ရှမ်းသမိုင်း -ဝန်းသို


10/8/2012
2 Comments
 
သျှမ်းသမိုင်း မွန် မြန်မာ သျှမ်း သုံးပွင့်ဆိုင် အားပြိုင်မှုကြီး ပုဂံမတိုင်မှီခေတ်
မြန်မာ့သမိုင်းတွင် ပထမဆုံးအဖြစ် ဗမာ လူမျိုးတို့ အုပ်ချုပ်သည့် ပုဂံခေတ်တွင် မင်းဆက်ပေါင်း ၅၈-ဆက်ရှိခဲ့သည် ဟုဆိုပါသည်။ ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 ) ၊ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်းကို ပုဂံခေတ်ဟု သတ်မှတ်ပါသည်။ မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ ကျောက်စာ တွင်ပါဝင်သော်လည်း ရာဇဝင်တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။ ၁၀၇ -ခုနှစ် မဟာသမုဒ္ဒရာဇ်မင်း မှစတင် ပြီး ၁၃၆၉-ခုနှစ် စောမွန်နစ်မင်း အထိ နှစ်ပေါင်း (၁၂၆၂)နှစ် မင်းဆက် (၅၈) ဆက် ကြာအောင် တည်တံ့ခဲ့သည် မြန်မာပြည်၏ အရှည်ကြာဆုံး ခေတ်ဖြစ်သော ပုဂံခေတ်၏ မင်းဆက် များကို (က) အထောက်အထား ခိုင်ခိုင်မာမာ မရှိသော ၁၀ရ မှ ၁၀၄၄ အထိတစ်ပိုင်း၊ (ခ) အထောက်အထား များဖြင့် ခိုင်ခိုင်လုံလုံ ပြောနိုင်သော ၁၀၄၄ မှ ၁၃၆၉ အထိ တစ်ပိုင်း၊ ၂ ပိုင်း ခွဲ၍ ရနိုင်သမျှ အထောက်အထားများ ပေါင်းစပ်၍ ဖော်ပြလိုပါသည်။
ထုတ်နုတ်- ရှင်မဟာသီလဝံသ ၏ ရာဇဝင်ကျော် (ဟံသာဝတီ၊၁၉၆၅) မင်းဆက် (၅၈)ဆက်

    မင်းဆက်(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)
    မင်းဆက်(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)
    မင်းဆက်(၃)ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)
    မင်းဆက်(၄) ထီးမင်းယဉ် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)
    မင်းဆက်(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)
    မင်းဆက်(၆) ပိုက်သေဉ်လည် (ကောဇာ သက္ကရာဇ် ၂၄၆-နှစ်)
    မင်းဆက်(၇) သေဉ်လည်ကြောင် (ကောဇာ သက္ကရာဇ် ၂၆၆-နှစ်)
    မင်းဆက်(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)
    မင်းဆက်(၉)သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)
    မင်းဆက်(၁၀) မုက္ခမန်အမတ် (၂) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
    မင်းဆက်(၁၁) သူရဲအမတ်(၃) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
    မင်းဆက်(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ သက္ကရာဇ် ၄၁၆-နှစ်)
    မင်းဆက်(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)
    မင်းဆက်(၁၄)သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)
    မင်းဆက်(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)
    မင်းဆက်(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)
    မင်းဆက်(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇဝင်၌ (ခန်းလတ်)
    မင်းဆက်(၁၈) ထွန်းတိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)
    မင်းဆက်(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)
    မင်းဆက်(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)
    မင်းဆက်(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)
    မင်းဆက်(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)
    မင်းဆက်(၂၃) ပိန်သုံ (ကောဇာ သက္ကရာဇ် ၁၄)
    မင်းဆက်(၂၄) ပိန်တောင်း (ကောဇာ သက္ကရာဇ် ၂၂)
    မင်းဆက်(၂၅)စောခွေး (ကောဇာ သက္ကရာဇ် ၇၂)
    မင်းဆက်(၂၆)မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)
    မင်းဆက်(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇဝင်၌ (သိင်္ခ)
    မင်းဆက်(၂၈) သိန်ခွန် (ကောဇာ သက္ကရာဇ် ၉၆) မှန်နန်းရာဇဝင်၌ (သိန်းစွန်)
    မင်းဆက်(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)
    မင်းဆက်(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)
    မင်းဆက်(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)
    မင်းဆက်(၃၂) ထွန်လတ် (ကောဇာ သက္ကရာဇ် ၁၄၇) မှန်နန်းရာဇဝင်၌ (မွန်လတ်)
    မင်းဆက်(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)
    မင်းဆက်(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)
    မင်းဆက်(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)
    မင်းဆက်(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)
    မင်းဆက်(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)
    မင်းဆက်(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)
    မင်းဆက်(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)
    မင်းဆက်(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)
    မင်းဆက်(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)
    မင်းဆက်(၄၂) စုက္တတေး (ကောဇာ သက္ကရာဇ် ၃၃၉)
    မင်းဆက်(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)
    မင်းဆက်(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)
    မင်းဆက်(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။
    မင်းဆက်(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)
    မင်းဆက်(၄၇) မင်းရှင်စော <ထီးနန်းမရ>
    မင်းဆက်(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)
    မင်းဆက်(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)
    မင်းဆက်(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)
    မင်းဆက်(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)
    မင်းဆက်(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)
    မင်းဆက်(၅၃) ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)
    မင်းဆက်(၅၄)သီဟသူ (ပြည်စား) <ထီးနန်းမရ>
    မင်းဆက်(၅၅) နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကိုဝင်ရောက်တိုက်ခိုက်သည်။
    မင်းဆက်(၅၆) ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)
    မင်းဆက်(၅၇) စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)
    မင်းဆက်(၅၈) စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄)

နာပတ် ၃ဆက်မြောက် ပျုမင်းထီးသည်
သို့သော် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီးပြီးနောက် နန်းတက်ကြသည့် ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ အမည်ခံမျှသာဖြစ်ကြပြီး အမှန်တကယ် တန်ခိုးထွားသူများမှ သျှမ်းညီနောင်သုံးဦးဖြစ်သည်။

    ဒေါက်တာသန်းထွန်း
    *ဦးကုလား ရေးသော ရာဇဝင်ချုပ်စာအုပ်မှ သက္ကရာဇ်များကို အမှန်ယူ ရေးသားပါသည်။

မွန် မြန်မာ သျှမ်း သုံးပွင့်ဆိုင် အားပြိုင်မှုကြီး

တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို သျှမ်းတို့၏ နန်ချို နိုင်ငံကြီးအား မောင်းဂွတ် ဧကရာဇ်ဘုရင် ကုဗလေခန်က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက် လိုက်သဖြင့် နန်ချို နိုင်ငံကြီး ပျက်စီး၍ နန်ချို ယိုးဒယားရှမ်း လူမျိုးများ အင်ဒိုချိုင်း နား ကျွန်းဆွယ်သို့ ဝင်ရောက်ကြသော သက္ကရာဇ် ၁၃၅၀ ခုနှစ် တွင် အာယုဒ္ဓိယ မြို့တော်ကို ဗဟိုပြု ၍ မဲနန်မြစ် ဝှမ်း ဒေသတဝိုက်တွင် ယိုးဒယား နိုင်ငံအား ထူထောင်လိုက်ကြသည့် အခါ မြန်မာနိုင်ငံ အတွင်းရှိ မွန်နယ်များ အထူးသဖြင့် တနင်္သာရီ ကမ်းရိုးတန်း ဒေသတဝိုက်ရှိ မုတ္တမနှင့် မော်လမြိုင် တို့သည် ယိုးဒယားဘုရင် များအား မိမိတို့၏ အကြီးအကဲများ အဖြစ်ဖြင့် နှစ်စဉ်နှစ်တိုင်း လက်ဆောင် ပဏ္ဏာများ ဆက်သွင်းပုံ တနင်္သာရီသည် ယိုးဒယားနိုင်ငံ အတွင်းတွင် ပြည်နယ် တနယ်အဖြစ် ပါဝင်လျက်ရှိကြောင်း ယိုးဒယား ရာဇဝင်ဟောင်းများ တွင် ရေးသားဖေါ်ပြ ချက်နှင့် ပတ်သက်၍ လေးလေးနက်နက် ထည့်သွင်း စဉ်းစားရန်ရှိသည်။ မြန်မာနှင့် ယိုးဒယား တို့သည် မြန်မာဘုရင်များ နှင့် သမိုင်းတလျှောက်လုံး လိုလို စစ်မက် တိုက်ခိုက် ခဲ့ကြသည်။ အဘယ့်ကြောင့် ဆိုသော် ကမ္ဘောဒီးယားမွန်ခမာ လူမျိုးများ၏ အရိုက်အရာကို ဆက်ခံခြင်းပြုသည်ဟု မိမိတို့ ဘာသာ မိမိတို့ ယူဆဟန် ရှိသော ယိုးဒယားရှမ်းများက တနင်္သာရီ ကမ်းရိုးတန်း အထူးသဖြင့် မုတ္တမ ၊ မော်လမြိုင် ၊ ရေး၊ မြိတ်၊ ထားဝယ် ဒေသများကို မြန်မာနိုင်ငံမှ ပြန်လည်ဖဲ့ယူရန် ကြိုးပမ်း သောကြောင့် ဖြစ်သည်။
မွန် ရာဇဝင်ဟောင်းများ တွင် ယိုးဒယားဘက်ရှိ ယိုးဒယားသျှမ်း လူမျိုး အကြီးအကဲ တဦးဖြစ်သူ ဝါရီရူ သည် ပုဂံမင်းဆက် ဘုရင်များ တန်ခိုးအာဏာ လျော့ပါးမှေးမှိန်ကာ မြန်မာနိုင်ငံ တောင်ဘက် တလွှားတွင် ကစင့်ကလျား ဖြစ်နေချိန် လောက်ကပင် မုတ္တမကို အချေပြု၍ တနင်္သာရီ ကမ်းရိုးတန်း ဒေသတဝိုက် ကို စတင်သိမ်း ပိုက်ခြင်း ပြုကြောင်းဖြင့် ရေးသား ဖေါ်ပြကြသည်။ ဝါရီရူသည် မုတ္တမကို အချေပြုပြီး နောက် ပဲခူးတွင် သီးခြားမင်း ပြုလျက် ရှိသော မြန်မာဘုရင်ခံ တရဖျားကိုတိုက်ခိုက် အောင်နိုင်လိုက်ကြောင်း ရေးသားဖေါ် ပြထားသည်။
ဆက်လက်၍ ယိုးဒယားသျှမ်းနှင့် မွန်သွေး ရောသွားကြသည့် ဝါရီရူမင်း ခြောက်ဆက်မြောက် မုတ္တမတွင် စိုးစံံကြ ပြီးနောက် ဗညားဦး လက်ထက်တွင် ဟံသာဝတီကို ဗဟိုပြုပြီးလျှင် မွန်လူမျိုးများ၏ ဒေသဖြစ်သော မြန်မာ နိုင်ငံ တောင်ဘက် တလွှားကို သိမ်းသွင်း စည်းလုံးလျက် ထင်ရှားကြီး ကျယ်လှသည့် ရာမည တိုင်းကြီးကို ထူထောင် ကြောင်းဖြင့် ရာဇဝင်များတွင် တခမ်းတနား ရေးသားဖေါ်ပြကြသည်။ ယင်းကဲ့သို့ မွန်ရာဇဝင်များ၏ ရေးသား ဖေါ်ပြချက် တို့ကို လေ့လာ သောအခါ ပုဂံမင်းဆက် တို့ အင်အားလျော့ ပါး ချိန်တွင် မွန်လူမျိုးများ နှင့် ၎င်းတို့၏ အကြီး အကဲများသည် ယိုးဒယားဘက်ရှိ သောက္ကတဲ ပြည်နယ်မှ ယိုးဒယားမင်းများ၏ အကူအညီဖြင့် မြန်မာဘုရင်များတို့၏ လက်အောက်ခံ ဘဝမှရုန်းကန် လွတ်မြောက် ကြပြီးလျင် ဝါရီရူ မင်းဆက် ခုနှစ်ဆက် ရာဇဓိရာဇ် ဘုရင်လက်ထက်တွင် ဟံသာဝတီကို ဗဟိုပြုလျက် မြန်မာနိုင်ငံ တောင်ဘက် တခုလုံးကို ရာမညတိုင်း တလိုင်း သုံးရပ် ၃၂ မြို့စသည်ဖြင့် ဖွဲ့စည်း ထူထောင်နိုင်ခဲ့ကြောင်း တွေ့ရှိရ သည်။
ထို အချိန်လောက်မှ အစပြုပြီး မြန်မာနိုင်ငံ တောင်ဘက်တစ်လွှား အထူးသဖြင့်တ နင်္သာရီကမ်းရိုး တန်း ဒေသရှိ မွန်လူမျိုးများ နှင့် အကြီးအကဲများ ပေါ်တွင် ယိုးဒယား ဘက်ရှိ ယိုးဒယား ပဒေသရာဇ်ဘုရင်များ၏ သြဇာနှင့် နိုင်ငံရေး လွှမ်းမိုးမှုသည် အစပြိုးခဲ့သည်ဟု ယူဆရန်ရှိသည်...ဗညားဦး ၁၃၅၄ မှ ၁၃၈၅ ထိဟံသာဝတီ ကို အ ချက်အခြာပြုပြီး မြန်မာနိုင်ငံ တောင်ဘက် တစ်လွှားရှိ မွန်ဒေသများကို စတင်စည်းလုံး သိမ်းသွင်းခြင်း ပြုသော အချိန်နှင့် သတိုးမင်းဖျား ၁၃၆၅ မှ ၁၃၆၈ ထိ အင်းဝကို အချက် အခြာပြုပြီးမြန်မာနိုင်ငံ အလယ်ပိုင်း မြန်မာဒေ သ များကို စည်းလုံးသိမ်းသွင်းသော အချိန်များသည် တစ်ချိန်တည်း တစ်ခေတ်တည်း ခေတ်ပြိုင် ဖြစ် သည်။
ဗညားဦးသည် ဟံသာဝတီကို သက္ကရာဇ် ၁၃၅၃ ခုနှစ်တွင် တည်ထောင်ပြီး သတိုးမင်းဖျားသည် အင်းဝကို သက္ကရာဇ် ၁၃၆၅ ခုနှစ်ခန့်တွင် တည်ထောင်သည်။ ဟံသာဝတီကို တည်ထောင်ပြီး မွန်ဒေသများကို ဗညားဦး စည်းလုံး သိမ်းသွင်းခြင်း မပြုမီ ယိုးဒယားသျှမ်းနှင့် မွန်သွေး နှောသည်ဟု ယုံကြည်ရသော ဝါရီရူမင်း ခြောက်ဆက် မုတ္တမတွင် နှစ်ပေါင်း ၇၀ သာသာမျှ စိုးစံခဲ့ကြသည့် နည်းတူ အင်းဝကို တည်ထောင်ပြီး မြန်မာဒေသများကို သတိုးမင်းဖျား စည်းလုံးသိမ်းသွင်းခြင်းမပြုမီ သျှမ်းမြန်မာ သွေးနှောသော မင်းဆက်များသည် ပင်းယနှင့် စစ်ကိုင်းတို့တွင် နှစ်ပေါင်း ၇၀ နီးပါးမျှ ခန့်စိုးစံခဲ့ကြသည်...ဟံသာဝတီကို တည်ထောင်သော ဗညားဦးမှ စပြီး ဆက်လက် စိုးစံကြသော မင်းဆက်များသည် ယိုးဒယားသျှမ်းသွေး ကင်းစင်သည်ဟု မဆိုနိုင်သည့် တိုင်အောင် မွန်ဘွဲ့ မွန်အမည်နှင့် မွန်အခမ်းအနား အဆောင်အယောင်များကို ခံယူကာ မွန်မင်းများဖြစ်လာကြသည်ကို တွေ့ရှိရသည် ...ထို့အတူ အင်းဝကို တည်ထောင်သော သတိုးမင်းဖျား မှစပြီး ဆက်လက် စိုးစံကြသော မင်းဆက်များသည် သျှမ်းသွေးမကင်း စင်သည့်တိုင်အောင်မြန်မာဘွဲ့မြန်မာအမည်နှင့် မြန်မာအဆောင် အယောင်များ ခံယူကာမြန်မာမင်းများ ဖြစ်လာကြသည်ကိုလည်း တွေ့ရှိရသည်။
အင်းဝတွင် သတိုးမင်းဖျားမှ အစပြုပြီး မွန် သျှမ်းများ အပါအဝင် စစ်ကိုင်းစည်သူကျော်ထင် နရပတိအထိ မင်း ၁ရ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါး ခန့်မျှ စိုးစံခဲ့ကြ သကဲ့သို့ ဟံသာဝတီ တွင်လည်း ဗညားဦးမှ အစပြုပြီး သုရှင်ဒကာရွတ်ပိ အထိမင်းဆက် ၁၁ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါးခန့်မျှ ထီးပြိုင်နန်းပြိုင် စိုးစံခဲ့ကြသည်။ အင်းဝမင်း ဆက်ဘုရင်များသည မြောက်ဘက်တွင် မုံရွာနှင့် ရွှေဘိုခရိုင်များမှ ဧရာဝတီ မြစ်ဝှမ်းတစ်လျှောက် ပြည်ခရိုင်ထိ စည်းလုံးသိမ်းသွင်းခြင်း ပြု နိုင်ခဲ့ကြသည်...အင်အား ကြီးမားသော မင်းဆက် များ လက်ထက်တွင် မောသျှမ်းများ နှင့်ရခိုင် ကမ်းရိုးတန်း ဒေသများ အပေါ်တွင် သြဇာ ညောင်းခဲ့သည်ကို လည်းတွေ့ရှိ ရသည် ထို့အတူ ဟံသာဝတီ မင်းဆက် ဘုရင်များသည် ပြည်နှင့် တောင်ငူတောင်ဘက် ဒေသတစ်လွှားကို စည်းလုံး သိမ်းသွင်း နိုင်ခဲ့ကြ သည်။

မွန်ဘုရင် ရာဇာဓိရာဇ် (ဗညားနွဲ့) (၁၃၈၅ - ၁၄၂၃) Â


အင်အား ကြီးမားသော ရာဇဓိရာဇ် လက်ထက်တွင် ရခိုင် ကမ်းရိုးတန်း ဒေသအပေါ်တွင် သြဇာ ညောင်းခဲ့သည် ကို လည်း တွေ့ရသည် ၁၄ ရာစု ကျော်ခန့်မှအစပြုပြီး ၁၆ ရာစု ကျော် ခန့်ထိ နှစ်ပေါင်း၂၀၀ နီးပါးခန့်မျှ အင်း၀ နှင့် ဟံသာဝတီမင်း ဆက်ဘုရင်များသည် မြန်မာနိုင်ငံ တွင်ထီးပြိုင် နန်းပြိုင် စိုးစံခဲ့ကြသည်...ယင်းဘုရင်များ အနက် အင်းဝတွင် မင်းကြီးစွာ စော်ကဲ မင်းခေါင် နှင့် သိုဟန်ဘွား တို့သည်၎င်း ဟံသာဝတီတွင် ရာဇဓိရာဇ်၊ ရှင်စောပု နှင့် ဓမ္မစေတီမင်းတို့သည် အထင်ရှားဆုံးသော ဘုရင်များဖြစ်ကြသည်။
မွန် ရာဇဝင် နှင့် မြန်မာရာဇဝင်ဟောင်း များတွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲနှင့် မင်းခေါင် တို့သည် ဟံသာဝတီ ရာဇဓိရာဇ်နှင့် နှစ်ပေါင်း ၄၀ ကြာမျှ စစ်မက် တိုက်ခိုက် ခဲ့ကြသည်။ အင်းဝ မှ မောသျှမ်း သိုဟန်ဘွားမူကား ဗုဒ္ဓသာသနာ နှင့် ပြည်သူတို့ကို များစွာ ညှင်းပန်း နှိပ်စက်သော မင်းဆိုးမင်းညစ် ဖြစ်ဖြင့်မြန်မာ ရာဇဝင်ဆရာများက ကြီးကျယ်ခန်းနားစွာ ရေးသားဖော်ပြကြသည်။ (လျဉ်းသင့်၍ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သည်ဟူသော အနော်ရထာပင် ထူးခြားသော နိမိတ်တစ်ခုတွေ့သဖြင့် သူ၏ ပုရောဟိတ်ဗေဒင် ဆရာများအား မေးမြန်ရာ နောင်တွင် ပေါ်မည့် မင်းလောင်းသည် ယခု ပဋိသန္ဓေတည်နေပြီဟု နိမိတ်ဖတ်ပြကြသည်။ အနော်ရထာသည် သူ၏ ထီးနန်းကို မစွန့်ချင်သဖြင့် ကိုယ်ဝန်ဆောင်မိန်းမအားလုံးကို သတ်စေသည်။ ထို့နောက် ကာလအတန်ကြာတွင် သတိရသဖြင့် ပုရောဟိတ်တို့အား ထပ်၍ မေးမြန်းရာ ပုရောဟိတ်တို့က ယခုလျှင် နို့စို့အရွယ်ရှိနေပြီဟု ဆိုပြန်သဖြင့် နို့စို့အရွယ်ကလေးအားလုံးကို သတ်စေသည်။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်၍ မေးမြန်းရာ ယခု နွားကျောင်းသား အရွယ်ရှိနေပြီဟု ဆိုသဖြင့် နွားကျောင်းသားအရွယ်အားလုံး ကို သတ်စေသည်။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ ထို့ကြောင့် နန်းတော်သို့ ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးေသော အခါ စက်ရောင်ထွက်သူကို တွေ့ရသည်။ ငါ၏ ထီးနန်းကို သိမ်းပိုက်မည့်သူလားဟု မေးရာ ပုရောဟိတ်ဗေဒင် ဆရာများကမဟုတ်။ နောင် မင်းဆက်တစ်ဆက်ကျော်မှ မင်းဖြစ်မည့်သူဖြစ်သည်ဟု ဆိုသဖြင့် သတ်ခြင်းကိုရပ်လိုက်လေသည်။
ယိုးဒယားကို မြန်မာတို့ တိုက်တုန်းကလည်း ယိုဒယားစေတီ ပုထိုးတော်များကို ဖျက်စီးခဲ့ကြပါသည်။ မွန်မြန်မာစစ်ပွဲတွင်လည်း ဦးအောင်ဇေယျပင်လျှင် မွန်ရဟန်းများအပြားကို သုတ်တင်ခဲ့၍ သင်္ကန်တွေကျွန်းလို ပုံနေသည့်အတွက် သင်္ကန်းကျွန်းဟု ယနေ့တိုင်ခေါ်ဆိုနေခဲ့ကြသည်ဟု သိရပေသည်။ မည်သို့ပင်ရှိစေကာမှု ပဒေရာဇ်စနစ်တွင် ဖခင်ကိုသားသတ်လိုက် သားကိုဖခင်သတ်လိုက် အစ်ကိုကို ညီသတ်လိုက် ညီကိုအစ်ကိုသတ်လိုက် ရှိစမြဲပါ အချို့မြန်မာစာရေးဆရာတို့သည် တိုင်းရင်းသား မင်း ဘုရင်ဆိုလျင် မင်းဆိုးမင်းညစ်ဟုရေးသာကြသည် ဤသို့ဆိုလျှင် လူတွေ ရဟန်းတွေသတ်ခဲ့ မြန်မာမင်းများ သည်လည်းမင်းဆိုးမင်းညစ် ဖြစ်မည်မလွဲပေ )...
ရာဇဓိရာဇ် နောက် ဟံသာဝတီတွင် ဆက်လက်စိုးစံကြသော ဘုရင်မကြီး ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့ နန်းသက်များအတွင်း ရာမညတိုင်းကြီး တစ်ခုလုံးသည် ငြိမ်းချမ်းသာယာလျှက် နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေးနှင့် ယဉ်ကျေးမှုများ အဖက်ဖက်တို့တွင် များစွာ တိုးတက်လျှက် ရှိကြောင်းဖြင့် မွန် ရာဇဝင်များတွင် လွမ်းဆွတ်ဖွယ်ရာ ဖွဲ့နွဲ့ ရေးသား ဖော်ပြကြသည်။
ပထမ မြန်မာနိုင်ငံ ၁၀၅၀ မှ ၁၃၀၀ ခန့်အထိ ပျက်စီးသွားခဲ့ပြီးနောက် ဒုတိယ မြန်မာနိုင်ငံ ကိုပြန်လည် ထူထောင်ခြင်း မပြုနိုင်မီ ကြားကာလ မြန်မာနိုင်ငံ၏ သမိုင်းကို စူးစမ်း လေ့လာသော အခါ ထိုကာလတွင် မြန်မာ နိုင်ငံတွင် အင်အား ကြီးမားသော ဟံသာဝတီနှင့် အင်း၀ မင်းဆက် ဘုရင်များ၏ ပဋိပက္ခ ပေါ်တွင် အခြေခံ ကြောင်း အထင်အရှား တွေ့ရှိရသည်။ ထိုကြား ကာလအတွင်း မွန်နှင့် ရခိုင် မြန်မာနှင့် ရခိုင် မြန်မာနှင့် သျှမ်း မွန် နှင့် သျှမ်းတို့၏ အကြားတွင် ဖြစ်ပွား ပေါ်ပေါက်ခဲ့ကြသော ပဋိပက္ခ များသည် အင်းဝနှင့် ဟံသာဝတီ တို့အကြားတွင် ဖြစ်ပွားသည့် ပဋိပက္ခ ဖြစ်ကြောင်း ကိုလည်းတွေ့ရှိရသည်...ဟံသာဝတီ နှင့် အင်းဝဘုရင် မင်းဆက် များသည် တစ်ဦးကို တစ်ဦးက လွှမ်းမိုး အောင်နိုင်ရေ းအတွက် ထိုအချိန်က တသီးတခြား တည်ရှိ နေခဲ့သည့် ရခိုင် ကမ်းရိုးတန်းဒေသ နှင့် မြောက်ဘက် မောသျှမ်းဒေသများကို နှစ်ဦး နှစ်ဘက်စလုံး က မိမိတို့ ဘက်သို့ ပါဝင်လာအောင် အနုနည်း အကြမ်းနည်း နှစ်မျိုးစလုံးဖြင့် ဝင်ရောက် စွက်ဖက်ခြင်းများ ပြုခဲ့ကြသည်။ မြန်မာရာဇဝင် များတွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲ နှင့် သားတော် မင်းခေါင်တို့ နန်းသက်များ အတွင်း ရခိုင်နှင့် မောသျှမ်း ပြည်နယ်များ အရေး တွင်အကြိမ်ကြိမ် ဝင်ရောက် စွက်ဖက်သော အရေးအခင်းနှင့် အဖြစ်အပျက်များကို ရေးသားဖော်ပြကြသည်...ထို့အတူ ဟံသာဝတီဘုရင် ရာဇဓိရာဇ်၏ နန်းသက်အတွင်း ရခိုင်နှင့် သိန္နီပြည်နယ်များ အရေးအခင်းတွင် ဝင်ရောက် စွက်ဖက်ခြင်း များကိုလည်းတွေ့ရှိရသည်...သို့ရာတွင် အင်းဝနှင့်ဟံသာဝတီမင်းဆက် ဘုရင်များသည် ယင်းဒေသများ၏ အရေးတွင် ဝင်ရောက် စွက်ဖက်ခြင်း ပြုနိုင်ရုံမှတပါး စည်းလုံး သိမ်းသွင်းခြင်း မပြုနိုင်ခဲ့ကြချေ...ရခိုင်သည်၎င်း မောသျှမ်းပြည်နယ်များသည်၎င်း အင်းဝနှင့် ဟံသာဝတီ မင်းဆက် ဘုရင်များ၏ လွှမ်းမိုးမှု အောက်မှ သီးခြား ကင်းလွတ် လျက်ရှိ နေခဲ့ကြသည်။
အင်းဝနှင့် ဟံသာဝတီတို့သည် တစ်ဦးကိုတစ်ဦး လွှမ်းမိုး အောင်နိုင်ရေးအတွက် ကြိုးပမ်းအား ထုတ်လျက် ရှိကြစဉ် မြောက်ဘက်တစ်လွှားရှိ မောသျှမ်းများသည် အခါအခွင့်သင့်သော အခါတိုင်း တရုတ်ပြည် ယူနန်နယ်ကို ၎င်း အင်းဝကို ဗဟိုပြုသော မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ကို၎င်း မကြာခဏဝင်ရောက် တိုက်ခိုက်ရန် စမ်းသပ် ကြိုးပမ်းခြင်း များပြုလုပ် ခဲ့ကြသည်... မြန်မာရာဇဝင်များတွင် အင်းဝမင်းဆက် ဘုရင် မင်းကြီးစွာ စော်ကဲ နှင့် သားတော်မင်းခေါင် ဘုရင်တို့ နန်းသက် များအတွင်း မိုးညှင်း ကုန်းဘောင် နှင့် သိန္နီစော်ဘွား တို့သည် ကြိမ်ဖန်များစွာ ဝင်ရောက် တိုက်ခိုက်ကြသဖြင့် အင်အားကြီးမားသော သျှမ်းတပ်ကြီးများကို ရမည်းသင်းစား သီလဝနှင့် ငယ်ရွယ်ရဲ့ရင့်သော မင်းရဲကျော်စွာတို့က ရွပ်ရွပ်ချွန်ချွန် တွန်းလှန်တိုက်ခိုက်ပြီး အောင်နိုင်ကြောင်းဖြင့် တခမ်းတနား ရေးသားဖော်ပြကြသည်။
အင်းဝမင်းဆက် ဘုရင်များ၏ အင်အား လျော့ပါးသည့် သက္ကရာဇ် ၁၅၂၇ ခုနှစ်တွင် မိုးညှင်းစလုံ နှင့် သားတော် သိုဟန်ဘွားတို့ ခေါင်းဆောင်သော မောသျှမ်းများသည် အင်းဝကို ဝင်ရောက် တိုက်ခိုက်ခြင်း ပြုသည်။ မြန်မာ ရာဇဝင်များတွင် အင်းဝဘုရင်ရွှေနန်းကြော့ရှင် နရပတိသည် ယင်းတိုက်ပွဲတွင် အမြောက်ဆံထိပြီး ကျဆုံးကြောင်း ဖေါ်ပြကြသည်။ မိုးညှင်းစလုံသည် ရွှေနန်းကြော့ရှင်၏ တူတော် မင်းကြီးရန်နောင်၏ အကူအညီဖြင့် ၎င်း၏သားတော် သိုဟန်ဘွားကို အင်းဝတွင် နန်းတင်ပြီး မိုးညှင်းသို့ပြန် သွားကြောင်းဖြင့်ရေးသား ဖော်ပြကြသည်။ အင်းဝကို သိမ်းပိုက် စိုးစံသော မောသျှမ်းများသည် ယခင် အင်းဝမင်းဆက် ဘုရင်များကဲ့သို့ မဟုတ်ပဲ ဗုဒ္ဓဘာသာ နှင့် ပြည်သူ လူထုများကို ညှင်းပန်းနှိပ်စက်ခြင်းပြုသဖြင့် သိုဟန်ဘွား၏ ဒဏ်ကို မခံနိုင်သော မြန်မာ လူမျိုး အမြောက်အမြားသည် စစ်တောင်း မြစ်ဝှမ်းဘက်ရှိ တောင်ငူနယ်သို့ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ ထွက်ပြေးကြကြောင်း ရေးသားဖော်ပြ ကြသည်။

(သျှမ်းသမိုင်း အဆိုအရ မြို့လစား ဥဒိန်သည် သတိုးဘွဲ့ဖြင့်မိုးညှင်းရလျှင် မိုးညှင်းသတိုးမင်းသည် ထေရဝါဒ သာသနာတော်ကို စတင်တည်ထောက်ခဲ့၏ ပုဂံနေပြည်တော်မှ ကြွရောက်တော်မှုလာကြသော အရှင်ဗုဒ္ဓ္ခဿမထေရ်နှင့် အရှင် သုမနမထေရ်သည် မိုးညှင်းတွင် ထေရဝါဒ သာသနာတော် ပြန့်ပွားထွန်းကားခဲ့လေသည်။ မိုးညှင်းသတိုးမင်းသည် သက္ကရာဇ် ၇၆၅ ခုနှစ် တပေါင်းလပြည့် ဗုဒ္ဓ္ခဟူးနေ့ နံနက် ၄ချက်တီးမှစ၍ ရွှေပန္နက်ငွေပန္နက်တင်ပြီး ရွှအုတ်ငွေအုတ် ပတ္တမြားအုတ်တို့ကို ချတော်မှုကာ စန့်ခေါဖိတ် စေတီတော်ကို တည်ထားကိုးကွယ်လေသည်၊ တဖန် သက္ကရာဇ် (၈၈၅-၈၈၈) စေဝ်လုံ (ခေါ်) မိုးညှင်း-စဝ်လုံ လက်ထက်တွင် ၎င်းစေတီတော်အား ပထမအကြိမ် ပြန်လည်ပြုပြင်ခဲ့သည်။ ထိုအချင်းရာကို  ထောက်ရူခြင်းအားဖြင့် မိုးညှင်းစလုံ နှင့် သားတော် သိုဟန်ဘွားတို့ ခေါင်းဆောင်သော မောသျှမ်းများသည် ဗုဒ္ဓ္ခဘာသာဝင်များ ဖြစ်ကြောင်းသိတာ ထင်ရှားလှပေသည်။)
သိုဟန်ဘွားနန်းတက်စက မြန်မာတို့နေရာ ပြည်နှင့် တောင်ငူသို့ ချီတက်တိုက်ခိုက်မည်ဟု မင်းကြီးရန်နောင် အားတိုင်ပင်ရာ မင်းကြီးရန်နောင်မှ သျှမ်းမင်းလုပ်ကြံသော် ပြည် တောင်ငူတို့ ခံနိုင်မည်မဟုတ် ပျက်ခဲ့လျှင်လည်း သျှမ်းတို့သာမြန်မာနိုင်ငံကို အုပ်စိုးကြတော့မည် ကျန်သည့် မြန်မာနိုင်ငံ ကျန်ပါစေတော့ဟုကြံ၍ မင်းကြီးရန်နောင်မှ သွားရောက်တိုက်ခိုက်ရန် မလိုပါ အသျှင်မင်းကြီး ဘုန်းတော်ကြောင့် အလိုလိုညွတ် လာပါလိမ့်မည်ဟု လျှောက်လေသည် ထို့ကြောင့် အဝနန်းရှင် သိုဟန်ဘွားလည်း မတိုက်တော့ချေ။ မင်းကြီးရန်နောင်သည် ပြည်နှင့် တောင်ငူတို့သို့ သျှမ်းမင်းနှင့် အညီအညွတ် ဖြစ်စေလောဟု တိတ်တဆိတ်စေ၍ ပြည်- တောင်ငူတို့ကလည်း လက်ဆောင် ပဏ္ဍာများဖြင့် မဟာမိတ်ပြုကြသည်။ တောင်ငူနယ်သည် ဟံသာဝတီနှင့် အင်းဝတို့၏ အကြားတွင် မြန်မာလူမျိုးများ၏ ခိုလှုံစုဝေးရာ အခြေခံဒေသကြီး ဖြစ်မှန်းမသိဖြစ်လာသည်...အင်းဝနှင့် ဟံသာဝတီ မင်းဆက်များ၏ ပဋိပက္ခ အကြားတွင် နှစ် ပေါင်း ၂၀၀ နီးပါး ခန့်မျှ ကင်းလွတ်ပြီး ငြိမ်းချမ်းနေခဲ့သော တောင်ငူနယ်ရှိ မြန်မာ လူမျိုးများသည် တဖြည်းဖြည်း နှင့်အင်အား ကြီး မားလာကာ ၁၅ ရာစုကုန်ပြီး ၁၆ ရာစု လောက်တွင် တောင်ငူနယ်သည် မောသျှမ်းများ စိုးစံလျက်ရှိသော အင်း၀ နှင့် မွန်မင်းဆက်များ စိုးစံလျက်ရှိသော ဟံသာဝတီတို့၏ အကြားတွင် အင်အားကြီးမားကာ သီးခြားကင်းလွတ် သော မြန်မာဒေသကြီးတစ်ခုဖြစ်လာသည်ကို တွေ့ရှိရသည်။ တောင်ငူနယ်၏ အကြီးအကဲများသည် အင်းဝမင်း ဆက်ဘုရင်များ၏ သစ္စာတော်ခံမြို့စား နယ်စားများ သာဖြစ်ခဲ့ကြသော်လည်း တောင်ငူနယ်၏ အကြီးအကဲ ဖြစ် သူ မင်းကြီးညို ၁၄၆၈ မှ ၁၅၃၀ လက် ထက် ကျ ရောက် သော အခါ တွင် တောင်ငူနယ်နှင့် မင်းကြီးညို အား အင်း ဝဘုရင် ရွှေနန်းကြော့ရှင် ကိုယ်တိုင်က သီးခြား အာဏာပိုင်ပြည်နယ် မင်း အဖြစ်ဖြင့် အသိအမှတ် ပြုကာ မင်းမြောက် တန်ဆာ ငါးပါး နှင့် တူမတော်မင်းလတ် တို့ကို ပေးအပ်ကြောင်းဖြင့် မြန်မာရာဇဝင်များတွင် ရေးသား ဖော်ပြ ကြသည်။
ထို့နောက် ဟံသာဝတီနှင့်တကွ ဇင်းမယ် နှင့်လင်းဇင်းတို့ကပင် အသိအမှတ်ပြု ခန့်ညား လာရကြောင်းဖြင့် ဆက် လက်ရေးသားဖော်ပြသည် ကိုလည်း တွေ့ရှိရသည်။ ယင်းသို့ဖြင့် ပထမ မြန်မာနိုင်ငံတော်ကြီး ပျက်စီး သွားခဲ့ ရ ပြီးနောက် ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခြင်း ပြုအံ့ဆဲဆဲ အချိန်တွင် မြန်မာနိုင်ငံ မြောက်ဘက် တစ် လွှားနှင့် ဧရာဝတီမြစ်ဝှမ်း အလယ်ပိုင်းဒေသများတွင် အင်းဝကို ဗဟိုပြုပြီး စိုးစံနေကြသော မောသျှမ်း ဘုရင်နှင့် အကြီးအကဲများ။ ပြည်နှင့်တောင်ငူ တောင်ဘက် မြန်မာနိုင်ငံ တလွှားတွင် ဟံသာဝတီကို ဗဟိုပြုပြီး စိုးစံ နေ ကြသော မွန်မင်းဆက် ဘုရင်နှင့် အကြီးအကဲများ။ မြန်မာနိုင်ငံအလယ်ပိုင်း စစ်တောင်းမြစ်ဝှမ်း ဒေသတစ်လျောက်တွင် တောင်ငူကို အချက်အခြာပြုပြီး အင်အားစုဆောင်း နေကြသော မြန်မာလူမျိုး အကြီးအကဲများနှင့် ခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် လူမျိုးကြီးသုံးမျိုး အင်အားစုကြီး သုံးစုအဖြစ် ဖိုခနောက်ဆိုင် တည်ရှိနေကြသည်ကို တွေ့ရှိရပေသည်။ အချိန်ကာလ ကြာမြင်လာသည်နှင့်အမျှ မွန်မြန်မာကပြားများနှင့် သျှမ်းမြန်မာ ကပြားများသည်လည်း မြန်မာများဖြစ်လာကြ၍ မြန်မာလူမျိုးတို့သည် အင်အားကြီးသည် ထက်ကြီးလာပါတော့သည်။ ယခုမျက်မောက် ကာလတွင်လည်း ထိုခေတ်အခြေနေနှင့် သိပ်မထူးခြားသည်ကို တွေ့ရသည်။ အထူးသဖြင့် တိုင်းရင်သားများသည် အခြေအနေအကြောင်းကြောင့် မိမိဘာသာ စကားမတတ်တော့သည့် သူများနှင့် မိမိလူမျိုးနှင့် မြန်မာပေါင်းစပ် ကပြာများဆိုလျှင် မိမိလူမျိုးထဲ ဝင်ရောက်လာအောင် ကြံဆောင်နိုင်ခြင်းမရှိဘဲ ဝိုင်းဝန်းပယ်ထုတ် နေသည်ကို ဝမ်းနဲဘွယ်တွေ့ရှိရပါသည်။

အနာဂတ် တိုင်းရင်းသား ညီအစ်ကိုခြင်း စစ်ခင်းခြင်း ကင်းဝေးနိုင်ကြပါစေ ။
ထုတ်နုတ်-
ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
မွန်ရာဇဝင်။ မာဂဒူ အရေးတော်ပုံ
အရေးတော်ပုံ ကျမ်းများ ပြဿနာ။ ရီရီ
သျှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်

http://shanniyouth.blogspot.com/2010/04/blog-post_8056.html


  လူမျိုးရှိပြီး အမည်ပျောက်နေသူများ မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။

ရှမ်းနီ တိုင်းရင်းမျိုးနွယ်စုများသည် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုင်းနား၊ အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ဝန်းသို၊ နှင့် ချင်းတွင်းမြစ် တလျှောက်ရှိ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့ စသည့် မြို့နယ်များတွင် နေထိုင်ကြသည်။  

မြန်မာပြည် အထက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း နေထိုင်သူ ရှမ်းနီ လူဦးရေ စုစုပေါင်း ၅ သိန်းခန့်ရှိပြီး၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်တွင် (၁၀) သိန်းခန့်ရှိကြောင်း ၁၉၉၃ ခုနှစ်၊ အမျိုးသားညီခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုးစု အစီရင်ခံစာက ဖော်ပြ ရေးသားထားသည်။

စစ်အစိုးရအာဏာပိုင်များက ရှမ်းနီစာပေ၊ ဘာသာစကား တရားဝင် သင်ကြားခွင့် နှင့် ယဉ်ကျေးမှုပွဲတော်များ ကျင်းပခွင့်တို့ကို ပိတ်ပင်ထားသည်သာမက ရှမ်းနီ လူမျိုးစုများ၏ နိုင်ငံသားဖြစ်ခြင်းအပေါ် ကန့်သတ်မှုများ ရှိနေသည့်အတွက် လူငယ်များအကြား စာပေ၊ စကား၊ ယဉ်ကျေးမှုများ သိရှိနားလည်မှု ဆိတ်သုဉ်း ပျောက်ကွယ်မည့် အလားလာများ တွေ့ကြုံနေရသည်။


“ကိုယ့်ကိုကိုယ် ရှမ်းနီလူမျိုးဆိုတာ အရင်က မသိခဲ့ဘူး။ အခုနောက်ပိုင်း လူကြီးမိဘတွေ ပြောစကားအရ သိရတာ။ ရှမ်းနီစာလည်း သင်ကြားခွင့်အပိတ်ခံထားရတော့ စာရော၊ စကားပါ မတတ်ပါဘူး။ ကျနော်မိဘတွေလည်း မတတ်ပါဘူး။ အဘိုးအဘွားတွေလောက်ပဲ တတ်တာ” ဟု ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ နန်းမား ဒေသခံ ရှမ်းနီလူငယ် စိုင်းထွန်းက နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ကို ပြောသည်။

အလားတူ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်ဒေသတလျှောက်တွင်နေထိုင်ကြသော ရှမ်းနီလူမျိုးများသည် ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်သော်လည်း စာပေအရေးအသားတွင် သိကျွမ်းသူများ ယခုအခါတွင် အလွန်ရှားပါးနေပြီဖြစ်ကြောင်း မိုင်းနားရွာက ကိုစိန်မောင်က ယခုလိုပြောသည်။

“ကျနော်အပါအဝင် လူငယ်အတော်များများက စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်ပါတယ်။ ရှမ်းစာပေကြတော့ လုံးဝ သင်ကြားခွင့်မရဘူးဆိုတော့ ရွာမှာရှိတဲ့သူတွေအားလုံးလိုပဲ မရေးတတ်၊ မဖတ်တတ်ကြဘူး။ ရေးတတ် ဖတ်တတ်တဲ့လူကြီးတွေ လည်း သေဆုံးကုန်တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

ဘိုးဘွားအစဉ်အဆက် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးစုများသည် ၁၉၄၇ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၆ အရ ပြည်နယ်သတ်မှတ်ခြင်း မခံခဲ့ရသဖြင့် နောက်ပိုင်းတွင် ၎င်းတို့စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်လာနေသည်ဟု ၁၉၉၃ ခုနှစ်၊ အမျိုးသားညီလာခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုး အစီရင်ခံစာတခုက ဖော်ပြသည်။

မြန်မာပြည်အထက်ပိုင်းတွင်နေထိုင်သော  ဒေသခံရှမ်းအမျိုးအနွယ်များမှာ တိုင်းလိုင်(ရှမ်းနီ) တိုင်းခန္တီး (ခန္တီးရှမ်း)၊ တိုင်းနေ (ရှမ်းတရုတ်)၊ တိုင်းလုံ (ရှမ်းကြီး) တိုင်းဂဒူး၊ တိုင်းဂဏန်း၊ တိုင်းဖွန်း၊ တိုင်းဆာ(ခေါ်) မိုင်းသာရှမ်း တို့ဖြစ်သည်။

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ရှမ်းနီလူမျိုးနွယ်စုများ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် လူမျိုးအမည်ဖော်ပြရာ၌ ‘ရှမ်း - ဗမာ’ ဟုသာ ထည့်သွင်းရေးသားစေခဲ့ပြီး၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ ‘ဗမာ’ ဟုသာ ယနေ့အထိ ထည့်သွင်း သုံးနှုန်းစေခဲ့သည်။

ယခုလို အမည်ပြောင်း သတ်မှတ်ခံရခြင်းဖြင့် ရှမ်းနီလူမျိုးစုမှာ ပျောက်ကွယ်တော့မည့်အလားအလာရှိနေကြောင်း ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသက စိုင်းခမ်းတီ ပြောသည်။

“အခုမှတ်ပုံတင်လုပ်တဲ့အခါ မင်းတို့က ရှမ်းစကားလည်းမတတ်ဘဲနဲ့ ဘာလို့ ရှမ်း -ဗမာဆိုပြီးထည့်ရမှာလဲ၊ ရှမ်းဗမာဆိုတာမရှိဘူး။ ရှမ်းဆိုရင်ရှမ်းပေါ့၊ ဗမာဆိုရင် ဗမာပေါ့ဆိုပြီး၊ အခုတော့ ရှမ်းနီစကားမတတ်တဲ့ရှမ်းတွေအားလုံး  ဗမာလို့ပဲထည့်ရတယ်” ဟု ပြောသည်။

သူက “ရှမ်းနီလူမျိုး တွေအနေနဲ့ ဗမာလို့ မထည့်ချင်ပေမဲ့ သူတို့ရဲ့ အာဏာကိုမဖီဆန်နိုင်တော့ ထည့်ရတာပေါ့။ လူငယ်တွေကလည်း ဗမာလိုပဲတတ်ကြတဲ့အတွက်  တဖြည်းဖြည်း ကွယ်ပျောက်တော့မယ့် အန္တာရယ်နဲ့ ကြုံတွေ့နေရပါတယ်” ဟု ဆိုသည်။

မြန်မာပြည်တွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားနှင့် စာပေများကို ယနေ့ထိတိုင် တရားဝင်သင်ကြားခွင့်မရရှိခြင်းသည် လူမျိုးနွယ်စုများ အမြတ်တနိုးထားသည့် စာပေ၊ ဓလေ့ထုံးတမ်းစဉ်လာများ ပျောက်ကွယ်မည့် လမ်းစပင်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက မှတ်ချက်ပေးသည်။

အလားတူ ရှမ်းနီလူမျိုးစုများ၏ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကို အာဏာပိုင်များက လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်ကာ တရားဝင်ကျင်းပခွင့် ပိတ်ပင်ခြင်းခဲ့သည့်အတွက် လူငယ်များအကြား ရိုးရာပွဲတော်များအကြောင်း သိသူရှားပါးလာနေကြောင်း ရှမ်းနီလူငယ်များက ဆိုသည်။

“ကျနော်တို့ဆီမှာ ရိုးရာပွဲတော်ဆိုလို့ ဘာပွဲမှ မကျင်းပဖြစ်တာ အတော်ကို ကြာနေပါပြီ။ နှစ်သစ်ကူးပွဲတော်တွေတောင်  မကျင်းပဖြစ်တာတောင်ကြာပါပြီ။ ရိုးရာပွဲလမ်းသဘင်ဆိုလို့ ဘာမှမရှိပါဘူး” ဟု စိုင်းခမ်းတီ ကဆိုသည်။

သူက “ဥပုဒ်နေ့တွေမှာ ၆ အိမ်၊ ၇ အိမ်စုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာ၊ လာတဲ့ပရိသတ်တွေကို ဧည့်ခံကျွေးမွေးတာမျိူးလောက်ပဲရှိတော့တာပါ” ဟု အင်းတော်ကြီးဒေသက အခြေအနေကို ပြောပြသည်။  

ရှမ်းနီတိုင်းရင်းသား အများစုသည် ယခင်က တနိုင်တပိုင် ရွှေကျင်သည့်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်း၊ လယ်ယာလုပ်ငန်းနှင့် သီးနှံစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ထို့ကြောင့်  အထက်တန်းပညာရေးအဆင့် ကျော်လွန်ကာ၊ တက္ကသိုလ်ဘွဲ့ရ သူများ နည်းပါးနေသေးကြောင်း ကချင်ပြည်နယ်၊ မိုင်းနားရှမ်းရွာနေထိုင်သူ ကိုစိန်မောင်က ယခုလိုပြောသည်။

“ကျနော်တို့ လူမျိုးတွေက ပညာလည်းမတတ်တော့ မိဘတွေလုပ်ကိုင်တဲ့ အရက်ချက်တာတို့၊ ဝက်မွေးတာတို့၊ အခင်းစိုက် ပျိုးတာတို့၊ လယ်ယာလုပ်ကိုင်တာတို့ပဲ လုပ်တတ်တယ်။ လက်လုပ်လက်စားတွေပဲများတယ်။ လေးတန်းအောင်ရင်ပြီးတာပဲ။ ဘာမှမလိုဘူး၊ အလုပ်လုပ်စားလို့ရရင်ပြီးတာပဲလို့ ထင်တယ်လေ” ဟု ပြောသည်။

ရိုးရာစာပေ၊ ယဉ်ကျေးမှု၊ ပွဲတော်၊ ဘာသာစကားအပြင် ရိုးရာအဝတ်အစားများမှာလည်း တဖြည်းဖြည်း ကွယ်ပျောက်လာသည့်အတွက် ဓလေ့ထုံးတမ်းအစဉ်လာများကို ထိမ်းသိမ်းလိုသည့် ရှမ်းနီခေါင်းဆောင်တချို့က အာဏာပိုင်များပိတ်ပင်သော်လည်း နွေရာသီအားလပ်ရက်တွင် လူငယ်များကို တတ်နိုင်သရွှေ့ လက်ဆင့်ကမ်း သင်ကြားပေးရန် စီစဉ်ထားသည်။

“အာဏာပိုင်တွေက ရှမ်းနီစာဆိုတာ မရှိဘူးဆိုပြီး၊ ပိတ်ပင်ခံရတယ်။ ဒါပေမယ့် ရှမ်းနီစာပေသင်ကြားရေးတွေကို မြို့နယ်တချို့နဲ့ ကျေးရွာတွေကို ဆင်းပြီး၊ အသက် အရွယ်မရွေး သင်ကြားပေးနေပါတယ်” ဟု ရှမ်းနီစာသင်ကြားရေးတွင် ကူညီဆောင်ရွက်ပေးနေသူ ကချင်ပြည်နယ်၊ ဗန်းမော်ဒေသနေထိုင်သူ နန်းရှန်ဟွမ်က ပြောသည်။

လတ်တလောတွင် ရှမ်းနီစာပေသင်ကြားရေးကို ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ရွှေကူဒေသတို့တွင် လုပ်ဆောင်ပေးနေကြောင်း နန်းရှန်ဟွမ် က ဆိုသည်။

၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ညောင်နှစ်ပင်အမျိုးသားညီလာခံတွင် ရှမ်းနီအမျိုးသားလက္ခဏာဖော်ဆောင်ခွင့်ပေးရန် ရှမ်းနီခေါင်းဆောင် တဦးဖြစ်သူ ဦးစိုင်းထိန်လင်းက အကြံပြုချက် စာတမ်းတစောင် တင်သွင်းခဲ့သေးသည်။

စစ်အစိုးရရေးဆွဲထားသည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံဥပဒေတွင်မူ တိုင်းရင်းသားလူနည်းစုတချို့ဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နှင့် ဝ’ တို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းနှင့် ဒေသများအဖြစ် သတ်မှတ်ပေးထားသည်။

http://burmese.bnionline.net/index.php/feature/bni/3687-2010-03-16-13-16-00.html

Share   မောဘုရင် ဆေခန်ဖ မောဘုရင် ဆေခန်ဖ (အေဒီ ၁၃၁၁-၁၃၆၄)

မောဘုရင် ဆေခန်ဖရဲ့ ထီးနန်းတက်ခဲ့တဲ့ နှစ် (၇၀၀) ပြည့်ကို အမှတ်ရစေဖို့ ဒီဆောင်းပါးကို တင်ပြခြင်း ဖြစ်ပါတယ်။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ပြောခဲ့တဲ့ တန်ဖိုးရှိလှတဲ့ စကားတစ်ခွန်းကိုလည်း အမှတ်ရနေမိတယ်။ . . . သမိုင်းကို သင်ယူလေ့လာတာဟာ မအဖို့ပါ . . . တဲ့။ ဒါကြောင့် တို့တတွေ မအအောင် မောရှမ်းဘုရင် ဆေခန်ဖ အကြောင်းကို လေ့လာကြပါစို့ . . .

အေဒီ ၉၅၂ မှ ၉၅၇ အထိ မောဒေသမှာ အုပ်ချုပ်သူ မင်းဆက်ပြတ်သွားသဖြင့် မူးမတ်တို့က မင်းမျိုးမင်းနွယ်အဆက်ကို လိုက်ရှာခဲ့ရာ ဖညင်းမိန်းမင်းကြီး အုပ်ချုပ်သော မိန်းဟိမိန်းဟမ်းနိုင်ငံ (ယခုကမ္ဗောဒီးယား၊ ယခင်က ယိုဒယားရှမ်းမျိုးနွယ်အုပ်ချုပ်ခဲ့)သို့ ရောက်သွားကာ မင်းမျိုးနွယ်ကို တောင်းခံခဲ့တယ်။ မင်းကြီးက သူ့သားတော် ခွန်တိုင်းခန်အား မောပြည်ကို အခြံအရံနဲ့ စေလွှတ်ခဲ့ကာ ခွန်တိုင်းခန်ဟာ ရှဲန်ဆည် (ယခု ယူနန်ပြည်နယ်)တွင် နန်းစိုက်ပြီး မောပြည်ကို အုပ်ချုပ်ခဲ့တယ်။ ခမည်းတော် ဖညင်းမိန်းဟာ သားမြေးမြစ် (၁၀၀) ရှိတယ်လို့ ဆိုတယ်။ ဒါကြောင့် ခွန်တိုင်ခန် မောပြည်ကို သွားတည်ထောင်ဖို့အတွက် မင်းမျိုးနွယ်ဖြစ်တဲ့ ခွန်တိုင်ခန်နဲ့ သူ့ရဲ့ သားတော် တူတော် စုစုပေါင်း (၁၃) ပါး ထဲ့ပေးကာ အိမ်ထောင်စု (၈၀၀၀) ကိုပါ လိုက်စေခဲ့တယ်။ တစ်အိမ်ထောင်မှာ မိသားစု (၃) ယောက်နှုန်း ရှိတယ်လို့လဲ သမိုင်းမှာ ဆိုထားတယ်။ အဲဒီ ကမ္ဗောဇ (ခေါ်) ကမ္ဗောဒီးယားကနေ ရောက်လာကြတဲ့ ခွန်တိုင်းခန်တို့ကို အကြောင်းပြုပြီး ရှမ်းပြည်ကို ကမ္ဗောဇလို့ ခေါ်လာတာ အခုထိပါပဲ။ ခွန်တိုင်ခန်က ရှဲန်ဆည်မှာ နန်းစိုက်ပြီး သားတော် တူတော်တို့ကို ရှမ်းပြည်အနှံ့ စော်ဘွားအဖြစ် ခန့်ထားပြီး အုပ်ချုပ်စေခဲ့တယ်။

အဲဒီ စော်ဘွားမြို့တွေကတော့ . . . (၁) သိန္နီ (၂) ဗန်းမော်၊ မိုးညင်း၊ မိုးကောင်း (၃) မိုင်းယဉ် မိုင်းတတ် (၄) ကလေး၊ ဝန်းသို (၅) မိန်းခိုင်၊ လက်ပံ (၆) ညောင်ရွှေ၊ နောင်မွန်၊ မိုးဗြဲ (၇) မိုးနဲ၊ မောက်မယ်၊ ကျိုင်းတောင်း (၈) မိန်းမောရွှေလီ (၉) ကီမ၊ မိန်းတင် (၁၀) မိုင်းဟိန်း မိုင်းယန်း မိုင်းခါ (၁၁) မိုးကုတ်၊ မိုးမိတ်၊ မိုင်းလုံ (၁၂) ခွန်တိုင်ခန်နန်းစိုက်တဲ့ ရှဲန်ဆည် ဆိုတဲ့ ၁၂ ပြည်ထောင် စုပေါင်းထာခြင်းပါ။ အေဒီ ၁၀၆၈ ခွန်တိုင်းခန် နတ်ရွာစံပြီးနောက် သားတော် ခွန်တိုင်းပုံက ရှဲန်ဆည်မှာ နန်းစံတယ်။

မောဒေသ (ခေါ်) ရွှေလီဒေသကို စီမံအုပ်ချုပ်ရတဲ့ ခွန်တိုင်းခန်၏ သားတော် စော်ဘွားကြီး တောဝ့်ငါးလုမ်း နတ်ရွာစံပြီးနောက် သားတော် ခွန်တုံက စောလုံဟုမ်မိန်း ဘွဲ့ခံပြီး မောဟော်နန်းစံခဲ့တယ်။ သမီးတော် စောမွန်လှနဲ့ သားတော်ခွန်ကော်လန်း ထွန်းကားခဲ့တယ်။ သူတို့ မောင်နှမက အမြွာပူးပါ။ အစ်မတော်က အနော်ရထာနဲ့ ပုဂံပြည်ကို လိုက်သွားရပြီး အထင်လွှဲမှုကြောင့် မောရှမ်းပြည် အပြန်လမ်း သီပေါ ဘော်ကြိုအနားမှာ ကံတော်ကုန်ခဲ့တယ်။ ညီတော် ခွန်ကော်လန်းလဲ အစ်မတော်ကို သွားကြိုဖို့ အစ်မတော် ကံကုန်တာ သိရလို့ သီပေါအနားမှာ ရင်ကွဲနာကျပြီး ကံတော်ကုန်ခဲ့ပြန်တယ်။ ဒါကြောင့် မောဟော်နန်းတော်အတွက် အမွေခံသားသမီး မရှိတော့ပါ။ စောလုံဟုမ်မိန်း နတ်ရွာစံပြီး မောမှူးမတ်တွေက ရှဲန်ဆည်ကို မင်းမျိုးသွားတောင်းတော့ ရှဲန်ဆည်မှာ ဒုတိယနန်းစံနေတဲ့ ခွန်တိုင်းပုံက သားတော် ခွန်ဖန်ခမ်းကို စေလွှတ်လိုက်တယ်။

အေဒီ ၁၁၇၇ မှ ခွန်ဖန်ခမ်းက စောလုံမြို့ပုံဘွဲ့ဖြင့် မောဟော်နန်းကို စိုးစံပြီး (၁) နန်းယေ့ခမ်းလုံ (၂) နန်းအီခမ်းလှိုင် (၃) နန်းအံအော (၄) နန်းဆိုင်အိုင် ဆိုပြီး သမီးတော် လေးပါး ထွန်းကားခဲ့တယ်။ သားတော် မထွန်းကားတာကြောင့် မောနန်းတော် အနာဂတ်အတွက် သမီးတော် နန်းအီခမ်းလှိုင်က သူမရဲ့ အချစ်ဆုံး သူငယ်ချင်း နန်းဝမ်စေ့နဲ့ ခမည်းတော်ကို လက်ဆက်ပေးခဲ့သည်။ နန်းဝမ်စေ့ရဲ့ ဝမ်းကြာတိုက်မှာ သန္ဓေတည်တဲ့အခါ မနာလိုသူများက စော်ဘွားကြီးထံ နန်းဝမ်းစေ့ နောက်မီးလင်းကြောင်း အမျိုးအမျိုး ကုန်းတိုက်လို့ စော်ဘွားကြီးက နန်းဝမ်စေ့ကို အထင်မှားပြီး နန်းတော်မှ နှင်ထုတ်လိုက်တော့တယ်။ နန်းဝမ်စေ့လည်း လွယ်လောတောင်ခြေ နမ့်ကိုင်မော်ဒေသတွင် ပင်ပန်းဆင်းရဲစွာ နေထိုင်ပြီး အေဒီ ၁၂၉၀ မှာ အမြွာပူး သားတော်သုံးပါးဖြစ်တဲ့ (၁) ခွန်အိုက်ငမ်းမိန်း (၂) ခွန်ယီခန်ခမ်း (၃) ခွန်ဆမ်လုံ တို့ကို မွေးဖွားခဲ့တယ်။ ပထမသားတော် ခွန်အိုက်ငမ်းမိန်းက နှစ်နှစ်သား အရွယ်မှာ ကံကုန်ခဲ့လို့ သားတော် ၂ ပါးသာ ကျန်ရစ်ခဲ့တယ်။ ခမည်းတော် နတ်ရွာစံပြီးနောက် အေဒီ ၁၂၉၅-၁၃၁၁ အထိ သမီးတော် နန်းအီခမ်းလှိုင်က မောဟော်နန်းသခင်မအဖြစ် မောဒေသကို စီမံအုပ်ချုပ်ခဲ့တယ်။ အဲဒီတုံးက မိုးနား၊ စန္ဒား၊ မိုင်းတီး၊ မိုင်းဟိုမ်း၊ စယ်ဖန်၊ မိုင်းခွန်၊ မိုင်းယန်း၊ မိုင်းခါ၊ တာယာ့ တို့လည်း မောအင်ပါယာထဲမှာ ပါတယ်။ (ယခု တရုတ်ပြည်၊ ယူနန်နယ်ထဲမှာ တည်ရှိတယ်)

မောသခင်မ နန်းအီခမ်းလှိုင်ဟာ သူမရဲ့ အဖေတူ မအေကွဲ ညီတော် ၂ ပါးကို တစ်ဖက်တစ်လှမ်းကနေ သူမစောင့်ရှောက်ခဲ့တယ်။ နန်းတွင်းသက်သေခံ ပစ္စည်းများကို မိထွေးတော်လည်းဖြစ် သူငယ်ချင်လည်းဖြစ်တဲ့ နန်းဝမ်စေ့ကို တိတ်တဆိတ် ပေးအပ်ခဲ့တယ်။ သူမရဲ့ ရည်ရွယ်ချက်က မောဟော်နန်းအင်ပါယာကို တခြားသူတို့ လက်ထံ မရောက်စေချင်လို့ပါ။ အေဒီ ၁၃၁၁ နန်းသက် (၁၆) နှစ်မှာ မောသခင်မ နန်းအီခမ်းလှိုင် ကံကုန်သွားခဲ့တယ်။ အဲဒီအချိန် မောင်တော် နှစ်ပါးလည်း အရွယ်ရောက်လာပြီ ဖြစ်လို့ မူးမတ်များက ထီးညွှန့်နန်းလျာ ရှာဖွေရင်း နန်းဝမ်စေ့တို့ မိသားစုထံကို ရောက်သွားတယ်။ နန်းဝမ်စေ့လည်း နန်းတွင်းသုံး ပစ္စည်းအမှတ်အသားကို ပြသနိုင်လို့ သူတို့ မိသားစု မောဟော်နန်းတော်ကို ပြန်ရောက်လာခဲ့ကြတယ်။

အေဒီ ၁၃၁၁ ခု ခွန်ယီခန်ခမ်းသည် ဆေခန်ဖဘွဲ့ဖြင့် (မြန်မာ့သမိုင်းတွင် သိုခန်ဘွားဟု ရေးသည်) မောဟော်နန်းတက်တော်မူတယ်။ သူတို့ ညီအစ်ကို ငယ်စဉ် တောင်ယာခုတ်တုံးက ကျာကြီးတစ်ကောင် အတိုက်ခိုက်ကို ခံရလို့ ခွန်ယီခန်ခမ်းဟာ ကျားနဲ့ ယှဉ်ပြိုင်သတ်ပုတ်စဉ် ကျောမှာ ကျားခြစ်ရာ ရခဲ့တယ်။ ခွန်ယီခန်ခမ်းဟာ ဘတစ်ပြန် ကျားတစ်ပြန် ကျားကြီးကို သတ္တိရှိရှိ ခုခံတိုက်ခိုက်ခဲ့ရာ ကျားကြီး ထွက်ပြေးသွားခဲ့ရတယ်။ ဒါကြောင့် နန်းတက်တဲ့အချိန် ကျားကုတ်ခြစ်ထားတဲ့ အမှတ်အသားကို အစွဲပြုပြီး ဆေခန်ဖ (ဓါးရှရာကဲ့သို့ ကျားခြစ်ထားတဲ့ အနာရွတ်ရှိသည့် ဘုရင်) ဟု အမည်တွင်ခဲ့တယ်။ အေဒီ ၁၃၁၂ မောဟော်နန်းကို စယ်ဟိုင်းအရပ်သို့ ပြောင်းရွှေ့ပြီး ရှေးခေတ် ရှမ်းစာဟောင်းကို မောရှမ်းစာ(ပဲပင်ပေါက်စာ) အဖြစ် ပြောင်းလဲ အသုံးပြုစေခဲ့တယ်။ အေဒီ ၁၃၁၄ နန်းတက်ပွဲမှာ ကမ္ဗောဇရှမ်းမင်းများ သူတစ်လူ ငါတစ်မင်း ဖြစ်နေလျင် မသင့်တော်။ အချင်းချင်း သွေးစည်းညီညွှတ်မှ တိုင်းတစ်ပါးက လေးစားမည်ဖြစ်ကြောင်းကို ဆေခန်ဖ နားလည်တယ်။ ဒါကြောင့် နန်းတက်ပွဲမှာ စည်းလုံးညီညွတ်မှုကို ရယူဖို့ ကမ္ဗောဇရှမ်းစော်ဘွားများထံ သံတမန်စာပို့စေခဲ့တယ်။

ဆေခန်ဖဟာ တခြားစော်ဘွားတွေထက် အသက်လည်း ငယ်ပြီး အထင်သေးခံရတာကတစ်ကြောင်း၊ မနေ့တစ်နေ့ကမှ စော်ဘွားဖြစ်လာတာကတစ်ကြောင်း တခြားစော်ဘွားတွေက သူ့ကို မလေးမခန့်ခဲ့ဘူး။ နို့နံ့မစင်သေးတဲ့ကောင်က ငါတို့ကို ဆရာလာလုပ်ချင်သပါ့ ဆိုပြီး သံတမန်စာကို လက်မခံခဲ့ဘူး။ နန်းတက်ပွဲကိုလည်း မလာခဲ့ဘူး။ မြွေ၊ မီး၊ မင်း၊ ရဟန်းဆိုပြီး လောကမှာ အထင်မသေးသင့်တဲ့ အရာလေးမျိုးရှိတယ်လေ အဲဒါကို စော်ဘွားကြီးတွေက မသိခဲ့ဘူးထင်ပါရဲ့။ ဒါကြောင့် အေဒီ ၁၃၁၄ ခုမှာ ဆေခန်ဖက မောစစ်သည်တော်တွေနဲ့အတူ ခွန်တောဝ့်နွဲ့ချယ် (ရှဲန်ဆည်)ကို သွားရောက်တိုက်ခိုက်ခဲ့တယ်။ ရေမြွေလို အထင်သေးခံရတဲ့သူဟာ တစ်ခါတစ်လေ တန်ခိုးကြီးတဲ့ နဂါးမှန်းသိအောင် ဆေခန်ဖက အမှောက်ထောင်ပြလိုက်ခြင်းဖြစ်မယ်။ ရှဲန်ဆည်တို့က မောစစ်သည်တော်များကို မခုခံနိုင်တော့ဘဲ နောက်ပိုင်း ရှဲန်ဆည်စော်ဘွား ခွန်တောင့်နွဲ့ချယ်က သူရဲ့ ညီမတော် နန်းအိုင်ခမ်းလှိုင်ကို ဆေခန်ဖအား ဆက်သကာ ပြေငြိမ်းမှုကို ရယူခဲ့တော့တယ်။

နောက်ပြီးတော့ ဝိန်းနန်စော်ဘွား စဝ်ပန်းနွဲ့ကိုလည်း ဆေခန်ဖက မောစစ်သည်တော်တွေနဲ့ သွားတိုက်ကာ စည်းရုံးခဲ့တယ်။ အေဒီ ၁၃၁၅ မိုးမိတ်ကို သံတမန် (၁၀)ဦးစေလွှတ်ရာ မိုးမိတ်စော်ဘွား ခွန်တိုင်ခင်က မလေးမခန့်ပြုကာ သံတမန် (၇) ဦးကို သတ်ပစ်လိုက်ပြီး မောနယ်ကို စသိမ်းယူတော့တယ်။ ဆေခန်ဖက စစ်ကြောင်းတစ်ကြောင်း ညီတော် စစ်သူကြီး ခွန်ဆမ်လုံက စစ်ကြောင်းတစ်ကြောင်း ဦးဆောင်ပြီး မိုးမိတ်ကို ချီတက်တော့ မိုးမိတ်ပြည်သူပြည်သားက ဆေခန်ဖနှင့် စစ်မတိုက်ဖို့ပြောသော်လည်း ခွန်တိုင်ခင်က နားမထောင်ခဲ့ဘူး။ မိုးမိတ်စော်ဘွားမှာ တိုက်ဆင် (၁၀၀၀) ရှိတယ်။ ဆေခန်ဖတို့ကတော့ တိုက်ဆင် (၈၀၀) တဲ့။ စစ်ဖြစ်တော့ မိုးမိတ်စော်ဘွား ဇွန်ကိုးဘက်ကို ထွက်ပြေးသွားတယ်။ ဆေခန်ဖတို့ကလိုက်တိုက်တော့ မိုးမိတ်စော်ဘွားကို အရှင်ဖမ်းမိပါလေရော။ မိုးမိတ်မှူးကြီးမတ်ရာများက ဆေခန်ဖကို လက်ဆောင်ပဏ္ဍာပေးပြီး ကြိုဆိုကြတော့ ဆေခန်ဖက ခွန်တိုင်ခင်ကို မှူးကြီးမတ်ကြီးလက်သို့ လွှဲအပ်ပေးလိုက်တယ်။ မှူးမတ်တို့က ခွန်တိုင်ခင်ကို ဇွန်ကိုးတွင် ကွက်မျက်ပစ်လိုက် တော့တယ်။ ဆေခန်ဖဟာ မိုးမိတ်ပြည်သူလူထု၏ သဘောအတိုင်း ခွန်တိုင်ခင်၏ ညီတော် ခွန်တိုင်ကိုင်ကို မိုးမိတ်စော်ဘွားအဖြစ် ခန့်အပ်ခဲ့တယ်။ မိုးမိတ်လည်း မောအင်ပါယာနှင့် တစ်ပေါင်းတည်းဖြစ်သွားတော့တယ်။

အေဒီ ၁၃၁၆ မှာ မောဘုရင်ဆေခန်ဖဟာ ရှမ်းဒေသများဖြစ်ကြတဲ့ မိုးမိတ်၊ ရပ်စောက်၊ ညောင်ရွှေ၊ မိုးဗြဲ၊ ဖင်းမယ်၊ ကျိုင်းဟုန့်၊ ကျိုင်းတုံ၊ မိုးနဲ၊ တီးမ၊ မိန်းတိန်နဲ့ ချိုင်းသီရိတို့ကိုလည်း သိမ်းသွင်းနိုင်ခဲ့တယ်။ ရှမ်းပြည်အားလုံးကို သိမ်းသွင်းနိုင်ပြီးနောက် ဘိုးတော်ဘေးတော်တို့ရဲ့ ပိုင်နက်မြေကို ဆေခန်ဖ ပြန်လည် ရယူလိုလို့ လက်အောက်ခံ ရှမ်းစော်ဘွားများကို စစ်အင်အားစုစည်းစေပြီး စစ်သည်အင်အား လေးသိန်းနဲ့ ယူနန်နယ်ကို ချီတက်ခဲ့တယ်။ (မြန်မာ့သမိုင်းတွင် မောဘုရင်ဆေခန်ဖကို ကိုးသိန်းသခင် သိုခန်ဘွားဟု ရေးထားသည်။ စစ်သည်အင်အား ကိုးသိန်းရှိသည်ဟူ၏) မောဘုရင်ဆေခန်ဖသည် စစ်သေနာပတိ ခွန်ဆမ်လုံ၊ စစ်သူကြီးတောဝ့်ခန်မွန်း၊ တောဝ့်ဖလော်၊ တောဝ့်ဟန်ကိုင်၊ တောင့်ဆေယင်းတို့နှင့်အတူ ယူနန်နယ်ရှိ မိုင်းတီး၊ မိုင်းန၊ မိုင်းမျဲန်းနှင့် ယွန်ချန်တို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။ တရုတ်ဘုရင်ယွင်း Yuan က ယူနန်ဘုရင်ခံမှ တဆင့် ဆေခန်ဖတို့ စစ်ချီလာတဲ့ အကြောင်းကို စုံးစမ်းခိုင်းတယ်။ ရှေးခေတ်ရှမ်းဘိုးဘေးတို့ရဲ့ နယ်မြေကို ပြန်ရလိုကြောင်း သိရလို့ မောဘုရင်နဲ့ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုကာ ဆေခန်ဖအား ယူနန်ပြည်နယ်ရှိ မိုင်းဆည်၊ ယွန်ချန်၊ မူအန်နှင့် ပူးခန့်ဒေသကို ပေးအပ်ခဲ့တယ်။

မီးဆိုတာ လောင်စာနဲ့ မရောင့်ရဲနိုင်သလို မင်းဆိုတာလဲ နယ်မြေသိမ်းတာကို မရောင့်ရဲနိုင်ဘူးလို့ ဆိုရမလား မပြောတတ်။ Shan at Home စာမျက်နှာ ၂၁-၂၂  မှာ မောဘုရင်ဆေခန်ဖဟာ လောနိုင်ငံ၊ ယိုးဒယားနိုင်ငံ ကမ္ဗောဒီးယားနိုင်ငံအထိ သြဇာသက်ရောက်ကာ မွန်ဒေသဖြစ်တဲ့ ပဲခူး၊ မော်လမြိုင်၊ သထုံ၊ ရန်ကုန်အထိ သြဇာပျံ့နှံ့ခဲ့တယ်လို့ ဆိုထားတယ်။

အေဒီ ၁၃၂၀-၂၁ မှာ စစ်သူကြီး ခွန်ဆမ်လုံဦးဆောင်တဲ့ မောစစ်သည်များဟာ ဝေသာလီ၊ အာသံ၊ မဏိပူရတို့ကိုလည်း အောင်နိုင်ခဲ့တယ်။ စစ်သေနာပတိကြီး ခွန်ဆမ်လုံရဲ့ စည်းလုံးမှုအရ အာသံစားက မောစစ်သည်တို့ကို တိုက်ခိုက်ခြင်းမပြုဘဲ သုံးနှစ်တစ်ကြိမ် မြင်း (၂၅)ကောင်၊ ဆင် (၆) ကောင်၊ ရွှေပိဿာ (၁၀၀) ဆက်သမည်ဖြစ်ကြောင်း သဘောတူခဲ့တယ်။ မောစစ်သူကြီးနှစ်ယောက်က အာသံစားကို စစ်မတိုက်ရဲလို့ ခနဲ့စကားပြောကြားခဲ့ရာ ခွန်ဆမ်လုံက ထိုသို့မပြောသင့်ကြောင်း တားမြစ်ခဲ့တယ်။ ဒီအကြောင်းကို ညီတော်ဖြစ်သူ ခွန်ဆမ်လုံက ဘုရင်ကြီးအား ပြောပြလျင် သူတို့နှစ်ဦး ဒဏ်သင့်ခံရမှာကို ကြောက်လို့ ခွန်ဆမ်လုံထက် လက်ဦးမှုယူကာ သူလျှိုလွှတ်ပြီး ခွန်ဆမ်လုံဟာ ဘုရင်ကြီးကို တော်လှန်ဖို့ အာသံ၊ ဝေသာလီတို့နဲ့ တိုင်ပင်ထားကြောင်း စာပို့ခဲ့တယ်။ ဆေခန်ဖက ထိုသတင်းမှားကို ကြားရတဲ့အခါ ဒေါသထွက်ပြီး ရှေ့တန်းမှာ ရောက်နေတဲ့ ခွန်ဆမ်လုံဟာ အဆိပ်ခတ်ပြီး လုပ်ကြံခိုင်းလိုက်တော့တယ်။ ခွန်ဆမ်လုံဟာ မိုးကောင်းမှာ အဆိပ်မိပြီး ကံတော်ကုန်ခဲ့တယ်။ သားတော်ငယ် လုပ်ကြံခံရတာကို သိတဲ့ မယ်တော်ဟာ တစ်နေ့ကျတော့ သားတော်ကြီးကို ဆုံးမဖို့ သူမကိုယ်တိုင် ဘုရင်ရဲ့ စားပွဲတော်ကို ပြင်ဆင်ပေးခဲ့တယ်။ သားတော်ဘုရင် ထမင်းစားပွဲတော်တည်တဲ့အချိန် တူတစ်ချောင်းသာ တွေ့ရလို့ ပွဲတော်ပြင်တဲ့သူကို မေးတော့ မယ်တော်က သူပြင်ပေးတဲ့အကြောင်း ဝန်ခံတယ်။ တူတစ်ချောင်းတည်းနဲ့ ထမင်းနဲ့ ဟင်းတို့ကို စားစေတယ်။ သားတော်က တူတစ်ချောင်းတည်းနဲ့ စားလို့ မရနိုင်ကြောင်းပြောတော့ မယ်တော်က . .

သားတော်နှစ်ယောက်ဟာ တူနှစ်ချောင်းနဲ့ တူတယ်။ ဘာကိုယူစားယူစား ရယူနိုင်တယ်။ အခု ညီတော်ကို မင်းက အဆိပ်ခတ်သတ်လိုက်တော့ မင်းတစ်ယောက်တည်း တိုင်းပြည်ကြီးကို ဘယ်လိုလုပ်ပြီး ထိမ်းသိမ်းနိုင်တော့မှာလဲ. . . ဟု ဆုံးမခဲ့တယ်။ ဆေခန်ဖလည်း နောင်မှ တခဲ့တဲ့နောင်တအတွက် ယူကြုံးမရဖြစ်ခဲ့တော့တယ်။ မယ်တော်ကြီးရဲ့ ဆုံးမစကားဟာ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ အဆုံးအမပါ။

အေဒီ ၁၃၆၄ မှာတော့ ပင်းယမင်း နရသူရဲ့ ဖိတ်ခေါ်ချက်အရ စစ်ကိုင်းမှာ ဆန်ရေစပါးပေါများကြောင်း၊ စစ်ကိုင်းကို တိုက်နိုင်ပါက အဆန်ကိုပေးပြီး မိမိမှာ အခွံသာယူမည်ဖြစ်ကြောင်း မောဘုရင်ဆေခန်ဖထံသို့ အကြောင်းကြားလာတယ်။ ဆေခန်ဖလည်း သားတော် ၂ ပါးဖြစ်တဲ့ စိုင်ပျဉ်ဖနဲ့  ငိုချီဘွားအား မောတပ်မတော်ကို ဦးဆောင်စေပြီး စစ်ကိုင်းကို သိမ်းပိုက်ခဲ့တယ်။ ပင်းမင်းက ဖိတ်ခေါ်ပြီး စစ်ကိုင်းကို တိုက်ချိန် ဝင်ရောက်ကူညီခြင်း မရှိတဲ့အတွက် မောစစ်သည်များက ပင်းယကိုပါ တိုက်ခိုက်ပြီး နရသူကို မောပြည်သို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကာ ပင်းယမင်းလည်း မောပါနရသူအဖြစ် သမိုင်းမှာ နာမည်ကျန်ရစ်ခဲ့တော့တယ်။

အေဒီ ၁၃၆၂ ခုမှာ တရုတ်မင်မင်းဆက်တို့က မောရှမ်းပြည်ဖြစ်တဲ့ လုံဆန်၊ မူအန်၊ ပူးခန့်လုံဒေသကို လာရောက်သိမ်းယူပြီး ပန်မုံ၊ စယ်နေ၊ မော်လိတ်၊ ဟိုခေါင်းတို့တွင် တပ်စွဲထားကြတယ်။ အသက်အရွယ်တော် (၇၂) နှစ်ရှိပြီဖြစ်သော်လည်း ဆေခန်ဖဟာ မောတပ်မတော်ကို ဦးစီးကာ တရုတ်တို့အား သုံးလကြာအောင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကာ နှစ်ဖက်စလုံး အကျအဆုံးများစွာဖြစ်ခဲ့တယ်။ နောက်ဆုံး တရုတ်တပ်များ မခုခံနိုင်တော့ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်။ မောရှမ်းဘုရင် ဆေခန်ဖ (ခေါ်) သိုခန်ဘွားဟာ မောနိုင်ငံတော် အင်ပါယာကို ထူးထူးကဲကဲ ချဲ့ထွင်နိုင်ခဲ့ပြီး အမျိုးသားရေးအတွက် မိမိရဲ့ သမိုင်းမှတ်တိုင်ကို လှပစွာ စိုက်ထူခဲ့ပါတယ်။ အေဒီ ၁၃၆၄ ခု သက်တော် ၆၃ နှစ်မှာ ရွှေလီမြစ်မြောက်ဘက်သို့ ပြောင်းရွှေ့လာခဲ့သော တာဆုတ်ဦ ဟော်နန်းတော်တွင် နတ်ရွာစံခဲ့တယ်။

ယခု ရွှေလီမှာရှိတဲ့ မောဘုရင်ဆေခန်ဖရဲ့ တာဆုတ်ဦဟော်နန်းတော်ကို ပြတိုက်အဖြစ် တည်ဆောက်လျက်ရှိပြီး ခရစ် ၂၀၁၂ ခုမှ ပြီးစီးမယ်လို့ သိရတယ်။ နောက်ပိုင်း တရုတ်ပြည်၊ ယူနန်နယ်၊ ရွှေလီကိုရောက်ရင် မောဘုရင် ဆေခန်ဖရဲ့ ဟော်နန်းကို ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်အဖြစ် မြင်တွေ့ကြရပါမယ်။

= မှီငြမ်း -

(1)  Cochrane, W.W. The Shans, Vol. I, Rangoon, 1915, Superintendent, Government Printing, Burma.

(2)  Cochrane, W.W & Leslie Milne. Mrs. Shans At Home, London, 1910, Hazell, Watson and Viney, LD.

(3)  စံရီ (လယ်ဝန်) သိန္နီသမိုင်းမှတ်တမ်း၊ ရှမ်းဘာသာ လက်ရေးမူ။

(4)  ဦးသုခမိန္ဒ၊ ရှမ်းတိုင်းရင်းများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၈

မောဘုရင် ဆေခန်ဖအား ဤဆောင်းပါးဖြင့် လေးလေးနက်နက် ဂုဏ်ပြုပါ၏။

တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း-တန့်ယန်း)

http://shanviews.com/archives/1266 မှ ကူးယူဖော်ပြသည်။

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment