ဖျက်ဆီးခံခဲ့ရသော ပင်လည်ဘူးမြို့နယ်၊ ကနီရွာရှိ CDM အုပ်ချုပ်ရေးမှူး၏ နေအိမ် ဖျက်ဆီးခံထားရသည်ကို အောက်တိုဘာ ၁ ရက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)
လေကြောင်းဖြင့်ပါ တိုက်ခိုက်ပြီးနောက်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်ခံထားရသည့် ထိုဒေသအတွင်း တပ်စွဲခြေကုပ်ယူနေသည့် စစ်တပ်က ရွာခံများ၏ အိုးအိမ်၊ စည်းစိမ်များကို မျိုးစုံ ခြိမ်းခြောက်နေသည်။
ပင်လည်ဘူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဝင်တစ်ဦး၏ အဆိုအရ စစ်သားများမှာ ဝမ်းဘဲအင်းရွာအပြင် အနီးရှိ ကနီနှင့် အင်္ဂါးရွာတို့ကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့သလို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ပေကုန်းရွာနေ အလယ်တန်းကျောင်းအုပ် ဦးကျော်ဇင်ထွန်းကို ထိုကာလအတွင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့အတူ ပင်လည်ဘူးမြို့ပေါ်တွင် အင်အား ၄၀၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများ တရစပ်ပြုလုပ်နေကြောင်း၊ အောက်တိုဘာ ၈တွင် ဒေသတွင်းရှိ PDF စခန်းတစ်ခုကို လက်နက်ကြီးပစ်ကူပါ သုံး၍ သိမ်းပိုက်ခဲ့ကြောင်း၊ ဖုန်းနှင့် အင်တာနက်မရသည့် အခြေအနေကြောင့် အသေးစိတ်ကိစ္စများကိုမူ အတည်ပြုနိုင်ရန် ခက်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့မှာ ပစ်စရာ ကျည်ဆန်မရှိဘူးဗျ။ အဲဒါကြောင့် ကျွန်တော်တို့ ပတ်ရှောင်နေရတယ်။ သူတို့မပစ်ခင်ကတည်းက ကျွန်တော်တို့အကုန်လုံး ရှောင်လို့နေလိုက်တာ။ အဲဒီနားက ရွာက အုပ်ချုပ်ရေးမှူး သတင်းသွားပေးတာဗျ” ဟု PDF တပ်ဖွဲ့ဝင်က ပြောသည်။
ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသိုတို့တွင် စက်တင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၄၀ ခန့် သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်က သတင်းထုတ်ပြန်သည်။
ထိုတိုက်ပွဲများထဲမှ အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြီးကြပ်ခဲ့သည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ပါဝင်သော်လည်း KIA ဘက်က သီးခြားမှတ်ချက်ပြုထားခြင်း မရှိပေ။
ထို့အတူ နိုင်ငံအနှံ့ ပြည်သူ့တော်လှန်ရေးစပြီဟု စက်တင်ဘာ ၇ တွင် ကြေညာခဲ့သည့် NUG က စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံနေသည့် ဒေသအခြေစိုက် PDF အဖွဲ့များအပေါ် မည်သို့ ပံ့ပိုးကူညီနေသည်ကို ရှင်းလင်းစွာမသိရသေးပေ။
https://www.myanmar-now.org/mm/news/8771
No comments:
Post a Comment