သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၅)


Photo (News Link): Shanni and Kadu and Kanan People (Credit to Original Up-loader)

ရှမ်းနီအမျိုးသားနေ့ကို ကြေညာထားစဉ်

သမိုင်းမှတ်တမ်းများထဲက ရှမ်းနီတိုင်းရင်းသားများ(အပိုင်း-၅)

CNI Article

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄

ယခင်တစ်ပတ်က နန်စောအင်ပါယာနှင့် ရှမ်းနီတိုင်းရင်းသားများ ဖြစ်လာမည့် တိုင်း-တရုတ် ဘာသာစကားပြော သည့် ရှမ်းမျိုးနွယ်စုတို့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုသည် မိုးကောင်းမြို့ပြနိုင်ငံကို ထူထောင်ရာက စတင် ကြောင်း၊ ခုနှစ်အားဖြင့် အေဒီ ၇၂၂ ခုတွင် မိုင်းမောနိုင်ငံ၏ တဆင့်ခံမှုဖြင့် စတင်ထိတွေ့ကြောင်း၊ သို့သော် အေဒီ ၇၅၄ ခုတွင် မိုးကောင်းသည် နန်စောနှင့် တိုက်ရိုက်ဆက်ဆံသည့် အုပ်ချုပ်‌ရေးစနစ်ကို ပြောင်းခဲ့မည်ဖြစ်ကြောင်း ဖြင့် သုံးသပ်တင်ပြခဲ့ပါသည်။ 

ယခုတစ်ပတ်တွင်မူ  မိုင်းမောနိုင်ငံမှ မိုးကောင်းမြို့ပြနိုင်ငံသို့  မင်းဆက် မပြတ်စေရန် အတွက် “ခမ်း- ရွှေအိမ် တော်”မျိုးရိုးကို ဆက်လက်စေလွှတ်၍ အုပ်ချုပ်စေခဲ့ပုံနှင့်  မိုးကောင်းမြို့ပြနိုင်ငံတွင် မင်းရိုး အပြောင်း အလဲ ဖြစ်ခဲ့ပြီး “ဆေ-ကျားအိမ်တော်”မျိုးရိုးက ဆက်လက်အုပ်ချုပ်ပုံတို့ကို သုံးသပ်တင်ပြသွားပါမည်။ 

မိုးကောင်းမြို့ပြနိုင်ငံကို “အုန်းဘောင်မင်းဆက် ရာဇဝင်”နှင့် ဆက်စပ် လေ့လာရာတွင် မိုင်းမောနိုင်ငံကို အုပ်ချုပ်သည့် မင်းဖြစ်သူ ခွန်လူးသည်  ဒုတိယသားတော်ဖြစ်သူ ခွန်ခမ်းထွန်းကို မိုးကောင်းမြို့ပြနိုင်ငံအား အုပ်ချုပ်ရန် ခန့်ထားကြောင်း ဖော်ပြထားပါသည်။

ဤဖော်ပြချက်နှင့် ပတ်သက်၍ အရှင်သုခမိန္ဒ၏ “ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ”ကျမ်းနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် မိုင်းမောမင်းခွန်လူးသည် မိုင်းမောနယ်ဖြစ်လာမည့် ရွှေလီ မြစ်ဝှမ်းရှိ တိန်းခေါ်နယ်ကို အုပ်ချုပ်သည့်မင်းဖြစ်သူ ခွန်တောင်းခမ်း(အေဒီ ၇၆၄-၈၃၅)၏ သားတော်ဖြစ်ပြီး အေဒီ ၈၃၅ ခုတွင် မိုင်းမောနိုင်ငံ၌ မင်းဖြစ်လာသူ ဖြစ်သည်ကို တွေ့ရသည်။ 

ထို့အပြင် နန်စောအင်ပါယာ၏ မင်းဖြစ်သူ ခွန်ဖုန်းယုသည် လက်အောက်ခံဖြစ်သော မိုင်းမောမင်းခွန်လူး ၏ သားတော်ဖြစ်သူ ခွန်လူးလုံကို အေဒီ ၈၄၂ တွင် ဆစ်ဆောင်ပန္နားနယ်အား အုပ်ချုပ်ရန် ခန့်အပ်ကြောင်း တွေ့ရ သည်။ 

မိုးကောင်းမြို့ပြနိုင်ငံကို ဆက်လက်အုပ်ချုပ်ရန် ခွန်ခမ်းထွန်းအား စေလွှတ်သည့် ခုနှစ်ကိုမူ “အုန်းဘောင် မင်းဆက်ရာဇဝင်”နှင့် “ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ”ကျမ်းတို့တွင် မတွေ့ရ ပါ။ သို့သော်  နန်စော အင်ပါယာသည် မိုင်းမောမင်းခွန်လူး လက်ထက် အေဒီ ၈၃၅-၉၃၂ ခု ကာလအတွင်းမှာပင် မိုးကောင်းမြို့ပြနိုင်ငံကို ဆက်လက် အုပ်ချုပ်ရန် ခန့်အပ်သည်ဟု သုံးသပ်ရပေသည်။ 

ဤတွင် အေဒီ ၇၂၂ တွင် မိုးကောင်းမြို့ပြနိုင်ငံကို စတင်ထူထောင်ခဲ့သည့် မိုင်းမောနိုင်ငံမှလာသော ပထမ မိုးကောင်းမင်းရိုးသည် အေဒီ ၈၃၂-၉၃၂ ခုတွင် မင်းဆက်ပြတ်ခဲ့သည်ဟု ယူဆနိုင်ပါသည်။ 

သို့ဖြစ်၍ ပထမ မိုးကောင်း မင်းရိုးသည် မိုင်းမောနိုင်ငံကလာသည့် မင်းရိုးဖြစ်သဖြင့် နန်စောအင်ပါယာသည် မိုင်းမောမင်းရိုးကိုပင် ဆက်လက် ပို့ဆောင် အုပ်ချုပ်စေသည်ဟု သုံးသပ်နိုင်ပါသည်။ 

ရှမ်းမင်းရိုးတို့သည် မိမိတို့စိုးမိုးအုပ်ချုပ်ရာ နယ်မြေဒေသတွင် မင်းဆက်ပြတ်လျှင် မင်းရိုးတူသည့် မြို့ပြ နိုင်ငံက လာရောက် အုပ်ချုပ်ပေးသည့်စနစ် ရှိခဲ့သည်ကို မိုးမိတ်-မိုးနဲ သမိုင်း၊ မိုးမိတ်-ညောင်ရွှေသမိုင်းနှင့် မိုး ကောင်း- မိုးပင်းသမိုင်းကပင် သက်သေခံနေရာ မိုးကောင်းတွင် မိုင်းမော မင်းရိုး မပြတ်စေရန် မိုင်းမောနိုင်ငံက မင်းရိုးပေးပို့ခြင်းနှင့် ပတ်သက်သည့် သုံးသပ်ချက်မှာ ယုတ္တိရှိသည်ဟု ဆိုနိုင်ပေသည်။ 

ထို့ကြောင့် “အုန်းဘောင်မင်းဆက်ရာဇဝင်”အရ တွေ့ရှိရသည့် မိုးကောင်းမင်းရိုးသည် နန်စော အင်ပါယာ ၏ လက်အောက်ခံနိုင်ငံဖြစ်သော မိုင်းမောနိုင်ငံမှ ဒုတိယအကြိမ် လာရောက်သည့် မိုးကောင်းမြို့ပြနိုင်ငံ၏ ဒုတိယ မင်းရိုးဖြစ်သည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။ 

ထို့အပြင် လာရောက် အုပ်ချုပ်သည့် မင်းဖြစ်သော ခွန်ခမ်းထွန်း၏ ဘွဲ့မည်ပါ “ခမ်း”ဝေါဟာရသည် ရွှေကို ရည်ညွှန်းသဖြင့် မိုးကောင်းမြို့ပြနိုင်ငံ၏ ဒုတိယမင်းရိုးသည် “ခမ်း- ရွှေအိမ်တော် မိသားစုမျိုးရိုး”က လာသည်ဟူ ၍ပါ သုံးသပ်နိုင်ပါသည်။ 

 မိုးကောင်းမြို့အ၀င်ကိုတွေ့ရစဉ်

ထပ်မံ၍ လေ့လာရသည်မှာ မိုးကောင်းမြို့ပြနိုင်ငံ၏ တတိယမင်းရိုးဖြစ်သော ဆေကော်ဖမင်း၏ အကြောင်း ဖြစ်ပါသည်။ ထိုမင်းသည် တာလီအင်ပါယာကို အုပ်ချုပ်သည့်မင်း၏ အကူအညီဖြင့် မိုးကောင်းမြို့ပြ နိုင်ငံကို ထပ်မံထူထောင် အုပ်ချုပ်ခဲ့သည်ဟု မိုးကောင်း သမိုင်းမှတ်တမ်းက ဆိုပါသည်။ 

သို့သော် ထိုမင်းရိုး အကြောင်းသည် နှုတ်ပြောသမိုင်း ဆန်နေသည်ကို တွေ့ရသည်။ ထို့အပြင် နှုတ်ပြောသမိုင်း ဖြစ်စေကာမူ ထင်ရှားသည့် လူပုဂ္ဂိုလ် အမည်များနှင့် ဆက်စပ်သည့် မြို့ပြနိုင်ငံအမည်များ ပါဝင်နေသည်ကိုလည်း တွေ့ရပြန်သည်။ 

အဓိကအားဖြင့် ကျားဖြူမင်းနှင့် တာလီမြို့တော်ရှိ တာလီအင်းကြီးကတဆင့် ရောက်ရှိလာသည့် ဝိဒေဟရာဇ် တိုင်းပြည့်ရှင် ဥတည်ဘွားမင်း၏ သမီးတော်စဝ်နန်းလှ(ဝါ)စောလှတို့၏ ဆက်စပ်မှုမှာ ထင်ရှားနေပေသည်။ 

ဝိဒေဟရာဇ်တိုင်းနှင့် ပတ်သက်၍ သမိုင်းသုတေသနပညာရှင် ဦးရည်စိန်က “စိန့်တိုင်း(စိန့်ပြည်)၊ ဂန္ဓာလ ရာဇ်တိုင်း၊ ဥတည်ဘွား၊ တရုတ် တရက်ဟူသော အမည်များ၏ ဇစ်မြစ်”ဆောင်းပါးတွင်- “ဝိဒေဟတိုင်း၏ မြို့တော်သည် မိတ္ထီလာပြည် ဖြစ်သည်ဟုလည်း ဆိုသည်။ ဤကား ယူနန်မြို့တော်ခွန်မင်း K’un Mingကို ရည်ညွှန်းသည်” ဟူ၍ ဖော်ပြထားပါသည်။ 

ဦးရည်စိန်သည် ဥတည်ဘွားဟူသော အမည်နှင့် ပတ်သက်၍လည်း နန်စောအင်ပါယာ၏ မင်းဖြစ်သူ- “ယီမိုရွန် သည် ခရစ်နှစ် ၇၇၉ ခုနှစ်တွင် တက်လာသည့်အခါ တိဘက်တို့နှင့် ဆက်လက် ပူးပေါင်းသဖြင့် တိဘက်တို့က ယီမိုရွန်အား ဥဒယရာဇာဟူသောဘွဲ့ကို ပေးနှင်းသည်။ တရုတ်တို့က ဤဘွဲ့အမည်ကို နေထွက်ဘုရင်ဟု အဓိပ္ပာယ် ပြန်သည်။ ဤဘွဲ့အမည်သည် နောင်အခါ မြန်မာတို့သိသော ဥဒည်ဖွား(ဥတည်ဘွား)နှင့် ဆက်နွယ်မှု ရှိသည်” ဟူ၍ ရှင်းလင်းထားပါသည်။ 

ထို့အပြင် အရှင်သုခမိန္ဒ၏ “ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓ‌လေ့ ထုံးစံများ”ကျမ်းတွင်လည်း  ဥတည်ဘွားမင်းသည် နန်စောနိုင်ငံ၏ Mong မင်းဆက်ပျက်အပြီး ထပ်မံပေါ်ပေါက်လာသည့် တာလီနိုင်ငံ၏ တွမ့် (Twan)မင်းဆက်မှ မင်းတစ်ပါးဖြစ်သည်ဟု ‌ဖော်ပြထားပါသည်။

ဤဖော်ပြချက်များအရ တာလီမင်းတို့သည် နန်စောမင်းတို့ ခံယူသော ဥတည်ဘွား(ဥဒယရာဇာ)ဘွဲ့ကို ဆက်လက် ခံယူကြခြင်းနှင့် စဝ်နန်းလှ(ဝါ)စောလှ မင်းသမီးသည် ယူနန်နယ်ကို အုပ်ချုပ်လျက်ရှိသည့် တာလီ မင်းတစ်ပါး၏ သမီးတော်ဖြစ်ခြင်းမှာ ထင်ရှားလာပေသည်။ 

ဤနှုတ်ပြောသမိုင်းကို ပို၍ခိုင်မာစေသည့် အချက်မှာ မိုးကောင်းသမိုင်း မှတ်တမ်းပါ ဥတည်ဘွားမင်း၏ မျက်မမြင် သမီးတော် စဝ်နန်းလှ(ဝါ)စောလှသည် တာလီအင်းကတဆင့် ဧရာဝတီမြစ်ဝှမ်းသို့ ရောက်သည်ဟူသော ဖော်ပြချက်ပင် ဖြစ်ပါသည်။ 

ထိုတာလီအင်း၏ တည်နေရာကို လေ့လာရာတွင် တာလီနိုင်ငံ၏မြို့တော်၌ တည်ရှိသည့် အင်းကြီးဖြစ် သည်ကို Maha Sila Viravong ၏ “HISTORY OF LAO”သမိုင်း မှတ်တမ်းတွင် အထင်အရှား တွေ့ရှိရသည်။ 

သို့ဖြစ်၍ ထိုထင်ရှားခိုင်မာသည့် မှတ်တမ်း အချက်အလက်များသည် မိုးကောင်းသမိုင်း မှတ်တမ်းတွင် ပါဝင်နေသည့်အတွက် မိုးကောင်းသမိုင်း မှတ်တမ်းသည် နှုတ်ပြောသမိုင်းဖြစ်စေကာမူ လူပုဂ္ဂိုလ်နှင့် ဒေသဆိုင်ရာ အချက်အလက်များမှာ ကိုက်ညီနေသည်ဟု သုံးသပ်ပါသည်။

ထို့အပြင် မိုးကောင်းသမိုင်း မှတ်တမ်းသည် နှုတ်ပြောသမိုင်း ဖြစ်စေကာမူ အချက်အလက် ခိုင်မာသည့် အတွက် ရှမ်းနီတိုင်းရင်းသားတို့၏ သမိုင်းကို လေ့လာရာတွင် ချန်ထား၍မရသော မှတ်တမ်းဖြစ်သည်ဟု မြင်မိ သည်။

ထို့နောက် မိုးကောင်းသမိုင်း မှတ်တမ်းတွင် ဒဏ္ဍာရီဆန်သည့် အပိုင်းဖြစ်သော ကျားဖြူမင်းကို တိရိစ္ဆာန် ဟု မမြင်ဘဲ ရဲစွမ်းသတ္တိရှိသည့် ဂုဏ်ပုဒ်ကို ကျားဘွဲ့နှင့် ခိုင်းနှိုင်းကြည့်ပါက ကျားဖြူမင်းသည် ဟိန်းဆေ-Hein Hsao- ကျားအိမ်တော်မျိုးရိုးက ဆင်းသက်လာသည့် မင်းရိုးဟူသည့် ပုံစံပေါ်လာမည် ဖြစ်ပါသည်။ 

ကျားအိမ်တော်မျိုးရိုး၏ တည်ရှိနေမှုကို ခိုင်မာသည့် စစ်တမ်းများတွင် လေ့လာသည့်အခါ သောင်သွပ် စစ်တမ်းအရ ခရစ်တော်မ‌ပေါ်မီ ကာလကပင် လက်ရှိ ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာဒေသတွင် မင်းအဖြစ် အုပ်ချုပ်နေခဲ့ပြီ ဖြစ်သည်ကို တွေ့ရှိရသည်။ 

သို့ဖြစ်၍ တာလီမင်း၏ သမီးတော်ဖြစ်သူ စဝ်နန်းလှ(ဝါ)စောလှနှင့် လက်ဆက်သော ကျားဖြူမင်းသည် ကျားသတ္တဝါမဟုတ်ဘဲ ကျားဘွဲ့အမည် ခံယူထားသည့် ကျားအိမ်တော်မျိုးရိုးက ဆင်းသက်လာသော မင်းတစ်ပါး ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။

ကျားဖြူမင်းနှင့် စဝ်နန်းလှ(ဝါ)စောလှတို့ တွေ့ဆုံသည့်နေရာမှာ ခန္တီးဆရာတော် ဘဒ္ဒန္တသုဇနပြုစုသော “ဗျဂ္ဃနဂရ(ခေါ်) ဝန်းသိုရာဇဝင်သစ်”အရ တကောင်းမြို့အောက်၊ စမ္ပာယ်နဂိုရ်အထက်ရှိ အနောက်ဘက် မြစ်ကမ်း ဟု ဆိုထားရာ ကျားဖြူမင်းသည် ဧရာဝတီမြစ်ဝှမ်း တစ်စိတ်တစ်ပိုင်းကိုပါ အုပ်ချုပ်နေသည့် မင်းတစ်ပါး ဖြစ်သည် ဟူ၍ပါ သုံးသပ်နိုင်ပါသေးသည်။ 

ရှမ်းနီလူမျိုးများ ဒီမိုကရေစီအရေးလှုပ်ရှားကြစဉ်

ထို့အပြင် ခမည်းတော် ကျားဖြူမင်းသည် ကျားအိမ်တော်ရှင် မျိုးရိုးဖြစ်၍သာ သားတော်များဖြစ်သော မိုးကောင်းမင်း၊ မိုးညှင်းမင်း၊ မိုးမိတ်မင်းနှင့် ဝန်းသိုမင်းတို့၏ အမည်များသည် “ဟိန်းဆေ-Hein Hsao- ကျား အိမ်တော်မျိုးရိုး”တို့၏ ထုံးစံအတိုင်း ဆေ-Hso များနှင့် အစပြုထားသည့် ဆေကော်ဖ၊ ဆေကျန်ဖှ၊ ဆေငံဖ၊ ဆေဟွမ်ဖဟူသော ဘွဲ့မည်များ ဆက်ခံသည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။ 

ထိုမိုးကောင်းသမိုင်းမှတ်အရ သမီးတော် စဝ်နန်းလှ(ဝါ)စောလှသည် ကျားအိမ်တော်မျိုးရိုးဖြစ်သော ကျား ဖြူမင်းနှင့် လက်ဆက်နိုင်ခဲ့၍သာ မွေးဖွားလာသည့် မြေးတော်များကို ဘိုးတော်ဖြစ်သည့် တာလီမင်းက အုပ်ချုပ် ရေး နယ်မြေများကို ခွဲဝေပေးခြင်း ဖြစ်သည်။

သမီးတော်၏ မျက်စိအလင်း မရရှာသည်ကိုပင် ရှက်ရွံ့သဖြင့် စွန့်ပယ်စေခဲ့သော တာလီမင်းသည် သမီးတော်နှင့် ကျားသတ္တဝါ၏ လက်ဆက်မှုကို အသိအမှတ်ပြုမည် မဟုတ်သကဲ့သို့ ကျားသတ္တဝါနှင့် ရလာသော မြေးများကိုလည်း နယ်မြေများ ခွဲဝေပေးစရာ အကြောင်းမရှိနိုင်ပါ။

ထို့အတူ လူသားနှင့် တိရိစ္ဆာန်တို့၏ ပေါင်းဖက်မှုသည် သိပ္ပံသဘောအရ သားသမီး မွေးဖွားနိုင်သည့် သဘာဝ မရှိပါသဖြင့် ဤဒဏ္ဍာရီ ဆန်နေသည့်အပိုင်းကို ယုတ္တိကျနစွာ လေ့လာသုံးသပ်မှသာ ခိုင်မာသည့် သမိုင်းမှတ်တမ်းကို ရရှိနိုင်မည်ဖြစ်ပေသည်။ 

J.George Scott ၏ “GAZETTEER OF UPPER BURAM AND THE SHAN STATE, PART-I, VOL-I”နှင့် Pu Loi Hom Hom and Pu Loi Tun တို့၏ “THE FOUNDING OF MONG KAWNG”ဆောင်းပါးတွင် ကျားဖြူမင်း နှင့် စဝ်နန်းလှ(ဝါ)စောလှတို့၏ သားတော်ဖြစ်သော ဆေကော်ဖမင်းသည် တာလီအင်ပါယာ၏ အဓိကကူညီမှုဖြင့် အေဒီ ၉၃၈ ခုတွင် မိုးကောင်းမြို့ပြနိုင်ငံကို ထပ်မံတည်ထောင်အုပ်ချုပ်ကြောင်း ဖော်ပြကြပါသည်။

ဤသို့ဆိုလျှင် မိုးကောင်း မြို့ပြနိုင်ငံကို အုပ်ချုပ်ခဲ့သော  ဒုတိယမင်းရိုးဖြစ်သည့် ခမ်း-ရွှေအိမ်တော်မျိုးရိုး သည် အေဒီ ၉၃၈ ခု မတိုင်မီကာလတွင် မင်းဆက်ပြတ်ခဲ့ပြီး မြို့ပြနိုင်ငံလည်း ပျက်စီးခဲ့ဟန်တူသည်။ 

မည်သည့်ဖြစ်ရပ်များကြောင့် ပျက်စီးခဲ့ရသည်ကို မသိနိုင်သော်လည်း အေဒီ ၉၃၈ ခုတွင် “ဆေ-ကျား အိမ်တော်မျိုးရိုး”က မိုးကောင်းမြို့ပြနိုင်ငံကို ထပ်မံထူထောင်ကာ အုပ်ချုပ်ခဲ့သည်မှာ အခိုင်အမာ တွေ့ရှိရပေ သည်။ 

ထို့ကြောင့် ဒုတိယမိုးကောင်း မြို့ပြနိုင်ငံကို ထပ်မံထူထောင်သည့် မင်းရိုးမှာ “ဟိန်းဆေ-Hein Hsao- ကျားအိမ်တော်မျိုးရိုး”ဖြစ်သည်ဟူ၍ပါ သုံးသပ်နိုင်ပေသည်။ 

ဇမ္ဗူ့ဒီပ ဦးဆောင်းကျမ်းနှင့် မိုးမိတ် ရာဇဝင်တော်သစ်ကျမ်းပါ မိုးကောင်းမြို့ပြနိုင်ငံနှင့် ပတ်သက်သည့် မှတ်တမ်းကလည်း မိုးကောင်းနှုတ်ပြောသမိုင်းပါ မှတ်တမ်းနှင့် တွဲဖက်လေ့လာ၍ ရသည်ကို တွေ့ရသည်။ 

အဘယ့်ကြောင့်ဆိုသော် ဇမ္ဗူ့ဒီပ ဦးဆောင်းကျမ်း၊ မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းတို့တွင် ဖော်ပြထားသည့် ကျိုင်းဟုံရွှေနန်းရှင်၏ သားတော်ဖြစ်သော မိုးကောင်းမင်း ဆေဟိုင်းဖသည်ပင် “ဟိန်းဆေ-Hein Hsao- ကျား အိမ်တော် မျိုးရိုး”ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ 

ခုနှစ်အားဖြင့် တွက်ဆကြည့်လျှင်လည်း ဒုတိယမိုင်းကောင်း မြို့ပြနိုင်ငံသည် အေဒီ ၉၃၈ ခုတွင် တည်ထောင်ခဲ့ပြီး ကျိုင်းဟုံရွှေနန်းရှင်က သားတော်ဆေဟိုင်းဖအား မိုးကောင်းကို သွားရောက်အုပ်ချုပ်ရန် စီမံချိန်သည် အေဒီ ၉၉၁ ခုဖြစ်ရာ ကြားကာလအားဖြင့် (၅၃)နှစ်သာ ကွာဟနေပေသည်။ 

ထို့အပြင် မိုးကောင်းမြို့ပြနိုင်ငံကို ဆေဟိုင်းဖ မအုပ်ချုပ်မီ ဦးစွာအုပ်ချုပ်နေသည့်မင်းမှာ ဇမ္ဗူ့ဒီပ ဦးဆောင်းကျမ်း အရ “သိုဟိုခင်-ဆေဟိုခဲန့်”ဖြစ်သည်ကို တွေ့ရှိရသဖြင့် ဆေကော်ဖ မင်းလက်ထက်က စတင်ခဲ့သော “ဟိန်းဆေ -Hein Hsao - ကျားအိမ်တော်မျိုးရိုး”သည် (၅၃)နှစ်ကြာသည်အထိ မင်းရိုးမပြတ်ခဲ့ကြောင်း သုံးသပ်နိုင်ပေသည်။ 

ထိုသို့ “ဟိန်းဆေ - Hein Hsao- ကျားအိမ်တော်မျိုးရိုး”ချင်း တူညီသောကြောင့်သာ မိုးကောင်းမြို့ပြနိုင်ငံကို အုပ် ချုပ်ရန် ကျိုင်းဟုံရွှေနန်းရှင်၏ သားတော် ဆေဟိုင်းဖက သွားရောက် အုပ်ချုပ်ရခြင်း ဖြစ်သည်ဟူ၍ ရှမ်းအုပ်ချုပ်မှု ဓလေ့ ထုံးတမ်း ရှုထောင့်ကပါ သုံးသပ်နိုင်သည့်အပြင် တာလီမင်းတို့၏ သဘောတူညီချက်(သို့မဟုတ်) ခွင့်ပြုချက် ကလည်း ထိုသို့အုပ်ချုပ်နိုင်ရန်အတွက် အရေးပါသည်ဟု သုံးသပ်ပါသည်။ 

ထို့အပြင် ဒုတိယမိုးကောင်းမြို့ပြနိုင်ငံ၏ ဒုတိယမင်းရိုးသည် ကျိုင်းဟုံကလာသည့် ဆေ-ကျားအိမ်တော်မျိုးရိုး ဖြစ်သည်ဟူ၍ပါ အခိုင်အမာ သုံးသပ်နိုင်ပေသည်။

ခြုံငုံသုံးသပ်ရလျှင် မိုးကောင်းမြို့ပြနိုင်ငံသည် နန်စော အင်ပါယာခေတ်တွင် ပထမအကြိမ် ထူထောင်ခဲ့ပြီး မင်းဆက်အားဖြင့် နှစ်ဆက်ရှိခဲ့ပါသည်။

ပထမမင်းဆက်၏ မင်းရိုးအမည်ကို မသိရသော်လည်း ဒုတိယမင်းရိုးအမည်မှာ ခမ်း-ရွှေအိမ်တော်ရှင်မျိုးရိုး ဖြစ်ပါသည်။ 

မိုးကောင်းမြို့ပြနိုင်ငံကို ဒုတိယအကြိမ် ပြန်လည်ထူထောင်ခြင်းသည် တာလီအင်ပါယာ လက်ထက်တွင် ဖြစ်ပါ သည်။ တာလီအင်ပါယာ၏ အကူအညီဖြင့် ထူထောင်ခဲ့ခြင်းဖြစ်ပြီး “ဆေ-ကျားအိမ်တော်မျိုးရိုး”က ပထမ မင်းရိုး အဖြစ် စတင်အုပ်ချုပ်ခဲ့ပါသည်။

 ရှမ်းနီလူမျိုးများ ဒီမိုကရေစီအရေးလှုပ်ရှားကြစဉ်

ဒုတိယမိုးကောင်းမြို့ပြနိုင်ငံ၏ ဒုတိယမင်းရိုးကလည်း “ဆေ-ကျားအိမ်တော်မျိုးရိုး”ပင်ဖြစ်၍ ကျိုင်းဟုံမြို့ပြ နိုင်ငံက လာရောက်သည့် မင်းရိုးဖြစ်ပါသည်။ 

မိုးကောင်းမြို့ပြနိုင်ငံကို အုပ်ချုပ်သွားသည့် မင်းရိုးတို့သည် ရှမ်းဓလေ့ထုံးစံအတိုင်း မင်းရိုးတူညီမှုကို အဓိက ထားပြီး မင်းဆက်ပြတ်လျှင်ပင် မင်းရိုးတူသည့် မြို့ပြနိုင်ငံက လာရောက်အုပ်ချုပ်သည်ကို တွေ့နိုင်ပါသည်။

ဤသည်ကို ကြည့်လျှင် ရှမ်းနီတိုင်းရင်းသားများနှင့် အခြားသော ရှမ်းမျိုးနွယ်စုတို့သည် သမိုင်းကြောင်းအရ ဆက် စပ်နေရုံသာမက အုပ်ချုပ်မှု ဓလေ့ထုံးတမ်းတို့မှာလည်း တူညီကြသည်ကို တွေ့ရှိနိုင်ပေသည်။ 

လာမည့် တစ်ပတ်တွင် မိုးကောင်းမြို့ပြနိုင်ငံ၏ အုပ်ချုပ်မှုနယ်မြေ ကျယ်ပြန့်လာမှုနှင့် ထိုသို့ ကျယ်ပြန့်လာစေ သည့် အခြေခံ အကြောင်းရင်းမြစ်များကို လေ့လာသုံးသပ်တင်ပြသွားမည် ဖြစ်ပါသည်။

ကျမ်းကိုး-

၁။ ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက်။ တောင်ကြီးမြို့။ 

၂။ ဂျေအက်စ်ဖာနီဗဲလ်၊ ‌ဒေါက်တာ(သတိုးသီရိသုဓမ္မ)နှင့် ‌ဒေါက်တာဖေမောင်တင်။ ဇမ္ဗူ့ဒီပဦးဆောင်းကျမ်း။ ၁၉၆၀။ စာပေဗိမာန်ပုံနှိပ်တိုက်။ ရန်ကုန်။ 

၃။ မှူး၊ ဦး(တောင်ပိုင်မြို့ဝန်)။ အုန်းဘောင်မင်းဆက်ရာဇဝင်တော်။ www.Shanyoma.org. 

၄။ ရည်စိန်၊ ဦး။ စိန့်တိုင်း(စိန့်ပြည်)၊ ဂန္ဓာလ ရာဇ်တိုင်း၊ ဥတည်ဘွား၊ တရုတ် တရက်ဟူသော အမည်များ၏ ဇစ်မြစ်။ www.Shanyoma.org. 

၅။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့်ဓ‌လေ့ထုံးစံများ။ ၂၀၁၃။ သာသ နာတော် ထွန်းကာပြန့်ပွားရေးဦးစီးဌာန။ ရန်ကုန်။

၆။ သုဇန၊ ဘဒ္ဒန္တ(ခန္တီးဆရာတော်)။ ဗျဂ္ဃနဂရ(ခေါ်) ဝန်းသိုရာဇဝင်သစ်။ ၁၉၉၇။ ကမ္ဘာလုံးစာပေ။ ရန်ကုန်။ 

7. Maha Sila Viravong, HISTORY OF LAO, U. S. Joint Publications Research Service by Paragon Book Reprint Corp., 1959.

6. Pu Loi Hom Hom and Pu Loi Tun, THE FOUNDING OF MONG KAWNG, www.Shanyoma.org.

7. Scott.J.George, GAZETTEER OF UPPER BURAM AND THE SHAN STATE, PART-I, VOL-I, Superintendent, Government Printing Press, 1900. 

ဆက်စပ်လေ့လာသည့် မှတ်တမ်းများ-

၁။ ခင်သိန်း၊ ‌ဒေါ်(ပါမောက္ခ၊ မြန်မာစာဌာန)။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်။ မြစ်ကြီးနားတက္ကသိုလ်။ www.Shanyoma.org.

၂။ ပါတောင်ဆရာတော်၏ ပုရပိုက်မှတ်တမ်း။

3. G.E.HARVEY, HISTORY OF BURMA; From the Earliest Time to 10 March 1824, The Beginning of the English Conquest, FRANK CASS & CO. LTD, 1967.

4. Sai Aung Tun, History of The Shan State: From Its Origins To 1962, Silkworm Books, Illustrated edition, January7,2009.

5.  Sai Kham Mong, Selected Writings of Sai Kham Mong, Volume-1, Tri Awards Co., Ltd, 2023. 

 Original Link : https://cnimyanmar.com/index.php/article-2/opinoin/17041-2023-09-04-09-11-44

Zinmar Oo

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment