![]() |
ဝန်သိုစော်ဘွား ဆွေတော်မျိုးတော်များ |
#ဒေသတစ်ခုတည်းဖြစ်တဲ့ လူမျိုးစု သုံမျိုးကြား
ငြိမ်းချမ်းခြင်းကို ထိန်းသိမ်းစေလိုတယ် ကတူး/ကနန်း/ရှမ်းနီ
ရှမ်းနီနှင့် ကတူး ညီအစ်ကို ဆက်ဆံရေး
၁။ ပဒေသရာဇ်ခေတ် နောက်ခံသမိုင်းကြောင်း
ကျနော်တို့ ကတူးနှင့် ရှမ်းနီဆိုတာ ရှေးရှင်ဘုရင်တွေလက်ထက်ကတည်းက အတူ လက်တွဲနေထိုင်လာခဲ့ကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။ လက်ရှိ ကျနော်တို့ ကတူး၊ ကနန်း၊ ရှမ်းတွေရဲ့ ဗန်းမောက်၊ အင်းတော်၊ ပင်လည်ဘူး စတဲ့ဒေသတွေဟာ အင်းဝခေတ်မှာ အင်းဝဘုရင်တွေရဲ့ လက်အောက်ခံအဖြစ် တည်ရှိခဲ့သလို တစ်ခါတလေမှာလည်း မိုးညှင်းမင်း တရားကြီးရဲ့လက်အောက်ခံနယ်မြေအဖြစ် တည်ရှိခဲ့တာမျိုး တွေ့ရပါတယ်။ ဒီထက်စောတဲ့ ကာလတွေမှာလည်း မောရှမ်း၊ ရှမ်းနီတွေနှင့် ကတူးတွေဟာ မြန်မာပြည်မြောက်ပိုင်းတစ်ဝှမ်းမှာ တစ်ခါတလေ သူ့အစုနှင့်သူ၊ တစ်ခါတလေ တစ်မြို့တစ်ရွာတည်း အတူတကွ မှီတင်းနေထိုင်ခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ ဥပမာ အခု တကောင်းမြို့ဟောင်းကို အချို့က ရှမ်းမြို့လို့ ဆိုကြသလို အချို့လည်း ကတူးတွေ ကြီးစိုးခဲ့တဲ့မြို့လို့ ဆိုကြတယ်။ တကယ်တမ်းမှာ အတူနေထိုင်ခဲ့ကြတာမျိုးလည်း ဖြစ်နိုင်တယ်။ "မြန်မာအစ တကောင်းက"၊ "တကောင်းသည် ပျူမြို့" စတာတွေဟာလည်း ဒီသဘောပဲ ရှိလိမ့်မယ်။ သေချာတာကတော့ ရှမ်းနီနှင့် ကတူးတွေဟာ ယနေ့ချိန်အထိ မြန်မာပြည်မြောက်ပိုင်း မြေပြန့်ဒေသမှာပဲ အဓိက နေထိုင်ကြတာ တွေ့ရတယ်။ ကိုလိုနီခေတ် သန်းခေါင်စာရင်းတွေအရ မြန်မာပြည်မြောက်ပိုင်းမှာ ဗမာလူဦးရေဟာ ရှေးယခင်တုန်းက အခုလောက်ထိ များပြားခြင်း မရှိပါဘူး။ နောက်ပိုင်းမှာ ရှမ်းနီနှင့် ကတူး နှစ်မျိုးလုံးဟာ ဗမာစကားရဲ့ ဝါးမြိုမှုကို အလူးအလဲ ခံခဲ့ရတယ်။ ဒါကြောင့် မြောက်ပိုင်းဒေသက ဗမာဆိုသူအများအပြားဟာ ရှမ်းနီစကား မတတ်တဲ့ ရှမ်းနီတွေ၊ ကတူးစကား မတတ်တဲ့ ကတူးတွေကနေ မျိုးဆက် တစ်ဆက် နှစ်ဆက်လောက် ကူးပြောင်းလာရင်း မူလအသွင်အပြင် ပျောက်ဆုံးသွားသူတွေပဲ ဖြစ်ဖို့ များပါတယ်။ တကယ်တမ်းမှာ အောင်နိုင်သူတွေ ရေးခဲ့တဲ့ ရှေးရာဇဝင်တွေမှာတောင် မြောက်ပိုင်းဒေသက မြို့ရွာအများစုကို ရှမ်းမြို့ရွာတွေအဖြစ်ပဲ ဖော်ပြကြပါတယ်။ အဲဒီခေတ်က ကတူးတွေကိုလည်း ရှမ်းမျိုးနွယ်တစ်ခုအဖြစ် အလွယ်မှတ်ယူခဲ့ကြတယ်။ ဥပမာအနေနဲ့ လူမျိုး ၁၀၁ ပါးစာရင်းမှာ ကတူးကို ရှမ်းမျိုး ၃၀ ထဲ ဖော်ပြထားတာ တွေ့ရတယ်။ အဲဒီခေတ်က ဘာသာစကားမျိုးရိုးကို အခြေခံပြီး လူမျိုးစု သရုပ်ခွဲတဲ့ ပညာရပ်လည်း မရှိတဲ့အတွက် ယဉ်ကျေးမှု တူညီပြီး တစ်နေရာတည်းမှာ အတူတကွ မှီတင်းနေထိုင်ကြတဲ့ ရှမ်းနီနှင့် ကတူးကို အုပ်စုတစ်ခုတည်းအဖြစ် ရှေးပညာရှင်တွေက သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကတူးလူမျိုးတွေဟာ ပုဂံခေတ်အစောပိုင်းကာလမှာ မြန်မာနိုင်ငံအလယ်ပိုင်း မြေတူး၊ ဒီပဲယင်း၊ ပုဂံ စတဲ့ဒေသတွေမှာ အခြေချနေထိုင်ခဲ့ရာကနေ အခြေအနေအရပ်ရပ်ကြောင့် အခု လက်ရှိ ပင်လည်ဘူးဒေသကို ပြောင်းရွှေ့လာပြီးတော့ ကွန်း ၉ ကွန်းကို စတင်တည်ထောင်ခဲ့ ကြပါတယ်။ အဲဒီနောက်မှာ မော်ခွင် ၄ ရွာကို အခြေတည်ပြီး မော် ၁၀ ရွာကို တည်ထောင်ကြပါတယ်။ အဲဒီဒေသကို ဆားတောမော်တိတ်ကြီး ဒါမှမဟုတ် ပထမမော်တိတ်လို့ ခေါ်ပါ တယ်။ ကတူးတွေဟာ ပထမမော်တိတ်ဒေသမှာ လူဦးရေ တိုးပွါးလာတဲ့အခါ နယ်မြေတိုးချဲ့ဖို့ လိုအပ်လာပါတယ်။ မြန်မာ့သမိုင်းတစ်လျှောက် ရာဇဝင်ကျမ်းအစောင်စောင်ကို ပြန်လှန် လေ့လာကြည့်မယ်ဆိုရင် အများအားဖြင့် နယ်မြေချဲ့ထွင်တဲ့အခါ လက်နက်စွဲကိုင် တိုက်ခိုက်ပြီး ချဲ့ထွင်ကြတာကိုပဲ တွေ့ရပါတယ်။ ဒါမှမဟုတ် အင်အားသုံးပြီး အတင်းအဓမ္မ နယ်မြေလုယူ တာမျိုးကိုသာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ထူးထူးခြားခြားပဲ။ အခု ပင်လည်ဘူးဘက်က ပထမမော်တိတ်ဒေသမှာ လူဦးရေတိုးပွါးလာတဲ့ ကတူးလူမျိုးတွေဟာ လုပ်ကိုင်စားသောက်နေထိုင်ဖို့အတွက် ရှမ်းလူမျိုးတွေဆီက နယ်မြေအချို့ကို ငွေကြေးနှင့် တန်ရာတန်ကြေးပေးပြီး ဝယ်ယူခဲ့ကြတာ တွေ့ရပါတယ်။ အဲဒီလို ပထမဝယ်ယူခဲ့တဲ့နယ်မြေကတော့ အခု ဗန်းမောက်ဘက်က ကတူးကျေးရွာနယ်မြေတွေပဲ ဖြစ်ပါတယ်။ အဲဒါကို ကတူးတွေက ဒုတိယမော်တိတ်လို့ ခေါ်ပါတယ်။ တစ်ခါ ကတူးတွေဟာ ဒုတိယမော်တိတ်မှာ လူဦးရေ ပြန်လည်တိုးပွါးလာတဲ့အခါ ရှမ်းတွေဆီကပဲ နယ်မြေတချို့ ထပ်ပြီးဝယ်ယူခဲ့ကြပါတယ်။ အဲဒါကတော့ တတိယမော်တိတ်လို့ခေါ်တဲ့ အခု အင်းတော်ဘက်က ကတူးကျေးရွာနယ်မြေတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ဒါကိုကြည့်ခြင်းအားဖြင့် ကတူးနှင့် ရှမ်းနီတို့ရဲ့ ဆက်ဆံရေး အခြေအနေကို မှန်းဆကြည့်နိုင်တယ်။ ကတူးလူမျိုးတွေဟာ လုပ်ကိုင်စားသောက်နေထိုင်ဖို့ နယ်မြေချဲ့ထွင်လိုတဲ့အခါ အများသူငါလို လက်နက်စွဲကိုင်တိုက်ခိုက်ခြင်း မပြုဘဲ ညီအစ်ကိုလို ချစ်ကြည်ရင်းနီးမှုရှိတဲ့ ရှမ်းတွေဆီကပဲ တန်ရာတန်ကြေးပေးပြီး နယ်မြေဝယ်ယူခဲ့ကြတာဟာ ရှမ်းနီနှင့် ကတူးကြားက အင်မတန်ချစ်စရာကောင်းတဲ့ သမိုင်းဖြစ်ရပ်မှန် မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ သက်သေအထောက်အထားအဖြစ် နယ်မြေဝယ်ယူမှုမှတ်တမ်း ပေစာ ပုရပိုက်အချို့ကိုလည်း ကျနော်တို့ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ကတူးနှင့် ရှမ်းနီဆိုတာ မြန်မာ့သမိုင်းမှာ ရှားရှားပါးပါးဆိုသလို အင်မတန်ချစ်စရာကောင်းတဲ့ သမိုင်းနောက်ခံနှင့်အတူ တည်ရှိခဲ့ကြတဲ့လူမျိုး ၂ ခု ဖြစ်ပါတယ်။ ဒါဟာ ပဒေသရာဇ်ခေတ် ကတူးလူမျိုးနှင့် ရှမ်းနီလူမျိုးတွေရဲ့ ချစ်ကြည်ရေးနောက်ခံသမိုင်းကြောင်း ဖြစ်ပါတယ်။
၂။ ၁၉ ရာစုနောက်ပိုင်း ကတူးနှင့် ရှမ်းနီ နောက်ခံသမိုင်း
မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပိုက်တဲ့အခါ ပထမဆုံး ခုခံတော်လှန်ခဲ့တဲ့ ဝန်းသိုစော်ဘွားဦးအောင်မြတ်ရဲ့ တပ်ဖွဲ့ထဲမှာ ဒေသခံ ရှမ်းနီလူမျိုးတွေနှင့်အတူ ကတူး၊ ကနန်း လူမျိုးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အဲဒီအကြောင်းကို မောင်ကျော်ရှင်းရဲ့ စာပေဗိမာန်စာမူ ဆုရစာအုပ်ဖြစ်တဲ့ "ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်" ဆိုတဲ့စာအုပ်မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။
လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ပြည်နယ်တွေ ခွဲဝေသတ်မှတ် တဲ့အခါ ညီအစ်ကို ရှမ်းနီတွေရော ကျနော်တို့ ကတူးကနန်းတွေပါ နယ်မြေမရခဲ့ကြပါဘူး။ အင်္ဂလိပ်ခေတ် သန်းခေါင်စာရင်းထဲက လူဦးရေနှိုင်းယှဉ်ချက်အရ ရှမ်းနီတွေဟာ ပြည်နယ် ရနိုင်တဲ့ လူဦးရေအချိုးအစားရှိသလို ကျနော်တို့ကတူးတွေဟာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်နိုင်တဲ့ လူဦးရေအချိုးအစား ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကတူးနှင့် ရှမ်းနီ ၂ ဦးလုံး နယ်မြေမရခဲ့ကြပါဘူး။ ဒါဟာလည်း တိုက်တိုက်ဆိုင်ဆိုင် တူညီမှုတစ်ခု ဖြစ်ပါတယ်။ ဒီလိုနဲ့ ရှမ်းနီတွေဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းတစ်လျှောက်မှာ ပြည်နယ်ရရှိရေးအတွက် တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်လာခဲ့ကြတယ်။ ကျနော့်အထင် ၁၉၅၀ ခုနှစ်ဝန်းကျင်ကတည်းက ဖြစ်မယ် ထင်ပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ၁၉၇၂၊ ၁၉၉၄၊ ၁၉၉၅ စတဲ့ ခုနှစ်တွေတုန်းက အမျိုးသားညီလာခံမှတ်တမ်းတွေ၊ စာနယ်ဇင်းမှတ်တမ်းတွေအရ ရှမ်းနီပြည်နယ်ရရှိရေး ဆောင်ရွက်ချက် အထောက်အထားတွေကိုတော့ ကျနော်တို့ လေ့လာသိရှိထားပါတယ်။ မှတ်တမ်းအချက်အလက်တွေကို ဒီမှာ မပြောတော့ပါဘူး။
ဒီနေရာမှာ ထူးခြားတာက ရှမ်းနီတွေဟာ ပြည်နယ်တောင်းဆိုတဲ့နေရာမှာ တိုင်းလိုင်(ရှမ်းနီ)၊ တိုင်းခန္တီး၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဖွန်း၊ တိုင်းကတူးနှင့် တိုင်းကနန်း ဆိုပြီး မြောက်ပိုင်းနေ မြေပြန့်ရှမ်းမျိုးနွယ်စု ၇ ခုကို ဖော်ပြထားပါတယ်။ အဲဒီ မျိုးနွယ်စု ၇ ခုကို ကိုယ်စားပြုပြီး ပြည်နယ်တစ်ခု သတ်မှတ်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီတော့ ရှမ်းနီတွေဟာ ပြည်နယ်တောင်းဆိုတဲ့အခါမှာလည်း မြောက်ပိုင်းနေ မြေပြန့်ရှမ်းမျိုးနွယ်စု ၇ ခုထဲမှာ တိုင်းကတူးနှင့် တိုင်းကနန်းဆိုပြီး ကတူး ကနန်းကို ထည့်သွင်းထားတာဟာ ညီအစ်ကို ဆက်ဆံရေးလို့ ယူဆရပါတယ်။ ဒါဟာ ရှမ်းနီလူမျိုးတွေက ကတူးကနန်းလူမျိုးတွေကို ညီအစ်ကိုအရင်းလို သဘောထားတယ်ဆိုတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ မနုဿဗေဒနှင့် ဘာသာဗေဒအရ ကတူး၊ ကနန်းနှင့် ရှမ်းနီလူမျိုးတို့ ဆက်စပ်ပုံအကြောင်းကိုတော့ နောက်မှ သီးခြားထပ်ပြောပါမယ်။
နောက်ပြီးတော့ ၁၉၉၀ ခုနှစ် ကာလတုန်းကလည်း "တောင်သူလယ်သမား ကဒူး၊ ကနန်းနှင့် ရှမ်းအမျိုးသားသွေးစည်းညီညွတ်ရေးဒီမိုကရေစီအဖွဲ့ချုပ်" ဆိုတဲ့ ပါတီတစ်ခုကို တည်ထောင်ပြီး ကတူး၊ ကနန်းနှင့် ရှမ်းတွေဟာ နိုင်ငံရေးမှာ လက်တွဲခဲ့ကြဖူးပါတယ်။ ကျနော့်အထင် ဒီလို လူမျိုးသုံးခု ပူးပေါင်းပြီး ပါတီတစ်ခု တည်ထောင်တာမျိုးဟာ မြန်မာနိုင်ငံမှာ ပထမဆုံးနှင့် နောက်ဆုံး ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ၁၉ ရာစုနောက်ပိုင်း အင်္ဂလိပ်တော်လှန်ရေးခေတ် ဝန်းသိုစော်ဘွား ဦးအောင်မြတ်လက်ထက်ကစပြီး လွတ်လပ်ရေးရပြီးခေတ်တစ်လျှောက် ရှမ်းနီနှင့် ကတူး ကနန်းလူမျိုးတွေဟာ နိုင်ငံရေးမှာ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ကြတာ တွေ့ရပါတယ်။
၃။ ရှမ်းနီနှင့် ကတူး ဘာသာစကားမျိုးရိုး
မနုဿဗေဒအရ ရှမ်းနီ၊ ကတူး၊ ကနန်း၊ ဗမာအပါအဝင် မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားအားလုံးဟာ မွန်ဂိုလွိုက်အနွယ်ဝင် မျိုးနွယ်တူ ညီအစ်ကိုတွေချည်းပဲ ဖြစ်ပါတယ်။ ဘာသာဗေဒအရဆိုရင်တော့ မြန်မာနိုင်ငံမှာ တိဗက်တိုဘာမင်၊ ရှမ်းတရုတ်၊ မွန်ခမာနှင့် အင်ဒိုအာရိယာန်ဆိုပြီး အုပ်စု ၄ စု ရှိတဲ့အနက်မှာ ကတူးတွေက တိဗက်တိုဘာမင်အုပ်စုမှာ ပါဝင်ပြီး ရှမ်းနီကတော့ ရှမ်းတရုတ်အုပ်စုမှာ ပါဝင်ပါတယ်။
ကတူးနှင့် ရှမ်းနီဟာ ဘာသာစကားမျိုးရိုး မတူပေမယ့် -
(၁) မှီတင်းနေထိုင်ရာ မြို့ရွာဒေသတွေ တူညီကြတယ်။
(၂) ကတူးစကားထဲမှာ ရှမ်းနီဝေါဟာရအချို့ကို မွေးစားအသုံးပြုထားတာမျိုး တွေ့ရတယ်။ ကတူးတွေဟာ ရှမ်းတွေရဲ့ ကိန်းဂဏန်းအရေအတွက်စနစ်ကို အခုချိန်အထိ သုံးစွဲနေကြဆဲ ဖြစ်တယ်။
(၃) ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေလည်း တစ်ထပ်တည်းနီးပါး တူညီကြတယ်။ ဒါဟာ ဘာသာတရား တူညီမှုကြောင့်လည်း ဖြစ်နိုင်တယ်။
(၄) အချက်အပြုတ် အစားအသောက်တွေလည်း တစ်ထပ်တည်းနီးပါး တူညီကြတယ်။
အနှစ်ချုပ် ပြောရရင် ကတူးတွေဟာ ဘာသာစကားမျိုးရိုးအားဖြင့်ဆိုရင် ဗမာ၊ ကချင်၊ ချင်း စတဲ့လူမျိုးတွေနဲ့ အုပ်စုတူပြီးတော့ ယဉ်ကျေးမှုဓလေ့စရိုက်အားဖြင့်ဆိုရင် ရှမ်းနီတွေနဲ့ အုပ်စုတူပါတယ်။
ကတူးသန်းနိုင်
(အလွတ်တန်း သုတေသီ)
၁၀၊ ဇန်နဝါရီ ၂၀၂၂
မှတ်ချက်။ နိုင်ငံရေးအစွဲ၊ လူမျိုးရေးအစွဲများ မပါဘဲ ဖတ်ရှုစေလိုပါတယ်။
No comments:
Post a Comment