက် စော်ဘွား မြို့စားတွေရဲ့ တနှစ် သုံးကြိမ် ကန်တော့ခံတဲ့ အစဉ်အလာကို စခဲ့ကြောင်း ဒေါက်တာတိုးလှရဲ့ ဘုရင့်နောင်မင်းတရားကြီး ဘဝအတွေးအခေါ်ယုံကြည်ချက်နှင့် ဆောင်ရွက်ချက်များ စာအုပ်မှာ ပါရှိပါတယ်။ ဘုရင့်နောင်စံမြန်းတဲ့ ဟံသာဝတီမြို့တော်မှာ မိုးကောင်း၊ မိုးညှင်း၊ အုန်းဘောင်၊ ညောင်ရွှေ၊ မိုးနဲ၊ ကလေး၊ သိန္နီတံခါးတွေ တည်ရှိခဲ့ပါတယ်။
မြန်မာကြီးစိုးမှုခံရပြီးနောက်ပိုင်း ၁၆ ရာစုကနေ ၁၈၊ ၁၉ ရာစုထိ နှစ် ၃၀၀ ကျော် မြန်မာသမိုင်းမှာ တရုတ်-မြန်မာစစ် အရေးပေါ်တိုင်း နယ်စပ်က ရှမ်းပြည်ထောင်တွေကို ရိုက်ခတ်ခဲ့ပါတယ်။ နောက်ပြီး ထိုင်း၊ လာအိုနိုင်ငံတွေထိ မြန်မာမင်းဆက်တွေ လွှမ်းမိုးအုပ်ချုပ်ခဲ့တာမို့ အဲဒီစစ်ဆင်ရေးတွေကလည်း ရှမ်းပြည်နိုင်ငံရေးကို ရိုက်ခတ်ခဲ့ပါတယ်။
လင်းပင် ကွန်ဖက်ဒရေစီ အိပ်မက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘုရင့်နောင်ရဲ့ တောင်ငူ ညောင်ရမ်းဆက်အပျက်မှာ ထူထောင်တဲ့ အလောင်းဘုရားရဲ့ ကုန်းဘောင်မင်းဆက်အဆုံး သီပေါမင်း လက်ထက်မှာတော့ ရှမ်းပြည်မှာ စော်ဘွားအုပ်စုတွေ ကွဲပြားပြီး စစ်ခင်းနေကြပါတယ်။ သိန္နီ၊ သီပေါ စတဲ့ စော်ဘွားတချို့ ကိုယ့်နယ်မှာ ကိုယ် မအုပ်စိုးနိုင်ဘဲ မန္တလေး၊ ရန်ကုန်ထိ ဆင်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ နတ်ရွာစံ အိမ်ရှေ့စံ ကနောင်မင်းရဲ့သားတော် လင်းပင်မင်းသားဟာ သီပေါမင်း နန်းတက်ချိန်မှာ ဗြိတိသျှပိုင် အောက်မြန်မာပြည်ကို ရှောင်တိမ်းခဲ့ရပါတယ်။ ဒီမင်းသားကို မိုးနဲ၊ ကျိုင်းတုံ၊ ရပ်စောက်စတဲ့ စော်ဘွားတချို့က ပင့်ခေါ်ပြီး မြန်မာပြည်ကို အုပ်ချုပ်ဖို့ မင်းလောင်းအဖြစ် အုပ်စုဖွဲ့ပါတယ်။ လင်းပင်အဖွဲ့ရဲ့ အဓိကလိုလားချက်က လင်းပင်မင်းသား ဘုရင်ဖြစ်ရင် သဿမေဓအခွန်စနစ်ကို ပယ်ဖျက်ပြီး သုံးနှစ်မှ တကြိမ် အခွန်တော်ကောက်ဖို့ ဖြစ်ပါတယ်။
လင်းပင်အုပ်စုနဲ့ လင်းပင်အုပ်စုဝင် မဟုတ်တဲ့ စော်ဘွားအုပ်စုတွေကြား စစ်ခင်းနေကြချိန်မှာပဲ ၁၈၈၅ မှာ ဗြိတိသျှတပ်တွေက မန္တလေးကို သိမ်းပါတယ်။ မန္တလေးသိမ်းပြီးနောက် ရှမ်းပြည်အခြေအနေကို စောင့်ကြည့်ပြီး စော်ဘွားတွေကို သိမ်းသွင်းဖို့ ကြိုးစားပါတယ်။ သူတို့နဲ့ နီးစပ်ပြီး လင်းပင်အုပ်စုဝင် မဟုတ်တဲ့ ညောင်ရွှေ၊ သီပေါ စော်ဘွားတွေကတဆင့် တောင်ရှမ်း မြောက်ရှမ်းက စော်ဘွားတွေကို အရင် သိမ်းသွင်းပါတယ်။ စစ်ဒဏ်ကြောင့် ပင်ပန်းနေတဲ့ စော်ဘွားတွေလည်း သူတို့ရိုးရာအုပ်ချုပ်ရေးမှာ မစွက်ဖက်ဘူးဆိုတဲ့ ဗြိတိသျှကတိကြောင့် သစ္စာခံလာပြီး ၁၈၈၇ က စလို့ ရှမ်းပြည်ဟာ ဗြိတိသျှသြဇာရိပ်ကို ကျရောက်ခဲ့ပါတယ်။ မြန်မာပြည် မြောက်ပိုင်းမှာ ပုန်ကန်ဆန့်ကျင်နေတဲ့ ဝန်းသိုစော်ဘွား ဦးအောင်မြတ် တရုတ်ပြည်ထဲ ခိုဝင်သွားခဲ့ပြီး ရှမ်းပြည်တလွှားက စော်ဘွားအများစုကတော့ ဗြိတိသျှသိမ်းသွင်းမှုကို လက်ခံကြပါတယ်။
၁၈၉၀ မတ်လကျမှ အင်းလေးနားက မိုင်းသောက်ခေါ် ဖို့ဒ်စတက်မင်းခံတပ်မြို့မှာ ရှမ်းတောင်ပိုင်းအတွက် ဒါဘာခေါ် မင်းစုံပွဲကို ကျင်းပနိုင်ကြောင်း ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဝင်ဟောင်း ဦးအုန်းဖေရဲ့ ပင်လုံစစ်တမ်းမှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမျိုးသားပိုင် အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ဗြိတိသျှမြန်မာပြည်ထဲ ထည့်သွင်းအုပ်ချုပ်ရာကနေ အရင် မြန်မာမင်းဆီ လက်ဆောင်ဆက်သကြတဲ့ ရှမ်း၊ ကချင်၊ ချင်း စော်ဘွား တောင်အုပ်တောင်စားတွေရဲ့ နယ်မြေတွေကိုလည်း ဗြိတိသျှတပ်တွေ ချီတက်သိမ်းပိုက်ပြီး သစ္စာခံစေခဲ့ပါတယ်။ ဒီလို သိမ်းပိုက်ပေမယ့်လည်း ဒီနယ်တွေကို ဖွံ့ဖြိုးမှု နောက်ကျလို့ ဆိုပြီး မြန်မာပြည်မ အုပ်ချုပ်ရေးအောက် မထည့်သွင်းဘဲ အိန္ဒိယပုံစံ ဇယားဝင် နယ်မြေများအဖြစ် သတ်မှတ်အုပ်ချုပ်ခဲ့ပါတယ်။ ဒီလိုခွဲခြားသတ်မှတ်တဲ့အထဲ အရှေ့ရှမ်းကုန်းမြင့်က ရှမ်းပြည်တွေနဲ့ ဝဒေသပါသွားသလို အနောက်ရှမ်းပြည်တွေထဲက ဇင်္ဂလိန်းခန္တီးနဲ့ သောင်သွပ်တို့လည်း ပါဝင်ခဲ့ပါတယ်။ မြန်မာပြည် မြောက်ဖျားက ခန္တီးလုံနယ်ကိုတော့ ၁၉၁၂ လောက်ကမှ ဗြိတိသျှတပ်တွေ သိမ်းသွင်းနိုင်ခဲ့ပြီး ပူတာအိုခရိုင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သံလွင်အရှေ့ဘက်က ကျိုင်းဟုံနဲ့ မိုင်းလင်းကို တရုတ်ပေးလိုက်ပြီး ကျိုင်းချိုင်နယ်ကိုတော့ သုံးပိုင်းပိုင်းကာ ပြင်သစ်၊ ယိုးဒယားခေါ် ထိုင်းနဲ့ ကျိုင်းတုံနယ်ထဲ ထည့်သွင်းခဲ့ပါတယ်။ ကျိုင်းဆင်နယ်ကိုတော့ ယိုးဒယားလက်ကို ပေးကြောင်း ရှမ်းသမိုင်းပညာရှင် စိုင်းခမ်းမိုင်းရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ရှမ်းပြည်နယ် စာအုပ်မှာ ပါရှိပါတယ်။
ဗြိတိသျှကို တော်လှန်ပုန်ကန်ခဲ့တဲ့ ဝန်းသိုစော်ဘွားရဲ့ ဝန်းသိုနယ်ကိုတော့ မြန်မာပြည်မထဲ ထည့်သွင်းခဲ့ပြီး မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော် စတဲ့ မြန်မာဘုရင်တွေ လက်ထက်ကတည်းက မြို့ဝန်တွေနဲ့ အုပ်ချုပ်ခဲ့တဲ့ ရှမ်းနယ်တွေကိုလည်း မြစ်ကြီးနားနဲ့ ဗန်းမော်ခရိုင်ထဲ ထည့်သွင်းပြီး ပြည်မအုပ်ချုပ်ရေးအောက်မှာ ထားရှိခဲ့ပါတယ်။ မြန်မာဘုရင်လက်ထက်ကတည်းက မိုးမိတ်စော်ဘွားနယ်က ဖဲ့ယူပြီး တကောင်းနဲ့ လဲခဲ့တဲ့ မိုးကုတ်နယ်ဟာလည်း ပြည်မအုပ်ချုပ်ရေးအောက်မှာပဲ ပတ္တမြားတွင်းခရိုင်အဖြစ် ထည့်သွင်းခံရပါတယ်။
မြန်မာလမ်းမကြီးနဲ့ ပင်လုံစာချုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၂၂ မှာ မလေးစော်ဘွားပြည်ထောင်စု နမူနာ ယူပြီး ပဒေသရာဇ် ရှမ်းပြည်နယ်စုဖွဲ့တဲ့အခါမှာတော့ အရှေ့ရှမ်း စော်ဘွားနယ် ၂၈ နယ်နဲ့ လားရှိုး၊ တောင်ကြီး၊ ကလောမြို့တွေ ပါ၀င်ခဲ့ပါတယ်။ မြန်မာပြည်မ အုပ်ချုပ်ရေးကို ဒိုင်အာခီခေါ် ပူးတွဲအုပ်ချုပ်ရေးအဆင့် တိုးမြှင့်ပေးပြီး လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပနေချိန်မှာ ရှမ်းပြည်နဲ့ တခြားတောင်တန်းဒေသတွေအတွက် အုပ်ချုပ်ရေးတိုးမပေးဘဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ဘုရင်ခံရဲ့ ဥပဒေပြုကောင်စီမှာ ညောင်ရွှေနဲ့ သီပေါစော်ဘွားတွေ ပါဝင်ခဲ့မှု အဆုံးသတ်သွားပါတယ်။
၁၉၃၂ က လန်ဒန်မှာ ကျင်းပတဲ့ မြန်မာပြည်အရေး မျက်နှာစုံညီအစည်းအဝေးမှာတော့ ရှမ်းပြည်ကို မြန်မာပြည်ထဲ မထည့်သွင်းဘဲ နိုင်ငံကြီးတွေအလယ်က ကြားခံနယ်မြေအဖြစ် လုံးဝလွတ်လပ်ရေးပေးဖို့ သီပေါ စော်ဘွားကို စော်ဘွားအုပ်စုက စေလွှတ် တောင်းဆိုစေခဲ့ပါတယ်။ ၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယကခွဲထုတ်ပြီး ၉၁ ဌာနအုပ်ချုပ်ရေးပေးကာ မြန်မာနန်းရင်းဝန်ခေါ် ဝန်ကြီးချုပ်ကြီးတွေ ခန့်ထားအုပ်ချုပ်တဲ့အထိ ပြောင်းလဲလာပေမယ့် ရှမ်းပြည်ကတော့ စော်ဘွားအုပ်ချုပ်ရေးအောက်မှာပဲ ကျန်ရစ်ခဲ့ပါတယ်။ ၁၉၃၉ ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်မှာ ရှမ်းပြည်ကို ဖြတ်ပြီး အိန္ဒိယနဲ့ ဆက်သွယ်ဖောက်လုပ်တဲ့ တရုတ်ဗမာလမ်းမကြီးကြောင့် ရှမ်းနဲ့ ဗမာပြည်တွေအကြောင်း ကမ္ဘာက အာရုံစိုက်လာသလို ဂျပန်ကလည်း အာရုံစိုက်လာပြီး ၁၉၄၂ မှာ ဝင်ရောက်သိမ်းပိုက်ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်အတွင်း ၁၉၄၃ မြန်မာပြည်ကို လွတ်လပ်ရေးပေးချိန်မှာ ကျိုင်းတုံနဲ့ မိုင်းပန်နယ်ကို ထိုင်းနိုင်ငံထဲ ထည့်ပေးခဲ့သလို ကန္တာရဝတီခေါ် လွိုင်ကော်နယ် အရှေ့ခြမ်းကိုလည်း ထိုင်းတပ်တွေ ဝင်သိမ်းထားပါတယ်။ ရှမ်းပြည်တွေကို စုစည်းပြီး ကမ္ဗောဇတိုင်းအဖြစ် မြန်မာပြည် အုပ်ချုပ်ရေးမှာ ထည့်သွင်းခဲ့ပေမယ့် ဂျပန်တပ်တွေပဲ အုပ်ချုပ်ခဲ့ပါတယ်။ စစ်အတွင်းမှာပဲ စော်ဘွားတချို့ ဗြိတိသျှနဲ့ ပူးပေါင်းပြီး ဂျပန်ဆန့်ကျင်ခဲ့ကြသလို မြေပြန့်က အာရှလူငယ်လှုပ်ရှားမှု ရှမ်းပြည်ကို ရောက်ရှိလာပြီး လက်ဝဲဝါဒပြန့်ပွားလာပါတယ်။ ရန်ကုန်တက္ကသိုလ် မြန်မာစာနည်းပြ ကိုတင်ဧ ထူထောင်တဲ့ ညောင်ရွှေက အလင်းရောင်စာကြည့်တိုက်ကနေ ၁၉၄၇ ပင်လုံစာချုပ်မှာ လူထုကိုယ်စားလှယ်အဖြစ် လက်မှတ်ထိုးမယ့် လူငယ်ခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး မြန်မာစစ်တပ်အခြေပြု ဖဆပလခေါင်းဆောင်တွေက လွတ်လပ်ရေး တောင်းဆိုလာချိန်မှာပဲ တောင်တန်းဒေသတွေကို ပြည်မနဲ့ ပူးပေါင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ တကယ်က ၁၉၄၅ မဟာမိတ်တွေ ပြန်ဝင်လာပြီးကတည်းက တောင်ပိုင်နဲ့ မိုးမိတ်စော်ဘွားတွေက ရှမ်းပြည်ကို မြန်မာ၊ အိန္ဒိယ၊ သီဟိုဠ်နဲ့ မလေးယားနိုင်ငံတွေလို သီးခြားလွတ်လပ်ရေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ညောင်ရွှေနဲ့ မြောက်သိန္နီစော်ဘွားကြီးတွေကလည်း ၃၅ နယ် ကွဲနေတဲ့ ရှမ်းပြည်ကို အားရှိလာအောင် ၁၂ နယ်ထိ စုစည်းပြီး စော်ဘွားတွေ အလှည့်ကျ အုပ်ချုပ်ဖို့ ၊ ဗြိတိသျှဓနသဟာယထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ရှမ်းပြည်မှာ စော်ဘွားတဦးကို ခန့်အပ် အုပ်ချုပ်ဖို့ အကြံပေးခဲ့ကြပါတယ်။ ၁၉၄၆ ပထမပင်လုံညီလာခံမှာလည်း မြန်မာပြည်မကို ဒိုမီနီယံအဆင့်ပေးရင် ရှမ်းပြည်ကိုလည်း သီးခြား ဒိုမီနီယံပေးဖို့ စော်ဘွားကောင်စီဥက္ကဋ္ဌ တောင်ပိုင်စော်ဘွားက တောင်းဆိုခဲ့ပါတယ်။
ဒီလိုစော်ဘွားပိုင်းက မြန်မာနဲ့ ပူးပေါင်းဖို့ နောက်တွန့်ကြပေမယ့် ရှမ်းလူငယ်လူထုကိုယ်စားလှယ်တွေနဲ့ မြန်မာခေါင်းဆောင်တွေ ရင်းနှီးမှုကြောင့် ၁၉၄၇ မှာ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး တောင်တန်းနဲ့ ပြည်မ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း စိုင်းခမ်းမိုင်းက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ရှမ်းပြည်နယ် စာအုပ်မှာ ရေးပါတယ်။ ရှမ်းပြည်ကို လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့၊ ခွဲထွက်လိုက အချိန်မရွေး ခွဲထွက်ခွင့်ပေးဖို့ ၊ အခွင့်အရေးနဲ့ အဆင့်အတန်း တန်းတူဖြစ်ဖို့ ဆိုတဲ့ ဦးတင်ဧတို့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ပူးပေါင်းကြတာ ဖြစ်ပါတယ်။ ယခု ယာယီပူးပေါင်းရေးသည် ရေရှည်ပူးပေါင်းရေးနှင့် ခွဲထွက်ရေးကို မထိခိုက်စေရဆိုပြီး ရှမ်းပြည်ဦးတင်ဧက အတိအလင်း ပြောကြားခဲ့ပါတယ်။
၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးချိန်မှာတော့ တောင်တန်းဒေသအတိုင်ပင်ခံဝန်ကြီး မိုင်းပွန်စော်ဘွား စဝ်စံထွန်း ကျဆုံးခဲ့ပါတယ်။
ကြယ်ငါးပွင့်ထဲက ရှမ်းပြည်နယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှမ်းပြည်ဟာ မြန်မာပြည်မနဲ့ ပူးပေါင်းတဲ့ ပြည်နယ်တွေထဲမှာ နယ်မြေအကြီးဆုံးနဲ့ နိုင်ငံရေး ဝါအရင့်ဆုံးဖြစ်သလို လူဦးရေလည်း များပြား စုံလင်ပါတယ်။ ဒါကြောင့် မြန်မာပြည်ထောင်စုရဲ့ ပထမဆုံး သမတအဖြစ် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ကို ရွေးချယ်ခဲ့သလို နောက်ပိုင်းမှာလည်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် မိုးမိတ်စော်ဘွား စဝ်ခွန်ချိုကို မြန်မာပြည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
နယ်ရှင်စော်ဘွားတွေ ပြည်သူ့လွှတ်တော် အမတ်ဖြစ်ခွင့်မရှိပေမယ့် မြန်မာပြည်ထောင်စု ပါလီမန်ရဲ့ လူမျိုးစုလွှတ်တော် နာယကအဖြစ်လည်း စဝ်ရွှေသိုက်နဲ့ စံကားစော်ဘွားကြီး စဝ်ခွန်ကြည်တို့ကို ခန့်အပ်ခဲ့ပါတယ်။ နောက်ပြီး စော်ဘွားအုပ်စုနဲ့ တခြားတောင်တန်းပြည်နယ် ခေါင်းဆောင်တွေရဲ့ စိတ်ချယုံကြည်မှုကို ရစေဖို့အတွက် လွတ်လပ်ရေးရပြီး ဆယ်နှစ်အကြာမှာ ခွဲထွက်ခွင့်ပေးခဲ့ပါတယ်။
ဒီလို ရှမ်းစော်ဘွားတွေကို နေရာပေးပေမယ့် မြန်မာပြည်ထဲ ရောက်နေတဲ့ ရှမ်းနယ်တွေကိုတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ထဲကို ထည့်သွင်းခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ရှမ်းဗမာနယ်တွေကို ထည့်သွင်းပေးရတဲ့အတွက်လည်း ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကို နှစ်သိမ့်ဖို့ ကချင်ပြည်နယ်က တင်မြှောက်တဲ့ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ် ၁၂ ယောက်မှာ ခြောက်ယောက်ကို ကချင်မဟုတ်သူတွေထဲက ရွေးကောက်တင်မြှောက်ဖို့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၅၉ အိမ်စောင့်အစိုးရလက်ထက်မှာ ထိုင်း၊ တရုတ် နိုင်ငံတွေနဲ့ နယ်ချင်းစပ်နေတဲ့ ရှမ်းစော်ဘွားနယ်တွေမှာ ပဒေသရာဇ်အုပ်ချုပ်ရေးကို လျော်ကြေးပေးပြီး အဆုံးသတ်စေခဲ့ပါတယ်။ တရုတ်ဖြူကျူးကျော်မှုကာလကတည်းက ရှမ်းပြည်မှာ မြန်မာတပ်တွေချတာ၊ ဗထူးမြို့သစ်တည်ပြီး စစ်တက္ကသိုလ်ဆောက်တာတွေကို မကျေနပ်တဲ့ ရှမ်းအမျိုးသားရေးဝါဒီတွေအတွက် စော်ဘွားအုပ်ချုပ်ရေး ရပ်စဲမှုကြောင့် မီးလောင်ရာ လေပင့်ဖြစ်ပြီး ရှမ်းလက်နက်ကိုင် ပုန်ကန်မှုကို မီးဖွားပေးခဲ့ပါတယ်။
၁၉၆၁-၆၂ မှာ အရှိန်ရခဲ့တဲ့ ဖက်ဒရယ်မူတောင်းဆိုမှုမှာလည်း ၁၉၄၇ ပင်လုံစာချုပ်မှာ မြန်မာနဲ့ ပူးပေါင်းဖို့ အဆိုပြုခဲ့တဲ့ ရှမ်းခေါင်းဆောင်တွေ ပါဝင်ခဲ့ကြပါတယ်။ မွန်နဲ့ရခိုင်ပြည်နယ်သစ်တွေ ပေးမယ့်အချိန်မှာ မြန်မာပြည်မကိုပါ တပြည်နယ်သတ်မှတ်ပြီး ရှစ်ပြည်နယ်ပေးဖို့ တောင်းဆိုတဲ့ ဒီခေါင်းဆောင်တွေကို ပြည်ထောင်စုက ခွဲထွက်ရန် ကြံစည်တယ်ဆိုပြီး ၁၉၆၂ အာဏာသိမ်းစစ်ကောင်စီအစိုးရက စွပ်စွဲအကျဉ်းချခဲ့ပါတယ်။ ဒီဖိနှိပ်မှု အကျိုးဆက်အဖြစ် ရှမ်းပြည်တလွှားမှာ စစ်မီးအရှိန်တောက်ခဲ့ပြီး ညောင်ရွှေမဟာဒေဝီပါ တောခိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ မှာ တရုတ်ထောက်ပံ့တဲ့ ဗမာကွန်မြူနစ်တပ်တွေ ရှမ်းမြောက်နဲ့ ဝနယ်တွေကို ဝင်လာပြီးနောက် ရှမ်းပြည်နိုင်ငံရေး ပိုမိုရှုပ်ထွေးသွားပြီး နောက် အနှစ် ၂၀ လုံးလုံး စစ်မီးတောက်တွေနဲ့ လွှမ်းနေခဲ့ပါတယ်။ ကမ္ဘာ့စစ်အေးအရှိန်နဲ့ ရှမ်းပြည်တပ်မတော်လည်း တောင်နဲ့ မြောက် နှစ်ခြမ်းကွဲခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငြှိမ်းမရတဲ့ မီးတောက်မီးလျှံများ
၁၉၈၉ ဗကပ ပြိုကွဲအပြီး ရှမ်းပြည်တလွှားမှာ အပစ်ရပ်စဲရေးတခေတ်ပေါ်လာပေမယ့် ၂၀၀၉ ကိုးကန့်ကို နယ်ခြားစောင့်တပ် ပြောင်းခိုင်းရာကနေ သေနတ်ပြန်ပေါက်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ TNLA ခေါ် တအာန်းပလောင်တပ်သစ် ရှမ်းမြောက်မှာ ပေါ်လာခဲ့ပါတယ်။ စစ်တပ်စည်းမျဉ်းခံ ဒီမိုကရေစီခေတ် ဆယ်နှစ်အတွင်း ရှမ်းပြည်တလွှားမှာ နဂိုရှိရင်း ဝ၊ ရှမ်းမြောက်နဲ့ ရှမ်းတောင်တပ်တွေအပြင် စစ်အစိုးရနဲ့ နီးစပ်တဲ့ ပအိုဝ်းလက်နက်ကိုင်တပ်တွေဟာ လက်နက်အသင့် ငြိမ်းချမ်းရေးအဖြစ် ရပ်တည်နေခဲ့ပါတယ်။ ၂၀၁၆ ကစပြီး ရခိုင်၊ ကချင်၊ ကိုးကန့်နဲ့ တအာန်းတပ်တွေ ပေါင်းပြီး မြောက်ပိုင်းမဟာမိတ်ဖွဲ့ခဲ့သလို ၂၀၁၉ မှာတော့ ကချင်မပါဘဲ ကျန်တဲ့သုံးဖွဲ့ပေါင်းပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ ဖွဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်တလွှားက မြို့ရွာအတော်များများ ဒီမဟာမိတ်သုံးဖွဲ့လက်ကို ကျခဲ့ပြီး ခုထိ စစ်မီး ငြှိမ်းမရ ဖြစ်နေပါတယ်။
ရှမ်းအရှေ့ပိုင်းက ရှမ်းတောင်တပ်နဲ့ ဝတပ်ကြားက နယ်မြေလုမှု၊ ရှမ်းတပ်နှစ်ဖွဲ့ကြားက ပဋိပက္ခ၊ ရှမ်းမြောက်မှာ နယ်မြေကိစ္စ အငြင်းပွားစပြုလာတဲ့ တအာန်း၊ ကိုးကန့်နဲ့ ကချင်တပ်တွေကြားက ပြိုင်ဆိုင်မှုစတဲ့ အားနည်းချက်တွေ ရှိပေမယ့် ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာပြည် အရှေ့မြောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာစစ်တပ်ကြား ကြားခံဇုန်ကြီးအဖြစ် ပေါ်ထွန်းလာပါတယ်။ ရှမ်းမြောက်မှာ စစ်မီးငြိမ်းအောင် တရုတ်နဲ့ စစ်ကောင်စီက ဖိအားပေးပေမယ့်လည်း ခုထိ အောင်မြင်သေးမယ့် လက္ခဏာ မရှိပါဘူး။
လက်ရှိ ရှမ်းပြည်အခြေအနေဟာ သီပေါမင်းလက်ထက်နဲ့ ပါတော်မူစက ရှမ်းပြည်တွင်းစစ်အခြေအနေနဲ့ ဆင်တူပေမယ့်လည်း အဓိက အားပြိုင်ကြသူတွေထဲမှာ ရှမ်းတပ်တွေ မပါတာက ထူးခြားပါတယ်။ လူမျိုးစုံပြီး ပြည်ထောင်စုထဲက ပြည်ထောင်စုကလေးတခု ဖြစ်နေတဲ့ ရှမ်းပြည်ရဲ့ အနာဂတ်ဟာလည်း မရေမရာ ရှိလှပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာလည်း ရှမ်းနီအမျိုးသားများတပ်မတော်ဆိုပြီး စစ်ကောင်စီ၊ ရှမ်းတောင်တပ်တွေနဲ့ မဟာမိတ်ပြုထားတဲ့ ရှမ်းတပ်တတပ် လှုပ်ရှားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
No comments:
Post a Comment