ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စောရန်ပိုင်ဟာ သားတော်သမီးတော်တွေကို ငယ်စဉ်ကတည်းက မြန်မာစာ၊ မြန်မာရာဇဝင်နဲ့ စစ်ပညာတွေ သင်ပေးသလို တရုတ်ကျောင်းမှာလည်း တရုတ်စာ သင်စေပါတယ်။ တရုတ်ပြည်မှာ ရှိတဲ့ ရှမ်းနဲ့ ရှမ်းတရုတ် အရပ်သားတွေ၊ မြန်မာပြည်က လိုက်လာကြတဲ့ စစ်သားဟောင်းတွေ၊ မြန်မာ အရပ်သားတွေနဲ့ ပူးပေါင်း ပြီး မြန်မာပြည်ကို ပြန်သိမ်းဖို့ ပြင်ဆင်နေခဲ့ပါတယ်။ စစ်သား သုံးသောင်းလောက် စုမိပြီး တရုတ်ဘက်က ရောင်းပေးတဲ့ လက်နက် နှစ်ထောင်နဲ့ ကျည်ဆန် သုံးသောင်းလောက် ရှိလာတဲ့ ၁၉၂ဝ မှာတော့ သားတော်လေးပါးလည်း အသက် ၂ဝ ကနေ ၁၆ နှစ်ကြား အရွယ်ရောက် လာကြပြီ ဖြစ်တဲ့အတွက် မြန်မာပြည်ထဲ ဝင်တိုက်ဖို့ ဆုံးဖြတ်ပါတယ်။ သားတော်ကြီး စောဦးက သိန္နီ၊ သားတော်လတ် စောလူးက မြစ်ကြီးနား၊ သားတော်ငယ် စောနေဒွန်းက မူဆယ်နဲ့ သားတော်ထွေး စောနေဝန်းက ဗန်းမော်ဘက်က ဖြစ်ပြီး သားတော်တပါးကို တပ်သား ခြောက်ထောင်စီပေးပြီး စေလွှတ်တယ်လို့ မောင်သန်းဆွေ (ထားဝယ်)ရဲ့ ကုန်းဘောင်အလွန် (ပထမတွဲ)မှာ ပါရှိပါတယ်။ ဒီလိုဝင်တိုက်ဖို့ ယူနန် အနောက်ပိုင်းက စော်ဘွားတွေ ကူညီကြပြီး ဆေးရွက်ကြီးက ရတဲ့ အကောက်ငွေနဲ့ မူဆယ်ဝင်တိုက်ဖို့ ကူတာလို့ ဝမ်ကျဲ့နန်နဲ့ ဝမ်ချွန်ကျန်းတို့ရဲ့ တရုတ် မြန်မာ ချစ်ကြည်ရေး နှစ်ပေါင်း နှစ်ထောင် စာအုပ်မှာ ရေးပါတယ်။

သားတော်များရဲ့ စစ်

စောနေဝန်းဟာ မြန်မာပြည် အဝင်မှာ တွေ့တဲ့ ဗြိတိသျှ ကုန်သည်တွေကို သူတို့ဝင်တိုက်မယ့်အကြောင်း ပြောမိလို့ သူ့တပ် ချေမှုန်းတိုက်ခိုက်ခံရပါတယ်။ ဓားလှံသာပါတဲ့ သူ့တပ်တွေကို ဗြိတိသျှဘက်က စက်သေနတ်၊ ရိုင်ဖယ်သေနတ်တွေနဲ့ပစ်လို့ လူထောင်ချီ အတုံးအရုံးသေကြတာပါ။ ဒီလို သူ့တပ်ပျက်တဲ့ အတွက် သူ့နောင်တော်တွေ တပ်ခေါက်ပြန်ကြပါတယ်။ အသက်မသေဘဲ ကျန်ရစ်တဲ့ စောနေဝန်းကို ကသာမှာ ဗြိတိသျှဖမ်းမိပြီးနောက် မြစ်ကြီးနားမှာ ရုံးထုတ်ချိန်မှာ ဘထွေးတော် ယစ်မျိုးအရာရှိ မက္ခရာထိပ်တင်တုတ်နဲ့ တွေ့ပေးပြီး စောရန်ပိုင် သားတော်ဟုတ်မဟုတ် စစ်ဆေးပါတယ်။ စာသင်ချင်လို့ မြန်မာပြည်ထဲလာပြီး ဗြိတိသျှအောက်မှာ ထမ်းဆောင်နေတဲ့ ဘထွေးတော် အရာရှိတွေနဲ့ အဆက်အသွယ်ရှာတာဆိုပြီး စောနေဝန်းက လီဆည် ပြောပါတယ်။ အဲဒီနောက် သူ့ကို မန္တလေးနယ်ပိုင် ထိပ်တင်ဖြူရဲ့ အိမ်မှာ ခေါ်ပြီး ကျောင်းထားဖိုအတွက် တိုင်းမင်းကြီးနဲ့ သွားတွေ့ခိုင်းရာမှာ ဖိနပ်ချွတ်ခိုင်းရာက စကားအချေအတင် ဖြစ်ပြီး ပြန်ခဲ့ပါတယ်။ အဲဒီနောက် ထိပ်တင်တုတ်ရဲ့ ရန်ကုန် စမ်းချောင်းစံအိမ်မှာ ခေါ်ထားချိန်မှာ နှမဝမ်းကွဲ တော်တဲ့ ထိပ်တင် မလေးနဲ့ အကြောင်းပါ ပါတယ်။

စောနေဝန်း ရန်ကုန်ရောက်ချိန်မှာ ဆရာစံစတဲ့ တခြား နိုင်ငံရေးသမားတွေနဲ့လည်း စောနေဝန်း အဝင်အထွက် ရှိသလို ဦးစိုးသိမ်းဂျီစီဘီအေထဲ ဝင်ခဲ့ပါတယ်။ နောက်ပိုင်း ၁၉၃၆ လောက်မှာတော့ သခင်ကိုယ်တော်မှိုင်းက ဘိုလိန်းလမ်းက စောနေဝန်းအိမ်တော်ကို လာပါတယ်။ ပြည်တွင်းပြည်ပ ပူးပေါင်းပြီး ဗြိတိသျှကို တိုက်ကြဖို့ စောရန်ပိုင်ဆီ သူက စာပို့ခိုင်းသလို သူ့ခမည်းတော်ဆီက ပြန်စာကိုလည်း စောနေဝန်းက ဆရာမှိုင်းလက် ပေးအပ်ခဲ့ ပါတယ်။ ဒီစာအရ တရုတ်ကွန်မြူနစ်ကိစ္စ အတွက် အလုပ်ရှုပ်နေတဲ့ ချန်ကေရှိတ်က စောရန်ပိုင်ကို မကူညီချင်တဲ့အတွက် ဂျပန်သွားပြီး အကူအညီ တောင်းပေမယ့် မရခဲ့ဘူးလို့ သိရပါတယ်။ စောနေဝန်းကတော့ ဗြိတိသျှရဲ့ ရွေးကောက်ခံ နိုင်ငံရေးမှာ နစ်မျောနေတဲ့ ငါးပွင့်ဆိုင်အဖွဲ့ ခေါင်းဆောင် ထိပ်တင်ဝ၊ အထက်လွှတ်တော်အမတ် ထိပ်တင်ဖြူ စတဲ့ ဘထွေးတော်တွေနဲ့ မနီးစပ်ခဲ့ဘဲ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ထိ အကျယ်ချုပ်ပုံစံ နေခဲ့ရပါတယ်။ စစ်ပြီးနောက် ရန်ကုန်မှာပဲ ၁၉၆၈ မှ မထင်မရှား ကံကုန်ခဲ့ပါတယ်။

သူ့နောင်တော် စောနေဒွန်းကတော့ ၁၉၂၅ မှာ မူဆယ်မှာ တိုက်ရင်း အသာရလာတဲ့အခါ စစ်ရပ်စဲဖို့ ဗြိတိသျှဘက်က ကမ်းလှမ်းတယ်ဆိုပါတယ်။ စစ်စရိတ်ပေးမယ်၊ မြန်မာပြည်ကို လွတ်လပ်ရေးပေးဖို့ အထက်ကို တင်ပြပေးမယ် စတဲ့ ကမ်းလှမ်းချက်ကို ယုံပြီး စစ်ရပ်မိတဲ့ စောနေဒွန်းကို ဗြိတိသျှက ဖိတိုက်တဲ့အခါ တပ်ပျက်ပြီး သူနဲ့အတူပါတဲ့ ကချင်၊ တရုတ်ရှမ်း ခေါင်းဆောင်တွေနဲ့အတူ သေဒဏ်ပေးခံရပါတယ်။ နောက်မှ သူတို့ကို တကျွန်းဒဏ် ပြောင်းပေးခဲ့တာပါ။ ၁၆ နှစ် အကျဉ်းချခံရပြီး ရန်ကုန်ထောင်ဆူပူမှုမှာ ခြေထောက် သေနတ်မှန်ခဲ့ပါတယ်။ ပြန်လွတ်လာပြီးနောက် တရုတ်ပြည်ပြန်ပို့ ခံရပြီး မိုင်းတီးမှာ ၁၉၄၅ က ကံကုန်ပါတယ်။

၁၉၁၉ နဲ့ ၁၉၂၁ တွေမှာ စောရန်ပိုင်မိသားစုရဲ့ တိုက်ခိုက်မှုတွေ မအောင်မြင်ခဲ့ပေမယ့် မြန်မာတွေရဲ့ မျိုးချစ်စိတ်ကို ဆွပေးပြီး ဝံသာနုလှုပ်ရှားမှုကို အထောက်အကူပြုခဲ့ကြောင်း တရုတ် မြန်မာ ချစ်ကြည်ရေး နှစ်ပေါင်းနှစ်ထောင် စာအုပ်မှာ ပါရှိပါတယ်။ ဒီဖြစ်ရပ်တွေကို အခြေပြုပြီး ဒဂုန်ခင်ခင်လေး ရဲ့ ရွှေစွန်ညိုဝတ္ထု ၁၉၃၉ မှာ ထွက်လာခဲ့ပါတယ်။ ဝတ္ထုမှာ စောရန်ပိုင်လို့ မဖော်ပြပေမယ့် ရွှေစွန်ညိုခေါ် ဗိုလ်မှူးလေး ခင်မောင်ညိုရဲ့ ပါတော်မူခါစ ပုန်ကန်မှုတွေကနေ တရုတ်ပြည်ထဲခိုဝင်တာ၊ တရုတ်ဓားပြတပ်တွေနဲ့ မိတ်ဖွဲ့ပြီး မြန်မာပြည်ပြန်တိုက်တာတွေကို သားရွှေစွန်ညို၊ မြေးရွှေစွန်ညိုခေါ် စောရန်နိုင်ခေတ်ထိ ချိတ်ဆက်ဖော်ပြထားတဲ့ စောရန်ပိုင် မိသားစုကို နောက်ခံပြုတဲ့ ဝတ္ထု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို အေဝမ်းရုပ်ရှင်က ဗြိတိသျှခေတ် မှာပဲ ရီးစားဓမြအမည်နဲ့ ရုပ်ရှင် ရိုက်ရာမှာ အထူး အောင်မြင်ခဲ့ပြီး ဗြိတိသျှအစိုးရမနှစ်မြို့တဲ့အတွက် ပါတော်မူခန်းကို ဖြုတ်ပေးခဲ့ရပါတယ်။ ဒီဝတ္ထုရဲ့ ထူးခြားချက်က ပဒေသရာဇ်ပြန်နန်းတင်ရေးအဆင့်ကနေ တရုတ်ကွန်မြူနစ်လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့အထိ မျိုးဆက်သုံးဆက်အတွင်း ပြောင်းလဲပုံတွေကို စာဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, အေဝမ်းသိန်းထွဋ်

ဓာတ်ပုံ ပုံစာ,

ညွန့်ဝင်း၊ မြင့်မြင့်ခင်တို့နဲ့ ပြန်လည် ရိုက်ကူးခဲ့

မမထားနှင့်အပါ

စောရန်ပိုင်ရဲ့ သားတော်တွေထက် သမီးတော် စောခွန်တီခေါ် မမထားအကြောင်း မြန်မာပြည်မှာ လူသိပိုများပါတယ်။ ဒါကလည်း ဒဂုန်မြတ်လေးနွယ် ဝတ္ထုကို ဒဂုန်ခင်ခင်လေး ဇာတ်ညွှန်းရေးတဲ့ ၁၉၃၈ က မြှားနတ်မောင်ဇာတ်ကားကြောင့် ဖြစ်ပါတယ်။ မောင်တင်မောင်၊ မေရှင်တို့ပါဝင်တဲ့ ဒီဇာတ်ကား ဟာ မမထားရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ပြည့်စုံအောင် မဖော်ပြနိုင်ပေမယ့် ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်လမ်းအဖြစ် အောင်မြင်ခဲ့ပြီး စစ်ပြီးခေတ်မှာ ညွန့်ဝင်း၊ မြင့်မြင့်ခင်တို့နဲ့ မမထားနဲ့အပါဆိုပြီး ပြန်လည်ရိုက်ကူးခဲ့ရပါတယ်။ ဒီဇာတ်ကျောရိုးကိုပဲ ဗန်းမော်ရောက်ခိုက် ကြားခဲ့ဖူးတဲ့ စာရေးဆရာမကြည်အေးက တမ်းတတတ်သည်ဆိုပြီး ဝတ္ထုလတ်တပုဒ်ဖွဲ့ခဲ့ပါတယ်။

တကယ်က ဒီဇာတ်လမ်းဟာ ဗန်းမော်မှာ နိုင်ငံရေးနဲ့ နယ်နှင်ခံရတဲ့ မမထားနဲ့ ဆုံခဲ့တဲ့ ကျောင်းသား အပါခေါ် ဝဏ္ဏကျော်ထင် ဦးပါကျင်ပြောပြချက်ကို ဝတ္ထုဇာတ်ကား အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ မမထားဟာလည်း သူ့အစ်ကိုတော်တွေလိုပဲ မြန်မာပြည် လွတ်မြောက်ရေးအတွက် နိုင်ငံအနှံ့ ခြေဆန့် ကြိုးပမ်း ခဲ့ပါတယ်။ မမထားကို နိုင်ငံရေးလုပ်ရင် အချစ်ရေး၊ အိမ်ထောင်ရေး ဦးစားမပေးဖို့ ခမည်းတော် စောရန်ပိုင်က တင်းကျပ်စွာ တားမြစ်ထား ပေမယ့် မမထား မြားနတ်မောင်ရဲ့ ပစ်ချက်ကို မလွန်ဆန်နိုင် ဖြစ်ခဲ့ပါတယ်။ မမထားက ၂၈ နှစ်၊ အပါက ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသားဘဝ ၁၉၃၅ က ကြုံခဲ့ရတဲ့ အချစ် ဖြစ်ပါတယ်။ အရပ် ၅ ပေ ၄ လက်မနဲ့ ကျားသစ်လို သန်မာတဲ့ မမထား၊ ဆံပင်တိုတို အသားဖြူဖြူနဲ့ မျက်ခုံး မျက်လုံးလှပြီး လည်တိုင် ကြော့ရှင်း တဲ့ မမထားဟာ မြင်းစီးလှံထိုးဓားခုတ်ကျွမ်းကျင်ပြီး တိုင်းရင်းဆေးပညာတတ်သူ၊ ဟိန္ဒူစတန်နီ၊ ကချင်၊ တရုတ်၊ ရှမ်း၊ အင်္ဂလိပ် ဘာသာစုံ တတ်ကျွမ်းသူ လို့လည်း ဦးပါကျင်က လွမ်းလွမ်း ဆွတ်ဆွတ် နဲ့ ကျွန်တော်ချစ်သောမမထားမှာ ရေးဖွဲ့ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Smith Collection/Gado

ဓာတ်ပုံ ပုံစာ,

ဗန်းမော်က သိမ်မဟာစေတီ

မမထားနဲ့ အပါ တောထဲ လျှောက်သွားကြရင်း ရွာတွေ ရောက်တဲ့အခါ လူတွေက မမထားဟောတဲ့ ဘာသာရေးတရားတွေ လာနာကြတယ်လို့ ဆိုပါတယ်။ တကယ်က သာယာဝတီဆရာတော် ဦးညေယျရဲ့တရားတွေကို အလွတ်ကျက်ကာ မမထားပြန်ဟောတာ ဖြစ်ပြီး နိုင်ငံရေးတွေ ညှပ်ပြောတဲ့အတွက် လူတွေ ကြိုက်ကြပါတယ်။ မမထားကို အဋ္ဌာရသ ၁၈ ရပ် တီးခေါက်မိသူ ဆိုပြီး ချစ်မိသူ အပါက စာဖွဲ့ခဲ့ပါတယ်။ မမထားဟာ မြန်မာသီချင်းကြီး သီချင်းခံတွေကို ပိုင်နိုင်ပြီး စောင်းနဲ့ စန္ဒရားကို ကျွမ်းကျင်ပါတယ်။ မမထားအသံဟာ ဖြူသီနဲ့ အေဝမ်းတင်တင်လှအသံမျိုး ဖြစ်ပြီး မမထားကို သတိရမှာစိုးလို့ သာဆန်း ရဂုံဘွေ ပတ်ပျိုးကို ဘယ်တော့မှ နားမထောင်ဘူးလို့ ဦးပါကျင်ခေါ် မျိုးမြင့်ရန်နောင်က ရေးပါတယ်။ မမထားဟာ မန္တလေး အေဘီအမ်ကျောင်းက ဆယ်တန်းအောင်ပြီး ကျောင်းနာမည် မေရီလို့ ခေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို ပညာတတ် ခေတ်မီပေမယ့် ဗြိတိသျှအစိုးရနဲ့ ပတ်သက်သူတွေကို မမထား မုန်းတီးပါတယ်။ ဒါကြောင့် သူ့ကို နယ်နှင်မယ်လုပ်တော့ သူနဲ့အတူ ကားနောက်ခန်းက အတူစီးဖို့လုပ်တဲ့ ပုလိပ်အရာရှိကို မမထား ပါးရိုက်ခဲ့ပါတယ်။ ဗန်းမော်က နယ်နှင်ခံရပြီးနောက် မြန်မာပြည်ထဲ ပြန်ဝင်လာတဲ့ မမထား ဟာ ဆေးဆရာမဘဝနဲ့ ပဲနွယ်ကုန်းမှာ စိတ်ဝေဒနာရှင်တယောက်ကို ကုပေးရာက ဓားထိုးခံရပြီး ကံကုန်ခဲ့ပါတယ်။ ကြည်အေးက တမ်းတတတ်သည် ထဲက ထိပ်တင်မထွေးကို အချစ်ကို ကိုးကွယ်သူအဖြစ် စာဖွဲ့ခဲ့ပေမယ့် အမှန်က မျိုးချစ်စိတ်ပြင်းထန်သူဖြစ်တယ်လို့ မောင်သန်းဆွေက သုံးသပ်ပါတယ်။ မမထား ဗန်းမော်မှာ စံခဲ့တဲ့ အိမ်ကလည်း ဝန်းသိုစော်ဘွားကြီးရဲ့ညီရဲ့အိမ်ဖြစ်ပြီး မမထားမယ်တော် မိုးလှိုင်းဒေဝီနဲ့ ဆွေမျိုးတော်စပ်ပါတယ်။ ဒီအိမ်က ထိပ်ထားလို့ ခေါ်တာကို အကြောင်းပြုပြီး မမထား ဖြစ်လာတာပါ။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ,

တရုတ်ပြည်ရောက် စောရန်ပိုင်

ယူနန်မှာ ခေါင်းချ

၁၉၃ဝ ကျော်မှာ တရုတ်ပြည်ကို ဂျပန်ဝင်ရောက်ကျူးကျော်ချိန်မှာတော့ စောရန်ပိုင်တယောက် ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို တရုတ် စကား တတ်ကျွမ်းပြီး အင်္ကျီရှည်ဝတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ၁၉၃၇ မှာတော့ သူ စာရေးသားတဲ့အလုပ်လုပ်ချင်လို့ ပုံနှိပ်စက်တွေရှိတဲ့ ထိန်ချုံးကို ပြောင်းပေးဖို့နဲ့ စရိတ်ထုတ်ပေးဖို့ တရုတ်အစိုးရဆီ စာတင်ပါတယ်။ နန်တျန်းက ပြောင်းခစရိတ် ယွမ်တထောင်နဲ့ နှစ်စဉ်ထောက်ပံ့ကြေး ယွမ်တထောင် ရခဲ့တယ်လို့ သိရပါတယ်။

၁၉၄၂ မှာ ဒုတိယကမ္ဘာစစ် အာရှကို ကူးစက်လာပြီးနောက် မြန်မာပြည်ကို ရောက်လာခဲ့ပါတယ်။ မြန်မာပြည် နယ်စပ်ကနေ ယူနန်ကို ဖြတ်ပြီး တရုတ်ပြည် ထဲ ဖောက်ထားတဲ့ ဗမာပြည် လမ်းမကြီးကနေ တရုတ်ပြည်ကို စစ်အကူအညီတွေ ပို့နေတာ ဖြစ်လို့ ဒီလမ်းကို ပိတ်ချင်လို့ ဂျပန်က မြန်မာပြည်အထက်ပိုင်း ကို ချီတက် သိမ်းပိုက်ခဲ့ပါတယ်။ မြစ်ကြီးနား၊ ဗန်းမော်၊ လားရှိုးတင်မက ယူနန်နယ်ထဲထိ ဂျပန်စစ် ရောက်လာရာမှာ ထိန်ချုံးလည်း ဂျပန်လက် ရောက်ခဲ့ သလို အဲဒီမှာ စံနေတဲ့ စောရန်ပိုင်လည်း ဂျပန်အကျဉ်းသား ဖြစ်ခဲ့ပါတယ်။ စောရန်ပိုင်ဟာ ကမ္ဘာစစ်ပြီးစ ၁၉၄၆ ၊ သက်တော် ၈ဝ ကျော်အရွယ်မှာပဲ မြန်မာပြည် မပြန်နိုင်ဘဲ ထိန်ချုံးနားက မန်စီမှာပဲ နတ်ရွာစံခဲ့ပါတယ်။ တရုတ်ပြည်မှာ နေသက် နှစ် ၅ဝ ကျော်ရှိခဲ့ပြီး မြန်မာပြည်ထဲ ပြန်ဝင်လာဖို့ ဗြိတိသျှ ဘက်က အကြိမ်ကြိမ် သွေးဆောင်ခဲ့ပေမယ့် မပြန်ဘဲ ပြည်ပမှာ ခေါင်းချခဲ့ပါတယ်။

သူမရှိတဲ့နောက် ကျန်နေရစ်တဲ့ သူ့ရဲ့သမီးတော်နဲ့ မြေးတော်တွေကို မြန်မာပြည်က စောနေဝန်းက ၁၉၄၆ မှာ လာခေါ်ပါတယ်။ စိတ်ဝေဒနာ ခံစားနေရတဲ့ သားတော်ကြီး စောနေဦး ကျန်ရစ်ခဲ့ပါတယ်။ တရုတ်ပြည်ထဲကို စောရန်ပိုင်နဲ့ မရှေးမနှောင်းဝင်ခဲ့တဲ့ ဝန်းသို စော်ဘွားကြီးကတော့ ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကပဲ မဟာဒေဝီရဲ့ တူတော် ညောင်ရွှေစော်ဘွား ဆာစောမောင်က ခေါ်ယူလို့ ပြန်ကြွသွားပြီး တောင်ကြီးမှာ ၁၉၆၅ က အနိစ္စ ရောက်ခဲ့ပါတယ်။

india

ဓာတ်ပုံ ရင်းမြစ်, Hulton Archive

ဓာတ်ပုံ ပုံစာ,

အိန္ဒိယမြို့တော် ဖြစ်ခဲ့တဲ့ ကာလကတ္တား

အိန္ဒိယရောက် မင်းသား

စောရန်ပိုင်ရဲ့ နောင်တော် စောရန်နိုင်ကို ၁၄ နှစ်သားအရွယ် ၁၈၈၇ မှာ ဗြိတိသျှက ဖမ်းဆီးပြီး အိန္ဒိယနိုင်ငံ ကာလကတ္တားကို ပို့ခဲ့ပါတယ်။ ဒီအချိန်က အိန္ဒိယမှာ ဘုရင်ဟောင်း သီပေါမင်း နဲ့ မိဘုရားတစု၊ ဆင်ဖြူမရှင်မိဘုရားကြီး၊ လင်းပင်မင်းသား၊ ပျဉ်းမနားမင်းသား၊ သီပေါမင်းနန်းတက်စက ထွက်ပြေးသွားတဲ့ ညောင်အုပ် မင်းသား အနွယ်များနဲ့ ပုဂံမင်းလက်ထက်က အိမ်ရှေ့စံ လှိုင်မင်းသားရဲ့ သားတော် ဂျွန်ဝီလျံမောင်လတ် စတဲ့ မြန်မာ မင်းမျိုးတွေ ဗြိတိသျှ ပို့ထားလို့ ရောက်နေကြတဲ့ အပြင် တိုင်တားမင်းကြီး၊ လှေသင်းအတွင်းဝန်နဲ့ ရွှေလှံဗိုလ်တို့ကိုပါ ပါတော်မူစ ပုန်ကန်မှုတွေ နောက်က ပါဝင်တယ် ဆို ပြီးပို့ထားတယ်။ ဒီထဲက ညောင်အုပ်မင်းသား သမီးတော် ညောင်အုပ်ခင်လေးနဲ့ မက္ခရာစောရန်နိုင် လက်ဆက်ခဲ့သလို မြင်းခုံတိုင် ထိပ်တင် မကြီးနဲ့လည်း စုံဖက်ခဲ့ပါတယ်။

စောရန်နိုင်ဟာ အိန္ဒိယမှာ အနှစ် ၅ဝ ကျော် နေခဲ့ရပြီး ၁၉၄ဝ မှ မြန်မာပြည် ပြန်ခွင့်ရပါတယ်။ အိန္ဒိယမှာ နေရစဉ် ဘင်္ဂလားအမျိုးသမီး စစ်အောင်နိုင်ရေး ရန်ပုံငွေကို မြန်မာတွေထံက ကောက်ပေးခဲ့တဲ့အတွက် စောရန်နိုင်ဟာ ဗြိတိသျှနဲ့ အဆင်ပြေအောင် နေခဲ့ရတယ်လို့ မောင်သန်းဆွေ (ထားဝယ်)က ရေးပါတယ်။ မြန်မာပြည် ပြန်ရောက်ပြီး ဆယ်နှစ်အကြာ ၁၉၄၅ မှာပဲ မန္တလေး အောင်တော်မူရပ်က ဆန်တန်း စံအိမ်တော်မှာ နတ်ရွာစံခဲ့ပါတယ်။

သူမရှိတဲ့နောက် ၁၉၅၁ မှာ ဆွေတော်မျိုးတော် ကရုဏာတော်ကြေး အက်ဥပဒေအရ သူ့သားတော်သမီးတော်တွေ အသက် ၄၅ နှစ် မပြည့်လို့ ပင်စင်မရတဲ့ အတွက် သားတော်ကြီး မက္ခရာဂါမဏိက ဝန်ကြီးချုပ် ဦးနုကို အရေးဆိုပါတယ်။ လူချင်းခင်ပေမယ့် ဝန်ကြီးချုပ် က မလိုက်လျောလို့ မက္ခရာဂါမဏိ တောခိုခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံခြား သွားနေခဲ့ပါတယ်။ ဂါမဏိရဲ့ မြောက်သားတော်က မြင်းခုံတိုင် မြင်ကွန်းအုပ်စုက ဂျင်နီမင်းသမီးခေါ် ခေါင် ဖြစ်ပါ တယ်။ အိန္ဒိယမှာ စံမြန်းခဲ့တဲ့ မက္ခရာစောရန်နိုင်ရဲ့ သားတော်သမီးတော်တွေမှာ သီရိုဒို၊ ဒေါ်ရသီဒေဝီ စတဲ့ အနောက်တိုင်းနာမည်တွေ ရှိသလို သမီးတော် တွေ ဆာရီ ဝတ်ပြီး ဓာတ်ပုံရိုက်တာတွေလည်း ကျန်ခဲ့ပါတယ်။

မြန်မာပြည် လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမန် ပါဝင်ခဲ့တဲ့ မက္ခရာမင်းသားတွေ မရှိတော့ပေမယ့် သူတို့နာမည်တွေက နှစ် ၁ဝဝ ကျော်တိုင် ကျန်နေရစ် ခဲ့သလို သူတို့ခေတ်က အဝေးရောက် ပုန်ကန်သူတို့ရဲ့နိုင်ငံရေးကလည်း ကနေ့ထက်ထိ တည်မြဲနေပါတယ်။