" ကတူးအမျိုးသားအဖွဲ့လိုဂိုတံဆိတ်မှ
စည်တော်ဗုံအကြောင်း "
=====================
ကတူးအမျိုးသားအဖွဲ့ရဲ့ လိုဂိုတံဆိတ်ထဲက စည်တော်ကြီးပုံကို တွေ့ဖူးကြပေမယ့် တချို့က ဆက်နွယ်မှုကို မသိကြဘူး။
တကယ်တော့ ရှေးရိုးစဉ်လာ လက်ဆင့်ကမ်းလာခဲ့တဲ့ ရာဇဝင်ပုံပြင်ထဲကနေ ရယူထားတာဖြစ်ပါတယ်။ လူမျိုးတိုင်းမှာတော့
အိပ်ရာဝင်ပုံပြင်လို ဒဏ္ဍာရီဆန်တဲ့ရာဇဝင်တွေ ရှိကြစမြဲပါ။ ဒါကို ပစ်ပယ်လို့လည်းမရဘူး။ အစဉ်အလာရာဇဝင်ဆိုတာလည်း
အလကားနေရင်း ဖြစ်ပေါ်လာတာမဟုတ်ဘဲ တစ်ခေတ်တစ်ခါက ဖြစ်ရပ်မှန်တွေကို နောင်လာနောက်သားတွေ အလွယ်တကူ
မှတ်သားနိုင်ကြဖို့ ပုံပြင်ဇာတ်လမ်းဆင်ပြီး ပါးစပ်ရာဇဝင်တွေအဖြစ် ချန်ရစ်ခဲ့ကြတာဖြစ်တယ်။ ဇာတ်လမ်းကျောရိုးတူတဲ့ ဆင်တူယိုးမှာတွေလည်း
လူမျိုးတိုင်းမှာ ရှိနေတတ်တယ်။
ဒါကြောင့် အောက်ပါ(၂)ချက်ကိုတော့ မှတ်သားထားသင့်ပါတယ်။
၁။ ပါးစပ်ရာဇဝင်နှင့် အစဉ်အလာဒဏ္ဍာရီတွေကို လုံးဝ မပစ်ပယ်သင့်ဘူး။
ဒဏ္ဍာရီထဲက သမိုင်းအစအနတွေ
ထောက်အထားတွေကို လေ့လာဖော်ထုတ်နိုင်တယ်။
၂။ ပါးစပ်ရာဇဝင်နှင့် အစဉ်အလာဒဏ္ဍာရီတွေကို တကယ့်သမိုင်းအမှန်အဖြစ်
တစ်ထစ်ချ မမှတ်ယူသင့်ဘူး။
လူရယ်စရာ ဖြစ်တတ်တယ်။ သမိုင်းနှင့် ဒဏ္ဍာရီပုံပြင်ကို ခွဲခြားသိထားရမယ်။
အမျိုးသားအဖွဲ့ရဲ့ လိုဂိုတံဆိတ်ပုံကတော့ ဒဏ္ဍာရီပုံပြင်ကို အခြေခံထားတယ်ဆိုပေမယ့် လက်မခံနိုင်စရာမရှိပါဘူး။
သင့်လျော်ပါတယ်။ လူမျိုးတိုင်းရဲ့ ခေတ်ဦးသမိုင်းမှာတော့ ရိုးရာဒဏ္ဍာရီတွေ ရောထွေးနေမြဲဖြစ်သလို တန်ဖိုးထားကြစမြဲလည်း ဖြစ်ပါတယ်။
အတင်း ငြင်းပယ်ကောင်းတဲ့အရာမဟုတ်ဘူး။
ကတူးဒဏ္ဍာရီထဲက စည်တော်ကြီးအကြောင်းကို အတိုချုပ်ပြောရရင်တော့ ပုဂံအနော်ရထာလက်ထက် မဟာမြိုင်မြို့မှာ ကတူးမင်းသံဝရရာဇာ မင်းပြုတယ်။ အဲဒီမင်းမှာ ပုတ်သင်သားရေနှင့်ကျက်ထားတဲ့ ကဗြည်းသားစည်ကြီးတစ်လုံးရှိတယ်။ စည်ကြီးကို တီးခတ်လိုက်ရင် အလွန်မြည်ဟိန်းပြီး၊ ဘေးပတ်ဝန်းကျင်က တိုင်းပြည်တွေ လက်ဆောင်ပဏ္ဍာ ဆက်သကြရတယ်။
အနော်ရထာလက်ထက် စည်တော်ဖျက်ဆီးခံရပြီး မဟာမြိုင်လည်းပျက်ပြီးနောက် ဝန်းသိုရှမ်းနယ်ဘက်ထွက်ပြေးသွားတဲ့ သံဝရမင်းဘထွေးတော်ရဲ့သား စောအဲခန်း(ရှမ်းနာမည်)ခေါ် ငပျင်းဟာ ဝန်သိုစော်ဘွားသမီးနှင့် လက်ဆက်ပြီး တောင်ယာခုတ်ရင်း စည်စကြာတစ်လုံးကို ရရှိတယ်။ အလိုရှိရာဆုတောင်းပြီး စည်ကိုတီးခတ်ရင် လိုရာပြည့်တဲ့အတွက် စောအဲခန်း အင်အားကြီးလာပြီး အခုဝန်းသိုနယ် မိုင်းသုန်တောင်အနီးမှာ ဝိန်ဘာခေါ် ကျောက်မြို့ကို တည်ထောင်ခဲ့တယ်။ စည်တော်ရဲ့ တန်ခိုးကြောင့် လူတစ်ပိုင်း နတ်တစ်ပိုင်းဖြစ်နေတဲ့ ကိုးသိန်းသခင် တောင်တော်ရှင် စောအဲခန်းဟာ စောနွဲ့မွန်ဆိုတဲ့အမည်နှင့် နတ်ဘဝကို အပြီးတိုင်ခံယူသွားခဲ့တယ်။ သူ့ရဲ့အဆက်အနွယ် ကတူးတွေက တောင်တော်အရှင်ကြီးကို အစဉ်အလာမပျက် ပူဇော်ပသကြလေ့ ရှိတယ်။
ဒီဒဏ္ဍာရီမှာ စည်တော်အကြောင်းကို မင်းနှစ်ဆက်မှာ နှစ်ကြိမ်တိုင်တိုင် ဖော်ပြထားတာကို ထောက်ရှုရင် ကတူးလူမျိုးတွေရဲ့ ရှေးအစဉ်အလာမှာ စည်တော်ကို များစွာ အရေးထားခဲ့ကြကြောင်း သိနိုင်ပါတယ်။ ကတူးအမျိုးသားအဖွဲ့လိုဂိုတံဆိတ်ထဲက စည်တော်ဗုံဟာ ဒီဒဏ္ဍာရီကို ကိုးကားရယူထားခြင်းဖြစ်ပါတယ်။ သင့်လျော်မှုလည်း ရှိပါတယ်။
ဒဏ္ဍာရီလာ အမည်နာမတချို့ ရှမ်းအမည်ဖြစ်နေရခြင်းအကြောင်းကတော့ ဒီရာဇဝင်ကိုပဲ ရှမ်းဘာသာနှင့် မှတ်တမ်းပြုခဲ့ခြင်း၊ မဟာမြိုင်အဆက်နွယ် ကတူးအမျိုးသား စောအဲခန်း(ရှမ်းအမည်)ကိုယ်တိုင် ဝန်းသိုရှမ်းနယ်ဘက်ထွက်ပြေးပြီး စော်ဘွားသမီး(ရှမ်း)နှင့်လက်ဆက်ပြီး ဝိန်ဘာမြို့ကို အတူတကွ အုပ်စိုးခဲ့ခြင်း၊ ကတူးတွေမှာ မှတ်တမ်းတင်စရာ စာပေမရှိခဲ့ခြင်း စတဲ့အချက်တွေကြောင့် ရှမ်းအမည်တွေပဲ လွှမ်းမိုးကျန်ရစ်ခဲ့ခြင်း ဖြစ်ပါတယ်။
လူငယ်များ လေ့လာနိုင်ဖို့ ကတူးဒဏ္ဍာရီကို အပိုင်းသုံးပိုင်းခွဲပြီး အကျဉ်းဖော်ပြပါမယ်။
၁။ ကတူးမင်းသံဝရရာဇာနှင့် မဟာမြိုင်မြို့
၂။ စောအဲခန်းနှင့် ဝိန်ဘာမြို့
၃။ စောပေါမိုင်းအနွယ်တော်များနှင့် ကိုးသိန်းသခင်တောင်တော်ရှင်
-------------------------------------------------------
"ကတူးမင်းသံဝရရာဇာနှင့် မဟာမြိုင်မြို့"
မြတ်စွာဘုရားရှင် ပရိနိဗာန်စံတော်မူပြီးနောက် ဗုဒ္ဓသာသနာတော်ဟာ သီဟိုဠ်မှာ အနှစ်သုံးရာ၊ သရေခေတ္တရာမှာ အနှစ်ငါးရာ၊ သထုံမှာ အနှစ်သုံးရာ စသဖြင့် အစဉ်လိုက်ကူးစက်ပျံ့နှံ့ပြီး တည်ရှိကြတယ်။ သက္ကရာဇ်ကောဇာ(၃၇၉)ခုနှစ်မှာ အနော်ရထာက ပုဂံ(အရိမဒ္ဒနပူရ်/ပေါက္ကံပြည်)မှာ နန်းတက်တယ်။ နန်းတက်ပြီး အနှစ်သုံးဆယ်ကျော်လောက်မှာ သထုံကနေ ပုဂံကို ဗုဒ္ဓသာသနာရောက်တယ်။ အနော်ရထာက နောင်တော်စုက္ကတေးကို မလုပ်ကြံမီမှာ ခမည်းတော်ကွမ်းဆော်ကြောင်ဖြူက သကြားမင်းရဲ့ အရိန္ဒမာလှံ၊ သီလဝဓား၊ ပတ္တမြားလက်စွပ်၊ ပတ္တမြားဥသျှောင်တို့ကို ပေးရစ်ခဲ့တယ်။
အဲဒီ အနော်ရထာမင်းလက်ထက်မှာပဲ သလ္လဝတီမြစ်အရှေ့ဘက် မဟာမြိုင်တောကြီးမှာ သံဝရရာဇာအမည်ရှိတဲ့ ကတူးမင်းတစ်ပါး မင်းပြုနေတယ်။ မင်းမိဖုရားဟာလည်း ဆင်ပြောင်ထက်မက အင်အားကြီးတယ်။ မဟာမြိုင်မှာ ရှမ်း၊ ကတူး၊ တောင်သူ၊ ချင်း စတဲ့လူနည်းစုလောက်ပဲ ရှိတယ်။ ဗုဒ္ဓသာသနာမရောက်သေး။ "ဟုန်းနတ်"စသည်ကို ပသကြတယ်။
တစ်နေ့မှာတော့ သံဝရရာဇာရဲ့ဘုန်းကံကြောင့် နွားထီးလောက်ရှိတဲ့ ပုတ်သင်ကြီးတစ်ကောင်ရတယ်။ ပုတ်သင်သားရေကို ကဗျည်းသားကိုထွင်းတဲ့ဗဟိုရ်စည်မှာကျက်ပြီး တီးခတ်ရင် အလွန်မည်ဟိန်းတယ်။ ကြားရာအရပ်ကသူတွေ လက်ဆောင်ပဏ္ဍာတွေ လာရောက်ဆက်သကြရတယ်။ ရန်သူတွေလည်း လုပ်ကြံလို့မရနိုင်ဘူး။
အဲဒီကာလမှာ ဝေသာလီပြည်က မင်းမျိုးဘသူကြွယ်ဟာ အနော်ရထာကိုခွင့်ပန်ပြီး ဘဒုံမြို့ကို တည်ထောင်စိုးစံတယ်။ ဘဒုံနယ်နှင့်မဟာမြိုင်က နယ်ချင်းစပ်နေတော့ ကတူးမင်းသံဝရရဲ့ စည်တော်ကြီးကို ဘသူကြွယ်က စိုးရိမ်မကင်းဖြစ်လာတယ်။ ကဗျည်းသားစည်ကြီးကို ဖျက်ဆီးသင့်ကြောင်း အနော်ရထာကို ချောပြစ်ကုန်းတိုက်တယ်။
ဒါနဲ့ စည်ကိုဖျက်ဖို့ လောကီသိပ္ပအရာမှာ ကျွမ်းကျင်လိမ္မာတဲ့ ဝင်္ကန္တအမတ်ကို စေလွှတ်လိုက်တယ်။
ဝင်္ကန္တအမတ်ဟာ ဖန်ရည်ဆိုးအဝတ်ကိုဝတ်ပြီး မဟာမြိုင်တောထဲဝင်တယ်။ မြို့ဝန်းကျင်ရောက်ရင် နေရာအနှံ့မှာ ရွှေငွေတွေကို ဦးစွာမြှုပ်နံှထားပြီး၊ ဘယ်နေရာမှာ ရွှေရှိမယ်၊ ဘယ်အရပ်မှာ ငွေရှိမယ် စသဖြင့် နိမိတ်ဖတ်ဟောကြားရင်း ရွာသားတွေကိုတူးယူစေတယ်။ ဒီနည်းနှင့် နာမည်ကြီးလာတဲ့ ဝင်္ကန္တအမတ်ကို ကတူးမင်းက ကျောင်းဆောက်လှူဒါန်းပြီး မင်းဆရာအဖြစ်ကိုးကွယ်ထားတယ်။
ရဟန်းယောင်ဆောင်ထားတဲ့အမတ်ဟာ သံဝရမင်းရဲ့စည်ကြီးကိုဖျက်ဆီးဖို့အကြံနှင့် စည်ကိုအနည်းငယ်ဖြတ်ရင် အခုထက်ဘုန်းကြီးပြီး သုနာပရန္တတိုင်းအားလုံးကို အုပ်စိုးရမယ်လို့ သွေးဆောင်ပြီး စည်ကိုဖြတ်စေတယ်။ လက်လေးသစ်လောက်ဖြတ်ပြီး တီးကြည့်တော့ အရင်ကထက်မြည်းဟိန်းလို့ လက်ဆောင်ပဏ္ဍာတွေလည်း ပိုပြီးဆက်သလာကြတယ်။ အမတ်ကြီးရဲ့အကြံ မအောင်မြင်ဘူး။
အမတ်ကြီးလည်း ဒုတိယအကြိမ် ထပ်ပြီးကြံစည်တယ်။ စည်ကြီးကို
နောက်တစ်ကြိမ်ဖြတ်ရင် ဘုန်းတန်ခိုးပိုကြီးလာလိမ့်မယ်လို့ သံဝရမင်းကို လျှောက်ပြန်တယ်။ မင်းနှင့်မိဖုရားလည်း ဝမ်းသာအားရနှင့် စည်ကြီးကို ရှေးကအတိုင်းဖြတ်ပြီး တီးခတ်ကြည့်ရာ လုံးဝမမြည်ဟိန်းတော့ဘဲ လက်ဆောင်ပဏ္ဍာတွေလည်း ယုတ်လျော့ကုန်တယ်။ မင်းနှင့်မိဖုရားလည်း အမတ်ကြီးရဲ့အကြံကိုသိသွားပြီး ဒေါသထွက်ကြတယ်။ မိဖုရားလည်း စည်ကြီးကိုရွက်ပြီး ဝင်္ကန္တအမတ်ရှိတဲ့ကျောင်းကို အရောက်သွားတယ်။
အမတ်ကြီးဟာ ဖုရားလာတာကိုမြင်တာနှင့် ပယောဂအင်းစီမံထားတဲ့ထီးကိုပြီး ထွက်ပြေးသွားတယ်။ မိဖုရားလည်း အနောက်က လိုက်တယ်။ ချင်းလူမျိုး လေးမုံရဲ့ တောင်ယာအနီး ရေဝေတောင်အရောက်မှာ အမတ်ကြီးက ထီးကိုဖွင့်ပြီးဆောင်းလိုက်တာနှင့် အဲဒီနေရာမှာပဲ ကိုယ်ယောင်ပျောက်သွားတယ်။ မိဖုရားက လူအင်အားသုံးပြီး တစ်တောလုံးအနှံံ့ရှာဖွေပေမယ့် "ဝ" လေးကွက် အင်းချထာတဲ့ သိမ်ဝင်သပိတ်ကွဲကိုပဲ တွေ့ရတယ်။
"ကရဏိရာအောက်၊ ဝလေးထောက်၊ ပေါက္ကံရှင်ကြီး ထီးနှင့်ပျောက်"လို့ အဆိုကျန်ရစ်တယ်။
မိဖုရားက ဒေါသတကြီးနှင့် ကဗြည်းသားစည်ကို တောင်ပေါ်ကနေ ကန်ချလိုက်လို့ စည်လိမ့်သွားတဲ့နေရာမှာ ချောင်းစီးပြီး၊ စည်ပတုံးချောင်းလို့ ယနေ့တိုင် အမည်တွင်တယ်။
စည်ကြီးပျက်ပြီးနောက် မင်းနှင့်မိဖုရားဟာ ရန်သူတွေ မကြာမီ ပြန်လည်လာရောက်တိုက်ခိုက်ကြလိမ့်မယ်လို့တွေးတောပြီး ဗဟိုရ်စည်အသစ်တစ်လုံး ထပ်လုပ်စေတယ်။ မြို့ရိုးကို ပြင်ဆင်မွမ်းမံစေတယ်။ ဝင်္ကန္တအမတ်လည်း ပုရာဂါမ(ပုဂံ)ကိုပြန်ပြီး၊ ကကဏ္ဍကစည်ကြီးကို ဖျက်ဆီးခဲ့ပြီးကြောင်း၊ မြို့ရိုးမြို့တာကို ပြင်ဆင်နေကြကြောင်း၊ မဟာမြိုင်မြို့ကို ဖျက်ဆီးမှသင့်မည်ဖြစ်ကြောင်း အနော်ရထာကို လျှောက်တင်တယ်။
အနော်ရထာလည်း ဝင်္ကန္တအမတ်ကို ဆုတော်လာဘ်တော်တွပေးသနားတယ်။ အမတ်ကြီးကို ရှေ့ဆောင်တပ်မှာဦးဆောင်အုပ်ချုပ်စေပြီး၊ ငလုံးငလက်ဖယ်-ငထွေးရူး-ညောင်ဦးဖီး-ကျန်စစ်သား လူစွမ်းကောင်းလေးဦးနှင့်တကွ စစ်သည်လေးသောင်းကို မဟာမြိုင်တောထဲ ချီတက်စေတယ်။ သားတော် ကျန်စစ်သားကို
လက်သုံးတော် အရိန္ဒမာကြိမ်စကြာကိုလည်း ပေးအပ်တော်မူလိုက်တယ်။
စစ်တပ်ကြီးဟာ ချင်းလေးမုံရဲ့တောင်ယာအနီး စခန်းချနေစဉ်မှာ မဟာမြိုင်မင်းတို့ကိုးကွယ်တဲ့နတ်ကြီးက တပ်သားတွေကြောက်လန့်ပြီးထွက်ပြေးစေခြင်းငှာ တောကြီးတုန်ဟီးလောက်အောင် ကျားဟိန်းသလို ဟိန်းပြီးခြောက်လန့်တယ်။ အဲဒီနေရာမှာ တောင်ဟိန်းလို့ အမည်ကျန်ရစ်တယ်။ ကျန်စစ်သားက အရိန္ဒမာကြိမ်နှင့် မြေပြင်ကို သုံးကြိမ်သုံးခါတိုင် ရိုက်ခတ်လျှင် ဟုန်းနတ်ကြီးကြောက်လန့်ပြီး မဟာမြိုင်မင်းရဲ့နန်းတော်ဆီ ထွက်ပြေးတယ်။ ရန်သူတွေတိုက်ခိုက်ဖို့ အရောက်လောနေပြီဖြစ်ကြောင်း၊ မိမိခြောက်လန့်တဲ့အခါ အရိန္ဒမာနှင့်ရိုက်လို့ မခံရပ်နိုင်ဘဲ ပြေးလာရကြောင်း ကိုယ်ထင်ပြပြီး ပြောကြားတယ်။
သံဝရမင်းလည်း ဘုန်းကံအင်အားချင်းမမျှလို့ အနော်ရထာရဲ့စစ်တပ်ကိုလည်း မခုခံဝံ့၊ တိုင်းတစ်ပါးဆီ ထွက်ပြေးရင်လည်း လွတ်ဖို့မမြင်၊ ဝန်ချတိုးလျိုးရင်လည်း လက်ခံမှာမဟုတ်၊ သေဖို့သာရှိလျှက် ရန်သူလက်ထဲ သေရတာထက် မိမိတို့ကိုးကွယ်တဲ့နတ်မင်းကြီးကို အသက်ခန္ဓာအပ်နှံပြီးသေဆုံးရတာက ပိုမြတ်တယ်လို့ ကြံစည်တွေးတောပြီး နတ်ကွန်းမှာပဲ အဓိဋ္ဌာန်ပြုသေဆုံးကြကုန်တယ်။
မင်းနှင့်မိဖုရားတို့ သေလွန်ကြသော် မိဖုရားကြီးက စည်ပတုံးချောင်းကိုစောင့်တဲ့နတ်အဖြစ် ရောက်ရှိသွားတယ်။ မင်းမိဖုရားမရှိတော့တဲ့နောက် မြို့သူမြို့သားတွေလည်း လွှတ်ရာရှောင်ပြေးကြရင်း မဟာမြိုင်မြို့ကြီး ပျက်စီးသွားတယ်။
ကုန်းချောတဲ့ ပဒုံမင်း ဘသူကြွယ်လည်း မြို့ရိုးမြို့တာများ ပြင်ဆင်နေကြောင်း အနော်ရထာကြားသိပြီး မယုံသင်္ကာစိတ်နှင့် ကွပ်မျက်မယ်လုပ်တော့ စလွန်တောင်ပေါ်တက်ပြီး သလ္လာဝတီမြစ်ထဲ ခုန်ချသေဆုံးတယ်။ အနော်ရထာလည်း နတ်ကွန်းတစ်ခုဆောက်ပေးပြီး ပဒုံတစ်နယ်လုံး ပသစေတယ်။
ကတူးမင်းသံဝရရာဇာနှင့် မဟာမြိုင်မြို့ကြီးဟာ ဒီနေရာမှာပဲ အပြီးတိုင်ပျက်စီးသွားခဲ့တယ်။
***********************************
"စောအဲခန်းနှင့်ဝိန်ဘာမြို့"
ကတူးမင်းမိဖုရားနှင့်မဟာမြိုင်ကြီး ပျက်စီးပြီးနောက် မြို့သူမြို့သားတွေ လွတ်ရာကျွတ်ရာထွက်ပြေးကြရင်း၊ သံဝရမင်းဘထွေးတော်ရဲ့သား အဲခန်း(ဗမာလို ငပျင်း)နှင့် နှမတော်သား စောပေါမိုင်း(ဗမာလို မြို့သူကြီး) တူဝရီးနှစ်ယောက်ဟာ အထက်အညာရှမ်းအရပ်ကို ထွက်ပြေးကြတယ်။ ဝန်းသိုနယ်အရောက်မှာ စော်ဘွားကြီးထံ ခွင့်တောင်းပြီး ပိန္နဲသရက်ဥယျာဉ်ခြံစိုက်ပျိုးလျှက် နေထိုင်ကြတယ်။ တစ်နေ့မှာ အဲခန်းငပျင်းက တစ်ရက်သီးမှည့်တစ်လုံးကို ကျင်ငယ်စွန့်ပြီး ဒေါင်းရူးချောင်းထဲ မျောချလိုက်တယ်။ ချောင်းဘေး ရေချိုးနေတဲ့ စော်ဘွားသမီးတော်က မျောလာတဲ့သရက်သီးကို ဆယ်ယူစားသုံးမိလို့ ကိုယ်ဝန်သန္ဓေရတယ်။ အချိန်တန်လို့ ယောက်ျားလေးမွေးတော့ ကလေးငယ်ရဲ့ အဖေအရင်းကိုရှာဖွေဖို့ ကလေးငယ်အငိုတိတ်အောင် ချော့နိုင်သူကို သမီးတော်နှင်ပေးစားမယ်လို့ စော်ဘွားကြီးက ကြေညာတယ်။ ဝန်းသိုငါးခရိုင်မှာရှိတဲ့ယောက်ျားဟူသမျှ အကုန်ချော့ကြပေမယ့်မရ၊ အဲခန်းငပျင်းချော့မှ ကလေးငယ်လည်း အငိုတိတ်လို့ သမီးတော်ကို ပေးစားပြီး ဓားမ ပုဆိန်တို့ကို ပေးအပ်လျှက် တောင်ယာခုတ်စား အသက်မွေးကြဖို့မိန့်တော်မူပြီး သမီးမြေးနှင့်တကွ လွှတ်လိုက်တယ်။မြေးတော်ကိုလည်း ငါးခရိုင်လုံးချော့ကြရလို့ ရှမ်းလို ကောင်းအယယ်၊ မြန်မာလို ချော့သားလို့ အမည်ပေးတယ်။
ဒီလိုနှင့် အဲခန်းငပျင်းတို့လင်မယားဟာ တောင်ယာလုပ်ငန်းလုပ်ကိုင် နေထိုင်ကြတယ်။ တစ်နေ့မှာ အဲခန်းက စည်စကြာကိုရပြီး စည်ကိုတီးလျှင် အလိုရှိတိုင်း ပြီးမြောက်စေလို့ တန်ခိုးအင်အားကြီးလာတယ်။ စည်စကြာရဲ့အစွမ်းကြောင့် လူ့ခန္ဓာနှင့်နတ်ဘဝကိုရရှိလျှက် လူတစ်ပိုင်းနတ်တစ်ပိုင်းခံယူတယ်။ စစ်သည် ဆင်မြင်း အမြောက်အမြားနှင့် အခိုင်အမာ မြို့တည်တယ်။
ဝန်းသိုစော်ပွားလည်း မိမိရဲ့သမက်ဟာ မိမိကိုအံတုတော့မယ်လို့အောက်မေ့ပြီး၊ သမက်တော်အဲခန်းကို စစ်တိုက်ရာ စော်ဘွားကပဲ ရှုံးနိမ့်တယ်။ ဒါကြောင့် ကိုယ့်သမက်ကို လက်ဆောင်ပဏ္ဍာတွေ နှစ်စဉ် ဆက်သရတယ်။ မဟာမြိုင် ကတူးမင်းသံဝရရာဇာရဲ့အဆက်အနွယ် အဲခန်းငပျင်းဟာ ယောက္ခမတော်ဝန်းသိုစော်ဘွားကိုအောင်နိုင်ပြီးနောက် မိုင်းသုံတောင်ရဲ့ (၃)တိုင်အကွာမှာ ဝန်ဘာမြို့ကြီးကို ပကတိကျောက်သားများနှင့် တည်ဆောက်ခဲ့တယ်။( အဲဒီကျောက်မြို့ဟောင်းဟာ ဝန်းသိုနယ် မိုင်းသုံတောင်အနီးမှာ ယခုတိုင်ရှိပါတယ်။)
***********************************
" စောပေါမိုင်းအနွယ်နှင့် ကိုးသိန်းသခင်တောင်တော်ရှင်*
မဟာမြိုင်ပျက်ပြီးနောက် အဲခန်းငပျင်းနှင့်အတူ ထွက်ပြေးလာတဲ့ မဟာမြိုင်အမတ်စောပေါမိုင်းလည်း (စောအဲခန်းလိုပဲ)
ဝန်းသိုစော်ဘွားဆီမှာ အခွင့်တောင်းပြီး ဝန်းသိုအရှေ့တောင်အရပ်မှာ (ရှမ်းလို-တုံးပေါလော၊ ဗမာလို သာယာကျယ်ဝန်းတဲ့)ကွင်းပြင်ကိုမြင်တော့ တုံးပေါလောကွင်းပြင်အရပ်မှာပဲ ရပ်ရွာတည်ထောင် နေထိုင်ကြတယ်။ စောပေါမိုင်းရဲ့မျိုးဆက် သုံးဆက်မြောက် နောက်ဆုံးသားဟာ သား(၅)ယောက်၊ သမီး(၁)ယောက် ထွန်းကားတယ်။ သမီးကို ဝန်းသိုစော်ပွားထံ အပ်နှင်းပြီး သားငါးယောက်ကို တောင်ယာလုပ်ကိုင်စေတယ်။
ထိုအချိန်ခါမှာ အောက်မြန်မာပြည်က ရဲမက်ဗိုလ်ပါတို့ရဲ့ရန်အန္တရာယ်ကြောင့် မင်းသား(၅)ယောက်ဟာ နယ်မြေသစ်ရှာဖွေဖို့ ထွက်ခွာကြတယ်။ အစ်ကို(၂)ယောက်က အနောက်မူးရိုးဘက်၊ ညီ(၃)ယောက်က အရှေ့မဲဇာဘက် အသီးသီး ထွက်ခွာခဲ့ကြတယ်။
ညီသုံးယောက်က မိုးညှင်းစော်ဘွားကြီးထံရောက်ပြီး လက်ဆောင်ပဏ္ဍာဆက်သကာ နေထိုင်ခွင့်တောင်းကြတယ်။ မိုးညှင်းစော်ဘွားကလည်း မဲဇာချောင်းအရှေ့ဘက်မှာ ရွာတည်ဖို့နေရာမရှိ၊ မဲဇာအနောက်ဘက်မှာပဲနေရာရှိလို့ နေလိုရာနေကြစေလို့ အခွင့်ပေးတယ်။ လက်ဆောင်တွေကိုလည်း ပြန်ပေးလိုက်တယ်။
မင်းသားသုံးယောက်လည်း မဲဇာချောင်းအနောက်ဘက်ကို ပြန်ဆုတ်ပြီး ယခု ခေါင်တုံးလို့ခေါ်ကြတဲ့အရပ်မှာ နေရာစခန်း ကြည့်ရှုကြဖို့ ပြန်လာကြတယ်။ (လက်ဆောင် ပြန်တုံ့ ပေးတာကို ရှမ်းလို ဟောတုန်းလို့ခေါ်ပြီး၊ ကာလကြာတော့ ခေါင်တုံးလို့ ဖြစ်လာတယ်။)
အိမ်ရောက်တော့ အစ်ကိုနှစ်ယောက်က ပြန်မရောက်ကြသေးဘူး။ ညီသုံးယောက်က မဲဇာချောင်းအထက်ဖျား အနောက်ကမ်းမှာ ရွာတည်ပြီးနေကြမယ်လို့ မရီးတွေကိုမှာကြားထားပြီး ဆွေသားတစ်စုနှင့်တကွ ခေါင်တုံးအရပ်ကို ထွက်ခွာသွားကြတယ်။
မူးမြစ်ရိုးဘက်ထွက်ခွာသွားတဲ့အစ်ကို(၂)ယောက်က ပင်းသာ-ပင်းကျိုင်း-ပင်လည်ဘူး၊ ထိုမှတစ်ဆင့် နန်းမားချောင်းကို ဆန်တက်လာရာ ဆားတွင်းတွေတွေ့ကြတယ်။ ကမ္ဘာချောင်းပေါက်ဝအရောက်မှာ တဖန်ဆန်တက်ပြန်ရာ ဆားတွင်းများစွာ ထပ်တွေ့ပြန်တယ်။ ဒီနယ်မြေတွေဟာ ဆားတွင်းတွေရှိပြီး မင်းလမ်းလည်းမကျတဲ့အတွက် အခြေချနေထိုင်ဖို့ကောင်းကြောင်း တွေးတောပြီး ဆက်သွားကြရာ အဲခန်းပထမနေထိုင်ခဲ့တဲ့ ကိုးတံဝကိုရောက်တယ်။ အဲဒီကနေ မိမိတို့ရွာ တုံးပေါလောကိုပဲ ပြန်ခဲ့ကြတယ်။ အိမ်ပြန်ရောက်တော့ ညီသုံးယောက်က မဲဇာချောင်းဖျားအနောက်ဘကကမ်းမှာရွာတည်ဖို့ ထွက်ခွာသွားပြီဖြစ်ကြောင်း၊ အစ်ကိုတို့ပြန်ရောက်လျှင် အနောက်က လိုက်လာကြဖို့ မှာကြားခဲ့ကြောင်း သိကြရတယ်။
အစ်ကိုနှစ်ယောက်လည်း ဆွေမျိုးတစ်စုနှင့်တကွ နောက်က အမြန်လိုက်ကြတယ်။ ဒေါင်းရူးချောင်းဖျားအရောက်မှာ ရှေ့ကသွားနှင့်တဲ့ညီသုံးယောက်အဖွဲ့က အမှတ်အသားပြုခုတ်ပိုင်းခဲ့တဲ့ ငှက်ပျောပင်တွေဟာ တစ်မိုက်တစ်ထွာခန့် အရွက်ထွက်နေတာကိုမြင်တော့ ညီသုံးယောက်ထွက်သွားတာ ကြာလှပြီ၊ သူတို့ခုတ်ပိုင်းခဲ့တဲ့ငှက်ပျောပင်တွေတောင် တစ်ထွက်တစ်မိုက်မျှ အရွက်ထွက်နေပြီ၊ လိုက်လို့မီတော့မှာမဟုတ်လို့ တွေးတောကြပြီး ဆက်မလိုက်ဘဲနေခဲ့ကြတယ်။ သူတို့ အစောပိုင်းကတွေ့ခဲ့တဲ့ ဆားတွင်းရှိရာအရပ်မှာပဲ ရွာတည်နေထိုင်ကြဖို့ ထွက်ခွာလာကြတယ်။ ဒီလိုနှင့် အဲခန်းငပျင်းရဲ့ ဝိန်ဘာမြို့အနီး မြင်းထိန်းရွာမိုင်းသုံကိုရောက်ရှိကြတယ်။
အဲခန်းငပျင်းနှင့်တွေ့ကြတော့ မင်းသားနှစ်ယောက်က အကြောင်းစုံရှင်းပြတယ်။ အဲခန်းလည်း ဝိန်ဘာမြို့ကခွာပြီး မြန်မာတွေနှင့်ဝေးရာ ဝိန်ခွဲလုံမှာ ပြောင်းနေတော့မည်ဖြစ်ကြောင်း ပြန်ပြောတယ်။ ဝိန်ခွဲလုံက ယခု မိုင်းသုံတောင်ကြီးကိုပဲခေါ်တယ်လို့ မှတ်သားကြတယ်။
မင်းသားနှစ်ယောက်နှင့်စောအဲခန်းတို့ဟာ ဝိန်ဘာမြို့ကနေ အတူထွက်ခွာလာရာ၊ ခင်ရိုးကြီးတစ်လျှောက် ဆက်သွားရင်း ခင်ရိုးအဆုံးအရောက်မှာ မင်းသားနှစ်ယောက်ကို အနောက်ကျင်းဘက် ရွာတည်နေထိုင်စေတယ်။ အဲဒီကဆက်သွားပြီး
လင်းလင်းကျင်းကျင်းရှိတဲ့နေရာမှာ ရွာတည်နေထိုင်ကြပြန်တယ်။
တစ်နှစ်အကြာမှာ အစ်ကိုက မူပန်လျည်၊ ညီက ကောင်းပန်လျည် သားတစ်ဦးစီ မွေးဖွားတယ်။ အဲဒီသားနှစ်ျယာက်ကနေ ထပ်ပွားတဲ့ သုံးကျိတ်ခန့်ရှိပြီး ရဲစွမ်းသတ္တိပြည့်ဝကြတယ်။ ထိုအချိန်က ကမ္ဘာရွာမနှင့်ဆားကျင်းလမ်းမှာ ချင်းစော်ဘွားအိမ် ထုပ်ရှစ်ခန်းရှိတယ်။ အခု ကျည်ဇုရွာဟောင်းလို့ ခေါ်ကြတယ်။ အင်အားပိုကြီးတဲ့ကတူးတွေရောက်လာတော့ ချင်းတွေက ကတူးတွေကိုပဲ စော်ပွားအရာပေးအပ်ကြတယ်။ စော်ဘွားဟာ မော်ဟိုင်း-နန်းမား-စွန်ဖား-ကမ္ဘာ လေးရွာကို စီရင်သလို နောင်စင်းအရပ်မှာလည်း ရွာတည်ပြန်တယ်။ အဲဒီအရပ်ကို အခု မံစင်းလို့ခေါ်တယ်။
ချင်းတွေတင်မြှောက်ထားတဲ့ စော်ဘွားငချင်း(ကတူး)မှ သုံးဆက်မြောက် သက္ကရာဇ်နှစ်ရာအဝင်မှာ ကသဲစော်ဘွား
စော်ကော်တာက ရဲမက်တစ်သောင်းနှင့်ချီတက်လာပြီး ဆားကျင်းနှင့်ကမ္ဘာရွာမစသပ်ကြားတောင်ထိပ်မှာ တပ်စခန်းချပြီးနေကြတယ်။
တောင်တော်မင်း(အဲခန်း)က ကသဲရန်သူတွေကို မိမိကိုယ်တိုင်တိုက်ခိုက်မှာဖြစ်ကြောင်းပြောတဲ့အတွက် ကမ္ဘာစော်ဘွားများနှင့်ရွာသားတွေလည်း တောင်ခြေရင်းမှာ လာရောက်ခိုလုံကြတယ်။ ကိုးသိန်းသခင်တောင်တော်မင်း(အဲခန်း)လည်း မူတွန်ရွာဦးမှာ မြို့ကြီးရပ်ရွာလို ဖန်ဆင်းပြထားပြီး၊ ဆင်သံ မြင်းသံ လူသံ စည်သံ မောင်းသံ သေနတ်သံ အမြှောက်သံအမျိုးမျိုး ဆူညံအက်ကွဲ အုတ်အုတ်သဲသဲပုံစံဖြစ်အောင် ဖန်ဆင်းထားတယ်။ ကသဲရဲမက်တို့လာရောက်တိုက်ခိုက်တော့လည်း မြင်းဟီသံပဲကြားရပြီး လူကိုမမြင်ကြရ မခုခံနိုင်ကြဘဲ ရဲမက်တစ်သောင်းလုံး ပျက်ပြုန်းကြကုန်တယ်။ ကသဲပြည်ကို စကားပြန်နှစ်ယောက်ပဲပြန်လွှတ်ပြီး အကုန် ကွပ်မျက်ပစ်တယ်။
ဒီလို ကသည်းရန်ကို ငြိမ်းအေးစေပြီးနောက် လူတစ်ပိုင်းနတ်တစ်ပိုင်းဖြစ်တဲ့
ကိုးသိန်းသခင် ဝရီးဘေးတောင်တော်ရှင်ကြီး(စောအဲခန်း)ဟာ စောနွဲ့မွန်ဆိုတဲ့အမည်နှင့် နတ်ဘဝကို အပြည့်အဝ ခံယူသွားခဲ့တယ်။( ယနေ့ ဝန်းသို ပင်လယ်ဘူး ဗန်းမောက်နယ်ဘက်တွေမှာ ပူဇော်ပသကြတဲ့ မိုင်းသုံအရှင်ကြီးဆိုတာ အခုရာဇဝင်ထဲက ကိုးသိန်းသခင်တောင်တော်ရှင်ပဲဖြစ်လိမ့်မယ်ထင်ပါတယ်။)
မှတ်ချက်။ ။
ပုံပြင်ဒဏ္ဍာရီ ပါးစပ်ရာဇဝင်တွေနှင့် သမိုင်းကို မရောထွေးမိပါစေနဲ့ ။ ညီတွေက ငှက်ပျောပင်ကို အမှတ်အသားပြု ခုတ်ထားခဲ့ရာ နောက်ကလိုက်လာတဲ့အစ်ကိုတွေက ငှက်ပျောရွက်ထွက်တာတောင် ရှည်နေပြီ မီတော့မှာမဟုတ်ဘူးဆိုပြီး ဆက်မလိုက်ဘဲ ညီတွေနှင့် လမ်းခွဲခဲ့ရတဲ့ ဇာတ်လမ်းက လူမျိုးတော်တော်များများမှာရှိတယ်။ ကချင်နှင့်ချင်း ညီအစ်ကိုဇာတ်လမ်းလို့ ပြောကြသလို၊ ကတူးတွေကလည်း ကချင်နှင့် ညီအစ်ကိုဇာတ်လမ်းအဖြစ် ပါးစပ်ရာဇဝင်ရှိတယ်။
ရခိုင်ပြည်က သက်တွေမှာလည်း ဒီဇာတ်လမ်းရှိတယ်။ ကနန်းတွေမှာလည်း ရှိတယ်။ အခုရာဇဝင်မှာတော့ ကတူးညီအစ်ကိုဇာတ်လမ်း ဖြစ်သွားပြန်တယ်။
ဒီလိုဒဏ္ဍာရီတွေကို အတည်ယူပြီးပြောနေရင်တော့ အဆင်မပြေနိုင်ဘူး။
" လူမျိုးသမိုင်း နှုတ်မရိုင်းဖို့ "
ခေတ်ကြေးမုံပြင် ရာဇဝင်ကို
ပုံပြင်လိုတွေး လျှောက်မရေးဘဲ
ရှေးနှောင်းခေတ်သစ် ထောက်ထားစစ်၍
အဖြစ်အမှန် ယုတ္တိတန်စွာ
ရေးသင့်ပါသည်။
(ကတူးအမျိုးသားအလံတော်အကြောင်းကို နောင်တွင် ဆက်လက်ရေးသားပါမည်။)
နေမြန်မာ(ရွှေကတူး)
Credit to Original Writer and Photo Credit to Original Up-loader
Original Link - https://kadunative.blogspot.com/2018/10/than-naing13.html
No comments:
Post a Comment