ဝိန်ဘာမြို့ဟောင်း@နတ်မြို့ _ မိုင်းသုံတောင်- ဝန်းသိုမြို့နယ်

ဝိန်ဘာမြို့ဟောင်း@နတ်မြို့  တစ်နေရာ - Photo Credit to Original Uploader
 

ခရီးသွားလေ့လာချင်စရာ နေရာတစ်ခုဖြစ်ပေါ်လာမည့် ကောလင်းခရိုင်ရှိ နတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်း

ဝန်းသို၊ ၂၅  ဇန်နဝါရီ

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်သည်  ကျောက်မောင်းတောင်တော်စေတီ၊ ရှေးဟောင်း ပျော်တောင်ဘုရား၊ ဂျိုးတောင်တောင်မကြီးဘုရား၊ တော်ရှောဘုရား၊ မော်နိုင်းကျောင်းတိုက် ရွှေကူကုန်းမြေ၊ ကျောက်လှုပ်လဲ့စေတီ၊ ကင်းကန်တောင် ဆုတောင်းပြည့်စေတီတော်၊ ကင်းမြင်သာကန်စသည့် ဒေသန္တရ လေ့လာလည်ပတ်စရာ နေရာစုံစုံလင်လင်ဖြင့်  ခရီးသွားများအား  ဆွဲဆောင်သည့် နေရာတစ်ခုဖြစ်သည်။

 

 

ယင်းနေရာများအပြင် ကျောင်းပေါင်းတစ်ထောင်ရှိ မြို့ကြီးကို နတ်ဖွက်ထားခဲ့သည်ဟုဆိုကြသည့် နတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်းသို့လည်း သွားရောက်လေ့လာနိုင်သည်။

 

MDN

 

 

အဆိုပါနတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်းကြီးသည် ဝန်းသိုမြို့နယ်အဆုံး၊ ပင်လည်ဘူးမြို့နယ်နှင့် ထိစပ်နေသည့် အောင်းပင်ကျေးရွာ၏ မြောက်ဘက် သုံးမိုင်ခန့်အကွာ ဝိန်ဘာတောင်တွင်တည်ရှိသည်။ ကျောက်ဆောင် ကျောက်တံတိုင်းကြီးများနှင့် တစ်မိုင်ပတ်လည်ခန့် ကာရံထားပြီး မြို့ဝင်ပေါက် လေးခုရှိသည်။

 

 

ထို့အပြင် ထူးခြားသည့် ကျောက်စေတီ၊ ကျောက်မဏ္ဍပ်၊ ယမ်းထောင်းသော ကျောက်ဆုံ၊ ကျောက်ကျည်ပွေ့၊ ကျောက်အမြောက်၊ နတ်ရေကန်၊ ဉစ္စာတိုက်၊ ကျောက်လှေ၊ ကျောက်ထိုင်ခုံ၊ နှစ်ပေါင်း (၅၆) နှစ်ရှိ စူဠာမုနိစေတီတော်၊ ကျောက်ဘီလူး၊ ကျောက်ဟင်္သာ၊ ကျောက်နံရံကြီးများ၊ နတ်ခြေရာများ၊ ကျောက်မျှော်စင် စသည့်နေရာများကို လေ့လာနိုင်မည်ဖြစ်သည်။ ကျောက်မျှော်စင်မှ ပင်လည်ဘူးနယ်ကွင်း၊ မိုင်းသုံကွင်း၊ ဂျိုးတောင်ကွင်း၊ အောင်းပင်အုပ်စုကွင်းတို့၏ သဘာဝ တောတောင်ရှုခင်းများကိုလည်း ကြည့်ရှုခံစားနိုင်သည်။

 

MDN

 

ကျောက်မြို့ဟောင်းသို့ သွာရေးလာရေး အဆင်ပြေစေရေးနှင့် ပတ်သက်ပြီး  “ဦးပဉ္ဇင်းတို့ နတ်တော်လဆန်း ၄ ရက်က စပြီးတော့ ဒီနေ့အထိဆိုရင် ရက်ပေါင်း ၂၀ ကျော်ရှိခဲ့ပါပြီ။ ရက်တိုတိုအတွင်းမှာ ကျောက်မြို့ကို ဆိုင်ကယ်နဲ့ တက်ရောက်ဖူးမြော်နိုင်အောင် ဆိုင်ကယ်လမ်း ဖောက်လုပ်ခဲ့တယ်။ ပြာသိုလပြည့်နေ့မှာလည်း စူဠာမုနိစေတီတော် ထီးအသစ် တင်လှူပူဇော်ပွဲကို ပြုလုပ်သွားမှာပါ၊ ဆက်လက် ပြုပြင်စရာတွေကတော့ အများကြီးရှိတာပေါ့ ဖြည်းဖြည်းခြင်း ဆောင်ရွက်ရမှာပါ၊ ဦးပဉ္ဇင်းအနေနဲ့ ဝန်းသိုမြို့ရဲ့ ဂုဏ်ကျက်သရေကိုဆောင်နိုင်ဖို့ အပန်းဖြေခရီးသွား လေ့လာစရာ နေရာလေးတစ်ခု ဖြစ်ပေါ်စေချင်တဲ့စိတ်နဲ့ အခုကျောက်မြို့ဟောင်းကို ဖော်ထုတ်ခြင်းဖြစ်ပါတယ်” ဟု ကျောက်လှုပ်လဲ့ ဆရာတော်က မိန့်ကြားခဲ့သည်။

 

MDN

 

ထို့အပြင် အိမ်ခြေပေါင်းတစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင် တိမ်မြုပ်ပျောက်ကွယ်ခဲ့သည့် နတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်းသို့ ခရီးသွားလေ့လာစရာ နေရာတစ်ခုဖြစ်ပေါ်လာစေရန် စီစဉ်‌ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ပြည်သူများ လွယ်လင့်တကူ သွားရောက်လေ့လာနိုင်ရန် စက်ယန္တရားများ အသုံးပြု၍ လမ်းဖောက်လုပ်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာနများကလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

အဆိုပါ နတ်မြို့(ခေါ်)ကျောက်မြို့ဟောင်းသို့ ရပ်ဝေးရပ်နီးမှ ခရီးသွားလေ့လာကြမည်ဆိုလျှင် ဝန်းသို-ကျောက်မြောင်း- ကွန်းပေါင်း- လက်ပံကျင်း- အောင်းပင်ရွာထိ ၁၂မိုင်ခန့် ကား/ဆိုင်ကယ်များဖြင့် လည်းကောင်း၊ အောင်းပင်ရွာမှ ကျောက်မြို့ဟောင်းထိ သုံးမိုင်ခန့် ခြေလျှင်ဖြင့်လည်းကောင်း ဆိုင်ကယ်ဖြင့်လည်းကောင်း သွားရောက်လေ့လာနိုင်ကြောင်း သိရသည်။ 

 

Original Link - https://https://www.myanmardigitalnewspaper.com/my/khriisaalelaakhngcraa-neraattckhuphcpelaamnny-keaalngkhriungri-nttmiu-khe-keaakmiuheaang

 

 

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment